← Chapters

သေခန်းပြတ်ခြင်း

Vol. 11 Ch. 1047

သေခန်းပြတ်ခြင်း

Vol. 11 Ch. 1047

“ဘုန်း...”

အလင်းတန်းများက စင်မြင့်ပေါ် ကျဆင်းလာရာ ကြောက်မက်ဖွယ် စွမ်းအင် တစ်ခုမှာ ချက်ချင်း ပျံ့နှံ့သွား၏။ ထိုဖိအားအောက်၌ များစွာသော သာမန်လူများမှာ အသက်ရှူရန်ပင် ခက်ခဲလာကြသည်။ အချို့ ကိုယ်ခံအားနည်းသော လူများဆိုလျှင် မျက်နှာများ ဖြူရော်ကာ သတိပင် လစ်လုမတတ်ပင် ဖြစ်သွားကြလေသည်။

ရန်ကျွင်းကျဲ့၏ မျက်နှာမှာလည်း ပြာနှမ်းသွား၏။ ချန်းဖန်က လက်အား ဝှေ့ယမ်းကာ ဖိအား တားဆီးလိုက်သော အခါတွင်မှ ရန်ကျွင်းကျဲ့မှာ ပြန်လည် အသက်ရှူနိုင်လာခဲ့သည်။

ချန်းဖန်မှာ မျက်မှောင်ကြုတ် သွားခဲ့၏။ ထိုလူများကား သာမန်လူများကို အလျင်း ဂရုစိုက်ခြင်း မရှိပဲ စွမ်းအင်များကို ထုတ်လွှတ်ခဲ့သည်။ ထိုအပြုအမူက အလွန် ရိုင်းစိုင်းလွန်းသော်လည်း မည်သူမျှ တစ်ခွန်းပင် မပြောရဲကြချေ။

“တိုင်ချူ ဘုရားကျောင်း၊ ဝူကျိဂိုဏ်းနဲ့ နေနန်းတော်က တပည့်တွေကို ကြိုဆိုပါတယ်...”

ချန်းချူရန်၊ ကောပိုင်ရှင်းနှင့် ဝိညာဥ် ပင်လယ် အဆင့် ကျင့်ကြံသူများမှာ ထိုင်ခုံများမှ ထရပ်ရင်း ဦးညွတ်လိုက်ကြသည်။

“ဝှစ်...”

အလင်းတန်းများသည် စင်ပေါ်သို့ ရောက်သည်နှင့် လူအချို့ အဖြစ် ပြောင်းလဲ သွားကြသည်။ ထိုလူများအား ဦးဆောင်လာသူမှာ ကြောက်မက်ဖွယ် ရွှေရောင် အလင်းများ ဝန်းရံနေသည့် အဘိုးအို တစ်ယောက် ဖြစ်သည်။ သူ၏ ဘေးတွင်မူ အသက် ၁၈ နှစ် ပတ်ခြာလည် လူငယ်များက ဝန်းရံနေ၏။ ထိုလူငယ်များမှာ မောက်မာမှု အပြည့်ဖြင့် ရင်ဘတ်အား ကော့ထားကြလေသည်။

“အဲဒါက နေနန်းတော်ရဲ့ အပြင်စည်း အကြီးအကဲ အရှင်ရှင်း မလား... ငါကြားတာတော့ သူက မူလ အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ တဲ့... နိုင်ငံ တစ်ခုရဲ့ ခေါင်းဆောင်က ဖိတ်ခေါ်ရင်တောင် နေနန်းတော်က သူ့ကိုပဲ လွှတ်တာ”

ယခုနှစ် ကျန်းပေ့ညီလာခံ၌ အရှင်ရှင်းသည် အထွတ်အမြတ်မြေများမှ တက်ရောက်လာသည့် တစ်ဦးတည်းသော စီနီယာ ကျင့်ကြံသူ ဖြစ်သည်။ သူသည် အခြား အထွတ်အမြတ်မြေများမှ လူငယ်များကိုပါ စောင့်ရှောက်ကာ ခေါ်လာခြင်း ဖြစ်သည်။

“တိုင်ချူ ဘုရားကျောင်းက သူတို့ရဲ့ တပည့်တွေကို တိုက်ပွဲကြည့်ဖို့ သက်သက် လွှတ်လိုက်တာတော့ မဖြစ်နိုင်ဘူး... သူတို့သာ တိုက်ပွဲထဲ ဝင်ပါရင် ငါတို့ရဲ့ တပည့်တွေတော့ ဒုက္ခပဲ...”

