← Chapters

Chapter 23

Vol. 3 Ch. 23

Chapter 23

Vol. 3 Ch. 23

ရှဲ့ယွမ်ကစပြီး ကျန်းမန့်ယီကို နာမည်တပ်ခေါ်လိုက်တာဖြစ်ပြီး သူ့နာမည်ကြောင့်သာ သူဒီကိုရောက်လာခြင်း ဖြစ်ပေသည်။

အမှန်အတိုင်းပြောရလျှင် မန်နေဂျာတောင်မှ အနည်းငယ် မနာလိုဖြစ်မိလေသည်။

ရှဲ့ယွမ်က သူမကိုနာမည်တပ်ပြောလိုက်တာဖြစ်၍ မန်နေဂျာလည်း သူ့စကားနားထောင်ရုံကလွဲ၍ မတတ်နိုင်တော့ပေ။

“မန့်ယီ သွား အဆင်သင့်ပြင်ထား"

မန်နေဂျာသည် စကားပြောစက်မှတစ်ဆင့် ကျန်းမန့်ယီကိုဆက်သွယ်လိုက်ပြီး “မစ္စတာရှဲ့ကို တာဝန်ယူပါ”

“ဒါကလေ... မန်နေဂျာကျန့် ကျွန်မနေသိပ်မကောင်းဘူး”

စကားပြောစက်မှတစ်ဆင့်ပင် ကျန်းမန့်ယီသည် ငြင်းဆိုလိုက်လေသည်။

“နောက်တစ်ယောက် ပြောင်းပေးလိုက်ပါ”

အနှိပ်သည်များအားလုံးသည် ကျန်းမန့်ယီဒီလို ငြင်းလိုက်တာကို ကြားလိုက်ရ၍ အတော်လေး အံ့အားသင့်သွားကြလေသည်။

ဒါကတောင်းဆိုရင်တောင် မရနိုင်တဲ့ အတော်ကောင်းမွန်တဲ့ အခွင့်အရေးပေပဲ..။ ဝန်ဆောင်မှုသာ ကောင်းခဲ့ရင် တကယ့်ဧည့်သည်အကြီးစားကို ဖမ်းမိမှာဖြစ်ပေသည်။ လုပ်ဆောင်မှုရမှတ်တွေ ဘယ်လောက်တောင်အများကြီး ရလိုက်လေမလဲ..။ ဒါကိုသူမက တကယ်ကြီး ငြင်းလိုက်တယ်။

သူမကြောင့် ချောင်ထိုးခံလိုက်ရသော ထန်ချန်းချန်းသည် မနာလိုလွန်း၍ မျက်လုံးများပင် နီလာလေသည်။

မန်နေဂျာသည် အလေးအနက် ပြန်ပြောလိုက်လေသည်။

“မန့်ယီ.. ဒီလောက်ကျဉ်းထဲကြပ်ထဲ ရောက်နေချိန်မှာ ငါ့ကိုအပိုဒုက္ခတွေ မပေးစမ်းနဲ့။ မစ္စတာရှဲ့ကိုသာ စိတ်ကျေနပ်အောင် ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်ရင် နင့်ရဲ့ ဒီနှစ်ကုန်အပိုဆုကြေးငွေက နှစ်ဆဖြစ်သွားမှာနော်”

ကျန်းမန့်ယီသည် ကျန်းယွီ၏ ကျောင်းစရိတ်နှင့် သူမတို့သားအမိဘဝကို ပြန်တွေးလိုက်မိသဖြင့် အနည်းငယ် တွန့်ဆုတ်သွားကာ အံကိုတင်းတင်းကြိတ်၍ လက်ခံလိုက်ရလေသည်။

ဘာပဲဖြစ်ဖြစ် သူကမှ သူမကို မသိတာ.. ဘာကြောက်စရာရှိလို့လဲ?

ခဏကြာတော့ ကျန်းမန့်ယီနှင့် ရှဲ့ယွမ်တို့ နှစ်ယောက်တည်းသာ အခန်းထဲတွင် ကျန်ခဲ့လေသည်။

ကျန်းယွီကြောင့် ကျန်းမန့်ယီသည် ရှဲ့ယွမ်ကို အလိုလိုရှိန်နေမိလေသည်။ ထို့ကြောင့် သူနှင့်ပြောဆိုဆက်ဆံရသည့်အချိန်တွင် သူမမျက်နှာမှာ ကောင်းမနေပေ။

“ဒီအဝတ်လေးလဲဝတ်ပေးပါရှင်”

