← Chapters

Chapter 21

Vol. 3 Ch. 21

Chapter 21

Vol. 3 Ch. 21

နောက်၂ပတ်ကြာတော့ ညနေခင်းတွင် ကျန်းယွီသည် လော့ကာခန်းသို့ လာလိုက်ပြီး သူမ၏ချွေးစိုနေသော အကအဝတ်များကို လဲလိုက်သည်။

အကဖိနပ်ကြိုးကို ဖြည်လိုက်သည့် အခါတွင်တော့ ကြိုးကနည်းနည်းပြယ်ထွက်ချင်နေတာကို တွေ့လိုက်ရသည်။

ကျန်းယွီလည်း ဖိနပ်ကိုမြန်မြန်ချွတ်လိုက်ကာ ကျောပိုးအိတ်ထဲက အိတ်အသေးလေးတစ်လုံးကို ထုတ်လိုက်လေသည်။ ထို့နောက် အဲ့အိတ်လေးထဲကနေ အပ်ချည်နှင့်အပ်ကို ထုတ်လိုက်ကာ ဖိနပ်ကိုချုပ်ရန်လုပ်လိုက်သည်။

ဒီဖိနပ်တစ်စုံသည်လည်း ကြိမ်ဖန်များစွာ ဖာလိုက်ချုပ်လိုက် လုပ်ခံရပြီးလေပြီ..။ ဘယ်နေရာပဲကြည့်ကြည့် အပ်ချုပ်ရာတွေကို တွေ့ရပေလိမ့်မည်။

ဝူစီလင်းနှင့် သူမသူငယ်ချင်းများလည်း အကလေ့ကျင့်ပြီးလို့ လော့ကာခန်းထဲသို့ ဝင်လာလိုက်ကြသည်။ ကျန်းယွီတစ်ယောက် သူမအကဖိနပ်ကို ချုပ်နေသည်ကို မြင်လိုက်သည်နှင့် မလှောင်ဘဲ မနေနိုင်တော့ပေ။

“ဒီစုတ်ပြတ်နေတဲ့ဖိနပ်တွေကို စင်ပေါ်မှာစီးပြီး ငါတို့ကျောင်းကို မျက်နှာပျက်အောင်လုပ်မိမှာ မကြောက်ဘူးနဲ့တူတယ်”

“Esmeralda ကိုဝင်ခွင့်ရခဲ့ရင်တောင် ကျောင်းစရိတ်မတတ်နိုင်မှတော့ သူ့ရွေးလည်းအပိုပဲ”

“ဒီပြိုင်ပွဲအတွက် ဆရာတွေ သူ့ကိုဘာလို့များ ရွေးလိုက်တာလဲ.. ငါတော့နားမလည်နိုင်ဘူး”

ကျန်းယွီသည် ဝူစီလင်းကို စိုက်ကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါးသာ ပြန်တုန့်ပြန်လိုက်သည်။

“ဒီလောက် ခဏလေးရှိသေးတာကို နင်ကမေ့သွားပြီပဲ.. ငါဘာလို့ အရွေးခံလိုက်ရတာလဲ ငါက နင့်ထက်ပိုတော်ပြီး နင့်ထက်ပိုကောင်းကောင်း ကနိုင်လို့ပဲလေ”

ကောင်မလေးများလည်း ဆွံ့အသွားကြလေသည်။

ဝူစီလင်းလည်း အရှိုက်တည့်တည့်ထိသွားသဖြင့် ဒေါသဖြင့် တုန်ရီလာကာ ပြန်ပြောလိုက်သည်။

“ဖိနပ်တစ်ရံတောင် အသစ်မဝယ်နိုင်တာ နင်အရွေးခံရတော့ရော ဘာအရေးလဲ.. Esmeralda ကိုဝင်ရလောက်တဲ့အထိ နင့်မှာအရည်အချင်းရှိမနေဘူး”

ဒီလိုအရာမျိုး အတိတ်က ကျန်းယွီသာ ကြုံခဲ့ရမည်ဆိုလျှင် သူမအတော်လေး အရှက်တကွဲဖြစ်မိပေလိမ့်မည်။ သေချာပေါက်ကို ဒေါသထွက်ပြီး မခံမရပ်နိုင် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ဒီနေ့တွင်တော့ သူမသည် တည်တည်ငြိမ်ငြိမ်လေးသာ ပြန်ပြုံးပြလိုက်ပြီး “ငါဝင်ခွင့်ရမရဆိုတာ ဘယ်သူမှ မသိနိုင်သေးပါဘူး..။ ဒါပေမယ့် နင်ကတော့ကျိန်းသေပေါက် ဝင်ခွင့်ရဖို့ အခွင့်အလမ်းကို မရှိတော့တာလေ.. ဘယ်သူက ပိုဝမ်းနည်းဖို့ကောင်းနေတာလဲ”

ဝူစီလင်းသည် ကျန်းယွီတစ်ယောက် ဒီလောက်ကောင်းကောင်း ပြန်စကားနိုင်လုနိုင်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ သူမပြောသမျှမှာ ပြင်းထန်လွန်းလှ၍ ဘာပြန်ပြောရမှန်းတောင် သူမ,မသိတော့ချေ..။ ဒီလိုနှင့် သူမသူငယ်ချင်းတွေရှေ့တွင် မျက်နှာပျက်စရာဖြစ်ကုန်ပြီဟု သူမခံစားမိလိုက်သည်။ ထို့ကြောင့် သူမဒေါသထွက်လာပြီး ကျန်းယွီကို ခုန်အုပ်လိုက်လေသည်။

“ငါ့အခွင့်အရေးကို နင်ခိုးသွားတာ မဟုတ်ဘူးလား”

ကျန်းယွီကတော့ အလွယ်တကူပဲ ရှောင်လိုက်နိုင်ပြီး သူမကတော့ နေရာအလွတ်ဆီ ပြုတ်ကျသွားလေသည်။

ဝူစီလင်းလည်း ဗီရိုနှင့် တိုက်မိပြီး သူမတံတောင်ဆစ်ကို ခိုက်မိသွားလေသည်။

ကျန်းယွီကတော့ သူမကိုဂရုမစိုက်အားဘဲ သူမလော့ကာကိုသာ ဖွင့်လိုက်လေသည်။

အံ့ဩစရာကောင်းစွာပင် သူမလော့ကာထဲတွင် ဘဲလေးဖိနပ်အသစ်တစ်ရံကို တွေ့လိုက်ရသည်။

ဖိနပ်တွေကို အဖြူရောင်အိတ်ပါးပါးလေးနှင့် ထည့်ထားပြီး အိတ်ပေါ်တွင်တော့ VCI ဆိုသည့် အမှတ်တံဆိပ်ပါနေလေသည်။

VCI သည် ဘဲလေးဖိနပ်တံဆိပ်များထဲတွင် စျေးအကြီးဆုံးတံဆိပ်ဖြစ်သည်ဆိုတာ လူတိုင်းသိကြပေသည်။ လက်နှင့် အနုစိတ်ပြုလုပ်ထားခြင်းဖြစ်ပြီး ဒီရိုးရာကိုထိန်းသိမ်းထားသည်မှာ ရာစုနှစ်တစ်ခုကြာခဲ့ပေပြီ။ ထုတ်ကုန်များမှာလည်း ပေါပေါများများ မရှိသည့်အပြင် အရည်အသွေးမှာ အမြင့်စားပင်ဖြစ်သည်။