ဝိညာဥ်ပင်လယ် အဆင့် ကျင့်ကြံသူများမှာ တစ်ယောက်ကို တစ်ယောက် အခက်တွေ့ဟန် ကြည့်လိုက်ကြသည်။ ထိုက်ကျိဂိုဏ်း၊ ကျားနဂါးတောင်တို့ ကဲ့သို့သော ဂိုဏ်းကြီးများမှ ခေါင်းဆောင်များ ပင်လျှင် မျက်မှောင်ကြုတ် နေကြသည်။

ထို့နောက် မူလ ကျင့်ကြံသူ အချို့မှာ ထပ်မံ ရောက်ရှိ လာကြ၏။ သူတို့ကား ကျန်းနန်နယ်နှင့် ပတ်ဝန်းကျင် ပြည်နယ်များ၌ လွှမ်းမိုးနိုင်စွမ်း ရှိကြသော သူများ ဖြစ်သည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ကြရင်း စင်မြင့်ထက်ရှိ ထိုင်ခုံများ၌ ထိုင်လိုက်ကြ၏။

ဝိညာဥ် ပင်လယ် အဆင့် လူအိုကြီး တစ်ယောက်က ထိုင်ရာမှ ထရပ်ကာ ကြေညာလိုက်သည်။

“ဧည့်သည်တွေလည်း စုံပြီ ဆိုတော့ ညီလာခံကို စလိုက်ကြတာပေါ့...”

ညီလာခံ၏ ပထမပိုင်း၌ ဘိုးဘေးများနှင့် ကျော်ကြားသော ကျင့်ကြံသူများသည် ရှေ့သို့တက်လာကာ သူတို့၏ အတွေ့အကြုံများကို ဆွေးနွေးကြသည်။ သူတို့က ပရိသတ်များ နားလည်နိုင်သည့် ရိုးရှင်းသော စကားလုံးများကို သုံးကာ အရာ အားလုံးကို ရှင်းပြကြသည်။ ထို့ကြောင့်ပင် များစွာသော လူများမှာ ထိုအရာကို သဘောကျကြသည်။

အတွေ့အကြုံများကား အင်တာနက်မှ ဝယ်ယူနိုင်သော အရာများ မဟုတ်ချေ။ ထို့အတူ စာသင်ခန်းထဲရှိ ဆရာများမှာလည်း ထိုအရာများကို မသင်ပေးနိုင်ချေ။ ဝိညာဥ် ပင်လယ် အဆင့် ကျင့်ကြံသူများမှာ ယခုကဲ့သို့ ပွဲမျိုးတွင်သာ သူတို့၏ ကျင့်ကြံခြင်း အတွေ့အကြုံများကို မျှဝေကြခြင်း ဖြစ်ပေသည်။

ချန်းဖန်မှာမူ ထိုအရာများကို စိတ်မဝင်စားပါချေ။ သူသည် တိုင်ချူဘုရားကျောင်း၊ နေနန်းတော် တို့ ကဲ့သို့သော ဂိုဏ်းများမှ ကျင့်ကြံသူများ အပေါ် အာရုံရောက် နေခဲ့သည်။ ထိုလူငယ်များမှာ ကျန်းပေ့နယ်၏ လူငယ် ကျင့်ကြံသူများထက် အဆများစွာ ပိုမို အစွမ်းထက်ပေသည်။

“သူတို့က အခြားဂြိုဟ်က လာတဲ့လူတွေ ဖြစ်ရမယ်... သူတို့ ကျင့်ထားတဲ့ ကျင့်စဥ်တွေက ကမ္ဘာပေါ်မှာ တွေ့နိုင်တဲ့ ကျင့်စဥ်တွေ မဟုတ်ဘူး’”

