Chapter 18
Vol. 2 Ch. 18
ကျန်းယွီကတော့ သူ့နှုတ်ခမ်းများရော မျက်လုံးများကိုပါ အတင်းပိတ်ထားမိလေသည်။ သူမ၏ရှည်လျားလှသော မျက်တောင်လေးများကတော့ တုန်ခါနေသည်ပင်။
သူမကိုနမ်းရတာက အတော်ကို မတူထူးခြားတဲ့ ခံစားချက်မျိုးရလိမ့်မည်ဟု ချူးလီထင်ထားခဲ့ခြင်းပင်။
သို့သော်လည်း တကယ့်တကယ်တွင်တော့ သူဘာမှမခံစားမိပါ။
သူမသာ စိတ်မပါဘူးဆိုလျှင် သူလိုချင်တာရခဲ့ရင်တောင် သူဘာမှခံစားရမည်မဟုတ်ပေ။
ချူးလီလည်း ခံစားချက်တစ်မျိုးဖြစ်လာသဖြင့် သူမကိုလွှတ်ပေးလိုက်သည်။
ကျန်းယွီ မျက်လုံးပြန်ဖွင့်လိုက်ပြီး သူ့ခါးကိုကိုင်ထားသည့် အားကလည်း လျော့သွားကြောင်း သတိထားမိလိုက်သည်။ ထိုကောင်ငယ်လေးကတော့ နောက်ပြန်လှည့်သွားကာ သူမကိုလှည့်မကြည့်ဘဲ ပြောလိုက်သည်။
“သွားတော့”
“ချူးလီ...”
“မင်းက ကြိုက်ချင်စရာကောင်းမနေဘူးပဲ.. နောက်ကျရင် ငါ့မျက်စိရှေ့မှာ ပေါ်မလာနဲ့တော့”
ကျန်းယွီတစ်ယောက် အတော်ကို ထိတ်လန့်သွားလေသည်။ သူမသာ တကယ် ထွက်သွားရလျှင် သူ့နားထပ်ကပ်လို့ရမှာ မဟုတ်တော့ပေ။
ဒီလမ်းက ရှေ့မှာဆိုရင်အသူတစ်ရာနက်တဲ့ချောက်၊ နောက်မှာကလည်း ချောက်ကမ်းပါး ဖြစ်နေလေသည်။ သူမလည်း ကြံရာမရဖြစ်နေပြီဖြစ်ပြီး ပြုတ်ကျလို့တော့ မဖြစ်ပေ။
ကျန်းယွီ နှုတ်ခမ်းကိုကိုက်လိုက်ပြီး ရှေ့ကိုလျှောက်သွားလိုက်ကာ သူ့အင်္ကျီကော်လံလေးကို ဆွဲလိုက်သည်။
“ချူးလီ.. ငါတို့မပြတ်ကြရအောင်လေနော်”
“သွားတော့”
ချူးလီသည် သူမလက်ကိုလွှတ်ချလိုက်သည်။
“မင်းက ငါ့အပေါ် ဘာခံစားချက်မှမှမရှိတာ ဘာလို့ဆက်တွဲနေကြဦးမှာလဲ”
ကျန်းယွီသည် သူမခေါင်းကို ငုံ့လိုက်ပြီး သူမအသံကတော့ တုန်ရီနေလေသည်။
“ငါ့ကို.. နောက်အခွင့်အရေးလေး တစ်ခုလောက် ပေးလို့မရဘူးလား”
သူမ ချောင်ပိတ်မိနေလေပြီ။
သူမစကားလုံးများကို ကြားရတော့ဖြင့် ချူးလီတစ်ယောက် အသိစိတ်ပါ ပျောက်သွားသလိုပင်။ ဒီ့ထက်ပိုတဲ့ ခံစားချက်များကို သူအတော်လေး လိုအပ်နေလေပြီ။
ဒီလိုနှင့် ကြောင်အိမ်ပေါ်က အသီးခွဲသောဓားကို တိတ်တိတ်လေးကောက်လိုက်သည်။
သွေးတစ်ခုတည်းကသာ သူ့ကိုအစစ်အမှန်လို့ ခံစားရစေတော့မည်။
သို့သော်လည်း ထိုချွန်ထက်နေသော ဓားလေး သူ့အသားကိုမထိခင်မှာပဲ ကျန်းယွီက ထအော်လိုက်ပြီး ဓားကိုဆွဲလုလေတော့သည်။
“နင်ရူးနေပြီလား”
ထိုဓားမှာ ကျန်းယွီ၏ လက်ဖဝါးကို ထိုးမိသွားပြီး သူမလည်းဓားကို အမြန်လွှတ်ချလိုက်သည်။ သူမလက်ဖဝါးမှကျလာသော သွေးကြောင်းများသည်တော့ ကြမ်းပြင်ပေါ်သို့ တတောက်တောက်ကျနေလေတော့သည်။
“စောက်ဂွပဲ”
ဓားသည် ကြမ်းပြင်ပေါ်သို့ကျသွားပြီး ချူးလီလည်း သွေးများ နှလုံးသားထဲသို့ စီးဝင်သွားလေသည်။
ချူးလီတစ်ယောက် နှလုံးပင် ပေါက်ထွက်တော့မတတ် ဖြစ်သွားလေသည်။
အရင်တုံးက သွေးကိုမြင်ရလျှင်တောင် သူ့အတွက်တော့ စက္ခုအာရုံ လှုံဆော်မှုတစ်ခုထက် မပိုခဲ့ပေ။ ဒဏ်ရာရနေလျှင်တောင် သူ့ကိုဘာနာကျင်မှုမှ မပေးစွမ်းနိုင်ချေ။
သူမကို ထိခိုက်အောင် သူကိုယ်တိုင်လုပ်မိသွားသည့်အခါတွင်တော့ တစ်ခါမှ မခံစားဖူးသည့် ခံစားချက်တစ်ခုကို ချူးလီ ခံစားလိုက်မိသည်။ ထိုအရာသည် သူ့နှလုံးသားကို မြှားပေါင်းထောင်ချီ စိုက်သွားသည့်အလားပင်။
ကျန်းယွီကတော့ အံကိုကြိတ်ပြီး အားပျော့ပျော့နှင့် ရေရွတ်လိုက်သည်။
“ဒီအရူး...”
