← Chapters

Chapter 24

Vol. 3 Ch. 24

Chapter 24

Vol. 3 Ch. 24

ပြိုင်ပွဲမတိုင်ခင်ညမှာတော့ ကျန်းယွီတစ်ယောက်အစမ်းလေ့ကျင့်ပြီး၍ ရေနွေးပူပူလေးနှင့်ရေချိုးရန် ရေချိုးခန်းကို တစ်ယောက်တည်း သွားလိုက်လေသည်။

သူမလော့ကာခန်းထဲသို့ ပြန်ရောက်တော့ စင်ပေါ်ကအင်္ကျီအိတ်ကို ထုတ်လိုက်သည်။ ထို့နောက် သူမ မမျှော်လင့်ထားစွာပင် အင်္ကျီအိတ်ထဲက သူမ၏ဖိနပ်အဟောင်းလေးမှာ တစ်စစီညှပ်ခံထားရလေသည်။

သူမသည် အံ့ဩမှုအပြည့်နှင့် ဖိနပ်များကို ကောက်ကိုင်လိုက်လေသည်။ အသေအချာကြီးပင် ဖိနပ်နှစ်ဖက်လုံး ညှပ်ခံထားရခြင်း ဖြစ်ပေသည်။

လော့ကာခန်းထဲက ဗီရိုမှန်သမျှသည် လော့ခတ်ထားလေသည်။ ကျန်းယွီသည် ဖုန်းကဲ့သို့သော တန်ဖိုးကြီးပစ္စည်းများကိုဆိုရင် ‌ဗီရိုထဲမှာလော့ခတ်သိမ်းတတ်လေသည်။

သို့သော် ချွေးစိုနေသော အကဖိနပ်နှင့် အဝတ်အစားများကိုတော့ အပြင်ဘက်က အများသုံးချိတ်များတွင်သာ ချိတ်တတ်လေသည်။ ဘယ်သူကမှလည်း ဒီလိုအရာတွေကို ခိုးမှာမဟုတ်ဘူးလေ..။

သူမသည် နှစ်ဝက်လောက်စီးခဲ့သည့် ထိုဖိနပ်လေးကိုကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလိုပင် သူမရင်ထဲမှာ ဒေါသတွေ လိပ်တက်လာလေသည်။

ဖိနပ်တွေကို ကတ်ကြေးနဲ့ညှပ်သွားခြင်း ဖြစ်ပေသည်။ ထို့အပြင် အလျင်အမြန် ညှပ်သွားခြင်းဖြစ်တာမို့ ဖိနပ်၏ဘယ်ဘက်ခြေဖဝါးနားက သေချာပင်မပြတ်သေးပေ။ သို့သော်လည်း ဖိနပ်ကတော့ လုံးဝပျက်စီးသွားပြီ ဖြစ်လေသည်...

သေချာပေါက်ပင် လုပ်သွားသောသူသည် လူမိမှာစိုး၍ မြန်မြန်လုပ်ပြီး သွက်သွက်ပြန်ထွက်သွားတာပဲ ဖြစ်ရမည်။

ဒီလိုအရာမျိုး အတိတ်မှာသာ ဖြစ်ပျက်ခဲ့လျှင် ကျန်းယွီရဲ့ပျော့ညံ့ခဲ့ပုံအရ ပြဿနာဖြစ်ချင်ခဲ့မှာ မဟုတ်ပေ။ သူမဟာသူမသာ အံကြိတ်ပြီး သည်းညည်းခံခဲ့လိမ့်ပေမည်။

ဒါကြောင့်လည်း သူတို့တွေက သူမကို လက်လွတ်စပယ်အနိုင်ကျင့်ရဲခဲ့တာပေါ့.. ဒါကြောင့်လည်း သူမက ဘာမှပြန်မပြောနိုင်ခဲ့တာပေါ့..။

ကျန်းယွီသည် သူတို့ကို ထပ်ပြီးအဲ့အချိုးမျိုးနှင့် ကိုင်တွယ်တော့မည် မဟုတ်ပါ။

သူမသည် အကခန်းထဲသို့ ဒေါသတကြီးဝင်လာပြီး ထိုအခိုက်အတန့်တွင်တော့ ဝူစီလင်းသည် ကောင်မလေးများနှင့် ရယ်မောကာ စကားပြောနေကြလေသည်။

