← Chapters

Chapter 22

Vol. 3 Ch. 22

Chapter 22

Vol. 3 Ch. 22

ကျောင်းဆင်းတော့ ကျန်းယွီသည် ကျန်းမန့်ယီအလုပ်လုပ်သည့် ချွေးထုတ်ခန်းကို လာလိုက်သည်။

ဒီကလပ်သည် အလယ်အလတ်တန်းစားများနှင့် အထက်တန်းစားများကို ရည်ရွယ်ဖွင့်လှစ်ထားသော နေရာဖြစ်ပေသည်။ ဝင်ပေါက်သည်တော့ ခေတ်ဟောင်းတရုတ်စတိုင် ဂိတ်ပုံစံနှင့်ပင်..။ ဟောခန်းထဲက လိုက်ကာများမှာလည်း ၆မီတာလောက် မြင့်ပြီး ပတ်ဝန်းကျင် အနေအထားကတော့ အတော်လေး ခမ်းနားလှပေသည်။

ဧည့်ကြိုကောင်တာက အမျိုးသမီးသည် ကျန်းယွီကိုမြင်သည်နှင့် လှမ်းပြောလိုက်လေသည်။

“ရှောင်ယွီရောက်လာတာပဲ.. အမေ့ဆီလာတာမလား။ သူစောနကတင် အလုပ်ပြီးတာလေ။ ယူကျင်းသီးသန့်ခန်းထဲမှာ သွားရှာလိုက်လို့ရတယ်”

“ကျေးဇူးပါနော်မမ”

ကောင်တာမှအမျိုးသမီးသည် သူမကို လမ်းပြလိုက်ပြီး သူမလည်း ယူကျင်းသီးသန့်ခန်းသို့ လာလိုက်သည်။

ကျန်းမန့်ယီနှင့် နောက်အဒေါ်တစ်ယောက်သည် ဧည့်သည်တစ်ယောက်ကို တစ်ချိန်တည်းမှာ နှိပ်နေကြလေသည်။ ထိုဧည့်သည်မှာတော့ သီးသန့်ခန်းထဲက ဆိုဖာပေါ်တွင် ထိုင်ကာ အသီးစားနေလေသည်။

ကျန်းယွီ တံခါးနားမှာ ရပ်နေတာကို မြင်လိုက်သည်နှင့် ကျန်းမန့်ယီလည်း အနည်းငယ် အံ့ဩသွားပြီး “အချစ်လေး.. ဒီကိုဘာလာလုပ်တာလဲ”

ကျန်းယွီသည် အပူဓာတ်ထိန်းနိုင်သော နေ့လည်စာထမင်းဘူးကို ကော်ဖီစားပွဲပေါ်တင်လိုက်ကာ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

“မေမေ့အတွက် သမီးညစာယူလာတယ်”

ကျန်းမန့်ယီလည်း အတော်ပျော်သွားပြီး သူမနားကိုလာထိုင်ဖို့ သူမကိုဆွဲကာ ပြောလိုက်လေသည်။

“ဘာလို့ညစာယူလာပေးရတာလဲ? အခုမှ ကလေးပဲရှိသေးတာ.. စာလုပ်ရတာတောင် အလုပ်များနေမှာပဲကို။ အမေ့ကို အလုပ်က ထမင်းကျွေးပါတယ်.. ဒီလိုတွေ ယူလာပေးဖို့မလိုပါဘူး”

“မေမေ့အတွက် အစားအသောက်တစ်ချို့ ဝယ်ပေးချင်လို့ပါ”

ကျန်းယွီသည် အကလေ့ကျင့်ရတာကြောင့် အမြဲတမ်း အစောကြီးထွက်ပြီး နောက်ကျမှ ပြန်ရောက်လေသည်။ သူမပြန်ရောက်ရင်လည်း ချက်ချင်းအိပ်ပျော်သွားတာဖြစ်ပြီး အမေသည်လည်း အလုပ်ကနေ နောက်ကျမှ ပြန်ရောက်သူဖြစ်သည်။ ထို့ကြောင့် သူတို့သားအမိနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်တွေ့ဖို့အချိန်မှာ သိပ်မရှိဘဲဖြစ်နေလေသည်။ ဒီလိုနှင့် ဒီနေ့မှာတော့ သူမကစပြီး ကျန်းမန့်ယီဆီ အရင်သွားလည်လိုက်ခြင်းသာဖြစ်သည်။