ချူးလီလည်း သူမလက်ကို ကောက်ကိုင်လိုက်ကာ ခဏလောက်ကြောင်နေပြီးမှ မီးဖိုချောင်ထဲကနေ ကပျာကယာ ပြေးထွက်သွားပြီး အရေးပေါ်ဆေးသေတ္တာကို ရှာတော့သည်။
အံ့ဩဖွယ်ကောင်းလှတဲ့ ပုဂ္ဂိုလ်တစ်ယောက် အခုကျတော့ လုံးဝပြိုလဲသွားသည့်အလားပင်။
ကျန်းယွီသည် နာကျင်မှုကို တောင့်ခံပြီး ဂတ်စ်မီးဖိုကို ပိတ်လိုက်သည်။ အိုးထဲက ဖက်ထုပ်များကတော့ နူးနေပြီဖြစ်ပြီး ရေပေါ်တွင်ပင် ပေါ်နေလေပြီ။
ချူးလီတစ်ယောက် ဆေးသေတ္တာကိုင်၍ ပြန်ဝင်လာပြီး ဒူးထောက်လိုက်ကာ ထိတ်ထိတ်ပျာပျာပင် ပိတ်စ၊ ပိုးသတ်ဆေးနှင့် ယွင်နန်ပိုင်ယောင်းတို့ကို လှန်လှောရှာလေတော့သည်။
လိုတာအကုန်ရှာတွေ့ပြီးနောက် သူမကို ထိုင်ချရန်ဆွဲလိုက်ပြီး တုန်ရီနေသော သူမလက်ကို ကိုင်လိုက်လေသည်။ ထို့နောက် ပိုးသတ်ဆေးထဲ ဂွမ်းကိုစိမ်လိုက်ကာ သူမဒဏ်ရာတဝိုက်ကို သုတ်လိုက်သည်။
ကံကောင်းစွာဖြင့် ဒဏ်ရာကတော့ အရမ်းကြီးမနက်ပေ။ သို့သော် အရေပြားတော့ ပြဲသွားလေသည်။ ချူးလီသည် ယွင်နန်ပိုင်ယောင်းနည်းနည်း လိမ်းပေးလိုက်ပြီးနောက် ပိတ်စဖြင့် ပတ်လိုက်လေသည်။
ကျန်းယွီသည် နာကျင်နေသည် ဆိုသော်လည်း သူမရင်ကို ပိုရိုက်ခတ်သွားစေသည့်အရာမှာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်နေသည့် ထိုအမျိုးသားလေးပေ။
အန္တရာယ်ရှိနိုင်ချေများနှင့် ချုပ်ထိန်းထားသောအကြမ်းဖက်မှုများ အားလုံးပါ ပျောက်ကွယ်သွားသည့်အလားပင်။
ဒီလောက် လေးလေးနက်နက် စိုးရိမ်ပူပန်နေမှုနှင့် သူ့မေတ္တာများကို ပထမဆုံးအကြိမ်အဖြစ် သူ့မျက်နှာပေါ်တွင် ကျန်းယွီ တွေ့လိုက်ရသည်။
သူမလည်း မနေနိုင်တော့ဘဲ သူ့ကိုနှစ်သိမ့်ပေးလိုက်လေတော့သည်။
“မနာပါဘူး”
“နာလားလို့ ငါ မမေးမိဘူး”
ချူးလီ၏ မျက်နှာမှာ အောက်စိုက်နေပြီး သူ့အသံကတော့ အက်နေလေသည်။ ထို့နောက် စိတ်မပါသောလေသံဖြင့် ဆိုလိုက်သည်။
“ငါ မင်းကို သွားခွင့်ပေးမယ်”
“ငါတော့ မသွားချင်ဘူး”
နောက်ဆုံးတော့ သူစိတ်ငြိမ်သွားပြီဖြစ်သဖြင့် ကျန်းယွီလည်း သက်ပြင်းတစ်ချက်ချလိုက်ကာ ခါးသက်သက်သာပြန်ပြုံးပြလိုက်သည်။
“ငါဖက်ထုပ်တွေ မစားရသေးဘူး”
ချူးလီသည် အိုးထဲက ဖက်ထုပ်တွေကိုဆယ်ပြီး စားပွဲပေါ်ကို ယူလာလိုက်လေသည်။
“စား”
ကျန်းယွီလည်းထိုင်လိုက်ပြီး စားဖို့အလျင်မလိုနေပေ။ ချူးလီကတော့ ဂရုတစိုက်နဲ့ပဲ သူ့အင်္ကျီလက်ကို ဆွဲတင်လိုက်သည်။
သူ့လက်မောင်းတွင် ဓားခြစ်ရာတစ်ခုရှိနေလေသည်။ အသစ်တစ်ခုဖြစ်သည့်အပြင် ဒဏ်ရာဟောင်းများကလည်း များစွာရှိနေလေသည်... သူ့ဟာသူလုပ်ထားတာ ဖြစ်ရပေမည်။
“နင့်ပြဿနာကဘာလဲ”
ကျန်းယွီသည် ဇွန်းကိုချလိုက်ပြီး အမာရွတ်များကိုကြည့်ကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“နင်လူကောင်းတစ်ယောက် လုပ်လို့မရဘူးလား”
“ငါမှ လူမဖြစ်နိုင်တာ”
ချူးလီ မျက်လွှာချလိုက်ပြီး စိတ်မပါသလိုပင် ပြန်ပြောလိုက်သည်။
“စိတ်မမှန်တဲ့ကလေးတွေပဲ ဒီလိုတုံးအပြီး ဉာဏ်မရှိတဲ့အရာတွေကို ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဖို့ လုပ်ကြတာ”
