← Chapters

Chapter 25

Vol. 3 Ch. 25

Chapter 25

Vol. 3 Ch. 25

ကျန်းယွီသည် ချူးလီရောက်လာမှာကို အခန်းလွတ်ထဲတွင် ထိုင်စောင့်နေလိုက်သည်။

ပြတင်းပေါက်အပြင်ဘက်က နှင်းများသည်တော့ မြန်မြန်ဆန်ဆန်ပင် ကျဆင်းနေပြီး ကြည့်ရတာ ဘဲငန်းလေးတစ်ကောင်ကျလာတာနှင့်ပင် တူလှသည်။

ထို့နောက် ကော်ရစ်ဒါအလွတ်ဆီကနေ ခြေသံတစ်ချို့ ပဲ့တင်သံထွက်လာသည်ကို သူမကြားလိုက်ရသည်။

တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ဆောင်းရာသီ၏ အေးစက်မှုနဲ့အတူ အနက်ရောင်ဂျာကင်အထူကြီးကို ဝတ်ထားသော ချူးလီတစ်ယောက် ကျန်းယွီရှေ့ကို ပေါ်လာလေတော့သည်။

အခန်းထဲတွင်တော့ ကျန်းယွီက ယောဂဖျာပေါ်မှာထိုင်နေပြီး သူမ၏ခြေထောက်များကို အကြောလျော့နေကာ ဖိနပ်အပျက်များကလည်း သူမဘေးတွင်ရှိနေလေသည်။

ချူးလီသည် ထိုဖိနပ်အပျက်များကို တစ်ချက်မှမကြည့်ဘဲ သူမဘေးနားတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူ့ကျောပိုးအိတ်ထဲက အဖြူရောင်ဖိနပ်အိတ်လေးကို ထုတ်လိုက်သည်။ ထို့နောက်တွင်တော့ ဖြူဖွေးဆွတ်နေသော VCI ဖိနပ်လေးကို ဂရုတစိုက်နှင့် ထုတ်လိုက်လေ၏။

“ဝူစီလင်း ငါ့ကိုမုန်းတယ်ဆိုတာကိုတော့ သိပါတယ်.. ဒါပေမယ့် ပြိုင်ပွဲမတိုင်ခင်တစ်ရက်အလိုကြီးမှာ ဒီလိုလုပ်ရပ်မျိုးအထိ လုပ်မယ်လို့တော့ ငါမထင်ထားဘူး”

နောက်ဆုံးတွင်တော့ ကျန်းယွီတစ်ယောက် စကားပြောရန်လူရခဲ့လေပြီ။ ပူဆွေးမှုတစ်ချို့နှင့်အတူ သူမသည် နူးညံ့သိမ်မွေ့စွာ ဆက်ပြောလိုက်သည်။

“ပြောသေးတာ.. သူဖျက်ဆီးချင်တာတောင် ဒီဖိနပ်အဟောင်းတွေကို ဖျက်ဆီးချင်တာမဟုတ်ဘူးတဲ့..။ အစကတည်းက ငါ့မှာ VCI ဖိနပ်တစ်ရံရှိတယ်ဆိုတာ သိပြီးသားမို့ ဒီဖိနပ်တွေကိုဖျက်ဆီးလိုက်လည်း ငါမရှုံးနိုင်ဘူးဆိုတာ သိနေလို့တဲ့”

ကျန်းယွီသည် စိတ်ကိုလျော့ချလိုက်ပြီး ခဏလောက်စဉ်းစားနေလိုက်သည်။ ဝူစီလင်းတစ်ယောက် ဒီလောက်ထိ တုံးအလိမ့်မယ်လို့ သူမဘယ်တုံးကမှ မထင်ထားခဲ့ပေ။

သို့သော် သက်သေကရှိနေလေသည်။ ဝူစီလင်းသည် သံသယဖြစ်ဖွယ်အချိန်မှာ လော့ကာခန်းထဲကိုဝင်ခဲ့ပြီး သူမအပြင် အဲ့အခန်းထဲကိုဝင်ခဲ့သူက သန့်ရှင်းရေးအန်တီကြီးသာ ဖြစ်ပေသည်။

ထို့ကြောင့် သန့်ရှင်းရေးအန်တီကြီး လုပ်တာကတော့ မဖြစ်နိုင်။

ချူးလီသည် ကျန်းယွီ၏ စကားများကို နားထောင်ပေးနေပြီး ပျက်ဆီးနေသော အကဖိနပ်များကို စိုက်ကြည့်လိုက်ကာ ရွှင်ပျစွာသာ ပြန်ပြောလိုက်သည်။

“ဒီဖိနပ်တွေက အရမ်းဟောင်းနေပြီ”

“ဟောင်းလွန်းလို့ အခုဆိုရင်ဝတ်လို့မရတော့ဘူး”

ချူးလီသည် VCI ဖိနပ်များကို ကျန်းယွီ၏ ခြေဖဝါးနား တိတ်တိတ်လေးချလိုက်သည်။

သူမ,မငြင်းတာကို တွေ့သဖြင့် သူမခြေဖဝါးကို သူ့ဒူးပေါ်တင်၍ ဖိနပ်များကို စီးပေးလိုက်လေသည်။

ဒီလောက်နှစ်တွေအကြာကြီး အကလေ့ကျင့်လာတာမို့လို့ သူမ၏ခြေဖဝါးလေးများမှာ သူများနှင့်မတူလောက်အောင် အချိုးအစားကျနလှပြီး နူးညံ့သိမ်မွေ့လေသည်။

ချူးလီသည် သူမကိုဖိနပ်စီးပေးလိုက်ပြီး သူမ၏ ခြေမျက်စိတွင် ဖဲပြားလေးကို ကြိုးချည်ပေးလိုက်လေသည်။ ပြီးနောက် ချက်ချင်း ပြန်မလွှတ်ပေးသေးဘဲ သူမခြေဖဝါးကို ဖွဖွလေး ဆက်ကိုင်ထားလိုက်သည်။

သူ့မျက်ဝန်းနက်နက်များထဲတွင်တော့ ဒီအရာကို အနုပညာလက်ရာတစ်ခုသဖွယ် အသိအမှတ်ပြုနေသည့် သိမ်မွေ့မှုနှင့် လောဘလေးကို မြင်နေရလေသည်။

သူပိုင်ဆိုင်သည့် အနုပညာလေးပေါ့..။

“အတော်လိုက်တာပဲ”

ကျန်းယွီလည်း သူမခြေထောက်နှင့် ကွက်တိတော်သော ထိုဖိနပ်များ၏ နူးညံ့မှုနှင့် သက်တောင့်သက်သာရှိမှုကို ခံစားမိလေသည်။ အရင်ဖိနပ်တွေ စီးရတုန်းက အတွေ့အကြုံထက် အဆပေါင်းများစွာ ပိုကောင်းလေသည်။