ကျန်းယွီသည် ဝူစီလင်းကို ထိုပျက်ဆီးနေသည့်ဖိနပ်နှင့် ပစ်ပေါက်လိုက်ကာ“ကောင်းကောင်းလုပ်ခဲ့တာပဲ”

ဝူစီလင်းသည် တွန့်သွားသဖြင့် နောက်ကိုတစ်လှမ်းဆုတ်လိုက်ပြီး ကြမ်းပြင်ပေါ်က တစ်စစီညှပ်ခံထားရသောဖိနပ်များကို ကြည့်လိုက်ကာ မျက်လုံးပင်ပြူးသွားလေသည်။

“ဘာတွေလာပြောနေတာလဲ”

“နင်လုပ်ခဲ့တာပါလို့ ဝန်မခံရဲဘူးပေါ့?”

ကျန်းယွီသည် ရင့်ရင့်သီးသီးသာ မေးလိုက်သည်။

“မနက်ဖြန်ကျရင် ငါဖျော်ဖြေရတော့မှာလေ..။ ဒီအချိန်မှာ နင်က ငါ့ဖိနပ်ကိုညှပ်ပစ်ပြီး ငါ့ကိုစင်ပေါ်မတက်နိုင်အောင် တားတယ်ပေါ့လေ.. အခုကျေနပ်လား”

“ငါ...”

ဝူစီလင်းသည် ဖိနပ်အပျက်တွေကို ကြည့်လိုက်ကာ ပြန်ခံငြင်းလိုက်လေသည်။

“ငါမလုပ်ခဲ့ဘူး.. ငါမှမဟုတ်တာ။ ငါလုပ်တာမဟုတ်ဘူး”

“ကျန်းယွီ..နင်စီလင်းကို အထင်လွဲနေပြီထင်တယ်”

ကောင်မလေးတစ်ယောက်က ကြားဝင်ပြီး ဖြန်ဖြေပေးဖို့ လုပ်လေသည်။“စီလင်းက ဒီလိုအရာမျိုး လုပ်မှာမဟုတ်ပါဘူး”

“ဟုတ်တယ် သက်သေမရှိဘဲနဲ့ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့.. စီလင်းက အသရေဖျက်မှုနဲ့ တရားစွဲလိုက်မှ”

ကျန်းယွီမှာ အစီအစဉ်ရှိပြီးသားဖြစ်သည်။ ထို့ကြောင့် သူမသည် ဝူစီလင်း၏ လက်ကို လှမ်းဆွဲလိုက်ကာ “ဒါဆိုရင်လည်း လုံခြုံရေးခန်းကိုသွားပြီး စီစီတီဗီ အတူတူသွားကြည့်ကြတာပေါ့”

ဝူစီလင်းသည် သူမပြောသည့် သက်သေပြမည့်နည်းကိုကြားတော့ စိတ်သက်သာရာရသွားလေသည်။

လော့ကာခန်းထဲတွင် ဘာစီစီတီဗီမှမရှိတာကို သူမစစ်ကြည့်ပြီးလေပြီ။ ဒီ့အပြင် ကိုယ်ရေးကိုယ်တာအတွင်းရေးကိစ္စတွေ ဖြစ်တာကြောင့် စီစီတီဗီထားဖို့ဆိုတာ အဓိပ္ပာယ်မရှိချေ။

ထို့ကြောင့် ကျန်းယွီတစ်ယောက် သက်သေရှာတွေ့ဖို့မှာ မဖြစ်နိုင်ပေ။

ဝူစီလင်းသည် ကျန်းယွီနှင့်အတူ လုံခြုံရေးခန်းကို လိုက်သွားပြီး ပွဲကြည့်နေကြသော ကျောင်းသားတစ်အုပ်သည်လည်း အတူတူလိုက်လာခဲ့ကြသည်။

“ကျန်းယွီ.. ငါနင့်ကိုသတိပေးလိုက်မယ်နော် ဘာမှရှာမတွေ့ခဲ့ရင် ငါ့ကိုလူပုံအလယ်မှာ ပြန်တောင်းပန်ရမယ်”