ကျန်းမန့်ယီသည် စိတ်သက်သာရာရသွားပြီး ပြုံးကာ သူမနှာခေါင်းလေးကို ညှစ်လိုက်လေသည်။

“အရမ်းတွေးခေါ်တတ်တာပဲ မေ့သမီးလေးက.. ကြည့်ရတာ နှစ်ကုန် bonus (အပိုဆုငွေ) ရရင်တော့ သမီးအလိမ္မာလေးအတွက် တစ်ခုခုဝယ်ပေးရတော့မှာပဲ”

ကျန်းယွီသည် သူမလက်မောင်းကို ဖက်လိုက်ပြီး ကပ်ချွဲလိုက်လေသည်။

“ဒါဆိုရင် ဘဲလေးဖိနပ်တစ်စုံ ဝယ်ပေးနော်မေမေ”

“အကဖိနပ်ကလွဲရင် ဘာမဆိုအဆင်ပြေတယ်”

“ဟော ထားလိုက်ပါ.. သမီးက ဘဲလေးဖိနပ်ပဲ လိုချင်တာ”

နောက်အနှိပ်သည်တစ်ဦးဖြစ်သည့် ထန်ချန်းချန်းသည် သူတို့သားအမိပြောနေသမျှကို နားထောင်ပြီး စိတ်ထဲမချိုမချဉ်ဖြစ်လာလေသည်။

သူမ၏ အနှိပ်စွမ်းရည်သည် ကျန်းမန့်ယီလောက် မကောင်းတာကြောင့် ‘ရူးကြောင်ကြောင်နည်းလမ်း’ တစ်ချို့ကို သုံးတတ်သူဖြစ်သည်။ ပြောရမယ်ဆိုရင် အမျိုးသားဧည့်သည်များကို ‘တခြားခံစားခွင့်များ’ ထပ်ထည့်ပေးခြင်းတို့ပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ နှစ်ကုန် စွမ်းဆောင်ရည်အကဲဖြတ်စာရင်းတွင်တော့ ကျန်းမန့်ယီသည် အမှတ်အမြင့်ဆုံးဖြစ်နေသေးသည်။

နှစ်တိုင်း စွမ်းဆောင်ရည်ကောင်းမှုကြောင့် အပိုဆုရသည့်အပြင် ဧည့်သည်တွေကို ‘ထပ်ဆောင်းဝန်ဆောင်မှုများ’ ဘယ်တော့မှ ပိုမပေးသော ကျန်းမန့်ယီကို ထန်ချန်းချန်းတစ်ယောက် သဘောမကျပေ။

ထိုအရာများကြောင့် ထန်ချန်းချန်းတစ်ယောက် အတော်ဆိုးဆိုးဝါးဝါးပင် စိတ်မတည်ငြိမ်နိုင်ပေ။

ဒီလောက် ကြီးမားတဲ့ အနစ်နာခံမှုတွေ လုပ်ထားတာတောင် တကယ်လုပ်ရမည့်အလုပ်ကိုသာ လုပ်သည့် ကျန်းမန့်ယီလောက်တောင် ပိုက်ဆံမရပေ။

အမျိုးသားဧည့်သည်တွေ လာကြတာက သူမရဲ့အလှအပကြောင့်ပဲ မဟုတ်ပါဘူးလား..။

သူတို့အားလုံး ဒီအလုပ်ကို လုပ်ကိုင်နေတာပဲကို အဲ့လောက် အိန္ဒြေသိက္ခာရှိဟန်ဆောင်ပြနေတာ ဘာလုပ်လို့ရမှာမို့လို့လဲ။

“မန့်ယီ.. ဒါတော့နင်မှားနေပြီလေ။ သမီးလေးက ဘဲလေးကရတာ ကြိုက်မှတော့ နင်အားပေးသင့်တာပေါ့”

ထန်ချန်းချန်းသည် သူမ၏ လက်သည်းထိုးတံအသစ်ကို ကိုင်လိုက်ပြီး ယင်မှယန်သို့ လှည့်လိုက်လေသည်။