ဒီနှစ်တွေအတောအတွင်း မှိုလိုပေါက်လာသော ဘဲလေးဖိနပ်နယ်ပယ်ကြောင့် အရေအတွက် အနည်းငယ်သာ ထုတ်တတ်သော VCI သည် ထပ်တန်းအမှတ်တံဆိပ်ဖြစ်လာခဲ့ပြီး ဇိမ်ခံတံဆိပ်တစ်ခုပင် ဖြစ်လာခဲ့ရသည်။

ထိုဖိနပ်လေးတစ်စုံမှာ အဖြူရောင်ဖွေးဆွတ်နေပြီး တောက်ပြောင်အရောင်စိုနေကာ ချုပ်ရိုးတစ်ခုချင်း၊ ချုပ်ရာတစ်ခုချင်းသည် လက်နှင့်ပြုလုပ်ထားခြင်း ဖြစ်လေသည်။ ထို့ကြောင့်လည်း တစ်ခြားသော သာမန်အကဖိနပ်များနှင့်ယှဉ်လိုက်လျှင် အနုပညာလက်ရာတစ်ခုအလားပင် ဖြစ်နေလေသည်။

ဘဲလေးဖိနပ်တံဆိပ်များထဲက အကောင်းဆုံးဖြစ်သော VCI ဖိနပ်တစ်စုံစီးပြီး အကလေ့ကျင့်ရန်မှာ မိန်းကလေးတိုင်း၏ ဆန္ဒပင်ဖြစ်ပေသည်။

သို့သော်လည်း VCI ဖိနပ်များသည် မတန်တဆ စျေးကြီးလွန်းလှသဖြင့် ဒီလိုဖိနပ်မျိုးကိုဝယ်ရသည်မှာ အတော့်အတော်လေးကို အလဟဿ ဖြုန်းတီးရာပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဖိနပ်များသည် လအနည်းငယ်လောက် ဝတ်ပြီးတာနှင့် နောက်တစ်ရံလဲရမှာမို့ပင်။

ထို့ကြောင့် VCI တံဆိပ်ကို တတ်နိုင်သူ အများကြီးမရှိပေ။

ကောင်မလေးများသည် VCI ဖိနပ်တစ်စုံကို မြင်လိုက်သည်နှင့် အတော်လေး အံ့အားသင့်သွားကြလေသည်။

“ဟယ် ဘုရားရေ.. ကျန်းယွီကဘတကယ်ကြီး VCI ဖိနပ်လဲထားတာပဲ”

“ဒီဖိနပ်တွေက ဝူစီလင်းညစီးထားတာနဲ့ နည်းနည်းတူတယ်နော်”

“ဘယ်ကသာ ကွာတာပေါ့.. သူ့ဟာက အရည်အသွေးအမြင့်စား အတုအပကြီးလားဆိုတာ ဘယ်သူကသိမှာမို့လို့လဲ”

ဝူစီလင်းသည် သူမနှင့်တစ်ပုံစံတည်းဖြစ်သော ကျန်းယွီ၏ VCI ဖိနပ်များကိုကြည့်လိုက်ကာ သူမမျက်နှာမှာ အေးစက်သွားလေသည်။

ကျန်းယွီလည်း လွန်ခဲ့တဲ့၂ပတ်တုန်းက သူမဘဲလေးဖိနပ်အကြောင်း ချူးလီပြောခဲ့သည်ကို ချက်ချင်းသတိရသွားမိသည်။

အဲ့တုန်းကသူသည် သူမခြေချင်းဝတ်ကို ညှစ်နေလေသည်။ သူ့ကြည့်ရတာ လက်ချောင်းတွေနဲ့ ဖိနပ်ဆိုဒ်ကို တိုင်းကြည့်နေတဲ့အတိုင်းပင်။

သို့သော်လည်း သူမကို VCI ဖိနပ်တစ်ရံဝယ်ပေးလိမ့်မည်ဟုတော့ ကျန်းယွီတစ်ခါမှ မတွေးခဲ့ဖူးပေ။

ကျန်းယွီသည် ချူးလီ၏ မိသားစုအခြေအနေကို သိပေသည်။ သူ့အဖေသည် ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနှင့် နှစ်ပေါင်းများစွာ ထောင်ကျနေခဲ့တာဖြစ်ပြီး သူ့အမေသည်လည်း သူ့ကိုတစ်ခါမှ မဆက်သွယ်ခဲ့ပေ။ သူ့စိတ်ကျန်းမာရေး ချို့ယွင်းမှုများကြောင့် အမျိုးတွေကလည်း သူ့ကိုဂရုစိုက်ပေးချင်စိတ် တစ်ယောက်မှမှမရှိကြချေ။

ယွင်ရှီးအထက်တန်းကျောင်းကို ဝင်ခွင့်ရပြီးသည့်နောက် စာတော်လွန်း၍ရသော ပညာသင်ဆုကြောင့်သာ အသက်ရှင်ရုံလေး ရှင်နိုင်နေခြင်း ဖြစ်ပေသည်။

ဒီလောက်စျေးကြီးတဲ့ဖိနပ်ကိုဝယ်ဖို့ သူဘယ်ကပိုက်ဆံရလာတာပါလိမ့်?

ကျန်းယွီသည် ဖိနပ်များကို ကျောပိုးအိတ်ထဲ အသာအယာထည့်လိုက်ပြီး ချူးလီကို သေချာသွားမေးရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ဝူစီလင်းမှ သူမအားတားကာ မေးလိုက်လေသည်။

“ကျန်းယွီ.. နင်ကဖိနပ်လေး ဝယ်ဖို့တောင်မှ မတတ်နိုင်နေတာကို ဒီလိုအတုတွေ ဝယ်ဖို့မလိုပါဘူး”

“အေးလေ.. အတုတွေကို အရောင်းအဝယ်လုပ်တာက တရားမဝင်ဘူးနော်”

ကျန်းယွီလည်း အရည်အသွေးအမြင့်စား အတုလို့ ကြားလိုက်ရသဖြင့် စိတ်သက်သာရာရသွားကာ အလေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“အတုဝယ်တော့ရော နင့်အပူပါလို့လား.. နင့်မိသားစုကျွေးတဲ့ထမင်းကို ငါစားနေရတာမို့လို့လား”

ပြောပြီးဆိုပြီး ထွက်မည်လုပ်သော်လည်း ဝူစီလင်းကတော့ သူမကို လွယ်လွယ်နှင့် လွှတ်မပေးနိုင်ဖြစ်နေလေသည်။ ထို့ကြောင့် သူမကိုတားလိုက်ကာ

“ဒီဖိနပ်တွေကိုစီးမယ်ဆိုရင် Esmeralda ကဆရာမတွေရှေ့မှာ အရှက်ရစရာတွေ ဖြစ်ကုန်တော့မှာပဲ”

ဝူစီလင်းသည် သူမ၏အဝတ်အစားအိတ်ကို လှမ်းပေးလိုက်ပြီး ဘဲလေးဖိနပ်တစ်စုံကို ထုတ်လိုက်လေသည်။