ကျန်းယွီသည် အေးတိအေးစက်သာ ပြန်ပြောလိုက်လေသည်။

လူတစ်အုပ်ကြီး လုံခြုံရေးခန်းကို ရောက်လာကြပြီး လင်းကျူဝမ်ကိုပင် ခေါ်လိုက်သေးသည်။

ဝူစီလင်းတွေးထားသည့်အတိုင်းပင် လုံခြုံရေးခန်း တာဝန်ရှိသူက ပြန်ပြောလိုက်သည်မှာ “လော့ကာခန်းလား? လော့ကာခန်းထဲမှာ ဘာစီစီတီဗီမှ မရှိဘူးလေ”

ဝူစီလင်းသည် သရော်ပြုံးဖြင့် ကျန်းယွီကို လှည့်ကြည့်လိုက်ကာ “ကဲ ဘယ်လိုလဲ”

ကျန်းယွီကတော့ ကွန်ပျူတာကို လက်ညိုးထိုးပြကာ ပြန်ပြောလိုက်သည်။

“ကျွန်မစစ်ကြည့်ပြီးသွားပြီ.. လော့ကာခန်းရဲ့ ညာဘက်ထောင့်မှာ စီစီတီဗီတစ်ခုရှိတယ်။ လော့ကာခန်းထဲ တစ်ယောက်ယောက်ဝင်တယ်ဆိုရင် အဲ့မှာသွားပေါ်မှာပဲ။ အဲ့ထောင့်နားက ကင်မရာကို တစ်ချက်ဖွင့်ပေးပါ”

ဝူစီလင်းသည် မျက်နှာအမူအရာပြောင်းသွားကာ ချက်ချင်းပြန်ပြောလိုက်လေသည်။

“လော့ကာခန်းထဲကိုဝင်တာ လူအများကြီးပဲကို.. အဲ့လိုဆိုရင် သူတို့အားလုံးက နင့်ဖိနပ်ကို ညှပ်ခဲ့တဲ့လူတွေ ဖြစ်ကုန်မှာပေါ့”

ကျန်းယွီလည်း သူမဒီလိုပြန်ပြောမယ်ဆိုတာကို ကြိုတွက်ထားပြီးသားဖြစ်ပေသည်။ ထို့ကြောင့် သူမ၏နှုတ်ခမ်းထောင့်လေး ကွေးတက်သွားကာ ပြန်ပြောလိုက်လေသည်။

“ဒါပေါ့ လုပ်ခဲ့တဲ့လူကတော့ သူလုပ်ခဲ့ကြောင်း ဘယ်ဝန်ခံမလဲ ပြီးတော့ လူရှိနေတုန်း လုပ်မှာမှမဟုတ်တာ”

“နင်... နင်ဘာပြောချင်တာလဲ”

“ငါဖိနပ်လဲပြီးတော့ ရေချိုးဖို့ ဝင်သွားတဲ့အချိန်က ၄နာရီခွဲကနေ ၅နာရီအထိပဲ”

ကျန်းယွီသည် ဝူစီလင်းကို အကြည့်မလွဲဘဲ စိုက်ကြည့်နေလိုက်သည်။

“ရေချိုးခန်းက လော့ကာခန်းဘေးနားမှာလေ.. အဲ့တော့ အပြင်က အသံမှန်သမျှကို ငါရှင်းရှင်းလင်းလင်းကြားရတယ်။ လော့ကာခန်းထဲကို ဝင်လာတာ လူတစ်ယောက်မဟုတ်ရင် နှစ်ယောက်ပဲရှိမယ်။ အဲ့တော့ အဲ့အချိန်အတွင်းက စီစီတီဗီကိုသာ ပြန်ကြည့်မယ်ဆိုရင် နင်ဝင်သွားလားမဝင်သွားလားဆိုတာ ငါတို့ကျိန်းသေကြည့်လို့ရတာပေါ့”

ဝူစီလင်း၏ မျက်နှာမှာ ဖြူဖတ်ဖြူရော်ပင် ဖြစ်လာလေသည်။

လင်းကျူဝမ်သည်လည်း ဒီပြဿနာဘယ်လောက် လေးနက်နေလဲဆိုတာ သိတာမို့ တာဝန်ခံကို ပြောလိုက်လေသည်။

“အဲ့တုန်းက စီစီတီဗီကင်မရာကို ပြပေးပါ”

တာဝန်ခံသည်လည်း ကွန်ပျူတာကို ချက်ချင်းဖွင့်လိုက်ကာ ၄နာရီခွဲနှင့် ၅နာရီကြားကအချိန်ကို ညှိလိုက်လေသည်။