သူမသည် လျော့ရဲရဲအဝတ်ကို အေးတိအေးစက်သာ ပေးလိုက်လေသည်။

ရှဲ့ယွမ်သည် အိပ်ရာပေါ်တွင် လှဲလိုက်ကာ ပေါ့ပေါ့ပါးပါးသာ ပြန်ပြောလိုက်လေသည်။

“ကျုပ်အဝတ်လဲဖို့မလိုဘူး.. ဒီအတိုင်းသာ နှိပ်ပါ”

“လူကြီးမင်းသဘောအတိုင်းပါပဲ.. ကျွန်မဒီအတိုင်းပဲ နှိပ်လိုက်ပါမယ်”

ကျန်းမန့်ယီသည် မြန်မြန်ပြီးချင်စိတ်သာ ရှိနေသဖြင့် အဲ့အတိုင်းသာ နှိပ်ပေးလိုက်သည်။

ရှဲ့ယွမ်သည် သူ့ကျောပြင်ထက်က နှိပ်နယ်အားကို ခံစားနေရင်း ပြောလိုက်လေသည်။

“မင်းက ဒီမှာ အကောင်းဆုံးအနှိပ်သည်လို့ ငါကြားထားတာ.. မင်းလုပ်နိုင်တဲ့ အဆင့်ကဒီလောက်ပဲလား”

ကျန်းမန့်ယီ - “လူကြီးမင်းက ဒီအတိုင်းပဲနှိပ်ဆိုလို့ပါ”

ရှဲ့ယွမ်သည် ကျန်းမန့်ယီတစ်ယောက် သူ့ကိုမကျေမနပ်ဖြစ်နေတာကို တွေ့နေရသဖြင့် မေးလိုက်လေသည်။

“မင်း ကျုပ်ကိုသိလား”

“နာမည်ကြီးမစ္စတာရှဲ့ပဲ.. ပေချန်တစ်မြို့လုံး လူကြီးမင်းကို မသိတဲ့လူမရှိပါဘူး”

“ကြည့်ရတာ မင်းက ကျုပ်ကို အရမ်းမုန်းနေပုံပဲ”

ကျန်းမန့်ယီသည် သူမခံစားချက်တွေကို မထိန်းချုပ်နိုင်တာကို သတိထားမိသွားသဖြင့် အသက်ကိုပြင်းပြင်းရှုလိုက်ကာ သူ့ကိုအတည်ပေါက် သေချာနှိပ်ပေးလိုက်လေသည်။

“ကျွန်မက ဆင်းရဲတဲ့အမျိုးသမီးတစ်ဦးပါပဲ.. လူချမ်းသာတစ်ယောက်ရဲ့ ရန်သူလိုပဲ ကျွန်မကို ဆက်ဆံသင့်ပါတယ်”

ကျန်းမန့်ယီသည် ရှဲ့ယွမ်၏ သံသယများကို ဖယ်ရှားပစ်ရန် ထိုကဲ့သို့ပြောလိုက်ခြင်းဖြစ်သည်။

သို့သော် ရှဲ့ယွမ်ကတော့ ဆက်ပြောလိုက်သည်ကား “ကျုပ် မင်းသမီးကို မြင်ဖူးတယ်”

ကျန်းမန့်ယီ၏ လက်များသည် ရုတ်တရက်ရပ်သွားပြီး “ဘ..ဘာ!”

“အရင်တစ်ခေါက်တုံးက ယွင်ရှီးအထက်တန်းကျောင်းရဲ့ သိပ္ပံနှင့်နည်းပညာပြခန်းကို သွားခဲ့တာ.. အဲ့မှာ မင်းရဲ့သမီး ကျန်းယွီက ကျုပ်ကိုလမ်းပြပေးတဲ့လူ ဖြစ်ခဲ့တာလေ.. ကျုပ်အတော်လေးကို အထင်ကြီးမိသွားတယ်”

ကျန်းမန့်ယီသည် လက်တွေတုန်ရီလာပြီး “ရှင်.. ရှင်ဘာကိုဆိုလိုချင်တာလဲ”

“ဒီလိုမေးရတာ နည်းနည်းရဲတင်းလွန်းတယ်ဆိုပေမယ့်လည်း ကျုပ်သိချင်မိတယ်.. အဲ့ကလေးက မင်းရဲ့သမီးအရင်းလား”

ကျန်းမန့်ယီသည် ခြေနှစ်လှမ်းလောက် အနောက်ကိုဆုတ်သွားကာ အတော်လေး သွေးပျက်နေလေသည်။

“ဒါပေါ့... သူကငါ့သမီးအရင်းပဲ.. မဟုတ်လို့ ဘယ်သူ့သမီးဖြစ်ရမှာလဲ.. ရှင်ဘာတွေလာပြောနေတာလဲ”