ကျန်းယွီတစ်ယောက် စိတ်မပါလက်မပါနဲ့ ပြန်ပြောလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် ဓားနဲ့လှီးရတာ မနာဘူးလား ဟမ်”
ဒီဒဏ်ရာအဟောင်းတွေရော အသစ်တွေရောကို ကြည့်ရင်းပင် သူမချူးလီကို သနားမိလာသည်။
ချူးလီကတော့ ပန်းကန်ထဲက ဖက်ထုပ်တွေကို တူနဲ့မွှေနေပြီး မျက်နှာသေနှင့် ပြန်ပြောလိုက်သည်။
“မင်းလူသေကောင် အလောင်းကို မြင်ဖူးလား”
သူ့ခံစားချက်တွေကို သူမ ဘယ်တော့မှ နားလည်နိုင်မည်မဟုတ်ပေ။
ချောင်ပိတ်မိသလို ခံစားနေရပြီး သူမ၏စိုးရိမ်ပူပန်မှုကို ချူးလီတစ်ယောက် သဘောမပေါက်ဘူးဆိုတာ ကျန်းယွီသိလိုက်သည်။ ဒီလိုနှင့် သူ့ကိုဆက်နားချမနေတော့ဘဲ ခေါင်းငုံ့ပြီးသာ ဖက်ထုပ်တွေကို စားနေလိုက်သည်။
ဖက်ထုပ်များသည် သူမ အကြိုက်ဆုံး အရသာဖြစ်သည့် ပြောင်းဖူးများနှင့် ပြည့်နှက်နေလေသည်။
“အရသာရှိလား”
ချူးလီကတော့ အရသာမခံနိုင်ဖြစ်နေသဖြင့် ဒီအတိုင်းသာမျိုချနေလေပြီး ပြန်ပြောလိုက်သည်။
“သာမန်ပါပဲ”
“ဒါဆို ငါ့ပန်းကန်ထဲက ဟာတွေက ပိုကောင်းနေတာထင်တယ်”
ကျန်းယွီတစ်ယောက် သူ့ကိုကြည့်လိုက်သည်။ ထို့နောက် လုပ်နေကျအတိုင်းပင် သူမပန်းကန်ထဲက ကျန်နေသည့်ဖက်ထုပ်များကို သူ့ပန်းကန်ထဲ လှမ်းထည့်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပဲ ချူးလီကလည်း သူပန်းကန်ကို သူမရှေ့ကိုရွေ့လိုက်ပြီး ခေါင်းကိုငုံ့ကာ စားလိုက်တော့သည်။
သူစားပြီးသားဖက်ထုပ်များကို သူမ,မနှစ်သက်ခြင်းမရှိဘဲ စားနေသည်ကို တွေ့လိုက်ရသဖြင့် ချူးလီတစ်ယောက် ပြောမပြတတ်လောက်အောင် စိတ်တည်ငြိမ်လာသည်။
ဘာစကားမှမပြောဘဲ အစားသာ စားနေလိုက်ပြီး ဒီတစ်ကြိမ်တွင်တော့ သူ့လျှာပေါ်တွင် အရသာမျိုးစုံကို ခံစားရနေလေ၏။
ပြောင်းဖူး၏ ကျွတ်ရွမှုနှင့် အမဲသား၏ ချိုမြနေမှုတို့ကို သူကောင်းကောင်း အရသာခံလိုက်နိုင်သည်။
ဆားတစ်မျိုးတည်းကိုသာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်ခဲ့သော်လည်း သူ့လျှာပေါ်တွင်တော့ ဒီဖက်ထုပ်များ၏ အရသာရှိပုံမှာ ကမ္ဘာပေါ်တွင် အရသာအရှိဆုံးလိုပင် ဖြစ်နေလေသည်။
“မင်း လက်နာနေသေးလား”
ခေါင်းကိုမထောင်ဘဲ စားနေရင်းဖြင့် လှမ်းမေးလိုက်သည်။
ကျန်းယွီကတော့ စိတ်ကောက်ကောက်နှင့်သာ ပြန်ပြောလိုက်သည်။
“နာလွန်းလို့ သေတော့မယ်”
ချူးလီလည်း ခဏလောက် ရပ်လိုက်ပြီး သူ့လက်ကိုဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ကာ သူမလက်ဖဝါးအောက်လေးကို ညင်ညင်သာသာလေး လှမ်းဆုပ်လိုက်သည်။
ဒီလိုလုပ်လိုက်တာ သူမနာကျင်နေတာတွေကို မသက်သာစေပေမယ့် အဲ့အချိန်လေး အတွင်းမှာတော့ ကျန်းယွီတစ်ယောက် ဒီကောင်လေး၏ နှလုံးသားထဲက အပြစ်ရှိစိတ်ကို သေချာလေး ခံစားမိလိုက်သည်။
ကျန်းယွီသည် သူမလက်ကို ပြန်ရုတ်လိုက်ကာ စိတ်ဆိုးဆိုးနှင့် ဆက်ပြောလိုက်သည်။
“နောက်လကျရင် ငါ့မှာအရမ်းအရေးကြီးတဲ့ ပြိုင်ပွဲရှိတယ်.. ဒီဒဏ်ရာသာ မပျောက်လို့ကတော့ နင်သေဖို့သာပြင်ထား”