“VCI ဖိနပ်တိုင်းက ဖိနပ်ကြိုးမှာ ကုတ်နံပါတ်တစ်ခုပါတယ်.. အဲ့ဒါနဲ့ သူတို့ရဲ့ တရားဝင် website မှာ စစ်ကြည့်လို့ရတယ်။ ကျန်းယွီ ငါတို့ဒါကိုစစ်ကြည့်မယ်ဆိုရင် နင်စိတ်မရှိဘူးမလား”

ကျန်းယွီကတော့ အေးတိအေးစက်သာ ပြန်ပြောလိုက်သည်။

“အစစ်ခံလိုက်တော့ရော ဘာထူးသွားလို့လဲ.. အတုဝတ်လို့ မျက်နှာပျက်ရလည်း ငါပဲလေ.. နင်နဲ့ဘာမှမဆိုင်ဘူး”

“ဒါငါတို့လင်းချူအနုပညာသင်တန်းကျောင်းနဲ့ ဆိုင်တယ်လေ”

ဝူစီလင်းတစ်ယောက် မထီမဲ့မြင်ပြုသည့်လေသံနှင့် ဆက်ပြောလိုက်သည်။

“ဖိနပ်တွေက အတုတွေသာဆိုရင် ငါတို့နင့်ကို ကူဖျက်ဆီးပေးမယ်လေ”

“နင်လုပ်ရဲလား”

ဝူစီလင်းသည် သရော်ပြုံးပြုံးလိုက်ကာ ပြန်ပြောလိုက်လေသည်။

“စမ်းကြည့်လေ”

ကျန်းယွီသည် သူမအိတ်ကိုပြန်ယူရန် ရှေ့ကိုသွားမလို့လုပ်လိုက်သော်လည်း ကောင်မလေးများက သူမလက်မောင်းကို လှမ်းဆွဲလိုက်ကြကာ သူမကိုဝူစီလင်းနားမသွားအောင် ချုပ်ထားလိုက်ကြသည်။

ကျန်းယွီလည်း ဒေါသတကြီးဖြင့်“ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက နင့်လက်ထဲမှာလေ.. ကုတ်က တကယ်မှန်မမှန် ငါကဘယ်လိုလုပ်သိမှာလဲ”

“အတူတူစစ်ကြည့်ကြတာပေါ့.. တစ်ခုကအစစ်အမှန်ဖြစ်ပြီးတော့ နောက်တစ်ခုက အကောင်းစားအတုပဲလေ.. တစ်ချက်ကြည့်လိုက်တာနဲ့တင် သိသာမနေဘူးလား”

ဝူစီလင်းသည် သူမ၏ VCI ဘဲလေးဖိနပ်များကို တွန့်ဆုတ်မှုမရှိဘဲ ချွတ်လိုက်ကာ ဒီလက်ထဲကို ကမ်းပေးလိုက်သည်။

ဖိနပ်၂စုံကို ဘေးချင်းယှဉ်ကြည့်လိုက်တော့ တစ်ထပ်တည်းပင် တူညီလေသည်။ သို့သော် တစ်ယောက်က ဝင်လေပစ်လိုက်လေသည်။

“သေချာပေါက်ကို အရည်အသွေးက တစ်ခြားစီပဲပေါ့.. စီလင်းရဲ့ဖိနပ်က အရောင်ပိုစိုတယ်လေ”

“ဒါပေါ့ ကိုယ်ဖြုန်းနိုင်သလောက် အရည်အသွေးပဲပြန်ရမှာပဲလေ.. အရည်အသွေးအမြင့်စား အတုအပဆိုရင်တောင် အတုက အစစ်မှမဖြစ်နိုင်တာ”

“ဖိနပ်ကြိုးကိုကြည့်လိုက်စမ်းပါဦး အရည်အသွေးက တအားညံ့တာပဲ”

ကျန်းယွီသည် ချူးလီ သူမကိုပေးသောအရာကို ဒီလိုမျိုး အဝေဖန်မခံရချင်ပေ.. ထို့ကြောင့် သူမဖိနပ်များကို လှမ်းယူဖို့ မြန်မြန်လုပ်လိုက်သည်။

ဝူစီလင်းလည်း မျက်စိလျင်လျင်၊ လက်လျင်လျင်နှင့် သူမဖိနပ်ကို အမြန်ဆွဲယူလိုက်လေသည်။

သူမသည် ကျန်းယွီကို အရှက်ရစေချင်သည့် ဇောများနေတာကြောင့်

“အစစ်ဟုတ်မဟုတ် စစ်ကြည့်လိုက်လေ.. ဘယ်လိုပဲဖြစ်ဖြစ် သူတစ်ယောက် မောက်မာမှုကြောင့်နဲ့ ငါတို့လင်းချူကို မျက်နှာမပျက်စေချင်ဘူးလေ”

ကောင်မလေးတစ်ယောက်လည်း ဖုန်းကိုဖွင့်လိုက်ကာ ဖိနပ်ပေါ်က ထွင်းထားသော အနက်ရောင်ကုတ်လေးကို ရိုက်ထည့်လိုက်လေသည်။

“ငါတွေ့တာတော့ ဒီဖိနပ်တွေက...”

ကောင်မလေးနောက်တစ်ယောက်လည်း ဖုန်းကိုကြည့်လိုက်ပြီး သူမမျက်နှာသည် ရုတ်တရက် မှုန်သုန်သွားလေသည်။

“အတုကြီးပဲ”

“ဒါအတုပဲဖြစ်ရမယ်”

ကောင်မလေးသည် မဟုတ်ဘူးဆိုသောပုံစံနှင့် သူမခေါင်းကို ခါရမ်းလိုက်ပြီး ကျန်းယွီကို စိုက်ကြည့်လိုက်ကာ အံကိုကြိတ်ပြီး ပြန်ပြောလိုက်လေသည်။

“အတုမဟုတ်ဘူး”

ဝူစီလင်းလည်း သူမနားပင် မယုံနိုင်ဖြစ်သွား၍ ထိုကောင်မလေးလက်ထဲက ဖုန်းကို ဆွဲယူလိုက်ကာ ကုတ်ကိုထပ်ရိုက်ကြည့်လိုက်တော့ အမှန်တကယ်ပင် အစစ်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူမသည် ကျန်းယွီကို မလိုတမာဖြင့် ကြည့်လိုက်ပြီး“ဟဲ့ နင့်သူဌေးရည်းစားနဲ့ ပြတ်သွားပြီမဟုတ်ဘူးလား ဘာလို့သူ့ကိုသွားထပ်ရှာရတာလဲ”

ကျန်းယွီသည် သူမဖိနပ်များကို ပြန်ယူလိုက်ကာ ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်ပင် မျက်နှာလွှဲလိုက်လေသည်။

ထိုအချိန်တွင် ကောင်မလေးမှ ရုတ်တရက်ကြီး ထပြောလိုက်လေသည်။

“မဖြစ်နိုင်တာ.. စီလင်း.. ငါတို့ ဘာလို့နင့်ဖိနပ်ကုတ်နံပါတ်ကို ရှာလို့မရတာလဲ”

လူတိုင်းသည် လက်တစ်ဖက်က ဖုန်းကိုကိုင်ကာ နောက်လက်တစ်ဖက်က ဝူစီလင်း၏ ဖိနပ်ကို ကိုင်ထားသော ကောင်မလေးကို လှမ်းကြည့်လိုက်ကြသည်။

“ကြည့်ဦး”

တစ်ခြားကောင်မလေးများလည်း လူစုလာကြပြီး သူမဖုန်းစခရင်ကို ကြည့်လိုက်ကြလေသည်။

“ငါတကယ်ကို ရှာလို့မတွေ့တာ”

“တကယ်ကြီးလား”

“မဖြစ်နိုင်တာ.. စီလင်းရဲ့ဖိနပ်တွေက အရည်အသွေးမြင့်အတုအပတဲ့လား"

“ဒါက...”