ရှဲ့ယွမ်သည် ထထိုင်လိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ကျုပ်မင်းကို ဒီလိုမေးတယ်ဆိုကတည်းက သေချာပေါက်ကို ကျုပ်သေချာသိနေလို့ပေါ့”

ကျန်းမန့်ယီသည် နံရံကိုမှီလိုက်ကာ သူမခန္ဓာကိုယ်တစ်လုံးကတော့ ပျော့ချိနေလေပြီ။ သူမကျောပြင်ပေါ်တွင် ချွေးများပင် စီးကျလာလေသည်။

တကယ်ကို ကျန်းယွီက သူမသမီးအရင်း မဟုတ်ပေ။ မွေးစာရင်းလည်း မရှိသလို မွေးစားအမေအဖြစ် စာရင်းသွင်းခဲ့တာဖြစ်တာမို့လို့ သူမ ဖုံးကွယ်လို့ မရနိုင်ခဲ့ပေ..။

ရှဲ့ယွမ်လို အထက်တန်းစားပုဂ္ဂိုလ်မျိုးက သူသာတကယ်သိချင်တာဆိုရင် မစုံစမ်းနိုင်သည့်အရာ ဘာမှမရှိနိုင်ပေ။

သူမကို သူလာရှာတယ်ဆိုကတည်းက သူသေချာပေါက် သိပြီးနေလို့ပဲပေါ့။

ကျန်းမန့်ယီသည် ဆိုဖာပေါ်တွင်ထိုင်ကာ ကြက်သေသေနေပြီး အချိန်အတော်ကြာအောင် စိတ်ပြန်တည်ငြိမ်လာအောင် မလုပ်နိုင်ခဲ့ပေ။

ရှဲ့ယွမ်သည် သူမကို ခပ်ချိုချို ရေနွေးကြမ်းလေးတစ်ခွက် ကမ်းပေးလိုက်ပြီး “မင်းနဲ့ ထျန်းနဲ့က ဟိုးအရင်တုန်းက သူငယ်ချင်းတွေလို့ ကျုပ်သိထားတယ်..။ ပြီးတော့ ဒီနေ့မင်းရဲ့အပြုအမူတွေကလည်း မင်းကျုပ်ကိုသိတယ်ဆိုတာကို သက်သေပြနေတယ်”

ဘယ်လောက်တောင် ဉာဏ်ပြေးလိုက်တဲ့ ရှဲ့ယွမ်ပေလဲ..။

အတိတ်တုန်းက ပုထျန်းယန်သည် သူ့အကြောင်းကို အလွန်ချီးကျူးခန်းဖွင့်တတ်လေသည်။ ဒီလူက ဘယ်လောက်တောင် ဉာဏ်ရည်မြင့်ကြောင်း၊ သူ့ဘဝက ဘယ်လောက်တောင် သနားဖို့ကောင်းကြောင်း၊ သူ့တစ်ဘဝလုံး ဘယ်လို၊ စသည်ဖြင့်ပေါ့…

အခုလည်း ဒီလိုအနေအထားမျိုး တကယ်ဖြစ်လာတာမို့လို့ ပုထျန်းယန်ပြောခဲ့သမျှသည် သေချာပေါက် ချဲ့ကားထားတာ မဖြစ်နိုင်ပေ။

ကျန်းမန့်ယီသည် အသံတုန်တုန်ရီရီနှင့် ပြန်ပြောလိုက်သည်။

“ရှင်သိပြီးသားဖြစ်နေမှတော့ ဘာလို့ ကျန်းယွီဆီကို တိုက်ရိုက်မသွားဘဲ ကျွန်မကို လာရှာနေရတာလဲ”

ရှဲ့ယွမ်သည် ခဏလောက် တိတ်ဆိတ်နေပြီးမှ“အဲ့ကလေးဆီ တိုက်ရိုက်မသွားရဲဘူး”

အမှန်တရားကို ရှာတွေ့သွားသည့်နေ့၏ နေ့လယ်တုန်းက သူသည်ကျောင်းပေါက်ဝကို ကမူးရှူးထိုးသွားခဲ့ကာ သူမကို သွားကြည့်ခဲ့လေသည်။ သူ့မျက်လုံးများကလည်း မျက်ရည်များအပြည့်နှင့် သူမကိုဖက်ထားချင်ခဲ့ကာ ပြောပြချင်ခဲ့လေသည်။

“ဘာမှမကြောက်နဲ့တော့နော် ဖေဖေရောက်လာပြီ”