ပုံပန်းသွင်ပြင်ကလည်း ခြားနားသိသာလှပြီး အရည်အသွေးကလည်း အဆင့်အတန်းတစ်ခုရှိသောကြောင့် အတော်ကို ကောင်းမွန်လှပေသည်။

ဒါသည် သူမအမြဲတမ်း အိမ်မက်မက်နေခဲ့သော အကဖိနပ်များဖြစ်ပေသည်။

“အခုချိန်မှာတော့ ငါနင့်ကိုပြန်ပေးဖို့ ပိုက်ဆံမရှိသေးဘူး.. ငါ့ Esmeralda ဝင်ခွင့်ကသေချာသွားပြီဆိုရင် ငါနင့်ကိုပြန်ဆပ်မယ်”

ချူးလီသည် သူမခြေဖဝါးကဖဲပြားလေးတွေကို ကစားနေရင်း ပြန်ပြောလိုက်သည်။

“ဒါဆို ငါကရော မင်းကိုပြန်ပေးဖို့လိုတာလား? အရင်တုံးက ငါတို့ညစာစားခဲ့သမျှ မင်းရှင်းခဲ့တာကိုလေ”

“မလိုဘူးလေ.. ဒါပေမယ့် ဒီဖိနပ်တွေက အရမ်းစျေးကြီးလွန်းတယ်လေ”

ချူးလီကတော့ တည်တည်ငြိမ်ငြိမ်သာ ပြန်ဖြေလိုက်သည်။

“အဲ့လောက်လည်း မဟုတ်ပါဘူး”

သူမသာလိုချင်တယ်ဆိုရင် ချူးလီသည် သူမကို ဘာမဆိုပေးနိုင်ပေသည်။ ဘာပဲလုပ်ရလုပ်ရ အရေးမကြီးပေ..။

သူ့ဘဝတစ်လျှောက်လုံးမှာ သူမကသာ သူခံစားလို့ရနိုင်တဲ့ တစ်ခုတည်းသောအရာပေပဲ။

ထိုအခိုက်အတန့်တွင် ချူးလီတစ်ယောက် စိတ်တည်ငြိမ်နေတာကို ကျန်းယွီ သတိထားမိသည့်အတွက် သူ့လက်ဖဝါးနောက်လေးကို ဖျစ်လိုက်ကာ မေးလိုက်သည်။

“ဒါဖြင့် ငါ့ကိုပြောစမ်းပါဦး.. ဒီဖိနပ်တွေကို ဘယ်လိုရလာတာလဲ”

ချူးလီကတော့ ပြတ်ပြတ်သာပြန်ပြောလိုက်သည်။

“ငါ့မှာလည်း စုထားတာတစ်ချို့ရှိပါသေးတယ်.. မင်းထင်သလောက်ကြီးလည်း ငါမဆင်းရဲသေးပါဘူး”

“ဒါဆိုရင် အဲ့တုန်းကဒဏ်ရာတွေကရော”

“အဲ့ဒါတွေက ဘာမှမဆိုင်ပါဘူး.. အရင်ပြဿနာတစ်ခု ပြန်ပေါ်လာလို့”

ကျန်းယွီ၏ လက်များ တင်းကျပ်လာလေသည်။

ချူးလီတစ်ယောက် အမှန်အတိုင်းပြောနေတာ မဟုတ်ဘူးဆိုတာကို သူမသိလေသည်။ သို့သော် အမှန်တရားက ဘာပဲဖြစ်ဖြစ် သူမသည်းခံနိုင်မယ့်အရာတစ်ခုတော့ မဖြစ်နိုင်ချေ။

အချစ်ဆိုတာက အခက်ခဲဆုံး စကားလုံးတစ်ခုပါလား..။

ပြောရရင် အရမ်းကြီးစိုးရိမ်စရာတော့ မရှိပေ..။ သူ့ကိုသေချာစောင့်ကြည့်ပြီး သူမကိုပိုကြိုက်လာတာကို ခွင့်ပြုပေးပြီးတော့ သူ့စကားကို ပိုနားထောင်ပေးရုံပဲပေါ့..။ ပြီးရင် သူ့ဘဝရဲ့ အခက်ခဲဆုံးဝန်ထုပ်ဝန်ပိုးကို ကျော်လွှားနိုင်အောင် ကူညီပေးရတာပေါ့...

ဒီလိုသာဆိုရင် အနာဂတ် သူ့လမ်းခရီးက ဖြောင့်ဖြူးနေဦးမှာပဲ..။

သူမလည်း တာဝန်ကို အောင်အောင်မြင်မြင် ပြီးဆုံးသွားပေလိမ့်မည်ပေါ့။

ကျန်းယွီ၏ မျက်လုံးများသည် အနည်းငယ်မကြည်မသာဖြစ်နေပြီး နီနေလေသည်။

သူမအရမ်းတစ်ကိုယ်ကောင်း ဆန်တဲ့လူဆိုတာကိုတော့ သူမဝန်ခံရပေမည်။ သူမဘဝနှင့်ပင် ပြန်ပေးဆပ်ခဲ့ရသည့် အခက်အခဲတွေ၊ လဲကျမှုတွေကို ကြုံတွေ့ရခဲ့လို့ပဲ မဟုတ်ပါလား..။

ဘဝက ဘာလို့အဲ့လောက်တောင် ခက်ခဲနေရတာလဲ?

ဒါပေမယ့် ထပ်ပြီးအထွန့်တက်မနေသင့်တော့ပေ.. ဒီဘဝတွင်တော့ သူမမှာလုပ်စရာတွေ တစ်ပုံကြီးကိုး..။

အနည်းဆုံးတော့ သူမဘဝသည် ထို app ကြောင့် ပြောင်းလဲသွားရပေပြီ။ ဒီလိုနှင့် တစ်ခြားသူတွေရဲ့ဘဝကို ကယ်တင်နိုင်ပြီး ပိုက်ဆံလည်းရကာ သူမဘဝလည်းတိုးတက်လာအောင် လုပ်နိုင်ပေသည်။ သူမကျောင်းစရိတ်ကိုတောင် ကိုယ့်ဟာကိုယ်ရှာနိုင်ခဲ့ပြီ မဟုတ်ပါဘူးလား..။

ဘဝမှာ လမ်းကြောင်းမှန်ပေါ်ကိုသာ လျှောက်လှမ်းနေသရွေ့ အနာဂတ်ကို ကောင်းကောင်းကြီး မျှော်လင့်လို့ရပေပြီ။

အရာအားလုံးက သူ့အစီအစဉ်နဲ့သူ ရှိပြီးသားပေပဲ..။

ချူးလီသည် ကျန်းယွီတစ်ယောက် အတွေးတွေထဲ နစ်မျောနေတာကို တွေ့နေရသည်။ သူမမျက်နှာမှာ တင်းမာနေသဖြင့် သူပြောတာကို သူမကျိန်းသေပေါက်မယုံဘူးဆိုတာကို သူသိလေသည်။