ဝူစီလင်းသည် မယုံနိုင်စွာဖြင့် သူမဖုန်းကိုယူလိုက်ကာ တရားဝင် website ထဲသို့ ဝင်လိုက်ကာ သူမဖိနပ်ပေါ်ကကုတ်ကို ထပ်ရိုက်ထည့်လိုက်သည်။ သေချာသလောက်ပင် ခါးသီးသော အမှန်တရားတစ်ခု ထွက်လာလေသည် - တောင်းပန်ပါတယ် သင်ရှာနေသောကုတ်သည် မတည်ရှိပါ

“ဒါမဖြစ်နိုင်ဘူး”

ဝူစီလင်း၏ VCI ဖိနပ်များမှာ နိုင်ငံခြားကုန်သွယ်စီးပွားရေးလုပ်ကိုင်သော သူမ၏ဦးလေးဖြစ်သူက အိုင်ရာလန်နိုင်ငံမှ ဝယ်လာပေးခဲ့ခြင်းဖြစ်သည်။ သူမသည် ရရချင်း ပထမနေ့ကတည်းက ကျောင်းကိုစီးလာခဲ့ပြီး လအတော်ကြာအောင် သူများတွေကို လိုက်ကြွားနေခဲ့လေသည်။

အခုကျတော့ အရည်အသွေးမြင့် အတုအပ ပစ္စည်းကြီး ဖြစ်နေတယ်တဲ့လား။

ကောင်မလေးများသည်လည်း ကျီစယ်သောအကြည့်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

နောက်ဆုံးလည်းကျရော ကျန်းယွီဖိနပ်က အစစ်ဖြစ်နေပြီး ဝူစီလင်း၏ ဖိနပ်ကတော့ အတုဖြစ်နေလေသည်။

ဝူစီလင်းတစ်ယောက် ဒေါသထွက်လွန်း၍ ဆတ်ဆတ်ခါနေသည်ကို မြင်လိုက်ရသောကြောင့် လဲကျနေပြီးသားခွေးကို ထပ်မရိုက်ချင်တော့သော်လည်း အခုလေးတင် သူမလုပ်ခဲ့သမျှကို တွေးမိလိုက်သောအခါ သူမလည်း ဒေါသထွက်လာလေသည်။

“ပစ္စည်းအတုတွေကို အရောင်းအဝယ်လုပ်တာက တရားမဝင်ဘူး ဟုတ်တယ်မလား”

ကျန်းယွီသည် စားပွဲပေါ်က ကတ်ကြေးကို ကောက်လိုက်ပြီး ဝူစီလင်း၏ ခြေဖဝါးနားကို ပစ်ချလိုက်သည်။

“ဖျက်ဆီးလိုက်”

ဝူစီလင်း၏ နှုတ်ခမ်းများမှာ ဖြူဖတ်ဖြူရော်ပင်ဖြစ်လာပြီး သူမသည် ဘေးနားက ကောင်မလေးများကို ငြူစူစူနှင့် ဝေ့ကြည့်လိုက်သည်။

ကောင်မလေးများသည်လည်း ထုံးစံအတိုင်းပင် ပွဲကောင်းတစ်ခု ကြည့်နေသည့်အလား စပ်စုနေကြပြီး သူမဘာဆက်လုပ်မလဲဆိုတာကို သိချင်နေကြပေသည်။

ဝူစီလင်းလည်း မျက်နှာပျက်ရသောကြောင့် ဒေါသမွှန်ထူနေလေသည်။ လပေါင်းများစွာ သူမကြွားဝါခဲ့သော ဖိနပ်အတုကို ကပ်ကြေးဖြင့် တစ်စစီညှပ်ချလိုက်လေတော့သည်။

သူမလုပ်ပြီးသည်နှင့် ကောင်မလေးတစ်ယောက်က ချက်ချင်းပြောလိုက်လေသည်။

“အရည်အသွေးမြင့် အတုအပဆိုဦးတော့ မစီးလို့မရတာမှမဟုတ်တာ.. ပြီးတော့ ကြည့်ရတာ အရည်အသွေးကလည်း အဆင်ပြေတဲ့ပုံပါပဲ”

“ဟုတ်သားပဲ.. ညှပ်ပစ်လိုက်တာ နှမြောစရာကြီး”

သူတို့သည် ပြောပြောဆိုဆိုနှင့် လော့ကာခန်းထဲက ထွက်သွားကြလေတော့သည်။

ဒီနေ့ရဲ့ အစမ်းလေ့ကျင့်မှုကတော့ ဝူစီလင်းတစ်ယောက်ကို မျက်နှာပျက်စရာ ဖြစ်စေခဲ့ပေသည်။

ကျန်းယွီကတော့ သူမကိုဂရုစိုက်မအားဘဲ သူမဖိနပ်များကိုသာ ကျောပိုးအိတ်ထဲ သေချာထုပ်ပိုးထည့်၍ လော့ကာခန်းထဲက ထွက်လာခဲ့လိုက်သည်။

ညပိုင်း ၆နာရီ မိနစ်၅၀လောက် ရှိနေပြီဖြစ်၍ ကျန်းယွီလည်း ချူးလီ နေထိုင်ရာနေရာကို တန်းရောက်သည့်ဘတ်စ်ကားကို စီးလိုက်လေသည်။ အိမ်ရှေ့ရောက်တော့ တံခါးကို အတော်ကြာကြာ ခေါက်နေလိုက်သော်လည်း ဘာအရိပ်အယောင်မှ မရှိသောကြောင့် သူအိမ်မှာမရှိဟန်တူသည်။

ကျန်းယွီသည် သူမအိတ်ထဲက ဘဲလေးဖိနပ်များကိုထုတ်လိုက်ကာ အိမ်ရှေ့မှာချထားခဲ့ပြီး ပြန်ဖို့လုပ်လိုက်လေသည်။

သို့သော် ခြေလှမ်းအနည်းငယ်လောက် လျှောက်ပြီးနောက်မှာတော့ တံခါးနားတွင် တိတ်တိတ်လေး ချခဲ့သော ဖိနပ်လေးများကို ပြန်လှည့်ကြည့်ပြီး ဒါသိပ်မသင့်တော်ဘူးဟု ခံစားမိလိုက်သည်။

ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းကို သာမန်ကာလျှံကာလက်ခံလိုက်ဖို့ ခက်ခဲတာကြောင့် မျက်နှာချင်းဆိုင်တွေ့ပြီးသာ ရှင်းသင့်ပေသည်။