သူ့သမီးလေးအတွက် ဒီကမ္ဘာကြီးတစ်ခုလုံးပင် ပေးချင်မိသည်။

သို့သော်လည်း သမီးလေး ကျောင်းကနေ သူမကျောပိုးအိတ်လေးကိုလွယ်ကာ အတန်းဖော်များနှင့် ပျော်ပျော်ရွှင်ရွှင်စကားပြောဆိုပြီး ထွက်လာတာကို မြင်လိုက်ရသည့်အခါတွင်တော့ ရှဲ့ယွမ်လှည့်ထွက်လာခဲ့လိုက်သည်။

ထိုနောက်ပိုင်းတွင်လည်း သူမကိုအဝေးကနေပဲ ကြည့်နေရဲကာ သူမဘဝလေးကို အလွယ်တကူဝင်မနှောင့်ယှက်ရဲပေ..။

အဘယ်ကြောင့်ဆိုသော် ရှဲ့ယွမ်တစ်ယောက် သမီးလေးအပေါ်ကိုရော ပုထျန်းယန်အပေါ်ကိုရော မျက်နှာပူမိလို့ပင်။

“မင်းက သူ့အမေပါပဲ.. ကျုပ်ဒီလိုတော့ မပြောသင့်ပါဘူး"

ရှဲ့ယွမ်သည် အတတ်နိုင်ဆုံး သူ့ကိုယ်သူနှိမ့်ချကာ ကျန်းမန့်ယီကို အယဉ်ကျေးဆုံး တောင်းဆိုလိုက်လေသည်။

“မင်းက ဒီကလေးကို ပြုစုပျိုးထောင်ခဲ့တဲ့လူပဲ.. အဲ့ဒါကြောင့် မင်းကပဲ ကလေးကို အမှန်တရားကို ပြောပြပေးဖို့ ကျုပ်မျှော်လင့်ပါတယ်..”

ထိုစကားကို ကြားလိုက်ရသည်နှင့် ကျန်းမန့်ယီ၏ နှလုံးသားတစ်ခုလုံး အေးခဲသွားလေကာ သူမလက်များလည်း အထိန်းအကွပ်မရှိ တုန်ရီလာလေသည်။

“ရှင်က ကျွန်မသမီးကို ခေါ်သွားချင်တယ်ပေါ့”

“သူက ငါ့သမီးပဲ”

ရှဲ့ယွမ်သည် အလျော့ပေးချင်စိတ်မရှိဘဲ ပြောလိုက်သည်။

“အဲ့ကလေးကို ကျုပ်ပြန်ခေါ်သွားချင်တယ်”

“ဒါဆိုလည်း သူ့ကိုသွားပြောလိုက်လေ မစ္စတာရှဲ့.. သူ့ကိုပြောလိုက်”

ကျန်းမန့်ယီ၏ မျက်ဝန်းများသည် ခံစားချက်များအပြည့်နှင့် မျက်ရည်များ ပြည့်နှက်နေလေသည်။

“ပြောပြလိုက်လေ.. ရှင် သူ့အမေကိုတစ်ယောက်တည်း ထားသွားပြီး ရှန်းကျန့်ကို အလုပ်ကြိုးစားဖို့ ထွက်သွားခဲ့တယ်ဆိုတာ.. သွားပြောပြလိုက်လေ!”

“ကျုပ် ဒီလိုအဖြစ်မျိုးနောက်တစ်ခေါက် မကြုံချင်တော့ဘူး.. ပြောရမယ်ဆိုရင် ကလေးကို မနာကျင်စေချင်ဘူး”

ရှဲ့ယွမ်သည် ကျန်းမန့်ယီကိုကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့်ပဲ ဆက်ပြောလိုက်သည်။

“ဒါကြောင့်မို့လို့ အရင်ဆုံး မင်းဆီကနေ ခွင့်လွှတ်မှုကို တောင်းခံချင်တယ်”

“ဒါဖြင့် ဒါကဘယ်တော့မှ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ကျွန်မပြောလိုက်မယ်။ ရှောင်ယွီက ကျွန်မသမီး.. ကျွန်မပျိုးထောင်ခဲ့တာ။ သူနေမကောင်းဖြစ်တိုင်းရော သူမကျရှုံးခဲ့တဲ့အချိန်တိုင်းရော အဲ့ကလေးဘေးမှာရှိပေးခဲ့တာ ကျွန်မပဲ..။ အဲ့ကလေးအတွက် ကျွန်မကိုယ်ပိုင် ခံစားချက်တွေကိုတောင် စွန့်ပစ်ခဲ့တာ”

“...”

ကျန်းမန့်ယီသည် ရှဲ့ယွမ်အား ရင့်ရင့်သီးသီးကြည့်လိုက်သည်။

“အခုလည်းကျရော ရှင်က ကျွန်မသမီးကို ခေါ်သွားချင်ပါတယ်ဆိုပြီး ကျွန်မကိုလာသတ်နေတာပဲ.. ရှဲ့ယွမ်.. ရှင်ကများ ကျွန်မဆီက ခွင့်လွှတ်ခံချင်တယ်ပေါ့?”