ချန်းဖန်သည် ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများ၏ အကန့်အသတ်ကို သိပေသည်။ ကမ္ဘာ၏ ကျင့်ကြံခြင်း သမိုင်း၌ မူဘ အဆင့်၊ ရွှေအမြုတေ အဆင့်များ မကြာခဏ ပေါ်ထွက်လာတတ်သည့်တိုင် ကမ္ဘာ၏ ကျင့်စဥ်များမှာ ထျန်းဟောင်ဂြိုဟ်ရှိ ကျင့်စဥ်များလောက်ပင် ပြည့်စုံခြင်း မရှိချေ။

“ဒါပေမဲ့ အရှင်ရှင်း ဆိုတဲ့လူနဲ့ အခြား လူငယ်တွေ ကျင့်တဲ့ ကျင့်စဥ်က ပြည့်စုံတဲ့ ကျင့်စဥ်တွေပဲ... ကြယ်ပင်လယ် ထာဝရဂိုဏ်းတွေမှာပဲ ရှိနိုင်တဲ့ ကျင့်စဥ်တွေ... ဒီတိုင်ချူ ဘုရားကျောင်း၊ ဝူကျိဂိုဏ်းနဲ့ နေနန်းတော်တို့ရဲ့ နောက်ကွယ်မှာကြယ်ပင်လယ်က ကျင့်ကြံသူတွေ ရှိနေတာ သေချာတယ်”

ချန်းဖန်၏ မျက်လုံးများက တောက်ပသွားသည်။ သူ ကောပိုင်ရှင်းနှင့် ချန်းချူရန်တို့ မြင့်တက်လာခြင်းအား ခွင့်ပြုထားခြင်းမှာ သူတို့မှာ ကမ္ဘာပေါ်၌ မွေးဖွားလာသည့်သူများ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် အခြားဂြိုဟ်များမှ လူများ ကမ္ဘာပေါ်၌ ထင်တိုင်းကြဲနေခြင်းမျိုးကိုမူ ခွင့်မပြုနိုင်ချေ။ ကမ္ဘာပေါ်ရှိ လူများ၏ ကံကြမ္မာကို ကမ္ဘာသားများကသာ ပိုင်ဆိုင်နိုင်သည်။

ရုတ်တရက် ချန်းဖန်၏ နောက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။

“နောက်က ကြည့်နေတာ ဘယ်သူများလဲလို့... စင်ပေါ်ကို တက်ဖို့ ငြင်းဆန်ခဲ့တဲ့ ညီလေးချန်းပါလား... ဘယ်လိုလုပ်ပြီး အထဲကို ရောက်လာတာလဲ... ကြည့်ရတာ မင်းက ဒီလို ပွဲကြီးပွဲကောင်းမျိုးမှာပါ အရှက်ကွဲချင်နေတာ ထင်တယ်”

ချန်းဖန်က နောက်သို့ လှည့်ကြည့်လိုက်ရာ ကျန်းဖေးဖေး၊ ချူယွင်၊ ရှောင်ရွှမ်၊ ကျိုးမင်ကုန်းတို့ အပြင် သူ့အား လှောင်ပြောင်ဟန် ပြုံးလျှက် ကြည့်နေသော လုယန်တို့ကို တွေ့လိုက်ရသည်။

“လုယန်... နင်များနေပြီ”

ကျန်းဖေးဖေး၏ အမူအရာက အေးစက်သွား၏။ သူမသည် ချန်းဖန်ကို သဘောမကျသည့်တိုင် ကြင်နာတတ်သူ တစ်ယောက် ဖြစ်သည်။ ထို့အပြင် အန်တီထန်ကလည်း ချန်းဖန်အား ကာကွယ်ပေးရန် သူမကို တာဝန်ပေးထားသေးသည်။ အကယ်၍ လုယန် ယခုထက် ပို၍ များလာပါက သူမ အနေဖြင့် စင်ပေါ်တက် စိန်ခေါ်ရန် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။

“ဖေးဖေး... လုယန်ပြောတာ ဘာမှားလို့လဲ... နင့်ကောင်လို သူရဲဘောကြောင်တဲ့ကောင်က ဒီလို ပွဲမျိုးနဲ့ မတန်ဘူး...”