ဘာပဲဖြစ်ဖြစ် သူမယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အဲ့ဒါကသူမရွေးချယ်မှုသာ ဖြစ်ပေသည်။ တကယ်အရေးကြီးတာက သူမဒီဖိနပ်တွေကို စီးကိုစီးရပေမည်။

ကျန်းယွီသည် ဖိနပ်များဖြင့် မတ်တပ်ထရပ်လိုက်ပြီး ခြေဖျားလေးထောက်လိုက်ကာ သူမလက်များကိုလှည့်လိုက်လေသည်။ ပြီးနောက် သူမ၏ဖိနပ်အသစ်လေးများဖြင့် နေသားကျလာစေရန် spin တစ်ချို့ကိုအနည်းငယ် လှည့်ကြည့်လိုက်လေသည်။

အခန်းထဲတွင် နံရံပေါ်က လုံခြုံရေးမီးအိမ်လေးတစ်ခုသာ ထွန်းထားလေသည်။ အပြင်ဘက်ပြတင်းပေါက်တွင်လည်း ဘဲငန်းအတောင်ပံလေးသဖွယ် နှင်းဖြူလေးများက ကျဆင်းနေလေ၏။ ထို့အပြင် ရေပြင်ကဲ့သို့ တည်ကြည်အေးမြလှသော ညချိန်တွင် ဒီမိန်းမပျိုလေးက လှပတင့်တယ်စွာ ကနေလေသည်။

သူမ၏လည်တံလေးမှာ ပြေပြစ်ညက်ညောလှပြီး ကြော့မော့နေလေ၏။ သူမ၏လက်မောင်းလေးများကို ဖွင့်ဟထားပုံမှာ ဘဲငန်းလေးတစ်ကောင် သူ့လည်တံလေးနှင့် အတောင်ပံလေးများကို ဖြန့်ကျက်ထားသည့်အလားပင်..။ ထိုမြင်ကွင်းလေးမှ ညအမှောင်နှင့် သဟဇာတဖြစ်လွန်းစွာပင် လိုက်ဖက်လွန်းလှပေသည်။

ငရဲကျနေတယ်ဆိုရင်တောင် နောက်ဆုံးမျှော်လင့်ချက်အလင်းရောင်လေးကိုတော့ သူတောင့်တမိလေသည်။

မိုက်မိုက်မဲမဲ တစ်ခုခုပဲလုပ်ရလုပ်ရ ဒီအလှလေးကို ပိုင်ဆိုင်လိုစိတ် ပြင်းပြနေလေသည်။

ကျန်းယွီကတော့ ဒီကောင်လေးရဲ့မျက်လုံးထဲက မျှော်လင့်တောင့်တနေမှုတွေကို သတိမထားမိပေ။ သူမထိုင်ချလိုက်ပြီး အသက်ကိုပြင်းပြင်းရှုလိုက်ကာ သူ့ကိုအပြုံးလေးဖြင့် ပြောလိုက်လေသည်။

“ဖိနပ်တွေက သက်တောင့်သက်သာရှိလိုက်တာ..။ ဒီလိုသက်တောင့်သက်သာရှိတဲ့ ဖိနပ်မျိုးကို မစီးရတာ အချိန်အတော်တောင်ကြာခဲ့ပြီပဲ။ ငါကျိန်းသေပေါက်ကို လုပ်နိုင်...”

သူမ ပြောလို့မပြီးသေးခင်မှာပဲ ထိုင်နေတဲ့ကောင်လေးက ရုတ်တရက်ကြီး သူမနားကိုကပ်လိုက်ကာ သူမပါးလေးကို ဖွဖွလေး နမ်းလိုက်လေသည်။

သူမဗိုက်ထဲမှာ လိပ်ပြာတွေ ပျံသွားတဲ့အတိုင်းပင်...။ သို့သော် ခဏလေးနှင့် ပြန်ပျောက်ကွယ်သွားလေ၏။

ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင် ညကတော့ တိတ်ဆိတ်နေလေသည်။

စိတ်လှုပ်ရှားမှုများသည် သူမကျောရိုးကတစ်ဆင့် ဦးနှောက်ထဲသို့ ဝင်ရောက်သွားလေသည်။ သူမ၏ အာရုံကြောများလည်း ပေါက်ကွဲထွက်တော့မည့်အလားပင်။ ထိုအရာမှာ မီးပန်းများ ပေါက်နေသည့်အလား ဖြစ်နေလေသည်။

သူမသည် အသိစိတ်ကပ်ကာ ထရပ်လိုက်ပြီး အကာအကွယ် ယူလိုက်သည့်အလား နောက်ကိုခြေနှစ်လှမ်းလောက် ဆုတ်လိုက်သည်။

ချူးလီကတော့ ကြမ်းပြင်ပေါ်မှာပဲ ဆက်ထိုင်နေပြီး သူ့အောက်နှုတ်ခမ်းကို ယက်လိုက်လေသည်။

ကျန်းယွီသာ သူ့ကိုစိတ်လှုပ်ရှားလာအောင် မလုပ်ခဲ့ဘူးဆိုရင် သူဒီလိုမျိုးတွေ လုပ်မိရင်တောင် ဘာခံစားချက်မှ ရှိမည်မဟုတ်ပေ။

ပြောရမယ်ဆိုရင် သူစိတ်မထိန်းနိုင်ခဲ့ခြင်းပင်..။

ချူးလီသည် သူမကိုကြည့်လိုက်ပြီး မောက်မာသည့်ဒီဇိုင်းနှင့် ပြုံးပြလိုက်လေသည်။

“ကြောက်သွားတာလား”

“မဟုတ်ပါဘူး”

ကျန်းယွီသည် အကြည့်လွဲကာ သူ့ကိုသတိပေးလိုက်လေသည်။ “ငါတို့တွဲနေတာဆိုရင်တောင် အမြဲတမ်းကြီး နင်ငါ့ကိုဒီလိုမျိုး အသားမယူနဲ့နော်”

“ငါတို့က ရည်းစားတွေ မဟုတ်ဘူးလား”

ကျန်းယွီကတော့ ကတ်သီးကတ်ဖဲ့ ဆက်ပြောလိုက်လေသည်။

“နင်အမြဲတမ်း ငါ့ကို အသားယူနေတာပဲလေ.. အဲ့လိုကြီးကျ ငါကအရှက်မရှိတဲ့အတိုင်းပဲ”

“ဒါများလွယ်ပါတယ်”

ချူးလီသည် ပြုံးကာ သူမလက်ကိုဆွဲလိုက်လေသည်။

“ငါ့ကို ပြန်အသားယူခွင့်ပေးမယ်လေ”

“...”