ရှဲ့ယွမ်သည် သူတို့ဆက်ပြီး စကားပြောလို့မရတော့ဘူးဆိုတာ သိလေသည်။ ထို့ကြောင့် သူ မတ်တပ်ထရပ်လိုက်ပြီး သူ့ဝတ်စုံကို ဝတ်လိုက်လေသည်။

“ကျုပ်အလျင်မလိုပါဘူး.. ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျုပ်လက်လျော့မှာ မဟုတ်ဘူး။ ဘာတွေပဲပေးဆပ်ရပေးဆပ်ရ.. ရှောင်းယွီကို ကျုပ်ကညသူ့အဖေပါဆိုတာကို အသိအမှတ်ပြုစေရမယ်...”

ကျန်းမန့်ယီသည် အိပ်ရာဘေးနားတွင် မိန်းမောပြီးထိုင်ချလိုက်ကာ သူမမျက်နှာပေါ်က မျက်ရည်တွေကို အတင်းသုတ်ပစ်နေလေသည်။

ရှဲ့ယွမ်အခန်းထဲက ထွက်သည်နှင့် အထဲကဆူညံသံတွေကို ကြားလိုက်သောမန်နေဂျာလည်း အမြန်ပြေးလာပြီး ရှဲ့ယွမ်ကို တောင်းပန်လိုက်လေသည်။

“မစ္စတာရှဲ့… စိတ်မဆိုးပါနဲ့နော်.. ဒီမိန်းမက စာမတတ်ပေမတတ်နဲ့ မောက်မာလွန်းတယ်..။ ကျွန်တော်သူ့ကို လစာဖြတ်လိုက်ပါမယ်.. အဲ့ဒါကြောင့် လူကြီးမင်းစိတ်လျော့ပါနော်”

ကျန်းယွီအကြောင်းတွေးမိပြီး ရှဲ့ယွမ်လည်း ဒီနေ့သူ့လုပ်ရပ်က အတော်လေးညပြင်းထန်သွားတယ်ဆိုတာကို သတိထားမိလိုက်လေသည်။

ရုတ်တရက်ကြီး သူမဆီရောက်လာတာဖြစ်လို့ ဘယ်မိခင်မဆို ဒါကိုနားလည်ပေးဖို့က မဖြစ်နိုင်မှန်း သူနားလည်ပေသည်။

သို့သော်လည်း ထိုနေ့က သူနဲ့ကျန်းယွီတို့ အဆင်ပြေခဲ့တာကို စဉ်းစားမိတိုင်း ရှဲ့ယွမ်တစ်ယောက် သူ့ခံစားချက်တွေကို မထိန်းနိုင်ဖြစ်လာလေသည်။

သူ့နှလုံးသားကလာသည့် သိမ်မွေ့မှုဖြစ်ခဲ့တာကိုး..။

“မလုပ်နဲ့.. သူ့ကိုအပြစ်မပေးပါနဲ့”

ရှဲ့ယွမ်ဆိုလိုက်လေသည်။

“ကျုပ်မကြာခဏ လာခဲ့မှာမို့လို့ သူ့ကိုအကောင်းဆုံးဆက်ဆံမှုသာ ပေးထားပါ”

ဒီစကားများထွက်လာသည်နှင့် မန်နေဂျာရော အနားကအနှိပ်သည်တွေရော နှုတ်ဆိတ်ကုန်ကြလေသည်။

ကျန်းမန့်ယီက ကံတော့ကောင်းသားပဲ..။ ဧည့်သည်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လိုက်တာတောင် ဧည့်သည်ဆီကနေ ဒီလိုကာကွယ်ပေးတာလည်း ခံရသေးတယ်။

နံရံကိုမှီကာ ပွဲကြီးပွဲကောင်းကို စပ်စုနေသော ထန်ချန်းချန်းသည် ရှဲ့ယွမ်က ဒီကိစ္စကိုစိတ်ထဲမထားတဲ့အပြင် ကျန်းမန့်ယီကို အကောင်းဆုံးပါ ဆက်ဆံခိုင်းလိုက်တာကို ကြားလိုက်ရသောအခါ မနာလိုလွန်း၍ နှုတ်ခမ်းကိုက်နေလေသည်။

ကျန်းယွီကတော့ လမ်းတစ်ဝက်ရောက်တော့ ကလပ်ရှေ့က Bentley ကားမှာ အဲ့နေ့က ကျောင်းမှာတွေ့လိုက်ရသည့်ကားနှင့် တူကြောင်း သတိရလာလေသည်။

