ညီလာခံ စတင်ခြင်း
Vol. 11 Ch. 1046
မရေမတွက်နိုင်သော လူများသည် ညီလာခံ ကျင်းပရာ နေရာသို့ တဖွဲဖွဲ ရောက်လာနေကြ၏။ ချန်းဖန်သည် ကျန်းဖေးဖေး၊ ချူယွင်နှင့် လုယန်တို့ကိုပင် တွေ့လိုက်ရသေးသည်။ သူတို့သည် အခြေခံ တည်ဆော်ခြင်း အဆင့်၌ ရှိနေသော လူငယ်များ၏ ဝန်းရံထားမှု အလယ်၌ ဝံ့ကြွားစွာ လျှောက်လှမ်းနေကြ၏။ သူတို့က ချန်းဖန်ကို တွေ့ကြရာ ခေါင်းတစ်ချက်သာ ညိတ်ပြကြသည်။ အဖက်လုပ်၍ စကားပြောခြင်းမျိုး မပြုကြချေ။
“သူက ဘယ်သူလဲ... ချူကျိုးရဲ့ သခင်လေး တစ်ယောက်များလား”
ရှေ့သို့ အနည်းငယ် လွန်သည်နှင့် လူငယ်တစ်ယောက်က မေးလိုက်သည်။
“ဘယ်ကသာ... သူက ဖေးဖေး အဒေါ်ရဲ့ မိတ်ဆွေ တစ်ယောက်လေ... လုယန်က ဓမ္မ စွမ်းအားရော အစစ်အမှန်ချီရော မသုံးဘူးလို့ ပြောပြီး စိန်ခေါ်တာတောင် သူက တစ်စက်မှ ပြန်မတိုက်ရဲဘူး”
ရှောင်ရွှမ်က ပြန်ဖြေ လိုက်သည်။
“အဲ့လိုလား...”
လူငယ်များမှာ ချန်းဖန် အပေါ် စိတ်ဝင်စားမှု ပြန်လည် လျော့ကျသွားကြ၏။ ထိုကောင်လေးကား ကျင့်ကြံသူ တစ်ယောက် မဟုတ်လေရာ သူတို့နှင့် တူညီသော အဆင့်အတန်း ရှိသူ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
ရန်ကျွင်းကျဲ့က ဝင်ပေါက်နား၌ ရပ်ရင်း ဖိတ်စာ တစ်ခုကို ထုတ်ယူလိုက်၏။
“အစတုန်းက ဒီညီလာခံကို အဆင့်မြင့် ကျင့်ကြံသူတွေ တွေ့ဆုံဖို့ သက်သက် ကျင်းပခဲ့တာလေ... နောက်ပိုင်းမှာတော့ မိသားစုတွေ၊ ဂိုဏ်းတွေ အကြားက ပြိုင်ပွဲအသွင် ပြောင်းသွားခဲ့တယ်... ညီလာခံရဲ့ အကောင်းဆုံးလို့ ဆိုနိုင်တဲ့ အပိုင်းကတော့ ဂိုဏ်းတိုက်ပွဲတွေပဲ... အနိုင်ရတဲ့ဂိုဏ်းက ကျန်းပေ့နယ်ရဲ့ အကျိုးအမြတ် အများစုကို ပိုင်ဆိုင်နိုင်ကြတယ်”
“စိတ်ဝင်စားဖို့ ကောင်းသားပဲ...”
ချန်းဖန်က ခေါင်းညိတ်ရင်း ပတ်ပတ်လည်အား အကဲခတ် လိုက်သည်။ များစွာသော လူငယ် ကျင့်ကြံသူများမှာ ခန်းမကြီး အတွင်း တဖွဲဖွဲ ဝင်ရောက်နေသည်ကို သူ တွေ့နေရ၏။
“ကျွန်တော်သာ စင်ပေါ်တက်ပြီး တစ်လောက လုံးက လူငယ် ကျင့်ကြံသူတွေကို အနိုင်ယူလိုက်ရင် ဘယ်လောက်တောင် ကောင်းမလဲ... အဲဒီ အခါကျ ဝူရှီရှီလေးက ကျွန်တော့် ရင်ခွင်ထဲ ရောက်လာမှာ သေချာတယ်... ဒါပေမဲ့ မဖြစ်နိုင်ပါဘူးလေ”
ရန်ကျွင်းကျဲ့က ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
ဝူရှီရှီမှာ ယခုနှစ်များ အတွင်း ကျော်ကြားနေသည့် ရုပ်ရှင်စတား တစ်ယောက် ဖြစ်သည်။ သူမသည် ရန်ကျွင်းကျဲ့၏ အိပ်မက် နတ်သမီးလေးလည်း ဖြစ်သည်။
“တစ်နေ့တော့ ဖြစ်လာမှာပါကွာ...”