“ငါ့သမီးနဲ့တော့ တစ်ခြားစီပဲ... သူက စာပဲအာရုံထဲရှိတာလေ..။ ငါတို့အလုပ်တွေက ခက်ခဲပါတယ်.. ငါတို့လို ဆင်းရဲတဲ့မိသားစုတွေက ကိုယ့်အနေအထားကိုယ်သိသင့်တယ်လေ..။ စာကြိုးစားတာကမှ မှန်ကန်တဲ့အလုပ်ပဲ။ ငါ့သမီးကတော့ နောက်နှစ်ဆိုရင် အထက်တန်းကျောင်းဘွဲ့ရပြီ.. သူကတော့ ရှင်းဟွာ ဒါမှမဟုတ် ပီကင်းတက္ကသိုလ်ကို ဝင်ခွင့်မရမချင်း မနားဘူးတဲ့.. ငါတော့ သူ့ကိုမနိုင်တော့ပါဘူး”

ကျန်းယွီသည် ထန်ချန်းချန်း၏ တမင်ကြွားပြီး သူ့သမီးကိုအမွှန်းတင်နေတာကို ကြားရသောအခါ အနည်းငယ်တော့ ရှက်သွားပြီး ငြူစူသောမျက်နှာထားနှင့် ပြန်ပြောလိုက်သည်။

“လူတိုင်းမှာ ကိုယ်ပိုင်ပြင်းပြတဲ့ဆန္ဒတွေ ရှိကြတာပဲ။ ငါ့သမီးဆိုရင် ဘဲလေးကရတာကိုပဲ ကြိုက်တာ... အဲ့တော့ အနာဂတ်မှာ အနုပညာရှင်ဖြစ်လာနိုင်တယ်လေ”

သူမအမေ ဒီလိုစကားတွေပြောလိုက်သည်မှာ သူမကို ထောက်ခံအားပေးလို့တော့ မဟုတ်ဘဲ သူ့လုပ်ဖော်ကိုင်ဖက်ရှေ့တွင် မျက်နှာမပျက်ချင်၍သာ ပြန်ပြောလိုက်ခြင်းဖြစ်ကြောင်း ကျန်းယွီသိလေသည်။

ထန်ချန်းချန်းသည် ပြုံးကာပြန်ပြောလိုက်သည်။

“ဘဲလေးကတာကို သင်မယ်တဲ့လား? ကျောင်းစရိတ်က နည်းတာမဟုတ်ဘူးနော်။ ငါတို့လို မိသားစုကို ထောက်ပံ့နေရတဲ့လူတွေက ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာကိုပဲ စဉ်းစားသင့်တယ်လေ မဟုတ်ဘူးလား?”

ကျန်းယွီကတော့ တည်ငြိမ်သောမျက်နှာထားဖြင့် အချိန်အတော်ကြာအောင် ပြန်မတုန့်ပြန်ပေ။

ပြီးတော့မှ ကျန်းယွီသည် ပြုံးပြီး ပြန်ပြောလိုက်သည်။

“အန်တီထန်.. အန်တီပြောတာမှားနေတယ်။ မေမေက ဘဲလေးအတွက် ကျောင်းစရိတ်ကိုတောင် ပြင်ဆင်ပေးပြီးနေပြီ.. ပြီးတော့ မေမေက သမီးကို အရမ်းထောက်ခံအားပေးတာ”

“ကျန်းယွီ.. သမီးစဉ်းစားချင့်ချိန်တတ်တာ အန်တီသိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး မျက်စိစုံမှိတ်ပြီး မဟုတ်တာတွေ လျှောက်ပြောလို့မရဘူးလေ။ အန်တီက စာတတ်ပေတတ် မဟုတ်ပေမယ့် အနုပညာတစ်ခုကိုသင်ရတာ ဘယ်လောက်ပိုက်ဆံကုန်လဲတော့ သိပါတယ်။ သမီးအမေက အဲ့ဒါကိုတတ်နိုင်တယ်ဆိုတာ ထူးဆန်းတယ်နော်”

ထန်ချန်းချန်းတစ်ယောက် မျက်နှာပေါ်မှာ အပြုံးလေးနှင့် ပြောလိုက်သော်လည်း သူမပြောလိုက်သည့်စကားလုံးများကတော့ လူတွေကို ဓားနှင့်ထိုးလိုက်သည့်အလားပင်။

