မြောက်ပိုင်းချုံးဂိုဏ်း၏ တပည့်
Vol. 11 Ch. 1048
ဂိုဏ်းတိုက်ပွဲ...
ညီလာခံ၏ အသက်သွေးကြောမှာ ဂိုဏ်းတိုက်ပွဲ ဖြစ်သည်။ လူအို သိုင်းပညာရှင်ကြီးများနှင့် ကျော်ကြားသော ကျင့်ကြံသူများသည် ဂိုဏ်းတိုက်ပွဲများ၌ ပါဝင်လိမ့်မည် မဟုတ်ချေ။ မိသားစုကြီးများနှင့် ဂိုဏ်းများသည် သူတို့၏ ငယ်ရွယ်သော မျိုးဆက်များ၊ လူငယ် တပည့်များကိုသာ စေလွှတ်လေ့ ရှိသည်။ အနိုင်ရရှိသူသည် ကျန်းပေ့နယ်၊ ကျင့်ကြံခြင်း ရင်းမြစ်၏ တစ်ဆယ် ရာခိုင်နှုန်းကို ရရှိ လိမ့်မည် ဖြစ်သည်။
ထိုအရာက ကြောက်မက်ဖွယ် ပမာဏ ဖြစ်၏။ ကျန်းပေ့နယ်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ဝိညာဥ်ကျောက်တုံး၊ ဝိညာဥ် ဆေးပင်နှင့် မွန်းစတား အရေပြားတို့ကို သုံး၍ တစ်ဦးနှင့် တစ်ဦး ကုန်သွယ်လေ့ ရှိကြသည်။ ထိုအထဲမှ တစ်ဆယ် ရာခိုင်နှုန်း ပင်လျှင် ဘီလျံနာ တစ်ယောက် ဖြစ်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ညီလာခံ၌ အနိုင်ရရှိသူမှာ ကမ္ဘာတစ်ဝှမ်း ကျော်ကြားလာနိုင်သည်။ ထို့ကြောင့်ပင် ပါးကျီဂိုဏ်း၊ ထိုက်ကျိဂိုဏ်းတို့ ကဲ့သို့သော ဂိုဏ်းကြီးများ ပင်လျှင် သူတို့၏ တပည့်များကို စေလွှတ်ကာ ယှဥ်ပြိုင်လေ့ ရှိသည်။
“အကိုချူကတော့ ဒီနှစ် ထိပ်တန်း ဆယ်ယောက်ထဲကို ဝင်မှာ သေချာတယ်...”
ကျိုးမင်ကုန်းက ပြောလိုက်သည်။
“ထိပ်တန်း ဆယ်ယောက်လောက်တော့ ဖေးဖေးကလည်း ဝင်ပါတယ်... ဟုတ်တယ်မလား ဖေးဖေး...”
ရှောင်ရွှမ်က ပြုံးရင်း ဆိုလိုက်၏။
လုယန်၊ ချူယွင်နှင့် ကျန်းဖေးဖေးတို့ သုံးဦးမှာ ချူကျိုးမြို့၊ လူငယ်မျိုးဆက်၏ ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။ ထို့ကြောင့်ပင် သူတို့သည် အခြားလူများ၏ စိတ်ဝင်စား အလေးထားခြင်းကို ရရှိကြသည်။ သူတို့သည် ပထမ နေရာကို မရနိုင်သော်လည်း ထိပ်တန်း ဆယ်ယောက်နေရာ ရခြင်းကပင် ကြောက်မက်ဖွယ် ဆုလာဒ်များကို ပိုင်ဆိုင်နိုင်ပေသည်။ ထို့အပြင် ယခုတစ်ကြိမ်၌ နေနန်းတော်၏ အရှင်ရှင်း ကိုယ်တိုင် ဤပွဲကို တက်ရောက်လာခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ အရှင်ရှင်း၏ အရှေ့၌ အစွမ်းပြနိုင်ပါက နေန်းတော်၏ တပည့် အဖြစ်ပင် ရွေးခြယ် ခံရနိုင်ပေသည်။
“ဘုန်း... ဘုန်း...”
လူငယ် ကျင့်ကြံသူများသည် တိုက်ခိုက်နေကြကာ မရေမတွက်နိုင်သော လူများမှာ အော်ဟစ် အားပေး နေကြသည်။
ချန်းဖန်မှာ ထိုအရာများကို စိတ်မဝင်စား ကြတော့ချေ။ သူသည် နတ်ဘုရား စိတ်အာရုံကို ခန်းမ တစ်ခုလုံးသို့ ဖြန့်ကျက်ကာ ချင်းယန် စီရင်စုနယ်ကိုပါ လွှမ်းခြုံထား၏။
ချန်းချူရန်၊ အရှင်ရှင်း၊ ကောပိုင်ရှင်း...