ကျန်းယွီအိမ်မပြန်ခင် ညနေခင်းတုန်းက လင်းကျူဝမ်သည် ကျန်းမန့်ယီကို ဖုန်းခေါ်၍ မနက်ဖြန်ကျင်းပမည့် Esmeralda အနုပညာသင်တန်းကျောင်း၏ ရွေးချယ်မှုအကြောင်း သူမကို အသိပေးခဲ့လေသည်။

Esmeralda ဆိုသည့် စကားလုံးကိုကြားလိုက်သည်နှင့် ကျန်းမန့်ယီတစ်ယောက် နောက်ကိုခြေနှစ်လှမ်းလောက် ဆုတ်မိသွားသည်။

အတိတ်တုန်းက သူမ၏အချစ်ဆုံးသူငယ်ချင်း ပုထျန်းယန်သည် Esmeralda စင်ထက်တွင် ကွယ်လွန်ခဲ့ရလေသည်။ ဒီစကားလုံးလေးလုံးသည် သူမကို အလိုအလျောက် ခံနိုင်ရည်မရှိအောင် လုပ်နိုင်လေသည်။

“ဒီနေ့ကျောင်းမှာ မတော်တဆမှု အသေးလေး ဖြစ်သွားခဲ့ပါတယ်။ ကျောင်းက တာဝန်ရှိသူတစ်ယောက်အနေနဲ့ ကျွန်မတကယ်ကို တောင်းပန်ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ ပြဿနာကို ဖြေရှင်းပြီးသွားပါပြီ"

လင်းကျူဝမ်သည် ကျန်းမန့်ယီ၏ အရိပ်အကဲကို သတိမထားမိဘဲ အပြုံးလေးနှင့် ဆက်ပြောလိုက်လေသည်။

“ဒီညတော့ ရှောင်ယွီ့ကို စိတ်အခြေအနေအကောင်းဆုံးဖြစ်နေအောင် လုပ်ပေးရမယ်။ ညစာကိုလည်း ပေါ့ပေါ့ပါးပါးလေးပဲ စားခိုင်းပါ။ စောစောလည်း အိပ်ခိုင်းရမယ်နော်။ မနက်ဖြန်မနက်ကျရင် ကျောင်းကို ၈နာရီအရောက်လာရမယ်။ ပြိုင်ပွဲကတော့ ၉နာရီခွဲမှာ စမှာပါ”

“အစ်မလင်း.. ကြင်နာမှုအတွက်တော့ ကျေးဇူးတင်ပါတယ်”

ကျန်းမန့်ယီသည် ငြင်းဆန်လိုက်လေသည်။

“ဒါပေမယ့် ကျွန်မတို့မိသားစုက Esmeralda ရဲ့ ကျောင်းစရိတ်အမြင့်ကြီးကို မတတ်နိုင်ပါဘူး။ ကျွန်မကြားတာတော့ တစ်နှစ်ကို ယွမ်၂သိန်းလောက်ကုန်မှာဆို။ ဒါတောင် တစ်ခြားဖျော်ဖြေမှုစရိတ်တွေ မပါသေးဘဲနဲ့လေ။ သဘောထားကြီးပေးတာကိုတော့ ကျေးဇူးတင်ပေမယ့် ကျွန်မတို့ တကယ်မတတ်နိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မသမီးနာမည်ကို ပြိုင်ပွဲကနေ ဖယ်ပေးပါလား”

လင်းကျူဝမ်သည် ကျန်းယွီ၏ မိသားစုအခြေအနေကို စဉ်းစားခဲ့ပြီးပြီဖြစ်သည်။ သို့သော် သူမကတော့ ဆက်ပြောလိုက်သည်။

“ကျန်းယွီက တကယ်ကို ပါရမီပါတာပါ။ သူကကျွန်မတို့ကျောင်းကနေ Esmeralda ကိုဝင်ရောက်နိုင်ဖို့ ဖြစ်နိုင်ချေအရှိဆုံး ကျောင်းသူပဲ။ ကျောင်းစရိတ်ကမြင့်တယ်ဆိုပေမယ့် ဘဏ်တွေကနေချေးငွေယူပြီး တစ်ဖြတ်ချင်းသွင်းလို့ရတယ်လေ။ တစ်ကြိမ်တည်း အပြတ်ပေးစရာမလိုပါဘူး”

ဒါသာတစ်ခြား ဝါသနာဖြစ်ခဲ့လျှင် ကျန်းမန့်ယီသည် ကျန်းယွီအား ထိုသက်ဆိုင်ရာကျောင်းကို တက်ခွင့်ပေးမှာဖြစ်သည်။ သို့သော် ဒီအရာသည် ဘဲလေးဖြစ်နေတာမို့လို့... သူမ,မလုပ်နိုင်ပေ။

“ချေးငွေရှိတယ်ဆိုရင်တောင် ကျောင်းစရိတ်ကို ကျွန်မတို့မတတ်နိုင်ပါဘူး”

သူမသည် ခေါင်းမာမာသာ ဆက်ပြောလိုက်သည်။

“ကျွန်မကတော့ သူ့ကိုကခွင့်မပေးနိုင်ဘူး တီချယ်ရယ်.. တောင်းပန်ပါတယ်”

“ကျောင်းစရိတ်ကြောင့်ဆိုရင်တော့ စိတ်အေးအေးထားလို့ရပါတယ်”

လင်းကျူဝမ်သည် မြန်မြန်လေး ဆက်ပြောလိုက်သည်။

“Esmeralda ရဲ့ဥက္ကဌကြီး မစ္စတာရှဲ့ယွမ်က ပရဟိတလှူဒါန်းမှုတွေ အများကြီးလုပ်တယ်လေ။ ကျန်းယွီသာ တကယ်ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် ကျောင်းစရိတ်ကို ပမာဏတစ်ခုလောက်အထိ လျော့ချနိုင်မှာပါ”

ရှဲ့ယွမ်နာမည်ကို ကြားလိုက်ရသဖြင့် ကျန်းမန့်ယီမှာ ပို၍ပင် သွေးပျက်သွားရလေသည်။

သူမသည် ကျန်းယွီကို ဒီလူတွေနဲ့ လုံးဝမပတ်သတ်စေချင်ပေ။ ရှဲ့ယွမ်ပဲဖြစ်ဖြစ်၊ ပုမိသားစုပဲဖြစ်ဖြစ် ကျန်းယွီရဲ့တည်ရှိမှုကို မသိစေရဘူးဆိုတဲ့ ပုထျန်းယန်နဲ့သူမကြားက ကတိကို တည်ရပေမည်။

ကျန်းမန့်ယီသည် လင်းကျူဝမ်အား ဝတ်ကျေတန်းကျေသာ စကားတစ်ချို့ပြန်ပြောလိုက်ကာ ဖုန်းချလိုက်လေသည်။

သူမသည် ဆိုဖာပေါ်တွင် အချိန်အတော်ကြာ ထိုင်နေလိုက်သည်။ ထို့နောက် မီးဖိုချောင်ကိုသွားကာ ဟင်းတွေကို စားပွဲတစ်ခုလုံးအပြည့် အများကြီးချက်လိုက်လေသည်။