ဒီလိုခိုးကြောင်ခိုးဝှက်လုပ်ရပ်က ဆင်ခြင်တုံတရားသိပ်မရှိဟန်လည်း ပေါက်ပေသည်။

ဟိုဟိုဒီဒီတွေးလိုက်မိပြီး ကျန်းယွီသည် သူမဘဲလေးဖိနပ်များကို ပြန်ကောက်ယူကာ ထွက်လာခဲ့လိုက်သည်။

ရပ်ကွက်ထဲကနေ လမ်းလျှောက်ထွက်နေစဉ်မှာပင် အနက်ရောင်လည်ပင်းအရှည် ဆွယ်တာနှင့် ကောင်လေးတစ်ယောက် နှစ်တစ်ရာပင် (နောက်အခေါ် ပဲကောပင်) အောက်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်ကို တွေ့လိုက်ရသည်။

T/N : Ginkgo tree ခေါ် နှစ်တစ်ရာပင် သို့မဟုတ် ကမ္ဘာဦးပင်ကို the tree of rebirth - ပြန်လည်မွေးဖွားခြင်းသစ်ပင် လို့လည်း ခေါ်ကြပါတယ်..။ အရွက်ပုံသဏ္ဌာန်က အဝိုက်နှစ်ဝိုက်ပါတဲ့ ယပ်တောင်ပုံစံဖြစ်ပြီး အတော်လှပါတယ်။ အရွက်ရဲ့ထူးခြားချက်က ပုံမှန်ဆို အစိမ်းရောင်ရှိပြီးတော့ နွေရာသီမှာ စိမ်းနေတဲ့အရွက်က ဆောင်းဦးပေါက်ရောက်တာနဲ့ အဝါရောင်ပြောင်းသွားပါတယ်။ ဝါပြီး နောက်ရက်သတ္တတစ်ပတ်မှ တစ်လအတွင်း အရွက်ကြွေပြီးတော့ ဆောင်းဦးရွက်ကြွေအပင်မျိုး ဖြစ်ပါတယ်။ နှစ်ပေါင်းထောင်နှင့်ချီပြီး အသက်ရှည်တဲ့အပင်ဖြစ်ပြီး ပင်ရင်းဒေသမှာ တရုတ်ပြည်ဖြစ်ပါတယ်။ သက်ရှိအပင်တွေထဲမှာ သက်တမ်းအရှည်ကြာဆုံးနဲ့ ရာသီဥတုဒဏ်အခံနိုင်ဆုံး အပင်အမျိုးအစားဖြစ်ပြီး အပင်ကို မသေပင်၊ အသီးကို မသေသီးလို့ ခေါ်ရလောက်တဲ့အထိ ထူးခြားဆန်းပြားဇာတ်လမ်းများရှိတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒီအပင်အကြောင်းကို အနည်းအကျဉ်းရှင်းပြတာက သူ့အဓိပ္ပာယ်က ထူးခြားနေပြီး ဇာတ်လမ်းနဲ့ ချိတ်ဆက်မှုရှိနေလို့ နောက်ပိုင်းတွေမှာ ဒီအပင်အကြောင်း ခဏခဏပါလာရင် နားမလည်မှာစိုးလို့ပါ။ ကျန်းယွီက ပြန်လည်မွေးဖွားလာသူတစ်ယောက်ဖြစ်ပြီးတော့ ဒီအပင်ကလည်း ပြန်လည်မွေးဖွားခြင်းသစ်ပင်လို့ အဓိပ္ပာယ်ရတာဖြစ်တာမို့ပါ။

သူ့လက်ထဲတွင်တော့ ဆေးသေတ္တာတစ်ဘူးကို ကိုင်ထားလေသည်။

“ချူးလီ”

ကျန်းယွီသည် ချက်ချင်းပင် သူ့ကိုလက်လှမ်းပြလိုက်သည်။

သို့သော်လည်း ချူးလီကတော့ ကျန်းယွီကိုမြင်လိုက်သည်နှင့် လှည့်ပြေးလေတော့သည်။

ကျန်းယွီသည် သူပြေးသွားတာကို ခဏလောက်ကြောင်ကြည့်နေလိုက်မိသည်။ ပြီးတော့မှ ချက်ချင်းပဲ သူ့နောက်ကိုပြေးလိုက်ကာ “နင်ဘာလို့ပြေးနေတာလဲ”

ချူးလီပြေးသည်မှာ ဝံပုလွေထက်ပင် မြန်လှသည်။ လမ်းသွယ် အများကြီးကို ပတ်ပြေးပြီး လမ်းတစ်လမ်းမှတစ်လမ်းကူးသည့် လမ်းဆုံများရောက်သည့်အခါလည်း တစ်ချက်မှမရပ်ဘဲ ဆက်တိုက်ပြေးသွားလေသည်။

ကျန်းယွီတစ်ယောက် သူ့နောက်ကို မလိုက်လာနိုင်တော့တာကို မြင်တော့မှ ချူးလီသည် ဒူးနှစ်ဖက်ပေါ် လက်ထောက်တင်လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်လေသည်။

ထိုအချိန်တွင် သူ့ဘေးနားကို တက္ကစီတစ်စီးလာရပ်ပြီး ကားတံခါးပွင့်တော့ ကျန်းယွီက ကားပေါ်က ဆင်းလာလေသည်။ ကျန်းယွီသည် ကားတံခါးကို ဆောင့်ပိတ်လိုက်ပြီး ဒေါသနှင့်ပြောလိုက်လေသည်။

“ထပ်ပြေးချင်သေးလား ဟမ်”

ချူးလီ - ...

ကျန်းယွီ သူ့နားကို သွားလိုက်တော့ သူ့မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်များနှင့် သူ့နှာတံပေါ်က ပလာစတာကို တွေ့လိုက်ရသည်။

သူမသည် ခြေဖျားထောက်လိုက်ကာ မုတ်ဆိတ်ရေးရေးလေးရှိနေသော သူ့မေးကို ဆွဲညှစ်လိုက်ပြီး ဘယ်ဘက်ညာဘက် လှည့်ကြည့်လိုက်လေသည်။

သူ့မျက်နှာတစ်ခုလုံး ဒဏ်ရာတွေနဲ့ပင်..။ မျက်လုံးထောင့်တွေမှာလည်း ဒဏ်ချက်အပြည့်နှင့် နှုတ်ခမ်းလည်း ကွဲနေလေသည်။

ဒါကြောင့် အခုတလောကျောင်းဆင်းတာနဲ့ သူ့အရိပ်ကိုတောင် မမြင်ရဖြစ်နေတာကိုး.. အဲ့ဒါကြောင့် သူမကို တမင်ရှောင်နေတာပဲ။

“အရိုက်ခံရပြန်ပြီလား”

ကျန်းယွီ၏ အာဏာရှင်ဆန်သော မေးခွန်းကြောင့် သူ့ဘဝမှာ ပထမဆုံးအကြိမ် ကူရာမဲ့ခြင်းကို ခံစားလိုက်ရပြီး သူမကို ရှင်းပြလိုက်လေသည်။

“ငါဘာမှမလုပ်ခဲ့ပါဘူး”