သူမသည် ကျန်းယွီ၏ စရိုက်ကို နားလည်ပေသည်။ ကျန်းယွီသည် ကျန်းမန့်ယီ၏အလုပ်ကို အမြဲအထင်သေးနေခဲ့သည်ပင်..။ ထို့ကြောင့် ဒီလိုမျိုးတွေ ကြားလိုက်ရတော့ သူမအတော်လေးကို အရှက်တကွဲဖြစ်သွားလိမ့်မည်ပင်။

သို့သော် ကျန်းယွီကတော့ ဘာမှမဖြစ်သည့်အတိုင်းပင်..။ အဲ့အပြင်ကို ပေါ့ပေါ့ပါးပါးလေး ပြန်ပြောလိုက်သေး၏။

“အန်တီထန်.. သမီးအမေက အန်တီ့လိုမှမဟုတ်ပဲ။ အမေက သူ့ပညာနဲ့သူ ရှာစားနေတာလေ။ ပိုက်ဆံအများကြီး မရှာနိုင်ဘူးဆိုပေမယ့်လည်း အမေဖြတ်သန်းလာခဲ့တာ အကြာကြီးရှိနေပြီပဲ.. ပြီးတော့ ဧည့်သည်ဟောင်းတွေကလည်း ပြန်ပြန်လာတယ်လေ။ အန်တီကတော့ ဘယ်တူမလဲ.. အန်တီ့ပညာလောက်ကတော့ အမေကအသာလေး သင်လိုက်နိုင်တာပေါ့။ ပြောရမယ်ဆိုရင် အန်တီက မစားသင့်တာတွေစားနေတာပဲ”

“နင်...”

ကျန်းယွီပြောလိုက်တာကြောင့် ထန်ချန်းချန်းလည်း မျက်နှာကြီးနီသွားလေသည်။

သူတို့အကုန်လုံး အမေတွေဖြစ်ကြပြီး သူမလုပ်ခဲ့သည့် ‘ရှက်စရာ’ ကိစ္စများမှာ ကလပ်တစ်ခုလုံး လှောင်စရာဖြစ်နေလေသည်။

အခုတော့ ကျန်းယွီလို ကလေးမကတောင် သူမကို လှောင်ပြောင်ရဲနေပြီတဲ့။

ထန်ချန်းချန်းသည် ဒေါသမွှန်ထူသွားကာ ထထွက်သွားပြီး တံခါးကိုဝုန်းခနဲ ဆောင့်ပိတ်ခဲ့လေသည်။

ကျန်းမန့်ယီသည် ကျန်းယွီ၏ ခေါင်းကို ပုတ်လိုက်ပြီး “ဒီအတင်းအဖျင်းတွေကို ဘယ်ကနေကြားလာတာလဲ.. ကလေးပဲရှိသေးတဲ့ဟာကို”

ကျန်းယွီသည် ကျန်းမန့်ယီ၏ လက်ကို ဆွဲကိုက်လိုက်ကာ ပြန်ပြောလိုက်သည်။

“မေမေ.. သမီးကတာကို အားပေးတယ်လို့ စောနကပြောလိုက်တယ်လေ.. အဲ့ဒါတကယ်ပဲလား”

“ငါအဲ့လိုမပြောမိပါဘူး”

ကျန်းမန့်ယီသည် ချက်ချင်းစိတ်ပြောင်းသွားပြီး “ငါ့သဘောထားကတော့ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး.. အမေ့အတွက် သမီးစာကြိုးစားပေးတာသာ အကောင်းဆုံးဖြစ်လိမ့်မယ်”

မန်နေဂျာကျိုးသည် ကပျာကယာနှင့် ရောက်လာပြီး ကျန်းမန့်ယီကို ပြောလိုက်လေသည်။

“လူတိုင်းအထုပ်အပိုးတွေပြင်ပြီး ဟောခန်းထဲမှာ စုကြ။ အရေးကြီးဧည့်သည် လာနေတယ်”

ကျန်းမန့်ယီသည် ထမင်းဘူးကို ဖွင့်မည်လုပ်နေသော်လည်း ဒီဟာကို ကြားလိုက်ရသောကြောင့် ပြန်ချလိုက်ရလေသည်။ ထို့နောက် သူမသည် ကျန်းယွီကို ပြောလိုက်သည်။

“သမီးလေး အိမ်အရင်ပြန်နှင့်လိုက်တော့နော်.. မေမေပြန်လာမှပဲ စားတော့မယ်”