ကျန်းယွီတစ်ယောက် အိမ်ပြန်ရောက်တော့ စားပွဲပေါ်က မွှေးကြိုင်နေသည့် စားကောင်းသောက်ဖွယ်ပူပူလောလောများကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားကာ အမေ့ကိုမေးလိုက်လေသည်။

“မေမေ.. ဒီည ရှယ်စားကြမလို့လား”

ကျန်းမန့်ယီသည် အပြုံးလေးဖြင့် ပြန်ပြောလိုက်လေသည်။

“အခုတလော သမီးက မနက်ဆိုလည်းအစောကြီးသွားပြီး ညဆိုလည်း နောက်ကျမှပြန်လာတယ်လေ.. အမေကလည်း အလုပ်တွေရှုပ်နေတာနဲ့ ငါ့သမီးလေးကို ကောင်းကောင်း ဂရုမစိုက်နိုင်ဘူးဖြစ်နေတာ.. အဲ့ဒါကြောင့် ဒီညတော့ အစားပြန်ပေးတာလေ”

ကျန်းယွီသည် ရှေ့နားကိုခပ်သွက်သွက်လျှောက်သွားလိုက်ကာ ကျန်းမန့်ယီကို ဖက်လိုက်လေသည်။

“မေမေက အရမ်းကောင်းတာပဲ.. သမီးတော့ရင်ထဲထိသွားပြီ”

ကျန်းမန့်ယီ၏ မျက်နှာထားကတော့ သိပ်မူမမှန်နေကာ ကျန်းယွီကို တွန်းထုတ်လိုက်လေသည်။

“ဒီလောက်အပြောကောင်းနေရလား.. အခုချိန်ထိ အလိုလိုက်ခံထားရလို့ ပျက်စီးနေတဲ့ကလေးသေးသေးလေးကျနေတာပဲ။ မြန်မြန်ခြေလက်သွားဆေးပြီး စားတော့”

ကျန်းယွီသည် ပျော်ပျော်ရွှင်ရွှင်နှင့် ထိုင်လိုက်ကာ အသီးအရွက်များကိုစားရန် သူမတူကို ကောက်ကိုင်လိုက်လေသည်။ ထို့နောက် လင်းကျူဝမ်၏ အကြံပြုချက်ကို ချက်ချင်းသတိရသွားလေ၏။ တီချယ်သည် သူမကို ဒီည ညစာကို နည်းနည်းသာစားရန် သေချာမှာလိုက်လေသည်။

“မေမေ.. သမီးဗိုက်သိပ်မဆာဘူး.. အဲ့ဒါကြောင့် ဒီညနည်းနည်းပဲစားမယ်နော်”

ကျန်းယွီသည် အမေ့အား ခပ်ချွဲချွဲလေသံဖြင့် ပြောလိုက်လေသည်။

“မေမေစိတ်ထဲမထားဘူးမလားဟင်”

“ရပါတယ်” ကျန်းမန့်ယီသည် ပြုံးကာပြန်ပြောလိုက်သည်။

“သွက်သွက်လေးစား.. မဟုတ်ရင် ဟင်းတွေအေးကုန်လိမ့်မယ်”

“ဟုတ်”

ကျန်းယွီသည် တူကိုကိုင်လိုက်ကာ အပူအပင်မရှိစစားလိုက်လေတော့သည်။

ကျန်းမန့်ယီသည် သူမပန်းကန်ထဲကို အသီးအရွက်များထည့်ပေးကာ အပြုံးလေးနှင့် ပြောလိုက်လေသည်။

“ရှောင်ယွီ.. အမေက သမီးအပေါ်ကောင်းတယ်မလား”

“သမီးအတွက်တော့ မေမေက ဒီကမ္ဘာပေါ်မှာ အကောင်းဆုံးပဲလေ”

“တကယ်လား?”

ကျန်းမန့်ယီကတော့ မယုံသင်္ကာဖြစ်နေသေးသည်။

“အမေက သမီးကိုနားမလည်ဘူးဆိုပြီး အမြဲတမ်း ငြူစူနေခဲ့တာမဟုတ်ဘူးလား”

“ဒါပေမယ့် မေမေဘာလုပ်လုပ် အဲ့ဒါတွေအားလုံးက သမီးအတွက်ပဲဆိုတာ သိတယ်လေ”

ကျန်းယွီသည် ဝက်နံရိုးချိုချဉ်ကိုခပ်၍ ကျန်းမန့်ယီပန်းကန်ထဲကို ထည့်ပေးလိုက်သည်။

“အဲ့ဒါကြောင့် ဘာပဲဖြစ်ဖြစ် မေမေဘာလုပ်လုပ် သမီးကတော့ အပြစ်ပြောမှာမဟုတ်ဘူး"

ကျန်းမန့်ယီ၏ ခံစားချက်များကတော့ တကယ်ကို ရှုပ်ထွေးနေလေသည်။ ထို့အပြင် သူမမျက်လုံးများမှာ နီနေသောကြောင့် ထမင်းစားနေဟန်ဖြင့် ခေါင်းကိုငုံ့ထားကာ သူမ၏ခံစားချက်များကို ဖုံးကွယ်နေလေသည်။

သူမလုပ်နေတာ မှန်ရဲ့လားဆိုတာကို မသိတော့သည့်အတွက် သူမအနည်းငယ် စိတ်ဂယောင်ခြောက်ခြားဖြစ်လာမိသည်။

အမှန်တရားအားလုံးကို ဖုံးကွယ်ပြီး ဒီကလေးကို သူမဘေးမှာထားထားခြင်းက... သူငယ်ချင်းကိုပေးခဲ့သည့်ကတိကို တည်ချင်လို့ပဲလား ဒါမှမဟုတ် သူမရဲ့တစ်ကိုယ်ကောင်းဆန်မှုကြောင့်ပဲလား..။

ညစာစားပြီးတော့ ကျန်းယွီသည် အစာချက်အောင် လမ်းလျှောက်ထွက်သွားလေသည်။ ထို့နောက် ပြန်လာတော့ မျက်နှာသစ်ကိုယ်လက်ဆေးကြောကာ စောစောအနားယူရန် လုပ်လိုက်လေသည်။

မအိပ်ခင်မှာတော့ ကျန်းမန့်ယီသည် ကျန်းယွီအတွက် နွားနို့ပူပူလေးတစ်ခွက် ယူလာပေးပြီး နွားနို့ကိုအကုန်သောက်ပြီးမှ သူမကိုပေးအိပ်လိုက်လေသည်။

“မေမေ.. ဒီနေ့သမီးအပေါ် အရမ်းကောင်းနေပါလား”

ကျန်းယွီသည် အိပ်ရာပေါ်တွင် ထိုင်ကာ သူမကို အပြုံးလေးဖြင့် မေးလိုက်လေသည်။

“ဒီနေ့ပိုက်ဆံရလာလို့များလား”