ရှောင်ရွှမ်က ပြောလိုက်သည်။

“ဟုတ်တယ်... ဖေးဖေး... လုယန်က အကြောင်းပြချက် မရှိပဲနဲ့ ပြောနေတာ မဟုတ်ဘူး”

အခြားလူများကလည်း ပြောကြသည်။ ကျန်းဖေးဖေးကား ဘာလုပ်ရမှန်းပင် မသိတော့ချေ။

“တော်ကြတော့... လုယန် မင်းလည်း ပါးစပ်ပိတ်ထား... အနာဂတ် မတူညီတဲ့ လူတစ်ယောက် အတွက် ကိုယ့်အချင်းချင်း ပြဿနာ မဖြစ်ချင်စမ်းပါနဲ့”

ချူယွင်က ပြောလိုက်သည်။ အပေါ်ယံကြည့်ပါက သူ၏ ပုံစံမှာ ချန်းဖန်ကို ကူညီလိုက်ဟန် ပေါ်သည်။ သို့သော်လည်း အမှန်တကယ်တွင်မူ သူသည် အလိမ္မာ စကားသုံးကာ ချန်းဖန်ကို သူတို့ အသိုင်းအဝိုင်းမှ ဖယ်ထုတ်ပစ်လိုက်ခြင်းသာ ဖြစ်ပေသည်။

သို့သော်လည်း ချန်းဖန်မှာမူ သူတို့အား ဂရုစိုက်၍ လှည့်ပင် မကြည့်ခဲ့ချေ။ ထိုကလေးများကား သူ၏ ခြေထောက်အောက်ရှိ ပုရွက်ဆိတ်များနှင့် ခြားနားခြင်း မရှိချေ။

“မင်းတို့...”

တစ်ချိန်တည်း၌ ရန်ကျွင်းကျဲ့မှာမူ ဒေါသထွက် နေခဲ့၏။ သူသည် ဝင်ရောက် ပြောချင်နေသော်လည်း မပြောရဲချေ။ ချူယွင်တို့အား ဆန့်ကျင်ခြင်းက သူ့ကိုသာလျှင် မက သူ့မိသားစုကိုပါ အကြီးအကျယ် ထိခိုက်စေလိမ့်မည် ဖြစ်သည်။

“ထားလိုက်...”

ချန်းဖန်က ရန်ကျွင်းကျဲ့၏ ပုခုံးကို ပုတ်ကာ လုယန်အား လှည့်ကြည့် လိုက်၏။

“ကျန်းဖေးဖေးကြောင့်သာ မဟုတ်ဘူး ဆိုရင် ငါ မင်းကို သတ်ပြီး အရိုးကို ခွေးကျွေး ပစ်လိုက်ပြီ...”

ချန်းဖန်၏ အသံက တည်ငြိမ် အေးစက်နေသည်။

“မင်း ဘာပြောလိုက်တာလဲ...”

လုယန်မှာ ဆွံ့အသွား၏။ ရန်ကျွင်းကျဲ့ ပင်လျှင် ချန်းဖန်၏ စကားကြောင့် မျက်လုံးနှစ်ဖက် ပြူးကျယ် သွားခဲ့၏။ တစ်ချိန်တည်း၌ ကျန်းဖေးဖေးနှင့် အခြားလူများမှာလည်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ချန်းဖန်က လုယန်၏ မေးခွန်းအား လျစ်လျူကာ ကျန်းဖေးဖေးဘက် လှည့်လိုက်၏။

“နောက်ဆုံးအနေနဲ့ ဒီတစ်ကြိမ် သူတို့ကို လွှတ်ပေးလိုက်မယ်... နောက်တစ်ကြိမ် ထပ်ဖြစ်ရင်တော့ ငါ့ကို မသနားတတ်ဘူးလို့ မပြောနဲ့...”

“ချန်းဖန်... ရှင်က ကျွန်မကိုပါ အပြစ်တင် နေတာလား”

ကျန်းဖေးဖေးမှာ ဒေါသထွက် သွားသည်။

“ဂရုမစိုက်ဘူး... နင့် သူငယ်ချင်းတွေကို ဆင်ဆင်ခြင်ခြင်နေဖို့ သတိပေးထား”

ထို့နောက် ချန်းဖန်က ရှောင်ရွှမ်၊ လုယန်နှင့် အခြားလူများကို တစ်ချက် ကြည့်လိုက်သည်။ ထိုအရာက သူ၏ နောက်ဆုံး သတိပေးချက် ဖြစ်သည်။

“ရှင်...”