ဒီလိုဇိမ်ခံကားမျိုးကို မြို့ထဲတွင် ဒုတိယတစ်စီးတွေ့နိုင်ဖို့မှာ အလွန်ခက်ခဲသည်လေ..။

ကျန်းယွီလည်း လန့်သွားပြီး ကလပ်ဆီကို အမြန်ပြန်ပြေးသွားလိုက်လေသည်။ ရောက်တော့ ကျန်းမန့်ယီတစ်ယောက် အင်္ကျီလဲပြီး အိတ်ကိုလွယ်၍ တံခါးနားကဝန်ထမ်းအုပ်စုကြီးကိုဖြတ်ကာ အလုပ်ဆင်းလာသည်ကို တွေ့လိုက်ရသည်။

သူမမျက်နှာထားမှာ ကောင်းမနေပါ။

ကျန်းယွီလည်း သူမနားကို အမြန်ပြေးသွားလိုက်ပြီး“အမေ အလုပ်ဆင်းပြီလား”

“ဘာလို့မပြန်သေးတာလဲ”

ကျန်းမန့်ယီသည် ဘေးဘီကို ကာဆီးကာဆီးနှင့် လှမ်းကြည့်လိုက်ပြီး ကျန်းယွီကို အမြန်ဆွဲခေါ်သွားလေသည်။

“မေမေ.. စောနကဝင်သွားတဲ့လူကို သမီးသိတယ်။ အဲ့ဒါ ယွဲ့ဖန်နည်းပညာအုပ်စုက ရှဲ့ယွမ်လေ”

ကျန်းမန့်ယီသည် အတည်ပေါက်မျက်နှာထားဖြင့် ပြန်မေးလိုက်သည်။

“ဘာဖြစ်လို့လဲ.. ရှဲ့ယွမ်ကိုကောင်းကောင်းသိလို့လား”

“သူနဲ့ရင်းနှီးပါတယ်.. သမီးတို့ကျောင်းက သိပ္ပံနှင့်နည်းပညာပြတိုက်ကို လာလည်တုန်းက သမီးက သူ့လမ်းညွှန်လေ။ သူကမဆိုးပါဘူး။ အသက်က ၄၀ထဲမှာဆိုပေမယ့် ပြောဆိုဆက်ဆံရတာ အဆင်ပြေတယ်”

ကျန်းမန့်ယီသည် စိတ်ကသိကအောက် ဖြစ်လာပြီး မျက်နှာလည်းစူပုတ်လာကာ ကျန်းယွီကို လေးလေးနက်နက်ပြောလိုက်လေသည်။

“နောက်ကျရင် အဲ့လူနဲ့ဝေးဝေးသာနေ.. နောက်တစ်ခေါက် ထပ်ပြီး သူနဲ့အဆက်အဆံမလုပ်ရဘူး။ ပြီးတော့ အဲ့လူကြီးက သမီးကိုတစ်ယောက်တည်းတွေ့ဖို့ပြောလာရင် သေချာပေါက်ကို လက်မခံရဘူး”

“ဘာဖြစ်လို့လဲ”

“ဘာလို့မေးနေသေးတာလဲ”

ကျန်းမန့်ယီသည် ကျန်းယွီ၏ ပခုံးကို ကိုင်လိုက်ကာ “အကြောင်းပြချက်လိုလို့လား? သူကလက်မထပ်ရသေးတဲ့ သက်လတ်ပိုင်းလူကြီးလေ။ မိန်းမငယ်လေးတစ်ယောက်က သူလိုလူမျိုးနဲ့ ခဏခဏ အဆက်အဆံမလုပ်သင့်ဘူး”

ကျန်းယွီသည် စိတ်အေးသွားကာ ပြုံးလိုက်ပြီး “အမေရယ်.. အမေ့စဉ်းစားပုံကြီးကလဲ..။ သူအိမ်ထောင်ရှိတယ်ဆိုရင်ကျ သမီးက သူနဲ့ချိန်းတွေ့လို့ရတယ်ပေါ့? ”

“ဘာတွေလျှောက်ပြောနေတာလဲ”

ကျန်းမန့်ယီသည် ကျန်းယွီ၏နဖူးကို တောက်လိုက်ပြီး “ဘာပဲဖြစ်ဖြစ် သူနဲ့အဆက်အသွယ်မလုပ်နဲ့”

ကျန်းယွီသည် သူမရှဲ့ယွမ်ကို တွေ့ဖို့သွားတုန်းက အကြိမ်များစွာ လှည့်ပြန်ခဲ့ရတာကို ပြန်သတိရသွားမိလေသည်။

“တွေ့ချင်ရင်တောင် တွေ့လို့မရပါဘူး”

“ဘာပဲဖြစ်ဖြစ် အမေပြောတာကိုမှတ်ထား.. သမီးကအခုမှ ၁၇, ၁၈ပဲရှိသေးတာ.. လူတွေအတင်းပြောတာမခံရစေနဲ့”

ကျန်းယွီသည် စပ်စုချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။

“ဒါဆိုရင် ဒီနေ့သူဘာလို့ ကလပ်ကို လာတာလဲ.. အမေ့ကိုတွေ့ဖို့လာတာ မဟုတ်ဘူးလား?”