ကျန်းမန့်ယီသည် သူမနဖူးလေးကိုပုတ်ကာ “ဘာလို့အဖိုးကြီးတစ်ယောက်လို လျှောက်တွေးနေရတာလဲ? လခမရလာရင် အမေက ကိုယ့်သမီးအပေါ်ကို ကောင်းပေးလို့မရဘူးလား.. မသိရင် ငါက သူ့အမေမဟုတ်တာ ကျနေတာပဲ ဒီဝံပုလွေပေါက်လေးကတော့”

ကျန်းယွီသည် ကျန်းမန့်ယီ၏ လက်မောင်းကို အချိန်အတော်ကြာဖက်ထားလိုက်ပြီးတော့မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားလေသည်။

သူမဘဝကို အစကနေအသစ်ပြန်စနိုင်ရန် အခွင့်အရေးရခဲ့ကတည်းက အမေသည် သူမဘဝ၏အရေးအကြီးဆုံးပုဂ္ဂိုလ်သာ ဖြစ်ပေသည်။ အတိတ်တုန်းကလိုမျိုး အမေ့ကို နာကျင်ရအောင် မလုပ်တော့ပေ။

ထိုည၌ ကျန်းယွီတစ်ယောက် အတော်နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျခဲ့လေသည်။ ထို့အပြင် ရုပ်ရှင်တစ်ခုကို ကြည့်နေရသလို အိပ်မက်အပိုင်းအစလေးများကိုလည်း မက်ခဲ့လေသည်။ စင်ပေါ်တွင် တောက်ပနေသော သူမကိုယ်သူမမြင်နေရပြီး Esmeralda မှဆရာများ၏ ချီးကျူးသံများကိုလည်း သူမကြားနေရလေသည်။

ထိုပုံရိပ်များသည် မီးရောင်တဖြက်ဖြက်လက်နေသကဲ့သို့ဖြစ်ပြီး စင်ပေါ်မှ မီးရောင်များသည် သူမကိုမျက်လုံးမပွင့်နိုင် ဖြစ်စေခဲ့လေသည်။ ထို့နောက် အတိတ်ဘဝက သူမမှုဒိန်းကျင့်ခံနေရစဉ် ဟော့ချန်၏ ကြောက်မက်အကျည်းတန်ဖွယ်ကောင်းလှသော မျက်နှာကို မြင်လိုက်ရလေသည်။

ထို့နောက် ပြတ်ပြတ်သားသားပင် သူမချူးလီကိုလည်း တွေ့လိုက်ရပေသည်။

အတိတ်ဘဝတုန်းက ချူးလီသည် ဟော့ချန်၏ အတွင်းရေးစိတ်ရောဂါပညာရှင်ဖြစ်ခဲ့လေသည်။ ထို့အပြင် ဟော့ချန်ကိုသတ်ပစ်ခဲ့သည့် လက်သည်ပေါ့။ ဟော့ချန်ကို သတ်ပြီးသည့်နောက် သူ့အလောင်းကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ထို့နောက်တွင်တော့ ချုံတောထဲမှာ သွားလွင့်ပစ်လိုက်လေသည်။

သူမသည် သူ့မျက်နှာပေါ်က သွေးတွေနှင့် သူ့မျက်ဝန်းများထဲက မျှော်လင့်ချက်ပျက်သုဉ်းနေမှုတွေကို ကွင်းကွင်းကွက်ကွက် မြင်လိုက်ရလေသည်။

ထိုပုံရိပ်ပြောင်းလဲသွားသည်နှင့် ကျန်းယွီသည် စင်ထက်တွင် အားတက်သရောဖျော်ဖြေနေသည့် အနက်ရောင်ဘဲငန်းဝတ်စုံလေးနှင့်သူမကို ထပ်အိပ်မက်မက်ပြန်သည်။

“ဘဲငန်းလေးရေ.. ကြိုးစားပြီးခုန်လိုက်ပါဦး.. မင်းရဲ့အိပ်မက်တွေနောက် ငါဆက်လိုက်ပေးပါမယ်”

“ဘဲငန်းလေးရေ.. မကောင်းမှုတွေအားလုံးကို လွှတ်ချခဲ့ပါ.. ငါမင်းအတွက် ဆက်ကြိုးစားပေးပါမယ်”

“ငါမင်းအတွက် ဆက်ကြိုးစားပေးပါမယ်.. ဆက်သွားပါ”

သူမသည် ချူးလီ၏ အသံကို ကြားလိုက်ရဟန်တူသည်..။ အသံကအတော်လေးဝေးပြီး အတော်လေးလည်း နီးကပ်ပေသည်။ အချိန်နဲ့ အာကာသဟင်းလင်းပြင်တစ်ခုပြီးတစ်ခုကို ခုန်နေရသည့်အလားပင်။

ကျန်းယွီသည် ရုတ်တရက်နိုးလာပြီး သူမတစ်ကိုယ်လုံး ချွေးစေးတွေပြန်နေလေသည်။ သူမခေါင်းအုံးအောက်က ဖုန်းကိုယူပြီး အချိန်ကြည့်လိုက်သည့်အခါတွင်တော့ သူမအတော်ကိုတုန်လှုပ်သွားလေသည်။

၈နာရီ၄၀...

ပြိုင်ပွဲသည် ၉နာရီခွဲဖြစ်ပေသည်။ သို့သော်လင်းကျူဝမ်သည် အားလုံးကို ၈ နာရီအရောက်လာရန် မှာထားပေသည်။ ပြိုင်ပွဲမစခင် ပြင်ဆင်စရာအများကြီး ရှိတာမို့ပင်။

ဘဲလေးဝတ်စုံဝတ်ရန်၊ မိတ်ကပ်လိမ်းရန်၊ ဆံပင်အဆင်တန်ဆာများပန်ရန်၊ အကြောလျော့ရန်၊ စသည်တို့...

ကျန်းယွီတစ်ယောက် လုံးဝအချိန်မရှိတော့ပါ။

ဖုန်းတွင်တော့ ချူးလီတစ်ယောက် သူမကို အကြိမ်၂၀ထက်မနည်း ဖုန်းခေါ်ထားလေပြီး အခုလည်းဆက်ခေါ်နေလေသည်။

ကျန်းယွီသည်မြန်မြန်ထကာ ဗီရိုထဲက သူမ၏ဘဲလေးဝတ်စုံကို ပျာပျာယာယာ ထုတ်လိုက်ပြီး ခဏလေးနှင့်ဝတ်လိုက်လေသည်။

အချိန်ကတော့ တကယ်မရှိတော့ပေ။

ကျန်းယွီတစ်ယောက် မျက်နှာပင် မသစ်လိုက်ရ။ သူမသည် ဝတ်နေကျအပေါ်ထပ်ကို ထပ်ဝတ်လိုက်ကာ အိမ်ပေါက်ဝကို မြန်မြန်ဆင်းသွားလေသည်။ သူမဖိနပ်ဝတ်ပြီးနောက် တံခါးဖွင့်ရန် ကြိုးစားတွန်းလိုက်လေသည်။

သို့သော် သူမဘယ်လောက်ပဲ တံခါးလက်ကိုင်ကို ကြိုးစားပြီးလှည့်ပစေ တံခါးကတော့ လုံးဝမပွင့်သွားပေ။

အပြင်ကနေ သော့ခတ်သွားခြင်းပင်..။

ကျန်းယွီ အတော်လေး တုန်လှုပ်ခြောက်ခြားသွားပြီး အကြိမ်အနည်းငယ် အော်လိုက်လေသည်။

“အမေ! အမေ!”