ကျန်းဖေးဖေးမှာ ဒေါသကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီသွား၏။

“ကောင်းပြီလေ... ဒီနေ့ကစပြီး ရှင်နဲ့ ကျွန်မ ဘာမှ ပတ်သက်စရာ အကြောင်း မရှိတော့ဘူး... သေခန်းပြတ်ပဲ”

သူမ၏ အသံက အဆုံး၌ အေးစက်သွားသည်။ ရှောင်ရွှမ်သည် ကျန်းဖေးဖေး ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်ကြောင်း သိလိုက်ပေသည်။

“သတ္တိမရှိပဲ လေကျယ်နေတဲ့ကောင်... ဘာစွမ်းအားမှ မရှိပဲ လုယန်ကို စော်ကားချင်နေသေးတယ်”

ရှောင်ရွှမ်က ချန်းဖန်ကို တင်းမားစွာ ကြည့်လိုက်သည်။ တရုတ်ရိုးရာ ဝတ်စုံဝတ် မိန်းကလေးမှာမူ ခေါင်းကိုခါ ခါနေခဲ့၏။

“ဒီကောင်လေးက တော်တော် ဉာဏ်မရှိတာပဲ... လုယန် သူ့ကို ရန်စနေတဲ့ ရည်ရွယ်ချက်က ဒီလို ရလဒ်မျိုး ရဖို့ပဲ...အစတုန်က ဖေးဖေးက သူ့ဘက်မှာ ရှိသေးတယ်... အခု ဘယ်သူက သူ့ကို ကာကွယ်ပေးမှာလဲ... လုယန်က ဒီအကွက်ကို ချောင်းနေတာ သူ သိသင့်တယ်”

ချူယွင်ကလည်း ချန်းဖန်ကို အထူအပါး နားမလည်သည့် ကြက်ပေါက်စလေး အလား သနားစွာ ကြည့်၏။ ထိုကဲ့သို့သော လူမျိုးမှာ သူများ နောက်လိုက်ဖြစ်လာရန် မွေးဖွားလာသည့် လူမျိုး ဖြစ်သည်။ အရှင်သခင်လောင်း တစ်‌ယောက်မှာ ထိုကဲ့သို့ အမှားမျိုးအား ကျူးလွန်လိမ့်မည် မဟုတ်ချေ။

“အကို... ခင်ဗျားတော့ အမှားကြီး တစ်ခုကို လုပ်လိုက်မိပြီ ထင်တယ်”

ရန်ကျွင်းကျဲ့က ပင်လျှင် ချန်းဖန်အား စိတ်ပူစွာဖြင့် ပြောသည်။

“အကို နောက်ကျရင် ကျန်းဖေးဖေးကို ပြန်တောင်းပန်လိုက်ပါလား... သူက သူက မာနကြီးပေမဲ့ ကြင်နာတတ်တယ် ဆိုတော့ ခွင့်လွှတ်မှာပါ... သူ့ အကာအကွယ်သာ မရှိရင် လုယန်တို့ လူယုတ်မာ တစ်သိုက်က အကို့ကို ချမ်းသာပေးမှာ မဟုတ်ဘူး”

“ဘာမဖြစ်ပါဘူးကွ...”

ချန်းဖန်က ပခုံးတွန့်ရင်း ပြောလိုက်သည်။

“အဲဒါက ငါ့ အတွက် နစ်နာစရာ တစ်ခုမှ မရှိဘူး... သူပဲ ဆုံးရှုံးရမှာ”

တစ်ချိန်တည်း၌ ဂိုဏ်းတိုက်ပွဲများမှာ စတင်တော့မည် ဖြစ်သည်။ များစွာသော လူများသည် နာမည်ကျော် လူငယ်မျိုးဆက်များ တိုက်ခိုက်ကြမည်ကို စိတ်ဝင်တစား စောင့်မျှော်နေကြ၏။

***

All Chapters