“အနှိပ်ခံဖို့ရောက်လာတာပါ.. သူ့ကိုအကြံပြုပေးလိုက်လို့တဲ့”

ကျန်းမန့်ယီသည် ဒီညဖြစ်ပျက်ခဲ့သော စိတ်မချမ်းသာစရာစကားဝိုင်းကို ကျန်းယွီအား မသိစေချင်ပေ။

“ပြောရရင် သူနဲ့ ငါတို့နဲ့က အဆင့်အတန်းတူကြတာမှ မဟုတ်ဘဲ”

ကျန်းယွီသည် သူ့အမေလက်ကိုကိုင်ကာ ဆောင်းရာသီ လမ်းမထက်တွင် လျှောက်လာခဲ့ကြသည်။ ရုတ်တရက်ပေါ်လာသော စိတ်ကူးကြောင့် သူမမေးလိုက်လေသည်။

“မေမေ.. အဖေက ဘယ်လိုလူမျိုးလဲဟင်”

“ဘာလို့မေးတာလဲ”

“ရှဲ့ယွမ်က သူ့သမီးကို လိုက်ရှာနေတာလို့ သမီးကြားတယ်လေ..။ အဲ့ဒါကြောင့် သမီးအဖေကရော ဘယ်လိုလူမျိုးလဲဆိုတာ သိချင်လာတာ..။ အမေအရင်က ပြောဖူးတာက အဖေက တောင်ဘက်ကိုအလုပ်လုပ်ဖို့ ထွက်သွားတာဆို..။ သူဘယ်ရောက်နေလဲ အမေ မသိဘူးလား..။ အဖေကရော သမီးကိုသိရဲ့လား?”

“သူကအလကားကောင်ပါ။ ပြီးတော့ သမီးတည်ရှိနေမှန်းတောင် သူမသိဘူး”

ကျန်းမန့်ယီသည် အကြည့်လွဲလိုက်ပြီး အပြစ်ရှိစိတ်နဲ့သာ ဆက်ပြောလိုက်သည်။

“သူ့မှာလည်း မိသားစုရှိနေလောက်ရောပေါ့”

“အော်.. အိုခေ”

ကျန်းမန့်ယီသည် သူမနှလုံးသားထဲတွင်တော့ အနည်းငယ် ဝမ်းနည်းမိသွားပြီး မေးလိုက်လေသည်။

“အဖေ့ကိုလွမ်းလို့လား”

“မဟုတ်ပါဘူး.. သူဘယ်သူလဲဆိုတာတောင် မသိတဲ့ဟာကို”

နှင်းမှုန်ဖွေးဖွေးလေးများ ကျန်းယွီ၏ ပခုံးပေါ်ကို ကျလာသဖြင့် ကျန်းမန့်ယီလည်း ပုတ်ထုတ်ပေးလိုက်သည်။ ကလေးမလေး၏ ဘဲဥပုံမျက်နှာလေးကို ပင့်လိုက်ကာ ပြောလိုက်သည်။

“အချစ်ကလေး.. မေမေက သမီးကို အမြဲတမ်းချစ်နေမှာ.. ဒီကမ္ဘာပေါ်က ဘယ်သူ့ထက်မဆို ပိုချစ်တယ်”

သူမကတော့ ကျန်းမန့်ယီဆီက ရုန်းထွက်လိုက်ပြီး ရှေ့တစ်လှမ်းတိုးကာ “ဘာချစ်တာလဲ.. မေမေသာ သမီးကိုတကယ်ချစ်ရင် ဘဲလေးကခွင့်ပေးလေ”

ကျန်းမန့်ယီလည်း နောက်ဆုံးတော့ စိတ်အေးတဲ့အပြုံးလေးပြုံးလိုက်ပြီး သူမနောက်ကျောလေးကို ကြည့်နေကာ တွေဝေမိန်းမောနေမိသည်။

ထိုပုံရိပ်လေးမှာ နှစ်ပေါင်းများစွာတုန်းက ပုထျန်းယန်နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။