ချူးလီသည် သူမလက်မောင်းလေးက ဖြူဖွေးနေသောအသားလေးကို ကြည့်လိုက်ပြီး သူ့လက်မောင်းပေါ်က ဒဏ်ရာများကို ပြန်ကြည့်လိုက်သည်။
ဒီဒဏ်ရာတွေက သူ့ကိုနာကျင်ရအောင် လုံးဝမလုပ်နိုင်ပေ။ သို့သော် ကျန်းယွီ လက်ကလေးကို ခြစ်မိသွားတဲ့ ထိုဓားရာလေးကတော့ သူ့ကိုအရိုးထဲထိအောင် နာကျင်စေလေသည်။
“ငါနည်းလမ်းရှာမှာပါ”
ချူးလီသည် တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ပြိုင်ပွဲကို မထိခိုက်စေရဘူး”
“ထားလိုက်ပါတော့.. ဖြစ်ပြီးတာတွေက ဖြစ်ပြီးပြီပဲ”
ကျန်းယွီကတော့ သူမလက်ကိုခါရမ်းကာ နားလည်မှုအပြည့်နှင့် ပြန်ပြောလိုက်သည်။
“ငါ့ကိုကတိသာပေး.. နောက်ဆိုဓားကို ထပ်မကိုင်တော့ပါဘူးဆိုတာ။ အခုကစပြီး သူများကိုလည်း ထိခိုက်အောင်မလုပ်ရဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်အောင်မလုပ်ရဘူး”
ချူးလီသည် သူ့အင်္ကျီလက်ကို ဆွဲချလိုက်ပြီး သူ့လက်မောင်းပေါ်က အကျည်းတန်သည့် ဒဏ်ရာများကို ဖုံးလိုက်ကာ စကားပြောတာကို ရပ်လိုက်သည်။
သူတို့နှစ်ဦး ညစာစားပြီးနောက် ကျန်းယွီလည်းထကာ ပြန်ဖို့ပြင်လိုက်သည်။
“ပန်းကန်တွေ နင့်ဟာနင်ပဲ ဆေးလိုက်တော့ ငါအိမ်ပြန်ပြီ”
သို့သော်လည်း သူမကျောပိုးအိတ်ကို ကောက်ကိုင်ပြီး ထွက်ဖို့အလုပ်တွင် ချူးလီမှ ရုတ်တရက်ကြီး သူမအင်္ကျီစလေးကို လှမ်းဆွဲလိုက်လေသည်။
ကျန်းယွီလည်း ကြောင်အမ်းအမ်း ဖြစ်သွားကာ နောက်ပြန်လှည့်ကြည့်လိုက်သည်။
ထိုစဉ်တွင်တော့ ထိုကောင်ငယ်လေးမှာ ခေါင်းကိုအနည်းငယ်ငုံံ့ထားပြီး အတော်လေး စိတ်ဓာတ်ကျနေသော အသံတိုးတိုးလေးဖြင့် သူမကိုဆိုလိုက်သည်။
“ငါထပ်မလုပ်တော့ပါဘူး...ရှောင်ယွီ”
ချူးလီတို့ ရပ်ကွက်ထဲက ထွက်လာသည့်အချိန်တွင်တော့ လေပြေအေးအေးလေးက ကျန်းယွီ၏ မျက်နှာကို ရိုက်ခတ်နေလေသည်။
အရင်တုန်းကတော့ သူမချူးလီကို နည်းနည်းကြောက်နေခဲ့ပြီး သူ့နားကို မကပ်ရဲပေ။ ဒီညလို ရုန်းရင်းဆန်ခတ်တစ်ခုလောက် ဖြစ်သွားပြီးနောက်မှာတော့ ကျန်းယွီ သူ့ကိုကြောက်မနေတော့ပါ။
သူမနှလုံးသား အနက်ရှိုင်းဆုံးနေရာကနေ ချူးလီကို သနားလာမိလေသည်။
သူဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာ သူမ,မသိပါ..။ ဖြစ်နိုင်တာကတော့ အလွန့်အလွန်ကို ဆိုးရွားလွန်းသည့်အရာများသာ ဖြစ်ပေလိမ့်မည်။
ဒီတစ်ကြိမ်မှာတော့ ကျန်းယွီ သူ့ကိုစိတ်ရင်းနှင့် ကူညီချင်မိသည်။
ထိုအချိန်... မိုးပေါက်ကလေးများ တဖြောက်ဖြောက်ကျဆင်းလာသည်မှာ သူမနှလုံးပင် ရပ်မတတ်ပေ..။
တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့
အပိုင်း ၁၈.၂
ကျန်းယွီတစ်ယောက် သူမအိမ်လမ်းကြားထဲသို့ ပြန်ရောက်လာစဉ်မှာတော့ အလုပ်ကပြန်လာသည့် သူမအမေကို တွေ့လိုက်ရသည်။ အမေကတော့ ထုံးစံအတိုင်း ရှောင်းကျွင့်ဆန်စပါးနှင့် အခြေခံစားသောက်ကုန်ဆိုင်တွင် လိုအပ်သည်များကို ဝယ်နေလေသည်။