ကျန်းယွီသည် သူ့ကိုပထမဆုံးအကြိမ် တွေ့ဖူးခဲ့သည့်ညက အရိုက်ခံနေရသည့် မြင်ကွင်းကို ပြန်သတိရမိသွားသည်။ သူမသည် ရှင်းမပြတတ်လောက်အောင် ရင်ထဲနာကျင်လာပြီး ပို၍ပင် စိတ်တိုလာလေသည်။

“ဘာမှမလုပ်ဘဲ သူများရိုက်တာ ခံလာရတာလား? နင်အရိုက်ခံရတာကို စွဲလမ်းနေတာလား ဟမ်.. ဘယ်ကောင်တွေလဲ ပြော”

ချူးလီသည် သူ့အောက်နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်လေးတွေသည်လည်း အနည်းငယ် ကွေးတက်သွားလေသည်။

ကျန်းယွီတစ်ယောက် သူ့အတွက် ဒေါသထွက်ပြီး ပူပန်နေတာကို ကြည့်ရတာ သူသဘောကျပေသည်။

“ငါအဆင်ပြေပါတယ်”

ချူးလီသည် သူ့လက်ကိုဆန့်ထုတ်လိုက်ကာ ကျန်းယွီ၏ နဖူးကို ထိလိုက်ပြီး “ကိစ္စအသေးလေးပါပဲ.. ငါ့ကိုမသေစေနိုင်ပါဘူး”

ကျန်းယွီသည် သူ့လက်ကို ဖယ်ထုတ်လိုက်လေသည်။ ထို့နောက် သူမ သူ့နဖူးကို ထိလိုက်သည့်အခါတွင်တော့ ချူးလီတစ်ယောက် အလိုအလျောက် နောက်ကိုဆုတ်လိုက်မိသည်။ နောက်ဆုတ်လိုက်မိသည့်အပြင် အနည်းငယ် မျက်မှောင်ကြုံ့မိသွားကာ နာကျင်နေပုံရလေသည်။

ဒါကိုမြင်တော့ ကျန်းယွီလည်း သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး သူ့အင်္ကျီလက်များကို အားပါပါနှင့် လိပ်တင်လိုက်ပေသည်။

လက်မောင်းတွင် စီးကရက်မီးနှင့် ထိုးခံထားရသည့် အရာများရှိနေလေသည်။

“ဘယ်သူလုပ်တာလဲ”

ကျန်းယွီတစ်ယောက် အတော်ပင် စိတ်ခံစားချက်များလာပြီး“နင်ဘယ်သူ့ကို သွားရှုပ်လာတာလဲ”

ချူးလီကတော့ အနည်းငယ် မကျေမနပ်ဖြစ်နေသည့်ပုံနှင့် သူ့လက်ကို ရုတ်လိုက်ကာ သူမမျက်လုံးများကို အကြည့်လွဲလိုက်သည်။

“အဆင်ပြေပါတယ်”

“ချူးလီ.. နင်ပြောတော့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် မလုပ်တော့ဘူးဆို”

ချူးလီသည် အေးတိအေးစက်ဖြင့် ပြန်ပြောလိုက်လေသည်။

“ကိုယ့်ဟာကိုယ်လုပ်ထားတာ မဟုတ်ဘူး”

သူမကို သူကတိပေးပြီးသားဖြစ်သည်။ ထို့ကြောင့် သူ့ကတိကို ဘယ်တော့မှ ချိုးဖောက်မည် မဟုတ်ပေ။

“ဒါဆိုရင် ဘယ်သူလုပ်လိုက်တာလဲ ပြော”

“ဘယ်သူမှမလုပ်ဘူး.. မင်း ငါ့ကို စိတ်ရှုပ်အောင် လုပ်နေတာပဲ”

အခုတော့ ကျန်းယွီ တကယ်ကြီး စိတ်ဆိုးသွားလေပြီ။

ချူးလီသာ ဒီလိုကိစ္စမျိုးတွေကို အမှုမဲ့အမှတ်မဲ့နှင့် ဆက်လုပ်နေလျှင် ပြန်လမ်းမရှိတဲ့လမ်းပေါ် ပြန်ရောက်သွားမည်မှာ အနှေးနှင့်အမြန်ပင် ဖြစ်သည်။

“ချူးလီ.. နင့်ခန္ဓာကိုယ်ကိုတောင် နင်တန်ဖိုးမထားဘူးဆိုရင် ဒီကမ္ဘာပေါ်က တစ်ခြားတစ်ယောက်ယောက်က နင့်ကိုချစ်လာဖို့ ဘယ်လိုလုပ် မျှော်လင့်လို့ရမှာလဲ"

ချူးလီသည် သူမကို လှည့်ကြည့်လိုက်လေသည်။ သူ့ရှေ့က ထိုကောင်မလေးသည် အနီရောင်လည်ပတ်လေးနှင့် အဖြူရောင်အနွေးထည်လေးကို ဝတ်ဆင်ထားလေသည်။ သူမအသားအရေမှာ လရောင်ကဲ့သို့ ဖြူဖွေးနေပြီး၊ သူမ၏မျက်လုံးများမှာ နွေဦးကဲ့သို့ ကြည်လင်လှပေသည်။ ထို့ကြောင့် သူမကိုကြည့်ရတာ အတော်ကို တောက်ပလှပြီး လှပလွန်းပေသည်။

ရုတ်တရက်ကြီး သိမ်ငယ်စိတ်များ ဝင်လာသည်ကို သူခံစားလိုက်ရသဖြင့် သူ့မျက်နှာသည် လေးနက်လာကာ သူ့အသံလည်း အနည်းငယ်ပြာပြီး အက်လာလေသည်။

“ငါက ဒီလိုမကောင်းတဲ့ ဘဝမှာနေနေရတာပဲ.. မင်းသည်းမခံနိုင်တော့ဘူး ဆိုရင်လည်း ဒီအတိုင်းသာ သွားတော့”

ကျန်းယွီသည် သူလှည့်ထွက်သွားတာကို ကြည့်နေလိုက်ပြီး အံကိုတင်းတင်းကြိတ်လိုက်ကာ သူ့နောက်ကိုလိုက်သွားပြီး သူ့ကျောပိုးအိတ်ထဲက အဖြူရောင်ဘဲလေးဖိနပ်တစ်စုံကို ထုတ်လိုက်လေသည်။

“ဒီလောက်စျေးကြီးတဲ့ဖိနပ်တွေ နင်ဘယ်ကရလာတာလဲ”

“ငါပို့ထားတာမဟုတ်ပါဘူး”

ချူးလီသည် ဖိနပ်များကိုကြည့်တောင်မကြည့်ပေ။

“နင်ပါ”

ကျန်းယွီကတော့ ဝန်လေးလေးဖြင့် ဆက်ပြောလိုက်သည်။

“ဖိနပ်ပေါ်က ဆေးလိပ်နံ့ရတယ်”

“မဖြစ်နိုင်တာ”

ချူးလီရပ်လိုက်ပြီး သူမလက်ထဲကဖိနပ်များကို ဆွဲယူလိုက်ကာ သူ့နှာခေါင်းအောက်ကို ပို့လိုက်ပြီး အနံ့ခံကြည့်လိုက်လေသည်။

“ဘယ်လိုလုပ် ဆေးလိပ်နံ့ရှိရမှာလဲ.. ငါအိတ်ကိုတောင် ချွတ်ခဲ့တာမဟုတ်ဘူး...”