တကယ်ကိုပင် ကျန်းယွီတစ်ယောက် လော့ကာခန်းထဲသို့ဝင်သွားသည်မှာ နာရီဝက်ကြာခဲ့ပြီး ထိုအချိန်တွင် ဝူစီလင်းတစ်ယောက် တိတ်တိတ်ကလေးဝင်သွားကာ မိနစ်အနည်းငယ်ကြာပြီးမှ ပြန်ထွက်လာလေသည်။

သူမထွက်သွားပြီးနောက် ကျန်းယွီသည် ဖိနပ်အပျက်များကိုကိုင်ကာ လော့ကာခန်းထဲမှ ထွက်လာလေသည်။ ထိုအချိန်အတောအတွင်း ဘယ်ကျောင်းသားမှ လော့ကာခန်းထဲသို့ ဝင်မလာကြချေ။

လုပ်ခဲ့သည့် ‘တရားခံ’ မှာ အတိအကျပင် ထွက်လာလေသည်။

ကျောင်းသားများအားလုံးလည်း ဝူစီလင်းကို မယုံနိုင်သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

သူတို့တွေ ကျန်းယွီကို အမြင်ကတ်တယ် ဆိုပေမယ့်လည်း ဒီလိုအောက်တန်းကျတဲ့အလုပ်မျိုးလုပ်တာကိုတော့ ဘယ်သူမှ လက်မခံနိုင်ပေ။

ဝူစီလင်းလို အမျိုးကောင်းသမီးဆိုဒ် အမြဲဖမ်းနေသူက ဒီလိုအရာမျိုးကို လုပ်ပေသည်တဲ့။

ကျန်းယွီသည် မနက်ဖြန် စင်ပေါ်တွင် ဖျော်ဖြေရတော့မည် ဖြစ်ပေသည်။ ဒါကိုဝူစီလင်းက သူမ၏ဖိနပ်များကို တစ်စစီဖျက်ဆီးပစ်လိုက်သည်မှာ အတော်ကိုတရားလွန်ပေသည်။

လင်းကျူဝမ်သည် ဝူစီလင်းကိုကြည့်ကာ အလေးအနက်ပြောလိုက်လေသည်။

“ကျောင်းသူဝူစီလင်း... ဘာပြောစရာများ ရှိသေးလဲ”

“ကျွန်မလုပ်တာမဟုတ်ဘူး... ကျွန်မ,မဟုတ်ဘူး”

“သူ့ဖိနပ်တွေကိုညှပ်လိုက်တာ ကျွန်မ,မဟုတ်ဘူး”

“ဒါဆိုရင် လော့ကာခန်းထဲကနေ ဘာလို့၃မိနစ်နေပြီးမှ ထွက်လာရတာလဲ?”

လင်းကျူဝမ်သည် စိတ်ဆိုးဆိုးနှင့် မေးလိုက်လေသည်။

“အဲ့ကိုဘာဝင်လုပ်နေတာလဲ?”

ဝူစီလင်းသည် မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာကာ “ကျွန်မ.. ကျွန်မသူ့ဖိနပ်တွေကို တကယ်ဖျက်ဆီးချင်ခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ VCI ဖိနပ်ကို ဖျက်ဆီးချင်ခဲ့တာ..။ အဲ့ဖိနပ်တွေကို သူမလော့ခတ်ထားတော့ ဗီရိုကိုမဖွင့်နိုင်ခဲ့ဘူး..။ အဲ့ဒါကြောင့် ဒီဖိနပ်အဟောင်းတွေကိုပဲ ကျွန်မတွေ့ခဲ့တာ..။ ဒါပေမယ့် ကျွန်မနည်းနည်းလေးတောင် မထိခဲ့ဘူး”

လင်းကျူဝမ်ကတော့ သူမစကားတွေကို မယုံပါ။ ဒီအတိုင်း ဆင်ခြေပေးနေသည်ဟုသာ ခံစားမိပြီး စိတ်ပျက်လက်ပျက်နှင့် ပြန်ပြောလိုက်လေသည်။