ထိုဆိုင်ပိုင်ရှင်မှာတော့ ချန်ရှောင်းကျွင့်ဟု အမည်ရပြီး ထိပ်ပြောင်ပြောင်နှင့် မသီတီစရာကောင်းသောလူကြီးပင်ဖြစ်သည်။ သူသည် ကျန်းမန့်ယီကို အချိန်အတော်ကြာအောင် ပိုးပန်းနေခဲ့သည်ဖြစ်၍ သူမအပေါ် အတော်လေးအာရုံစိုက်တတ်လေသည်။
ကျန်းမန့်ယီတစ်ယောက် ဝယ်ထားတာတွေကို ပိုက်ဆံရှင်းပြီး ပြန်ထွက်ဖို့လုပ်စဉ်မှာတော့ သူ၏မသတီစရာကောင်းလှသော ဝက်လက်ကြီးနှင့် သူမလက်ဖဝါးအောက်ကို ကိုင်လိုက်လေသည်။
“မန့်ယီ.. နောက်လည်းခဏခဏလာနော်... ငါ 20%, 30% လောက်လျော့ပေးပါမယ် ဟဟဟ”
ကျန်းမန့်ယီသည် မသတီသော်လည်း ဒေါသမထွက်ဘဲ အပြုံးလေးနဲ့သာ သူ့လက်ကို တွန်းထုတ်လိုက်ပြီး ယောင်တဝါးဝါးသာ ပြန်ပြောလိုက်သည်။
သို့သော်လည်း သူမစတိုးဆိုင်ကနေ ထွက်လာသည်နှင့် သူမအပြုံးများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။ ထို့နောက် မထီမဲ့မြင်ပြုသော လေသံလေးနှင့် တိုးတိုးတိတ်တိတ် ရေရွတ်လိုက်သေးသည်။
“ဘယ်လိုကောင်လဲ”
ကျန်းယွီသည် ဒီလိုမြင်ကွင်းမျိုးကို အတိတ်ကလည်း မြင်ခဲ့ဖူးလေသည်။
ထိုအချိန်တုံးကတော့ သူမအတော်ကို ရူးမိုက်ခဲ့သည်ပင်။ သူမ အမေ ဟန့်တားသည်ကို လျစ်လျူရှုပြီး အမေ့ဘက်က ရပ်တည်ပေးရန် အမြန်ပြေးသွားခဲ့သော်လည်း ချန်ရှောင်းကျွင့်၏ ရန်လိုဆဲဆိုခြင်းကိုသာ ခံလိုက်ရသည်။ သူ့ကို သူမအမေက မြူဆွယ်သည်ဟုပင် ဆိုခဲ့သေး၏။
ဒီအဖြစ်အပျက်သည် သူတို့ရပ်ကွက်ထဲတွင် အတော်လေး ဂယက်ထသွားပြီး ချန်ရှောင်းကျွင့်၏ မိန်းမသည် ကျန်းမန့်ယီက သူမယောင်္ကျားကို မြူဆွယ်ပါသည်ဟု သတင်းလိုက်ဖြန့်လေသည်။
ဒီကိစ္စကြောင့် အမေတစ်ယောက် အချိန်အတိုင်းအတာတစ်ခုအထိ အိမ်နီးနားချင်းများရှေ့တွင် ခေါင်းမဖော်နိုင်ဖြစ်ခဲ့ရသည်။
သို့သော်ငြားလည်း အဲ့အဖြစ်အပျက်ကြောင့် ချန်ရှောင်းကျွင့်တစ်ယောက်ကို အရင်းရှင်တစ်ဦးဖြစ်လာစေပြီး ရပ်ကွက်ထဲကယောင်္ကျားသားများ၏ မနာလိုအားကျခြင်းကိုပါ ခံခဲ့ရစေလေသည်။
လူတစ်ယောက်အရှက်မရှိနိုင်ပုံက ကမ်းကုန်လှပေသည်။
ဒီတစ်ကြိမ်တော့ ကျန်းယွီတစ်ယောက် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ခဲ့သည်။
သူ့အမေဘေးနားကို အမြန်ပြေးသွားလိုက်ပြီး ဆန်အိတ်နှင့် ဆီပုံးများကို ဝိုင်းဆွဲပေးလိုက်သည်။
ကျန်းယွီ သူမကိုကူညီဖို့ ပြေးလာတာကိုမြင်ရသဖြင့် ကျန်းမန့်ယီလည်း စိတ်ထဲအတော်နွေးထွေးသွားလေသည်။ ထို့ကြောင့် အပြုံးလေးဖြင့် မေးလိုက်သည်။
“ဘာတွေလုပ်နေလို့ ဒီလောက်နောက်ကျမှ ပြန်လာရတာလဲ”
“အချစ်ရေးရာလေးတွေ လုပ်နေတာလေ”
ကျန်းယွီသည် မရှက်မရွံဘဲ ပြောပြလိုက်သည်။
“သမီး ရည်းစားအသစ်ရနေပြီ”
ကျန်းမန့်ယီသည် အမြင်ကျယ်ပြီး ကျန်းယွီ၏အချစ်ရေးကိစ္စကို မပိတ်ပင်တတ်သောလူ ဖြစ်လေသည်။ သို့သော်လည်း ဟော့ချန်လိုရည်းစားမျိုးကိုတော့ သူမခွင့်မပြုပေ။
“ရည်းစားအသစ်လား”
သူမသည် အိမ်တံခါးသော့ကို ထုတ်နေရင်း စပ်စုလိုသည့်အမူအရာလေးဖြင့် မေးလိုက်သည်။
“ကောင်လေးကချောလား.. အမေရော သူ့ကိုသိလား? ဟိုသူဌေးသားဟော့ချန်တော့ မဟုတ်ပါဘူးနော်?”