“မေမေက အရမ်းအလုပ်များတာပဲ”

ကျန်းယွီသည် အနည်းငယ် စိတ်ကောက်သွားသည်။

“မေမေ့အတွက် သေချာယူလာပေးတဲ့ဟာကို”

“အမေ ဒီညတော့ အချိန်ပိုမဆင်းတော့ပါဘူး.. ဧည့်သည်ကလည်း ခဏနေရင် ပြန်လောက်မှာပါ။ လိမ်မာတယ်နော်”

“ပြီးရော”

ကျန်းယွီသည် ထမင်းဘူးကို အပူခံအိတ်ထဲသို့ ပြန်ထည့်လိုက်ကာ ထမင်းဘူးကိုပြန်ယူပြီး အနှိပ်ခန်းမှထွက်လာလိုက်သည်။

သို့သော် သူမတံခါးရှေ့ကို ရောက်သည်နှင့် အနက်ရောင် Bentley ကားတစ်စီးသည် ကလပ်ရှေ့မှာ ရပ်လိုက်လေသည်။

သူမသည် ထိုကားကိုမြင်တော့ အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားမိလိုက်သော်လည်း သူမအများကြီးတွေးမနေတော့ပေ။

ရှဲ့ယွမ်သည် ကားပေါ်မှဆင်းလာပြီး လယ်သာဖိနပ်စီးထားကာ သူ့နက်ကတိုင်ကိုဖြေလျော့ပြီး ကလပ်ထဲသို့ ထည်ထည်ဝါဝါ ဝင်လာလေသည်။

ကလပ်ထဲတွင်တော့ ဝန်ထမ်းများအပါအဝင် မန်နေဂျာပါ ဟောခန်းထဲတွင် ရှဲ့ယွမ်ကို စောင့်နေကြပေသည်။

လုပ်ဆောင်မှုအတွက် အမှတ်ပိုရအောင် ထန်ချန်းချန်းသည် ကျန်းမန့်ယီကို တမင်တွန်းထုတ်လိုက်ပြီး သူမနေရာကိုဝင်ယူလိုက်ကာ သူမကိုတော့ နောက်ဆုံးတန်းကို တွန်းပို့လိုက်လေသည်။

သူမသည် နှုတ်ခမ်းနီ အရောင်တောက်တောက်ကို တမင်ဆိုးလိုက်ပြီး မိတ်ကပ်ပြန်ပြင်လိုက်ကာ ရှေ့ဆုံးတန်းတွင် ဟန်တစ်လုံးပန်တစ်လုံးဖြင့် ရပ်နေလိုက်သည်။

“မစ္စတာရှဲ့လို လူတစ်ယောက်က ကျွန်တော်တို့ကလပ်ကို ရောက်လာတာ တကယ်ကို ဂုဏ်ယူစရာပါပဲ”

မန်နေဂျာသည် မျက်နှာတစ်ခုလုံး ပြုံးဖြီးနေပြီး ပြောလိုက်လေသည်။

“ကျွန်တော်တို့ အကောင်းဆုံးနှိပ်နယ်မှုနဲ့ သူဌေးရဲ့ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ပေးပါမယ်”

လာသည့်ဧည့်သည်က ယွဲ့ဖန်နည်းပညာအုပ်စုရဲ့ ရှဲ့ယွမ်ဖြစ်နေလေသဖြင့် ကျန်းမန့်ယီတစ်ယောက် မျက်လုံးပြူးသွားလေသည်။

သူမ ခံစားချက်ကောင်းမနေပါ။

ရှဲ့ယွမ်သည် ပုထျန်းယန်၏ လျို့ဝှက်ရည်းစားဖြစ်ရုံတင်မကဘဲ ပုထျန်းယန်က သူ့ကလေးပါ မွေးပေးခဲ့သေးသည်။

ကျန်းယွီသည် စောနကမှ ကလပ်က ထွက်သွားတာဖြစ်သဖြင့် သူတို့သားအဖ ဆုံမိတော့မှာကို တွေးမိလိုက်ကာ ကျန်းမန့်ယီတစ်ယောက် အတော်ပင် တုန်လှုပ်ခြောက်ခြားသွားရတော့သည်။