ဒီကလေးကို သူမအစားကာကွယ်ပေးပြီး သာမန်ဘဝလေးမှာပဲ ပျော်ပျော်ရွှင်ရွှင်နေခိုင်းမှာပါ။

နှစ်ကုန်ပြိုင်ပွဲလည်း နီးကပ်လာပြီဖြစ်တာမို့ ကျန်းယွီသည် သူမ၏အားအင်အကုန်လုံးကို လေ့ကျင့်ရေးမှာသာ မြှုပ်နှံထားလေသည်။

အစကတော့ ဖန့်တန်းရှီသည် ကျန်းယွီကို အာရုံထဲပင်မရှိပေ..။ သို့သော် အစမ်းလေ့ကျင့်သည့်နေ့က သူမ၏ထိုးနှက်မှုကြောင့် ဖန့်တန်းရှီတစ်ယောက် သူမ၏ပြိုင်ဘက်ကို ပြန်လေ့လာရလေတော့သည်။

ကျန်းယွီသာ သူမပြိုင်ဘက်အနေနဲ့ ရှိနေသရွေ့ Esmeralda ကို သူမဝင်ရောက်နိုင်မည့် အခွင့်အရေးမှာ နည်းပါးလာလိမ့်မည် ဖြစ်ပေသည်။

ဒီပြိုင်ဘက်ကို ဘယ်လိုပထုတ်ရမလဲဆိုတာ သူမအဖြေရှာရပေမည်။

“ငါဂရုမစိုက်ဘူး.. ဘာပဲဖြစ်ဖြစ် ဟောင်ကောင်ကနေ VCI ဖိနပ်တစ်စုံ ယူလာပေးရမယ်။ အရင်တစ်ခေါက်ကကိစ္စက အရမ်းရှက်ဖို့ကောင်းတာပဲ.. အဲ့အတွက် အစားပြန်လုပ်ပေးရမယ်”

ဖန့်တန်းရှီသည် လှေကားပေါ်က ဆင်းလာရင်း ဝူစီလင်းတစ်ယောက် VCI ဖိနပ်အကြောင်း ဖုန်းပြောနေသည်ကို ကြားလိုက်သည်။

သူမသည် အရည်အသွေးမြင့် အတုအပဖိနပ်သတင်းကိုလည်း ကြားပြီးလေပြီ။ အခုဆိုရင် ဝူစီလင်းနှင့် ကျန်းယွီတို့က တစ်ယောက်နဲ့တစ်ယောက် မတည့်တဲ့အနေအထား ဖြစ်နေလေပြီ။

ဒါကို... အခွင့်ကောင်းဝင်ယူလို့ရတာပဲ။

“ဘာပဲဖြစ်ဖြစ် VCI ဖိနပ်တစ်စုံ လိုချင်တယ်။ ဘယ်လိုလုပ်မလဲက ကိုယ့်ဟာကိုယ်စဉ်းစားတော့”

ဝူစီလင်းသည် ဒေါသတကြီးနဲ့ ဖုန်းကိုချလိုက်ပြီး နောက်ပြန်လှည့်လိုက်တော့ သူမကိုပြုံးပြီးကြည့်နေတဲ့ ဖန့်တန်းရှီကို တွေ့လိုက်ရလေသည်။

“တန်းရှီ... နင်ကြားသွားသေးလား”

ဖန့်တန်းရှီသည် အပြုံးလေးဖြင့်ပြောလိုက်သည်။

“နင် VCI ဖိနပ်ဝယ်လိုက်တယ်ဆိုရင်တောင် သူ့လိုဆင်းရဲသူမနဲ့ ဖိနပ်ဆင်တူစီးရမှာကို စိတ်ထဲမသတီဘူးလား”

ဝူစီလင်းသည် သူမခေါင်းကိုအောက်ငုံ့လိုက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်ကာ “ဒါပေမယ့် ဒါကကံစီမံရာပဲလို့ ငါလက်မခံနိုင်ဘူး.. သူကဘာမို့လို့ VCI ဖိနပ်ကို စီးရမှာလဲ”

“ငါ့မှာနည်းလမ်းရှိတယ်”

“ဘာလဲ”

“သူကနင်နဲ့ဆင်တူဖိနပ်ကို တမင်ဝယ်ခဲ့တာဆိုတော့ သေချာပေါက် နင့်ကိုရန်စချင်လို့ပဲဖြစ်ရမယ်”

ဖန့်တန်းရှီသည် သူမနားကိုကပ်သွားပြီး နား,နားကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

“နင်သာသူ့ကို အဲ့ဖိနပ်စီးခွင့်မပေးဘူးဆိုရင် အဆင်ပြေသွားမှာပဲလေ”

All Chapters