“ဒီလိုစရိုက်မျိုးနဲ့ မင်း လင်းချူမှာ ဆက်နေစရာအကြောင်းမရှိတော့ဘူး..။ မင်း..မနက်ဖြန်ကျရင် ကျောင်းထွက်တဲ့လုပ်ငန်းစဉ်တွေ လုပ်ဖို့ မိဘတွေခေါ်လာခဲ့”

“တီချယ်လင်း... တကယ်ပဲ ကျွန်မ,မဟုတ်ဘူး.. ကျွန်မ,မလုပ်ခဲ့ဘူး။ ကျွန်မ VCI ဖိနပ်ကိုပဲ ဖျက်ဆီးချင်ခဲ့တာ.. အဲ့ဒီဖိနပ်အဟောင်းတွေကို ကျွန်မ,မလုပ်ခဲ့ဘူး။ မျက်လုံးနဲ့မြင်နေရတာတောင် ညစ်ပတ်နေတဲ့ဟာတွေကို ကျွန်မကထိစရာလား.. ကျွန်မ..”

“တော်လိုက်တော့”

လင်းကျူဝမ်လည်း သူမစကားများကြောင့် ပိုပြီးစိတ်ဆိုးလာလေသည်။

“မင်းနဲ့ အန်တီပေါင်ကျဲတို့ပဲ အဲ့အခန်းထဲကို ဝင်သွားတာလေ... မင်းလုပ်တာမဟုတ်ရင် အန်တီပေါင်ကျဲကလုပ်တာလား”

“တကယ်ကို ကျွန်မ,မဟုတ်ရပါဘူး”

“အခုထွက်သွားလိုက်တော့.. ဘယ်တော့မှ လင်းချူရှေ့ ခြေတောင်မချနဲ့”

သူမအတန်းဖော်များ၏ အထင်သေးသောမျက်ဝန်းများအောက်တွင် ဝူစီလင်းတစ်ယောက် အခန်းထဲမှ ငို၍ပြေးထွက်သွားလေသည်။

လူတွေက သူတို့လုပ်ခဲ့တာမှန်သမျှကို သူတို့ကိုယ်တိုင် ပြန်ခံစားရမှာပဲ..။ ထပ်ပြီးပြောရမယ်ဆိုရင် ကျန်းယွီသည် သူမကိုထိခိုက်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို လွယ်လွယ်လေး လွှတ်ပေးတော့မှာမဟုတ်ပါ။

ဝူစီလင်းတစ်ယောက် ကျောင်းထုတ်ခံရမည်ဖြစ်သဖြင့် သူမပျော်ရွှင်မိသော်လည်း ထိုပျော်ရွှင်မှုက ကြာကြာမခံပေ..။

သူမဖိနပ်များ ပျက်ဆီးသွားပြီဖြစ်၍ မနက်ဖြန်ဖျော်ဖြေမှုအတွက် သူမနှင့်တော်မည့် ဖိနပ်တစ်ရံကို ဘယ်ကနေ သွားဝယ်ရပါတော့မလဲ..။

လုံခြုံရေးခန်းထဲက ထွက်လာတော့ လင်းကျူဝမ်သည် ကျန်းယွီကို မေးလိုက်လေသည်။

“အိမ်မှာဖိနပ်အပို တစ်ရံလောက် ရှိလား”

သူမသည် အံကိုကြိတ်ကာ ခေါင်းကိုခါပြလိုက်သည်။

ဒီဖိနပ်လေးတစ်ရံ ဝယ်ဖို့တောင် သူမအချိန်အတော်ယူခဲ့ရသည်ပင်..။ နှစ်ဝက်လောက် ဒီဖိနပ်တွေကိုပဲ ပြန်ပြန်ချုပ်ပြီး စီးလာခဲ့တာဖြစ်သည်။

လင်းကျူဝမ်သည် ကျန်းယွီပခုံးကိုကိုင်လိုက်ကာ သူမကို နှစ်သိမ့်ပေးလိုက်လေသည်။

“စိတ်မပူပါနဲ့.. တီချယ်နည်းလမ်းရှာပေးပါမယ်။ အခုချိန်မှတော့ ဖိနပ်အသစ်တစ်ရံသွားဝယ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ အတန်းထဲက အတန်းဖော်တစ်ယောက်ဆီကနေ သမီးနဲ့တော်မယ့်ဆိုဒ်ကို ဌားပေးမယ်နော်”