ကျန်းယွီနှင့် ရှဲ့ယွမ်တို့၏ ဆက်ဆံရေးအမှန်ကို ဘယ်တော့မှ လူသိရှင်ကြားထုတ်ပြ၍ မရပေ။

ပုထျန်းယန် ကွယ်လွန်သွားတုံးက သူမသမီးလေးကို စောင့်ရှောက်ပေးဖို့ ကျန်းမန့်ယီ လက်ထဲကို ထည့်ပေးခဲ့လေသည်။ ဒီ့အပြင် ဒီကလေးရဲ့တည်ရှိမှုကို ပုမိသားစုလုံးဝမသိစေရန်လည်း သူမကို သေချာမှာခဲ့လေသည်။

သူမအချစ်ဆုံးသူငယ်ချင်းရဲ့ ဆန္ဒအတိုင်း ကျန်းမန့်ယီသည် ဒီကလေးမလေးကို လူတိုင်းဆီက ဖုံးကွယ်ထားကာ သူမတစ်ယောက်တည်း ကလေးကို ပြုစုပျိုးထောင်ခဲ့လေသည်။

ပုထျန်းယန် အမြဲလိုချင်တောင့်တနေခဲ့သော သာမန်ဘဝလေးနှင့် နေပျော်ဖို့ကိုသာ ကျန်းမန့်ယီသည် ကျန်းယွီအပေါ်မျှော်လင့်နေခဲ့လေသည်။

သာမန်ဘဝလေးမှာ ပျော်ပျော်ရွှင်ရွှင်ပေါ့..။

ကံကောင်းထောက်မစွာဖြင့် ကျန်းမန့်ယီသည် ရှဲ့ယွမ်နှင့် ပုထျန်းယန်တို့၏ ဆက်ဆံရေးကို သိခဲ့သော်လည်း ရှဲ့ယွမ်ကတော့ ပုထျန်းယန်နှင့် ကျန်းမန့်ယီတို့၏ ဆက်ဆံရေးကို မသိခဲ့ပါ။

ရှဲ့ယွမ်အတွက်တော့ ကျန်းမန့်ယီသည် သူစိမ်းတစ်ယောက်ပင် ဖြစ်လေသည်။

ဒီနေ့သူကလပ်ကို ရောက်လာတာကလည်း မတော်တဆသာ ဖြစ်ပေလိမ့်မည်။

ကျန်းမန့်ယီသည် အသက်ကိုပြင်းပြင်းရှုလိုက်ပြီး လူအုပ်၏ နောက်ဆုံးတွင် ပုန်းနေလိုက်ကာ သူမ၏စိတ်လှုပ်ရှားမှုများကို တည်ငြိမ်လာအောင် လုပ်နေလိုက်သည်။

ဒီနေ့ရောက်လာတဲ့ဧည့်သည်က အတော်အဆင့်အတန်းမြင့်တဲ့ ဧည့်သည်ဖြစ်နေတာကြောင့် ထန်ချန်းချန်းသည် သေချာခေါင်းသုံးလေတော့သည်။

ပေကျင်းတွင် နာမည်ကြီးရှဲ့ယွမ်ကို ဘယ်သူကမသိဘဲ နေမှာတဲ့လဲ။ စီးပွားရေးစင်တာက အဆောက်အဦးအကြီးကြီးက သူပိုင်တာမဟုတ်ဘူးလား?

ပြောရမယ်ဆိုရင် သူက၅ယောက်မြောက် တကယ့်စိန်ဘုရင်ပဲ။

ထန်ချန်းချန်းသည် သူမဧည့်သည်ကို ကျန်းမန့်ယီကို မပေးချင်ပါ။ ထို့ကြောင့် သူမသည် မန်နေဂျာကို မျက်စိမှိတ်ပြလိုက်သည်။

မန်နေဂျာသည်လည်း ပွဲတော်ရက်များတုံးက ထန်ချန်းချန်းကို ကောင်းကောင်း အသုံးချထားသူဖြစ်လေသည်။ ထို့ကြောင့် ချက်ချင်းပင် ကျန်းမန့်ယီကို လှည့်ပြောလိုက်လေသည်။