“မဟုတ်ပါဘူး မေမေသူ့ကိုမသိဘူး။ ဒီရည်းစားအသစ်လေးက သမီးတို့လိုပဲလေ.. ပိုက်ဆံမရှိဘူး။ ဒါပေမယ့် အတော်လေးတော့ ချောတယ်။ ဟော့ချန်ထက်လည်း ၁၀ဆပိုကောင်းတယ်”
“ဘာပဲဖြစ်ဖြစ် မေမေကတော့ သမီးရဲ့အချစ်ရေးတိုင်းက တကယ့်စိတ်ရင်းနဲ့ ချစ်ရတဲ့ ဖြူစင်တဲ့ဆက်ဆံရေးပဲဖြစ်စေချင်တယ်။ အကျိုးအမြတ် တစ်ခုခုကြောင့်၊ မျက်နှာလေးချောတာကြောင့်၊ အဲ့လိုအရေးမပါတဲ့အရာတွေကြောင့် တွဲတာမဟုတ်ဘဲနဲ့ အချစ်ကိုပဲ သေချာခံစားစေချင်တယ်။
ကျန်းမန့်ယီသည် သူမနှာခေါင်းကို တစ်ချက်ရှုံ့လိုက်ပြီး ဆက်ပြောလိုက်သည်။
“ပိုက်ဆံက ဘယ်အချိန်မဆို ရှာလို့ရတယ်။ ဒါပေမယ့် အဖြစ်မှန်ကတော့ နည်းနည်းခါးမယ်.. အချိန်တိုင်းရှာလို့ရနေတာ မဟုတ်ပေမယ့်လည်းပေါ့”
ကျန်းယွီလည်း ခဏလောက် ငြိမ်နေလိုက်ပြီးတော့မှ စိတ်ပါဝင်စားစွာ နားထောင်နေဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ်.. ဒီတစ်ခေါက်တော့ ငါအရူးမထသင့်ဘူး”
အတိတ်ဘဝတုန်းကလည်း သူ့အမေက ဒီလိုတူညီသောစကားများကို ပြောခဲ့ဖူးပါသည်။
သို့သော်လည်း အဲ့အချိန်တုန်းကတော့ သူမနားမထောင်ခဲ့မိပါ။
“ပြီးတော့ ရည်းစားထားတာကလည်းထား၊ ပညာရေးမှာ အဆင့်တွေကိုတော့ မထိခိုက်စေနဲ့ပေါ့”
မီးဖိုချောင်ထဲက ကြောင်အိမ်ထဲကို ဆီပုံးတွေ ဆန်အိတ်တွေထည့်နေချိန်တွင် ကျန်းမန့်ယီမှ အပြုံးလေးနှင့် လှမ်းခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။
“ဒီဟာသာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ထိခိုက်မယ်ဆိုရင် အမေကတော့ သေအောင်ရိုက်မှာနော်”
“သိပါတယ်မေမေရဲ့”
ကျန်းယွီကတော့ အလုပ်ရှုပ်နေသည့် သူမကျောလေးကိုကြည့်ရင်း တစ်စုံတစ်ခုကို လှမ်းသတိပေးလိုက်လေသည်။
“မေမေ.. နောက်ဆိုရင် ရှောင်းကျွင့်ရဲ့ ကုန်စုံဆိုင်ကို သွားမဝယ်နဲ့တော့။ သူတို့ရောင်းတာတွေက အမျိုးအစားညံ့တာတွေချည်းပဲ.. ပြီးတော့ ရောထားသေးတာ”
“ဘယ်လိုသိလဲ သမီးက”
“အဲ့လူကြီး ချန်ရှောင်းကျွင့်က ကောင်းတဲ့လူမှ မဟုတ်ဘဲကို.. အကျင့်ကလည်း ကောင်းတာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်ပါ.. မသွားနဲ့တော့နော်”
ကျန်းမန့်ယီကတော့ သက်ပြင်းတစ်ချက်ချရင်း“ဒါပေမယ့် သူတို့ရောင်းတာတွေက စျေးသက်သာတယ်လေ.. ပြီးတော့ ခဏခဏလည်း စျေးလျော့ပေးတယ်”
“မေမေ.. သမီးပိုက်ဆံရှာနိုင်ပါပြီ။ နောက်ဆိုရင် သူ့ဆိုင်လိုစျေးပေါတဲ့နေရာမှာ ဝယ်စရာမလိုတော့ဘူး။ ရှော့ပင်းစင်တာအကြီးကြီးတွေကို သွားဝယ်ကြမယ်နော်”
“ဒီလိုမိန်းမငယ်လေးက ဘယ်လိုပိုက်ဆံရှာနိုင်မှာတဲ့လဲ”
ကျန်းမန့်ယီကတော့ ကျန်းယွီကိုမယုံဘဲ ဒီလိုသာပြန်ပြောလိုက်သည်။