ချန်းဖန်က သူ၏ ပခုံးအား ပုတ်ရင်း ပြောလိုက်၏။
“ဟူး...”
ဝင်ပေါက်မှ ဖြတ်သန်း၍ ခန်းမ အတွင်းသို့ ဝင်သည်နှင့် လေထု အခြေအနေမှာ လုံးဝ ခြားနားသွားသည်။ ခန်းမ အလယ်ရှိ စင်မြင့်ထက်တွင်မူ တောက်ပသော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ထားသည့် လူတစ်ချို့ ထိုင်နေကြသည်။ လူများသည် သူတို့အား လေးစားသော အကြည့်များဖြင့် ကြည့်နေကြ၏။
“ချူကျိုးမြို့၊ ကျိုးမိသားစုက ကျိုးတယောင်ပါလား... သူက အရင်တုန်းက သိုင်းပညာရှင် တစ်ယောက်လေ... အခုတော့ ဝိညာဥ် ပင်လယ် အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီ”
“ဟိုတစ်ယောက်ကတော့ ထျန်းဟယ်မြို့၊ လော့မိသားစုက လော့ကောကျွင်းပဲ... သူက စစ်တပ်က အငြိမ်စား ယူသွားပြီတဲ့... ကောလဟာလတွေ အရဆိုရင် သူက ဓမ္မ ရတနာ တစ်ခုရဲ့ တိုက်ခိုက်မှုကိုတောင် ခုခံနိုင်တယ် ဆိုပဲ...”
“ရွှမ်ကျင်း စီရင်စုက ဆရာရွှမ်ကျန်းလည်း လာတာပါလား... သူက ကျန်းပေ့ရဲ့ အစွမ်း အထက်ဆုံး ဓာစမား ဖြစ်နေပြီ... တန့်ယွမ်ချင်းတောင် သူ့ကို အလေးမထားပဲ မနေဝံ့ဘူး”
စင်မြင့်ထက်ရှိ ဝိညာဥ် ပင်လယ် အဆင့် ကျင့်ကြံသူများမှာ ပရိသတ်များ၏ အာရုံစူးစိုက်မှုကို အထူး ရရှိကြ၏။ သို့သော်လည်း သူတို့ကား ကျန်းပေ့ ညီလာခံ၏ အထူး ပုဂ္ဂိုလ်များ မဟုတ်သေးချေ။
ထိပ်တန်းဂိုဏ်း တစ်ခုဖြစ်သည့် ပါးကျီဂိုဏ်း ရောက်ရှိလာသော အချိန်၌ ခန်းမ တစ်ခုလုံးမှာ ဆူညံ ပွက်လောရိုက် သွားတော့၏။
“ကြည့်စမ်း... သူက ပါးကျီဂိုဏ်းက ကောပိုင်ရှင်းမလား... သူက ဝိညာဥ် ပင်လယ် ထိပ်ဆုံး အဆင့်ကို ရောက်တာ ကြာပြီတဲ့... အစွမ်းထက်လိုက်တာ”
ရန်ကျွင်းကျဲ့က ဝင်ပေါက်ရှိ လူအား လက်ညိုးထိုးရင်း ထအော်လိုက်သည်။
“ကောပိုင်ရှင်း... ဟုတ်လား”
ချန်းဖန်က လှည့်ကြည့်လိုက်၏။ အသက် လေးဆယ် အရွယ်ရှိသော ထိုလူကား အရပ်ရှည်ပြီး သန်မာသော ကြွက်သားများကို ပိုင်ဆိုင်ထားသည်။ သူ လမ်းလျောက်တိုင်း ခန်းမကြီး တစ်ခုလုံးမှာ ငလျင်လှုပ် သကဲ့သို့ တုန်ခါနေ၏။ သူကား ချန်းဖန် ထန်လုံ အခြေစိုက် စခန်းသို့ ရောက်ရောက်ချင်း အနိုင်ယူခဲ့သည့် တပ်ကြပ်ကြီး ကောပိုင်ရှင်းပင် ဖြစ်ပေသည်။
“တကယ်ပဲ သူပါလား...”