ကျန်းမန့်ယီကတော့ အိမ်မှာမရှိပေ။

အိမ်မှာမရှိတဲ့အပြင် တံခါးကို အပြင်ကနေပါ သော့ခတ်ထားလေသည်။

သူမ မထိန်းချုပ်နိုင်တော့ဘဲ တစ်ကိုယ်လုံးတုန်ရီလာလေသည်။ ထို့နောက် စိတ်ပျက်စရာခံစားချက်တစ်ခုကို သူမခံစားလိုက်ရလေသည်။

ဒါလွယ်ကူတဲ့အရာမဟုတ်ခဲ့ပေ.. ဒီလို သူမအတွက် အခွင့်အရေးရလာဖို့ဆိုတာ တကယ်လွယ်ကူခဲ့တာမဟုတ်ပေ။

ဒီလောက်ထိ ရောက်လာပြီးတော့မှ သူမဘဝက တူညီတဲ့အမှားကို ထပ်လုပ်မိပြန်တော့မယ်။

ဒါကိုဘယ်လိုလုပ် ကံစီမံရာလို့ လက်ခံပေးနိုင်ရမှာလဲ!

ကျန်းယွီသည် ပြတင်းပေါက်ကို ပြေးသွားလိုက်ပြီး အောက်ကိုငုံ့ကြည့်လိုက်လေသည်။ သူမသည် အဆောက်အဦး၏ ၃လွှာမှာနေတာမို့လို့ ခုန်ချလိုက်မယ်ဆိုရင် သူမတစ်သက်လုံး မကနိုင်တော့တဲ့အထိ ဖြစ်သွားနိုင်ပေသည်။ မတော်လျှင် သူမအသက်ပါ ဆုံးရှုံးရနိုင်လေသည်။

ကျန်းယွီသည် သူ့အမေကို ဖုန်းခေါ်လိုက်သော်လည်း ကျန်းမန့်ယီကတော့ ဖုန်းကိုစက်ပိတ်ထားလေသည်။

ကျန်းမန့်ယီသည် သူမ Esmeralda ကိုတက်ခွင့်မပေးဖို့ ဆုံးဖြတ်ချက် အခိုင်အမာချထားခြင်း ဖြစ်ပေသည်။ မနေ့ညက နွေးထွေးပေးမှုအားလုံးက အယောင်ပြသက်သက်ပေပဲ..။

ကျန်းယွီသည် ဖုန်းကိုအားနှင့် ပစ်ပေါက်လိုက်ကာ သူမ၏ ခေါင်းကိုဖက်၍ နံရံကိုမှီ၍ ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။ ဒေါသလည်းထွက်ကာ စိတ်ဓာတ်ကျလာလေ၏။

ထိုအချိန်တွင် ကျယ်လောင်လှသောတံခါးခေါက်သံနှင့်အတူ ချူးလီ၏ အော်ဟစ်သံကို ကြားလိုက်ရလေသည်။

“ကျန်းယွီ.. အအိပ်လွန်ပြီးသေသွားပြီလား? ထွက်လာစမ်း”

ချူးလီသည် သူမအတွက် ဒီပြိုင်ပွဲဘယ်လောက်အရေးကြီးတယ်ဆိုတာ သိပေသည်။ ထို့အပြင် သူမအအိပ်လွန်သွားမှာ စိုးရိမ်သောကြောင့် မနေ့ညက သူတစ်ညလုံးမအိပ်ခဲ့ဘဲ သူမကို၇နာရီထိုးကတည်းက ဖုန်းခေါ်နေခဲ့ခြင်းဖြစ်သည်။

အကြိမ်များစွာဖုန်းခေါ်ခဲ့ပြီးတာတောင် လုံးဝဖုန်းမကိုင်သဖြင့် ချူးလီသည် စက်ဘီးစီးကာ အကသင်တန်းကို သွားလိုက်လေသည်။ ထို့အချိန်တွင်တော့ ကျန်းယွီရောက်မလာသေးဘဲ သူမအမေက ပြိုင်ပွဲကိုလက်လျော့မည်ဟု ပြောခဲ့ကြောင်း သိလာရလေသည်။

ချူးလီလည်း လှည့်စားခံလိုက်ရသလို ခံစားလိုက်ရလေသည်။ သို့သော် သူစိတ်မဆိုးပါ။ သူမတစ်ခုခုဖြစ်နေမှာကိုစိုးရိမ်သဖြင့် သူမအိမ်ကိုတန်းလာခဲ့လိုက်ခြင်းဖြစ်သည်။

ကျန်းယွီသည် ချက်ချင်းထလိုက်ကာ တံခါးကိုထုလိုက်ပြီး ပြန်ပြောလိုက်သည်။

“ချူးလီ.. ငါ့အမေ ငါ့ကို သော့ခတ်သွားတယ်။ ငါထွက်လို့မရဘူးဖြစ်နေတယ်။ ပြိုင်ပွဲကစတော့မယ် ငါဘယ်လိုလုပ်ရပါ့မလဲ.. ငါတော့သွားပါပြီ”

သူမအော်ငိုနေလေသည်။

ချူးလီသည် ခဏတိတ်ဆိတ်နေလိုက်ကာ အတည်ပေါက်ကြီး ပြန်ပြောလိုက်သည်။

“တံခါးကနေ ဝေးဝေးနေ”

“အား...”