“ထားလိုက်ပါ။ ဘာမဟုတ်တာတွေကို စိတ်ပူမနေနဲ့။ မိသားစုအရေးကိစ္စနဲ့ ပတ်သတ်လာရင် သမီးလေးက စာကြိုးစားပြီး ရည်းစားထားဖို့ပဲ တာဝန်ရှိတာ။ အမေက အလုပ်ကြိုးစားပြီး ပိုက်ဆံရှာရမှာပေါ့။ ပြောစကားသာ နားထောင်ဖို့လိုတာ ကျန်တာ ဘာမှလုပ်ဖို့မလိုပါဘူးအေ။ အမေရှိနေသရွေ့တော့ ငါ့သမီးလေးငတ်မသေသွားပါဘူး”
အသက်မငယ်တော့သော်လည်း အတော်လှပဆဲဖြစ်သော ကျန်းမန့်ယီအား ကျန်းယွီကြည့်လိုက်လေသည်။ အမေသည် ရင့်ကျက်တည်ငြိမ်သော မိန်းမတစ်ဦး၏ ဆွဲဆောင်မှုအပြည့်နှင့်ပင်။
သူမကို ပျိုးထောင်လာရ၍သာ မဟုတ်လျှင် နောက်အိမ်ထောင် ကောင်းကောင်းတစ်ခုကို ရှာနိုင်ခဲ့ပေလိမ့်မည်။
အမေ့လောက် ကောင်းတဲ့အမေ မရှိနိုင်တော့ပေ..။ သူမကို အရမ်းချစ်ပေသည်။
ကျန်းယွီသည် သူမအမေကို အကောင်းဆုံးဘဝနှင့် ထားမည်ဟု လျို့ဝှက်စွာဖြင့် အစီအစဉ်တွေချနေလေသည်။
နောက်တစ်နေ့နံနက်တွင်တော့ ကျန်းယွီတစ်ယောက် ကျောပိုးအိတ်လွယ်ပြီး လှေကားပေါ်က ဆင်းလာကာ ရှောင်းကျွင့်ကုန်စုံဆိုင်သို့ သွားလိုက်လေသည်။
ချန်ရှောင်းကျွင့်ကတော့ ဖရဲသီးစေ့တွေစားရင်း သက်လတ်ပိုင်း အမျိုးသားတစ်ချို့နှင့် စကားပြောကာ ရယ်မောနေလေသည်။ ပြောနေသည်ကတော့ ကျန်းမန့်ယီ၏ အတင်းအဖျင်းများပင်။
“ဘယ်လိုလူကောင်းကများ တွေ့ရင် ဒီလိုအရာတွေကို လုပ်တတ်လို့လဲ”
“ပြီးတော့ လောင်ကျစ်ကိုတောင် ရိုးသားချင်ယောင်ဆောင်ပြနေလိုက်သေးတယ်”
“ကြည့်ထားကြပါ.. သိပ်မကြာခင်မှာပဲ ငါသူ့ကိုရအောင်လုပ်ပြမယ်”
ကျန်းယွီကတော့ သူမကျောပိုးအိတ်ထဲက သံရိုက်တူကို ထုတ်လိုက်ပြီး ရှောင်းကျွင့်ကုန်စုံဆိုင်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ကျန်းယွီ ဆိုင်ထဲသို့ဝင်လာတာကို ချန်ရှောင်းကျွင့်မြင်သော်လည်း သူမကိုလစ်လျူရှုပြီး တံခါးနားကအမျိုးသားနှင့် ဆက်စလေသည်။
“ဒီကလေးမလေးတောင် အတော်အရွယ်ရောက်လာပြီပဲ.. သူ့အမေထက်တောင် ပိုကြည့်ကောင်းလာလိမ့်မယ်ထင်တယ်နော်။ သူ့ကိုယ်လုံးကိုယ်ပေါက်က.. ကတောက်... စောက်ရမ်းလန်းတာကွ”
သူပြောလို့မဆုံးခင်မှာပင် ဆိုင်ထဲကနေ အသံအကျယ်ကြီးတစ်ခုကို ကြားလိုက်ရသည်။
ချန်ရှောင်းကျွင့် အမြန်ဝင်ကြည့်လိုက်သည့်အခါတွင်တော့ ကျန်းယွီတစ်ယောက် ဝိုင်တွေထားတဲ့ စင်အကြီးကြီးကို တူနဲ့ထုနေပြီး ဝိုင်တွေသည်လည်း ကြမ်းပြင်ပေါ်တွင် ပလဲနေလေသည်။
ကျန်းယွီကတော့ သူမကျောပိုးအိတ်ကို သပ်သပ်ရပ်ရပ်လေးချထားပြီး ဆိုင်ထဲက ကျန်တဲ့စင်တွေကိုပါ လိုက်ထုလေသည်။ ဆီ၊ ရေ၊ ဝိုင်၊ ရှာလကာရည်၊ ဆန် စသည့်စင်များအားလုံးပင်။
ကြမ်းပြင်ကတော့ တကယ့်ကို ရှုပ်ပွနေလေတော့သည်။
ကြမ်းပြင်ပေါ်က ပွကျဲနေသည့်ဆန်များ ဆီများကိုကြည့်ပြီး ချန်ရှောင်းကျွင့်တစ်ယောက် ဒေါသအကြီးအကျယ်ထွက်သွားပြီး ကျန်းယွီကို လက်ညိုးထိုးကာ အော်လိုက်သည်။