ချန်းဖန်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။
ကောပိုင်ရှင်း ရောက်သည်နှင့် အခြား နာမည်ကျော် ကျင့်ကြံသူများမှ ထရပ်ကာ သူ့အား ဂါဝရပြု ကြိုဆိုကြ၏။ သူတို့အားလုံးမှာ တူညီသည့် ဝိညာဥ်ပင်လယ် အဆင့်များ ဖြစ်သည့်တိုင် ကောပိုင်ရှင်းမှာ မရေမတွက်နိုင်သည့် အဆင့်တူ ကျင့်ကြံသူများကို အနိုင်ယူခဲ့သူ ဖြစ်ပေသည်။ သူကား သာမန် ဝိညာဥ်ပင်လယ်များနှင့် နှိုင်းယှဥ်၍ မရနိုင်သူ ဖြစ်သည်။ ကောပိုင်ရှင်းမှာ အားလုံးကို ခေါင်းညိတ် နှုတ်ဆက်ကာ သူ့အတွက် ခင်းကျင်းထားသော ထိုင်ခုံ၌ ထိုင်လိုက်သည်။
ထို့နောက် ထိုက်ကျိဂိုဏ်း၊ ရှင်းရီဂိုဏ်း၊ တန်ဒြာ ဗုဒ္ဓဂိုဏ်းနှင့် ကျားနဂါးတောင်မှ လူများမှာလည်း ရောက်ရှိ လာကြသည်။ ဂိုဏ်းတစ်ဂိုဏ်းကို ဦးစီးလာသည့် ကျင့်ကြံသူ တစ်ယောက်ချင်းစီမှာ ဝိညာဥ် ပင်လယ် ထိပ်ဆုံး အဆင့်၌ ရှိနေကြသူများ ဖြစ်သည်။ နောက်ဆုံး ထိုက်ကျိဂိုဏ်း၏ မူလ အဆင့် ပေါ်လာသော အခါတွင်မူ ချင်းယန် စီရင်စု တစ်ခုလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
“ဝှစ်...”
ထိုလူသည် အနက်ရောင်နှင့် အဖြူရောင် အလင်းများကို ဝန်းရံ၍ စင်မြင့်ထက်သို့ ကောင်းကင်မှ တိုက်ရိုက် ကျဆင်းလာ၏။
“သူက တိုက်ကျိဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းချုပ် ချန်းချူရန်ပဲ... သူ ဒီကို ရောက်လာတယ် ဆိုတာ ငါ အခုထိ မယုံနိုင်သေးဘူး... သူ့ကို တွေ့ရတာနဲ့တင် လက်မှတ်ဖိုး ယွမ်တစ်သိန်းက တန်နေပြီ”
ရန်ကျွင်းကျဲ့၏ ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှုဖြင့် လှုပ်ခါနေသည်။
မူလ အဆင့် မြေကမ္ဘာ နတ်ဘုရား...
ကမ္ဘာကြီး ပြောင်းလဲပြီး နောက်တွင်ပင် မူလ အဆင့်များမှာ ကမ္ဘာပေါ်၌ ရှားပါးသော နဂါးများ ဖြစ်နေဆဲ ဖြစ်သည်။ သူတို့သည် ဂိုဏ်းတစ်ဂိုဏ်း၊ နယ်မြေ တစ်ခုကို ဦးစီး ဦးဆောင် ပြုနိုင်သည့် လူများ ဖြစ်၏။ ကမ္ဘာပေါ်၌ ရွှေအမြုတေ အဆင့်များမှ လွဲ၍ မည်သူမျှ သူတို့အား မလေးမစား မပြုဝံ့ကြချေ။ ကောပိုင်ရှင်း ပင်လျှင် ထိုင်ရာမှ ထရပ်ကာ ချန်းချူရန်ကို ဂါဝရ ပြုရသည်။
“အင်း...”
ချန်းချူရန်က အဓိက ထိုင်ခုံတစ်ခု၌ ထိုင်ရန် ဟန်ပြင်လိုက်သည်။ ထို့နောက် ရုတ်တရက် သူသည် တစ်စုံတစ်ခုကို ခံစားလိုက်ရ၏။ သူက ပတ်ဝန်းကျင်ကို ပတ်ချာလည်အောင် ကြည့်လိုက်သော်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေသော လူများကိုသာ တွေ့လိုက်ရသည်။ အဆုံး၌ ချန်းချူရန်က ခေါင်းခါကာ နေရာ၌ ထိုင်ချလိုက်သည်။
ထိုအချိန်၌ ချန်းဖန်သည် လူအုပ်အတွင်း ရောနှောကာ ထိုင်ရင်း အနည်းငယ် အံ့အားသင့် နေမိသည်။ အတိတ်၌ သူသိခဲ့သော အတွင်အား ပညာရှင်နှင့် အထွတ်အထိပ် အချို့မှာ ဝိညာဥ်ပင်လယ် အဆင့်၊ မူလ အဆင့်များကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ အချို့ဆိုလျှင် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ကာ ရွှေအမြုတေ အဆင့်များပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ ချူမင်ဟွေ့နှင့် တန့်ရီဖေးတို့မှာ ခန်းမ အပြင်ဘက်၌ ရပ်နေကြသည်။
“အခုထိ သူ့ အရိပ်အယောင်တောင် မတွေ့ရသေးဘူးလား...”