ကျန်းယွီတစ်ယောက် မတုန့်ပြန်နိုင်ခင်မှာပဲ အသံအကျယ်ကြီးကို သူမကြားလိုက်ရလေသည်။ ထို့နောက် ကျန်းယွီသည် တံခါးကို ဒုန်းခနဲဆောင့်ချလိုက်ပုံရသည်။

ကျန်းယွီလည်း နောက်ကိုမြန်မြန်ဆုတ်လိုက်မိပြီး အသံအကျယ်ကြီးကို နားထောင်နေလိုက်သည်။ ဒီလိုလုံခြုံရေးတံခါးကို သူအလွယ်လေးကန်ချနိုင်ဖို့ကို သူမအတော်လေး မယုံကြည်နိုင်ဖြစ်နေလေသည်။

တစ်ချက်ပြီးတစ်ချက် အားမာန်အပြည့်နှင့် ဆောင့်ချနေလေသည်။

ကျန်းယွီသည် စိတ်ညစ်ညစ်နှင့် အော်ငိုလိုက်လေသည်။

“ထားလိုက်တော့ ချူးလီ.. ဖွင့်လို့ရမှာမဟုတ်ဘူး"

ဒါသည် လုံခြုံရေးတံခါးဖြစ်ပေသည်။ သစ်သားတံခါးမဟုတ်သည့်အတွက် ဘယ်လိုလုပ်ဖွင့်လို့ရမှာတဲ့လဲ..။

သို့သော်လည်း ချူးလီကတော့ သူမပြောတာကိုနားမထောင်ဘဲ ဆက်တိုက်သာ ဆက်လုပ်နေလေသည်။ တံခါးကိုထုနေသည့်အသံမှာ တစ်ချက်ပြီးတစ်ချက် ပိုပိုပြီးကျယ်လောင်လာလေသည်။

ကျန်းယွီသည် ထိန်းမထားနိုင်တော့ဘဲ မျက်ရည်အပြည့်နှင့် စိတ်ထိခိုက်နေသောအသံဖြင့် အော်လိုက်လေသည်။

“ချူးလီ.. မထုနဲ့တော့”

“မထုနဲ့တော့!”

သူ့ကောင်မလေး၏ ငိုကြွေးနေသံနှင့် စိတ်ထိခိုက်နေသံကို ကြားရသဖြင့် ချူးလီတစ်ယောက် စိတ်ထဲဗလာဖြစ်သွားလေသည်။ အခုတော့ သူ့မျက်လုံးများမှာ သွေးတွေနဲ့ဆူပွက်လာပြီး သူ့နားထင်က အပြာရောင်သွေးကြောများပင် ထောင်လာလေသည်။

သူထုလိုက်တိုင်းမှာ သူ့ခန္ဓာကိုယ်က နာကျင်မှုတွေကလည်း ပေါက်ကွဲထွက်တော့မည့်အတိုင်းပင်.. တကယ်ကိုအမှန်အကန် ခံစားနေခြင်းဖြစ်ပေသည်။

နာကျင်မှုသည် အဆတစ်ရာလောက်တောင် ပိုပေသည်။

သို့သော် ကျန်းယွီ၏ ခါးခါးသီးသီးငိုကြွေးမှုက သူ့ကိုအသူတစ်ရာချောက်နက်ထဲကို ကျသွားစေသည့်အလားပင်..။

အခုချိန်တွင် သူ့ခေါင်းထဲမှာရှိသည့် တစ်ခုတည်းသောအရာက သူမဆန္ဒတွေဖြစ်မြောက်လာအောင် လုပ်ပေးဖို့ပေတည်း..။

သူဆက်ဆောင့်ချနေသည့်အသံကို ကြားရတိုင်း ကျန်းယွီသည် သူမ၏နှလုံးသား နှစ်ခြမ်းကွဲသွားသည့်အတိုင်း ခံစားနေရပေသည်။ သူမသည် မျက်ရည်များကို သုတ်လိုက်ကာ မီးဖိုချောင်ထဲကို ပြေးသွားလိုက်ပြီး ခဏလောက် လှန်လှောရှာဖွေလိုက်လေသည်။

တူများထည့်ထားသည့်ဗီရိုသည် အခုတော့ ဘာမှမရှိတော့ပေ။ ကြည့်ရတာ ကျန်းမန့်ယီသည် တူများကို ကြိုတင်ဖွက်ထားပြီးပုံရသည်။

ကျန်းယွီသည် နေရာအနှံ့လိုက်ရှာလိုက်သော်လည်း ဘာအစအနကိုမှ မတွေ့ရပါ။ ထို့ကြောင့် မီးဖိုချောင်ထဲက အသားလှီးဓါးအကြီးဆုံးကိုသာ ကောက်ယူ၍ တံခါးကိုပြန်သွားလိုက်လေသည်။

သူမသည် တံခါးလက်ကိုင်ကို ဓားလက်ကိုင်ဖြင့် ထုချဖို့လုပ်လိုက်လေသည်။ ချူးလီအားအကူအညီနှင့် ထပ်ခါထပ်ခါ ဆက်လုပ်လိုက်သည်။

ချူးလီသည် သူမကိုကူညီဖို့ကြိုးစားနေတာကြောင့် သူမသည်လည်း ကြိုးစားပေးရပေမည်။ တစ်ကြိမ်သေဖူးပြီး သူအဖို့ မကျော်လွှားနိုင်တာ ဘာမှမရှိနိုင်ပေ။

ကျန်းယွီသည် အော်လိုက်ကာ သူမမှာရှိသမျှ အားအကုန်နှင့် တံခါးလက်ကိုင်ကို ထုချလိုက်လေသည်။

ထုချက်ပြင်းပြင်းများနှင့် အတော်များများထုလိုက်ပြီးသည့်နောက်မှာတော့ တံခါးလက်ကိုင်မှာ ပုံစံပျက်ကျသွားလေသည်။

တံခါးအပြင်ဘက်ကချူးလီသည်လည်း ကျန်းယွီနှင့် ပူးပေါင်းကာ သူ့ခြေထောက်ကိုမြှောက်လိုက်ပြီး တံခါးလက်ကိုင်ကို စကန်လိုက်လေသည်။

ကန်ချက်အနည်းငယ် ကန်လိုက်ပြီးသည့်နောက် တံခါးလက်ကိုင်သည် ပြုတ်ကျသွားလေပြီး ချူးလီလည်းအရှိန်နှင့် ဆောင့်ချလိုက်သဖြင့် တံခါးသည်အတွင်းဘက်မှ ပွင့်သွားလေသည်။

ခြေလှမ်းအနည်းငယ်လောက် ဒယီးဒယိုင်လျှောက်လာလိုက်ပြီး ချူးလီသည် အခန်းထဲကို ဝင်လာလိုက်သည်။

တစ်ညလုံး မအိပ်ခဲ့သောကြောင့် သူ့ဆံပင်များမှာ ရှုပ်ပွနေပြီး သူ့မျက်လုံးများကတော့ နက်မှောင်နေကာ သူ့မျက်နှာကတော့ အတော်ဆိုးနေလေသည်။ ပြီးတော့ သူ့ကြည့်ရတာ အတော်အကြမ်းဖက်တတ်သည့်အတိုင်းပင်..။

ဘယ်လိုပဲဆိုစေဦးတော့ သူ့မျက်စိရှေ့က ထိုကောင်မလေးကို မြင်လိုက်ရသည်နှင့် သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုက ကွက်ကွက်ကွင်းကွင်းပေါ်လာလေသည်။

“မကြောက်နဲ့တော့နော်.. ရည်းစားလေးက ကယ်တင်ဖို့ရောက်လာပြီပဲ”

သူစကားပြောပြီးသည်နှင့် တံခါးသည် ပြိုကျသွားလေတော့သည်။

All Chapters