“နင်ဘာတွေလုပ်နေတာလဲ”
“ငါ့အမေကို တစ်ခုခုထပ်လုပ်ရဲတာဖြစ်ဖြစ်၊ နောက်ကွယ်မှာ အတင်းပြောတာဖြစ်ဖြစ် လုပ်ရဲရင်ထပ်လုပ်ကြည့်လိုက်လေ..ဒီအတိုင်းကျော်သွားပေးမှာ မဟုတ်ဘူး.. သတိပေးလိုက်မယ်”
“စောက်ကောင်မလေး နင်ကများ ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့ ဟုတ်လား”
ကျန်းယွီသည် သူမဘေးက မောက်ထိုင်ပုလင်းကို လှမ်းဆွဲလိုက်ပြီး မြေပေါ်ကို ပစ်ချပစ်လိုက်ကာ သရော်သောလေသံဖြင့် ပြန်ပြောလိုက်သည်။
“ရှင်က အရက်ကို ရေနဲ့ရောထားတာနော်.. ရောင်းတဲ့ဆီတွေ၊ ရှာလကာရည်တွေကလည်း စက်ရုံစွန့်တွေ။ အခုရှင့်ဆိုင်ကို ဖျက်ဆီးပေးလိုက်တာ သူများတွေကတော့ မကြာခင် ကျွန်မကို ကျေးဇူးတင်ကြတော့မှာပဲ”
ကျန်းယွီသည် ပြန်လည်မွေးဖွားလာတာမို့လို့ ဒီအိမ်နီးနားချင်းတွေရဲ့ ဉာဏ်နီဉာဏ်နက် လှည့်ကွက်တွေကို သူမသိပြီးသား ဖြစ်လေသည်။
ဘေးကနေ ရပ်ကြည့်နေကြတဲ့ အိမ်နီးချင်းတစ်သိုက်သည်လည်း ချက်ချင်းပင် ရုတ်ရုတ်သဲသဲဖြစ်လာကြပေတော့သည်။
“မအေဘေး ချန်ရှောင်းကျွင့်.. ငါ မင်းဆီကနေ အမြဲတမ်း ဆီဝယ်တာလေ။ မင်းက စွန့်ပစ်ဆီတွေကို သုံးရဲတယ်ပေါ့ ဟုတ်လား”
“ချန်ရှောင်းကျွင့် မင်းက တကယ် လူစိတ်မရှိတဲ့ကောင်ပဲ”
“မနေ့ကတောင် ငါဒီဆိုင်ကနေ ဝယ်ခဲ့သေးတာ။ ခေါင်းဆောင်ကို ပေးဖို့ မောက်ထိုင်ကို ဝယ်ခဲ့တာလေ။ ဒါပေမယ့် မင်းက ငါ့ကို ဝိုင်အတုလိမ်ရောင်းလိုက်တယ်ပေါ့လေ”
ချန်ရှောင်းကျွင့်သည် ဒေါသကြောင့် မျက်နှာပါ ဖြူဖတ်ဖြူရော်ဖြစ်လာပြီး ကျန်းယွီကို လက်တုန်တုန်ရီရီဖြင့် လက်ညိုးထိုးလိုက်လေသည်။
“သူများကို ချောက်မချစမ်းနဲ့.. ငါကဘယ်လိုလုပ် အတုရောင်းမှာလဲ? နင့်မှာ ဘာသက်သေမှလည်း မရှိဘူး”
ကျန်းယွီသည် တူကိုအောက်ချကိုင်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ဒါဆိုလည်း အစားအသောက် စီစစ်အကဲဖြတ်ရုံးက လာစစ်ဆေးတာကိုပဲ စောင့်နေလိုက်လေ.. အဲ့ကျမှ သူတို့ကို ရှင်းပြလိုက်ပေါ့”
ပြောပြီးသည်နှင့် တူကိုပစ်ချလိုက်ကာ ရှောင်းကျွင့်ကုန်စုံဆိုင်ထဲမှ ထွက်လာခဲ့လိုက်လေသည်။
စိတ်ဝင်စားနေကြသော အိမ်နီးချင်းများသည်လည်း ဆိုင်ရှေ့ပိတ်ရပ်လိုက်ကြပြီး ချန်ရှောင်းကျွင့်ကို ရှင်းပြချက်ပေးရန် အော်ကြလေတော့သည်။
ခဏနေတော့ အစားအသောက် စီစစ်အကဲဖြတ်ရုံးမှကားရောက်လာပြီး ဆိုင်ရှေ့တွင်ရပ်လိုက်လေသည်။
ကျန်းယွီကတော့ လက်ခုပ်တဖြောင်းဖြောင်းတီးကာ နေထွက်လာသည်ကို မျက်နှာမူ၍ ကျောင်းသို့လမ်းလျှောက်သွားလိုက်သည်။ သူမအတော်ပျော်နေသည်ပင်။
အရာအားလုံးအဆင်ပြေသွားမှာပါ.. သူမဘဝရော ချူးလီဘဝရောပေါ့..။