ဖိနပ်သည် ဘဲလေးကချေသည်တိုင်း၏ အရေးကြီးပစ္စည်းဖြစ်သည်ဆိုတာကို ကျန်းယွီ နားလည်ပေသည်။

ဆရာမက ကူပြီးဌားပေးမယ်ဆိုရင်တောင် ဌားပေးရတဲ့ကောင်မလေးက ရှေ့မှာသာဘာမှမပြောဘဲနေမယ် နောက်ကွယ်မှာကျ ကျိန်းသေပေါက် ကျေနပ်နေမည်မဟုတ်ချေ။

ဒီ့ထက်ပိုကောင်းတဲ့ နည်းလမ်းမရှိတော့ဘူးလား။

ကျန်းယွီသည် စိတ်ပျက်စရာထိုကောင်လေးနှင့် ထို‌ စျေးကြီးလှသည့် VCI ဖိနပ်တစ်စုံကို တွေးမိလိုက်သည်။

မနက်ဖြန်သည် သူမအနိုင်ရကိုရရမည့် ပြိုင်ပွဲဖြစ်ပေသည်.. လက်လွှတ်ခံလို့မရပေ။

ကျန်းယွီသည် ခဏလောက် တိတ်ဆိတ်နေလိုက်ပြီးနောက် လင်းကျူဝမ်ကို သေချာလေး အရိုအသေပေးလိုက်ပြီး ပြန်ပြောလိုက်လေသည်။

“တီချယ်လင်း.. ကျွန်မမှာ တစ်ရံရှိတယ်ထင်တယ်..။ အတန်းဖော်တွေဆီကနေ ဌားပေးဖို့ တီချယ့်ကို အနှောင့်အယှက် မပေးတော့ပါဘူး..။ ကျေးဇူးတင်ပါတယ်နော်”

လင်းကျူဝမ်လည်း ထိုစကားများကိုကြားမှ စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ချလိုက်လေသည်။

“ဒါဆိုကောင်းတာပေါ့.. စောစောပြန်ပြီး စိတ်ရောလူရော ကောင်းကောင်းအနားယူပြီး အားမွေးထားတော့.. ပြီးတော့ မနက်ဖြန်ကျရင်လည်း အကောင်းဆုံးလုပ်ဦး”

“ဟုတ်”

လမ်းတစ်လျှောက်တွင် ရာသီဥတုက အေးအေးလေးနှင့် လေတိုက်နေလေသည်။ ကျန်းယွီသည် ခဏလောက် ရပ်နေလိုက်ပြီးမှ ချူးလီကိုဖုန်းဆက်ရန် သူမဖုန်းကိုထုတ်လိုက်လေသည်။

ဖုန်းတစ်ဖက်တွင်တော့ အသံတွေကဆူညံနေပြီး ထို့နောက်မှ ကောင်လေး၏ လေးတိလေးလံအသံလေးပေါ်ထွက်လာလေသည်။

“ငါ့ကိုလွမ်းနေတာလား ဘဲငန်းလေး”

“အဲ့ဒါက.. အခု ငါနင့်ဆီ လာလို့ရလား”

“မင်းဘယ်မှာလဲ”

“သင်တန်းရှေ့က တံခါးမှာ”

“စောင့်နေ”

ဖုန်းဆက်မေးတာ သူမဖြစ်တာမို့လို့ သူဒီကိုလာဖို့မလိုဘဲ သူမကသာ သူ့ဆီလာခဲ့မယ်လို့ အစကပြောချင်သော်လည်း သူပြောလိုက်သည့်စကားလေးကြောင့် “အပြင်မှာအေးတယ်.. အထဲဝင်ပြီးစောင့်နေ”

သူမစက္ကန့်အနည်းငယ်လောက် တွန့်ဆုတ်သွားလေသည်။ ထို့နောက် နူးညံ့သိမ်မွေ့စွာပင် ပြန်ပြောလိုက်သည်။

“အင်း”

လမ်းပေါ်တွင် နှင်းခဲလေးများလည်း ကျနေလေသည်။ ချူးလီသည် ဖုန်းချလိုက်ပြီး သူ့ရှေ့ကသန့်ရှင်းရေးဝတ်စုံဝတ်ထားသော အန်တီကြီးကို ယွမ်၂ရာလှမ်းပေးလိုက်သည်။

“ကျေးဇူးပါ”

All Chapters