သူပြောလို့မပြီးခင်မှာပဲ ချက်ချင်းသတိထားမိလိုက်သည်။ မြန်မြန်ပြန်တုံ့ပြန်လိုက်တာကြောင့် သူထောင်ချောက်မိသွားလေပြီ။

“...”

ဒီကလေးမလေးက ကောင်းကောင်းသင်ယူထားတာပဲ..။

သူဝန်ခံတာကို မြင်ရပြီးသည့်နောက် ကျန်းယွီက ဆက်မေးလိုက်သည်။

“ဒီဖိနပ်က နင့်ဒဏ်ရာတွေနဲ့ ဆက်စပ်မှုရှိလား? နင်တစ်ယောက်ယောက်ဆီက ပိုက်ဆံတွေ ဓားမြတိုက်ခဲ့တာလား? ဒါမှမဟုတ် ပိုက်ဆံချေးပြီး ပြန်မဆပ်နိုင်လို့ အရိုက်ခံလာရတာလား?”

ဖြစ်နိုင်ချေတစ်ရာလောက် သူမခေါင်းထဲတွင် တန်းစီပေါ်လာလေသည်။ သို့သော် တစ်ခုကမှ ကောင်းမနေချေ။

ချူးလီသည် သူမဆီက ဒီလိုရန်မူသည့် မေးခွန်းများမေးခံရသည်ကို မကြိုက်ပါ။ ထို့ကြောင့် ဖိနပ်များကို သူမဆီပစ်ပေးလိုက်ပြီး “မင်းကြိုက်ရင် ဝတ်.. မဟုတ်ရင်လည်း လွှင့်ပစ်လိုက် ဒါပေမယ့် မဟုတ်တာတွေပြောနေတာ တော်လိုက်တော့”

“တကယ်သာ အဲ့လိုသာဆိုရင် ငါမလိုချင်ဘူး”

ကျန်းယွီသည်လည်း စိတ်မရှည်ဖြစ်နေတာကြောင့် ဖိနပ်တွေကို အိတ်ထဲပြန်ထည့်ကာ သူ့လက်မောင်းကို ပစ်ပေးလိုက်လေသည်။ သို့သော် ဖိနပ်များကတော့ မြေပေါ်သို့ ကျသွားလေသည်။

နီရဲနေသောမျက်ဝန်းများဖြင့် သူမသည် ခြေနှစ်လှမ်းလောက် နောက်ပြန်ဆုတ်လိုက်ပြီး မျက်ရည်များ ကျမလာအောင် ထိန်းထားရင်း ပြောလိုက်လေသည်။

“ချူးလီ.. နင့်ကိုဘယ်သူမှ မကယ်တင်နိုင်ဘူး.. နင့်ကိုယ်နင်ပဲ ကယ်တင်နိုင်မှာ”

ချူးလီသည် လေးလေးနက်နက် ပြန်ပြောလိုက်လေသည်။

“ငါ့ကိုကယ်တင်ပေးဖို့မလိုဘူး..။ အခုငါက ဘာဖြစ်နေလို့လဲ.. ကောင်းနေတာပဲလေ”

“နင်သေချာလား”

“သေချာတယ်”

“ကောင်းပြီလေ.. ငါနားပူနားဆာထပ်မလုပ်တော့မှ နင်နောင်တမရစေနဲ့.. နောင်တရတဲ့လူက အရှုံးပဲ”

ကျန်းယွီသည် ပြောပြီးသည်နှင့် ခြေနှစ်လှမ်းနောက်ဆုတ်လိုက်ကာ ထွက်သွားဖို့ လှည့်လိုက်လေသည်။

ချူးလီသည် ပြေးထွက်သွားသည့် သူမနောက်ကျောကို ကြည့်ရင်း သူမပြောခဲ့သည်များကို နားထဲပြန်ကြားယောင်နေမိသည်။

ဘယ်သူမှ နင့်ကိုမကယ်နိုင်ဘူး.. နင့်ကိုယ်နင်ပဲ ကယ်နိုင်မှာ...

သူ့ကိုယ်သူ ဘယ်တုန်းကမှ သူလက်မလျော့ခဲ့ပေ..။ သူဘယ်တုံးကများ လူကောင်းတစ်ယောက်၊ သာမန်လူတစ်ယောက် မဖြစ်ချင်ခဲ့လို့လဲ..။

သူ့ဘဝငရဲထဲတွင် သူမ ပေးခဲ့သည့် အလင်းရောင်ဖြဖြလေးသာ ရှိခဲ့သည်ပင်။

ချူးလီသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့နှလုံးသားသည်လည်း ဂဏာမငြိမ်ဖြစ်နေလေသည်။

သူစိတ်ဖိစီးရတာ ဒါဒုတိယအကြိမ်ပင်။

ချူးလီသည် ဘဲလေးဖိနပ်များကို ရတနာတစ်ခုလို သေချာလေး ကောက်ကိုင်လိုက်ပြီး အပေါ်ကဖုန်တွေကို အသာအယာ ခါချလိုက်လေသည်။

အိမ်ကိုတစ်ယောက်တည်း ပြန်လာပြီးနောက် ပဝါသန့်သန့်တစ်ထည်ကို ရေညှစ်ကာ ဘဲလေးဖိနပ်များကို အသေအချာလေး သုတ်လိုက်လေသည်။

ဖိနပ်မျက်နှာပြင်ပေါ်က ဖဲသားချောချောလေးများကို ပွတ်သပ်ရင်း ဒီလိုအထည်သား သေးသေးလေးတစ်ခုက အဲ့လောက်ထိ မတန်တဆ စျေးကြီးရလားဆိုတာကို နားမလည်နိုင်ဖြစ်နေလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် စျေးကြီးတာကလည်း သူ့ဟာနဲ့သူတော့ အကျိုးရှိပေလိမ့်မည်။

ရှောင်ယွီအတွက် လက်ဆောင်တွေက အကောင်းဆုံးတွေပဲ ဖြစ်ရပေမည်။

ချူးလီကတော့ ဘာမကောင်းတာမှ ခံစားမနေရပါ။

ထိုစဉ်တွင် အိမ်ဖုန်းမြည်လာလေသည်။ ချူးလီလက်ခံရရှိခဲ့သောဖုန်းမှာ သူဌေးရှု----

“ရှောင်လီ.. မင်းပိုက်ဆံလိုတိုင်း ငါ့ဆီလာခဲ့နော်။ မင်းက ငါတို့ရဲ့အကောင်းဆုံး သတ်မှတ်ချက်တစ်ခုပဲ။ ဒီမှာ မင်းနာမည်တပ်ပြီး ခေါ်ချင်နေကြတဲ့ ဧည့်သည်တွေ အများကြီးပဲသိလား”

ချူးလီကတော့ ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်လေသည်။

“ကျွန်တော် ထပ်မလုပ်တော့ဘူး”

“အဲ့လောက်ကြီး မသေချာပါနဲ့ဦး.. ဘာပဲဖြစ်ဖြစ် ပိုက်ဆံလိုရင် ငါ့ဆီလာခဲ့ ဟုတ်ပြီလား”