“မန့်ယီ.. သွားပြီး အခန်းကိုကူသန့်ရှင်းရေးလုပ်ပေးပါဦး။ မစ္စတာရှဲ့က အသန့်အပြန့် အရမ်းကြိုက်တာလို့ ငါကြားထားတယ်။ ရေချိုးခန်းအပါအဝင် အခန်းထဲကထောင့်မှန်သမျှကို ထပ်ပြီးသန့်ရှင်းရေးလုပ်ထားလိုက်ဦး”

ကျန်းမန့်ယီသည် သူမထွက်ပြေးဖို့ အခွင့်အရေးမရှိမှာကို စိုးရိမ်နေချိန် မန်နေဂျာ၏ စကားများကိုလည်းကြားရော ချက်ချင်းပင် လွတ်လမ်းရသလိုဖြစ်သွားကာ ဒုတိယထပ်ကို လှည့်ထွက်သွားလေသည်။

မန်နေဂျာသည် ရှဲ့ယွမ်ကို ပြောလိုက်လေသည်။

“မစ္စတာရှဲ့.. ဒါက ကျွန်တော်တို့ရဲ့ အကောင်းဆုံးအနှိပ်သည် ထန်ချန်းချန်းပါ။ ဒီနေ့ သူမကတာဝန်ယူပေးပါလိမ့်မယ်.. ချန်းချန်း မြန်မြန်လာခဲ့”

ထန်ချန်းချန်းသည် ရှဲ့ယွမ်နားကို အလျင်အမြန်သွားလိုက်ပြီး ပြောလိုက်လေသည်။

“မစ္စတာရှဲ့.. ကျွန်မတို့ ကလပ်ကနေ ကြိုဆိုပါတယ်။ ဘယ်လိုဝန်ဆောင်မှုမျိုးကို အလိုရှိလဲမသိဘူး.. ကျွန်မတို့ဆီမှာ အကုန်ရှိပါတယ်”

ရှဲ့ယွမ်သည် အနည်းငယ် မျက်မှောင်ကြုံ့လိုက်ပြီး မသတီဟန်နှင့် နောက်ကိုခြေနှစ်လှမ်းလောက် ဆုတ်လိုက်ပြီး ဘာမျက်နှာမှမထောက်ဘဲ ပြောလိုက်လေသည်။

“သူ့ကိုယ်ကအနံ့ကို မကြိုက်ဘူး.. ကျုပ်ကို နောက်တစ်ယောက်လဲပေး”

ထန်ချန်းချန်းသည် အံကိုကြိတ်လိုက်ကာ မလုပ်ချင်လုပ်ချင်နှင့် အနောက်ကိုပြန်ဆုတ်ပေးလိုက်ရသည်။

ရှဲ့ယွမ်က ထန်ချန်းချန်းကို မကြိုက်သောကြောင့် မန်နေဂျာလည်း မတတ်နိုင်တော့ဘဲ ဒီလိုသာပြန်ပြောလိုက်ရသည်။

“ဒါဆိုရင် ကျွန်တော်‌ နောက်တစ်ယောက်စီစဉ်ပေးပါမယ်”

ရှဲ့ယွမ်သည် တစ်ခြားလူတွေကိုလည်း စိတ်မဝင်စားဘဲ ပြန်ပြောလိုက်သည်။

“ကျုပ်ကြားထားတာတော့ အနှိပ်သည်နံပါတ်၄၇က ဒီမှာအတော်ကောင်းတယ်ဆို… ကျုပ်ရဲ့ စီးပွားရေးမိတ်ဖက်တွေက ငါဒီကိုလာဖြစ်ရင် သူမက ကောင်းတယ်ဆိုပြီး အကြံပြုထားကြတာ.. သူ့ကိုပဲခေါ်ပေးပါ”

နံပါတ်၄၇ဆိုတာကို ကြားလိုက်သည်နှင့် ဟောခန်းတစ်ခုလုံးသည် သူတို့ခေါင်းတွေကို တစ်ကြိမ်တည်းမှာ လှည့်လိုက်ကြပြီး ဒုတိယထပ်က ကျန်းမန့်ယီကို လှမ်းကြည့်လိုက်ကြသည်။

ဒါကိုကြားလိုက်သည်နှင့် ကျန်းမန့်ယီကတော့ ခံစားချက် ကောင်းမနေတော့ပါ။

သူမ မွေးစားသမီး၏ အဖေအရင်းကို သူမဝန်ဆောင်မှု မပေးချင်ပေ..။

All Chapters