“သူ့မွေးရပ်မြေ စီကျွေး၊ သူတက်ခဲ့တဲ့ ကျောင်းတွေ၊ သူ အလုပ်လုပ်ခဲ့တဲ့ ဘား... နောက်ပြီး ချင်ယန် စီရင်စု တစ်ခုလုံးကိုပါ မြေလှန်ပြီးပြီ... ဒါပေမဲ့ ဘာမှ မတွေ့ရဘူး...”
ရန်ချိုးမှာ စိုးရိမ်နေဟန် ရ၏။
“အဲဒါက အလုပ်ဖြစ်ပါ့မလား... ငါ ဘယ်တော့မှ ပြန်မလာရင်ရော”
ချူမင်ဟွေ့မှာ တိတ်ဆိတ်သွား၏။ အကယ်၍ ချန်းဖန်သာ ဒဏ်ရာမရပါက အနည်းဆုံး ရွှေအမြုတေ အဆင့်လောက်ကို ရောက်ရှိနေလောက်ပြီ ဖြစ်သည်။ သူ့အတွက် ဝိညာဥ် ပင်လယ် အဆင့်များ ထံမှ ပုန်းကွယ်ရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ချေ။
“ထပ်ပြီး ကြိုးစားကြည့်ကြတာပေါ့...”
ချူမင်ဟွေ့က ဖြူရော်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက ကောင်းကင်သို့ ရုတ်တရက် ကြည့်ကာ ရေရွတ်လိုက်၏။
“သူတို့ ရောက်လာပြီ...”
တန့်ရီဖေးမှာလည်း ကောင်းကင်သို့ ကြည့်ကာ အမူအရာ လေးနက်သွား၏။ မကြာခင်မှာပင် ကြောက်မက်ဖွယ် စွမ်းအားနှင့် အတူ အလင်းတန်း အချို့ ကောင်းကင်၌ ပေါ်လာခဲ့သည်။ ထိုအခိုက်၌ ခန်းမ တစ်ခုလုံးသာ မက ချင်းယန် စီရင်စု တစ်ခုလုံးရှိ လူများမှာ ဖိအားများကို ခံစားလာရသည်။
“တိုင်ချူ ဘုရားကျောင်းရဲ့ ဝူကျိဂိုဏ်းက လူတွေ...”
ချူမင်ဟွေ့၏ မျက်လုံး အတွင်း၌ ကြောက်ရွံ့မှု အချို့က နေရာယူလာသည်။ ချန်းချူရန်ပင်လျှင် ခန္ဓာကိုယ် တစ်ချက် တုန်ခါကာ နေရာမှ ထရပ်လိုက်၏။
တိုင်ချူ ဘုရားကျောင်း၊ ဝူကျိဂိုဏ်း၊ နေနန်းတော်၊ ရွှမ်ကုန်းဂိုဏ်း...
ထိုအရာများကား ကမ္ဘာ၏ ထိပ်ဆုံး နေရာ၌ ရပ်တည်နေသည့် ကျင့်ကြံခြင်း အထွတ်အမြတ်မြေများ ဖြစ်သည်။ နိုင်ငံကြီး တစ်ခု၏ ခေါင်းဆောင်ပင်လျှင် သူတို့အား လေးစားရသည်။ ထိုဂိုဏ်းများမှ လာသည့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် တစ်ကမ္ဘာလုံး၏ အာရုံစူးစိုက်မှုကို ရရှိကြ၏။ ကျန်းမိသားစု မြင့်တက်လာရသည့် အကြောင်းရင်းမှာလည်း ကျန်းချူရန်မှာ တိုင်ချူ ဘုရားကျောင်း ဂိုဏ်းချုပ်၏ တပည့် ဖြစ်လာခြင်းကြောင့် ဖြစ်ပေသည်။
“အိုးမိုင်ဂေါ့... တကယ့်ကို တိုင်ချူ ဘုရားကျောင်းနဲ့ ဝူကျိဂိုဏ်းက လူတွေပဲ... ငါသာ သူတို့ထဲက တစ်ယောက် ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ... အဲဒါဆို လုယန် စောက်ခွက်ကို ဆောင့်ကန်လို့ ရပြီ”
ရန်ကျွင်းကျဲ့၏ နှလုံးမှာ ခုန်ရလွန်းသောကြောင့် ပြုတ်ထွက်လုမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ ခန်းမ အတွင်းရှိ လူများနှင့် တီဗီများ ရှေ့၌ ကြည့်နေကြသော လူများမှာလည်း ရူးသွပ် မတတ် ဖြစ်နေကြပြီ ဖြစ်၏။ ချန်းဖန်ပင်လျှင် သူ၏ နောက်ရှိ မိန်းကလေး (fan girl) အဖွဲ့၏ အသံကုန် အော်မှုအောက်တွင် နားညီး နေခဲ့ပြီ ဖြစ်လေသည်။
ကျန်းပေ့ ညီလာခံကား တရားဝင် စတင်ခဲ့ချေပြီ။
***