ချူးလီသည် မျက်နှာသေနှင့် ဖုန်းချလိုက်လေသည်။

မှန်ရှေ့ကို လျှောက်သွားလိုက်ပြီး သူ့နှာတံပေါ်က ပလာစတာကို ဆွဲဖြုတ်လိုက်ကာ အသစ်ကပ်လိုက်လေသည်။

အနာကိုထိကြည့်လိုက်သည့်အခါမှာတော့ အသေအချာကိုပင် နာကျင်မှုကို ခံစားလိုက်ရသည်။

ကျန်းယွီခန့်မှန်းတာ မှန်ပေသည်။ VCI ဘဲလေးဖိနပ်ဝယ်ရန် သူသုံးခဲ့သောပိုက်ဆံမှာ သူ့မျက်နှာပေါ်က ဒဏ်ရာတွေနှင့် အမှန်တကယ်ကို ဆက်စပ်မှုရှိလေသည်။

သူဌေးရှုကို သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ သူဌေးရှုသည် မြေအောက်ထိုးကြိတ်ခန်းတစ်ခုဖွင့်ထားပြီး အဲ့နေရာတွင် ညတိုင်း ပွဲရှိလေသည်။

တစ်ဖက်လူက ပိုက်ဆံပေးတာနဲ့ တစ်ခြားသူတွေကို အလွယ်တကူ အကြမ်းဖက်နိုင်ပြီး လက်ကိုဆေးလိပ်မီးနှင့်ထိုးခြင်း စသည်တို့ကို ပြုလုပ်နိုင်ပေသည်။ တကယ့်ဘဝ၏ depression (စိတ်ဓာတ်ကျခြင်း) ကို ချပြသည့်ပုံစံဖြစ်ပေသည်။ သို့သော် တစ်ဖက်လူကို အသက်အန္တရာယ် ဖြစ်စေနိုင်လောက်သည်အထိတော့ မဟုတ်ပေ။

ချူးလီသည် နာကျင်မှုကို မခံစားရသဖြင့် သူ့ခံနိုင်စွမ်းသည် အလွန်မြင့်တာကြောင့် ဒီအလုပ်နှင့် အတော်သင့်တော်သည်ဟု တွေးခဲ့မိသည်။

သို့သော်လည်း သူမှားသွားလေသည်။

အတိတ်တုန်းက သူအရိုက်ခံရတိုင်း သူခံစားရသည့်နာကျင်မှုမှာ အနည်းအကျဉ်းပင် ဖြစ်သည်။

ဒီတစ်ကြိမ်တွင်တော့ သူတကယ်ကို ခံစားရခြင်းဖြစ်ပေသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထိုးချက်တိုင်းသည် အရိုးထဲထိပင် စိမ့်နေအောင် ခံရလေသည်။ အရေပြားပေါ်က ဆေးလိပ်မီးနှင့် အထိုးခံရမှုတိုင်းမှာ နာကျင်စူးရှလွန်းလှသဖြင့် သူ့ခန္ဓာကိုယ်ပင် တုန်ရီလာခဲ့ပေသည်။

အတိတ်တုန်းက သူရှာဖွေနေခဲ့သည့် တကယ့်ကမ္ဘာပင်ဖြစ်လေသည်.. တကယ်ကို အံ့အားသင့်စရာ ကမ္ဘာကြီးပဲ

ချူးလီ၏ ရောဂါသည် အမည်တပ်နိုင်သော ရောဂါတစ်ခုခုမဟုတ်ဘဲ ကလေးဘဝက အမြစ်တွယ်ခဲ့သော စိတ်ဒဏ်ရာများကြောင့် ဖြစ်လာရသည့် စိတ်ရောဂါပင်..။

သူမခံစားနိုင်တာမဟုတ်ဘဲ သူ့အာရုံကြောများက အားနည်းသွားပြီး သူ့ခံစားချက်များကို ပိတ်ဆို့ထားသည့်ပုံစံပင်။

ဒီတစ်ကြိမ်တွင်တော့ သူတကယ်ခံစားမိလိုက်သည်။

နောက်တော့ ချူးလီသည် တစ်ခြားသောအရာများကိုလည်း လုပ်ကြည့်လိုက်သေးသည်။ သူ့လက်ကို သွားကြားထိုးတံနှင့် ထိုးကြည့်လိုက်သော်လည်း သူဘာမှမခံစားရပေ။

သူ့မှာဖြစ်ပျက်နေသမျှက ကျန်းယွီနှင့် ဆက်စပ်နေတယ်ဆိုတာကို သူတဖြည်းဖြည်းနှင့် နားလည်လာလေသည်။

ကျန်းယွီအတွက် ဖိနပ်ဝယ်ပေးဖို့ ရည်ရွယ်ချက်နှင့် အနှိပ်စက်ခံ လူသားပစ်မှတ်သွားလုပ်ကာ ပိုက်ဆံရှာခဲ့လေသည်။ ထို့ကြောင့် ရည်ရွယ်ချက်သည် သူမနှင့် ဆက်စပ်နေလေ၏။

ထို့ကြောင့် သူခံခဲ့ရသော နှိပ်စက်မှုမှန်သမျှမှာ မေ့မရလောက်အောင် ဖြစ်လာခဲ့သည်။

ချူးလီသည် သူ့ဒဏ်ရာကို ထိကြည့်လိုက်သည့်အခါတွင်တော့ စူးစူးစိုက်စိုက် နာကျင်မှုကို အသေအချာကြီး ခံစားလိုက်ရသည်။ ထို့နောက် သူ့စိတ်ခံစားချက်များသည်လည်း ရှင်းလင်းပြတ်သားလာလေ၏။

ကြည့်ရတာ အရာအားလုံးက ဖြည်းဖြည်းချင်းစီ ပြန်လည်ကုစားနေပုံရတယ်..။

သာမန်လူတစ်ယောက် ပြန်ဖြစ်လာနိုင်ပြီး၊ သူသာအသေအချာ ကြိုးစားမယ်ဆိုရင် တက္ကသိုလ်ကောင်းကောင်းတစ်ခုကို ဝင်ခွင့်ရပြီး အကောင်းဆုံးအနာဂတ်ကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်..။ သူချစ်ရတဲ့ကောင်မလေးနဲ့လည်း အတူရှိနိုင်ပြီးတော့ပေါ့..။

သူ့အမေရှေ့ကို အကောင်းဆုံး မျက်နှာထားနှင့် ပြန်သွားနိုင်ပြီး အမေသည်လည်း သူ့ကိုသဘောကျပေလိမ့်မည်။ သူမျှော်လင့်ခဲ့သမျှ၊ သူမရခဲ့ဖူးသမျှ အရာအားလုံးကို ရနိုင်ပြီး မိသားစုတစ်ခုကိုပါ ဆောက်တည်နိုင်ပေလိမ့်မည်။

ချူးလီ၏ နှုတ်ခမ်းထောင့်များသည် သူ့ကိုယ်သူတောင် မသိလိုက်ခင်မှာတင် ကွေးတက်သွားလေသည်။

ဒီခံစားချက်က အရမ်းကောင်းတာပဲ...

All Chapters