ရင်းနှီးသော၊ မရင်းနှီးသော လူများမှာ ချန်းဖန်၏ စိတ်အတွင်း ပေါ်လာခဲ့သည်။ သူသည် ချူမင်ဟွေ့နှင့် တန့်ရီဖေးတို့ကိုပင် တွေ့မြင်ရ၏။
ချန်းဖန်က ထိုလူများအား တခဏသာ အာရုံစူးစိုက်ကာ ဆက်လက် ရှာဖွေသည်။ သူ ဤညီလာခံသို့ တက်ရောက် လာခဲ့ခြင်းမှာ မြောက်ပိုင်းချုံး၏ အဓိက ဂိုဏ်းဝင် ဆိုသူကို ရှာဖွေရန်သာ ဖြစ်ပေသည်။
“ဟူး...”
ရုတ်တရက် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံမှာ ရင်းနှီးသော စွမ်းအင် တစ်ခုကို အာရုံခံလိုက်မိ၏။
“နေဦး ဒါက... အစစ်အမှန်သိုင်း သုံးဆယ့်ခြောက်ကွက်ရဲ့ စွမ်းအားမလား...”
ချန်းဖန်က မျက်မှောင်ကြုတ်ကာ ဝင်ပေါက် ရှိရာဘက်သို့ ကြည့်လိုက်သည်။
...
“ဟယ်လို အဲဗရီးဝမ်း... Mango live မှ ကြိုဆိုပါတယ်... ကျွန်မကတော့ အထူး အစီအစဥ် တင်ဆက်သူ ကျန်းဟွာပါ...”
“အခု ကျွန်မ ရောက်ရှိနေတဲ့ နေရာကတော့ ကျန်းပေ့ ညီလာခံပဲ ဖြစ်ပါတယ်... အခုဆိုရင် ပရိသတ်ကြီး မျှော်လင့် စောင့်စားနေတဲ့ ဂိုဏ်းတိုက်ပွဲများဟာ စတင်နေခဲ့ပြီ ဖြစ်ပါတယ်... ဒီတိုက်ပွဲတွေကို ကျန်းပေ့နယ်ရဲ့ လူငယ် ကျင့်ကြံသူတွေသာ မက နိုင်ငံတလွှားက ပါရမရှင်တွေပါ ဝင်ရောက် ယှဥ်ပြိုင်နေတာ ဖြစ်ပါတယ်...”
“အခု တိုက်ခိုက်နေကြတဲ့ အတွဲကတော့ ပါးကျီဂိုဏ်းရဲ့ ဂူဖေးနဲ့ ချူမိသားစုက ချူယွင်တို့ပဲ ဖြစ်ပါတယ်... ချူယွင်ကတော့ ထန်လုံ တပ်ဖွဲ့မှာ သုံးနှစ်ကြာ လေ့ကျင့်ဖူးတဲ့ အပြင် စစ်တပ်သုံး သိုင်းပညာ အမျိုးမျိုးကိုပါ တတ်မြောက်ထားတဲ့ လူငယ် ပါရမီရှင်လေးပဲ ဖြစ်ပါတယ်...”
“တကယ့်ကို လုမိသားစုရဲ့ အဖွဲ့ဝင် တစ်ယောက် ပါသလွန်းပါတယ်ရှင်... လုယန်ဟာ သူ့ပြိုင်ဘက်ကို လက်သီး တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်ပါတယ်”
“ဟမ်... ဒီတစ်ယောာက်က ဘယ်သူပါလိမ့်... သူက နတ်မိမယ်ကျန်းနဲ့တော့ ရုပ်ချင်း တော်တော် ဆင်တယ်ရှင့်... နေဦး... သူက တကယ့်ကို နတ်မိမယ်ကျန်းရဲ့ ဝမ်းကွဲ ညီမလေး ပါပဲရှင်”
Mango live သည် လက်ရှိခေတ်၌ အကျော်ကြားဆုံးသော အင်တာနက် ပလက်ဖောင်း တစ်ခု ဖြစ်သည်။ ၂၀၂၆ ခုနှစ်၌ တိုက်ရိုက် ထုတ်လွှင့်မှု အင်တာနက် ပလက်ဖောင်းများသည် တီဗီ စတေရှင်များ၏ နေရာကို အစားထိုးယူ သွားခဲ့ပြီ ဖြစ်သည်။
တိုက်ပွဲစတင်သည်နှင့် ကျန်းဖေးဖေးသည် သူမ၏ ရန်သူကို အေးဆေးစွာ အနိုင်ယူ လိုက်လေသည်။ သူမ အသုံးပြုခဲ့သော မြောက်ပိုင်းချုံးဂိုဏ်း ချီသန့်စင်ခြင်း ကျင့်စဥ်နှင့် ဇန်ဓမ္မ အစီအရင်တို့သည် လူအုပ်ကို ဆူပွက် သွားစေခဲ့၏။
“သူက ကျန်းချူရန်ရဲ့ ညီမကိုး... ဒီလောက် အစွမ်းထက်တာ အံ့သြစရာ မရှိတော့ဘူး”
ချင်းဟွေ့သည် ယောဂ လုပ်ရင်း သူမ၏ ကွန်ပြူတာမှ တစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှု့နေ၏။ သူမသည် ကျင်းတက္ကသိုလ်၏ တတိယနှစ် ကျောင်းသူ တစ်ယောက် ဖြစ်သည်။ သူမသာလျှင် မက သူမ၏ သူငယ်ချင်းများမှာလည်း ထိုထုတ်လွှင့်မှုကို ကြည့်ရှုနေကြ၏။
တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွားနေ၏။ ချူယွင်၊ ကျန်းဖေးဖေး၊ ပါးကျီဂိုဏ်း၏ ဂူဖေးနှင့် ထိုက်ကျိဂိုဏ်း၏ ဖုန်းရန်ဟိုတို့သည် ယခုအထိ နိုင်ပွဲများ ဆက်နေကြဆဲ ဖြစ်သည်။ သူတို့ အထဲရှိ အားအနည်းဆုံးမှာ ဉာဏ်အလင်း စုဆောင်းခြင်း အစောပိုင်း အဆင့် ဖြစ်ပြီး အစွမ်း အထက်ဆုံးဟု ဆိုနိုင်သည့် ဖုန်းရန်ဟိုမှာမူ ဝိညာဥ် ပင်လယ် အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သူ ဖြစ်သည်။
လူငယ် ပါရမီရှင်များအား ကြည့်နေသော ချင်းဟွေ့၏ မျက်လုံးများတွင် မနာလိုမှု အရိပ်အငွေ့များမှာ ဖြတ်ပြေးနေ၏။ ထိုလူငယ်များမှာ အသက် နှစ်ဆယ် မပြည့်ခင်မှာပင် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်များသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ထိုလူငယ်များနှင့် နှိုင်းယှဥ်ပါက သူမ၏ ဘဝမှာ သနားစရာ ကောင်းလွန်းလှပေသည်။
ထိုအချိန်မှာပင်...
“ဘုန်း...”
တံခါးသည် အရှိန်ပြင်းစွာ ပွင့်ဟသွား၏။ အားလုံး၏ အကြည့်များ အောက်တွင်ပင် အသက် ၁၄ နှစ် အရွယ် အဖြူရောင် ဝတ်စုံဝတ် မိန်းကလေး တစ်ဦး ခန်းမ အတွင်း ဝင်ရောက်လာသည်။ သူမက တိုက်ပွဲ စင်မြင့်ထက်သို့ တန်းတန်းမတ်မတ်ပင် သွားကာ စိန်ခေါ်လိုက်၏။
“မြောက်ပိုင်းချုံးဂိုဏ်းရဲ့ ချန်းယောင်ယောင်က ကျန်းပေ့နယ်ရဲ့ ကျင့်ကြံသူတွေကို စိန်ခေါ်တယ်...”
ရုတ်တရက် ခန်းမ အတွင်းရှိ ပရိသတ်များ၊ ကွန်ပြူတာ၊ ဖုန်းများမှ တစ်ဆင့် ကြည့်ရှုနေကြသူများ အပါအဝင် မရေမတွက်နိုင်ည့် လူများမှာ ဆွံ့အ သွားကြသည်။
“ချီးပဲ... ဒီကောင်မလေးက အသက် ၁၄ နှစ်လောက်နဲ့ ကျန်းပေ့နယ် တစ်ခုလုံးကို စိန်ခေါ်ချင် နေတာလား...”
“နေဦး... ခုနက သူ ဘာပြောလိုက်တာလဲ... မြောက်ပိုင်းချုံးဂိုဏ်းက ချန်းယောင်ယောင် ဆိုလား... မြောက်ပိုင်းချုံးက လွန်ခဲ့တဲ့ ခြောက်နှစ်တည်းက ဖျက်ဆီးခံလိုက်ရပြီ မလား... ဘယ်လိုလုပ်ပြီး တပည့် တစ်ယောက် ပေါ်လာရတာလဲ’
“မြောက်ပိုင်းချုံးက ပြန်ပြီး မြင့်တက် လာတော့မှာလား...”
မရေမတွက်နိုင်သော လူများမှာ ပိန်ပိန်သေးသေး ကောင်မလေးကို ကြည့်ကာ စိတ်လှုပ်ရှား သွားကြသည်။ ကျန်းပေ့ ညီလာခံ၏ ခြောက်နှစ်တာ သမိုင်းအတွင်း၌ ထိုကဲ့သို့သော အဖြစ်အပျက်မျိုး မဖြစ်ပွားခဲ့ဖူးချေ။
“ဟမ့်... မြောက်ပိုင်းချုံးဂိုဏ်းတဲ့... အခုမှ ဘယ်ချောင်က ထွက်လာတယ် မသိဘူး... အဲ့လောက် အဆင့်နဲ့များ အကိုချူကို စိန်ခေါ်ချင်သေးတယ်”
လုယန်က နှာခေါင်းရှုံ့ လိုက်၏။
“ဟုတ်တယ်...”
ရှောင်ရွှမ်တို့ တစ်သိုက်ကလည်း ခေါင်းညိတ် လိုက်ကြသည်။
တစ်ချိန်တည်း၌ ကောပိုင်ရှင်းနှင့် ချန်းချူရန်တို့မှာမူ တုန်လှုပ်သွားကြသည်။ မြောက်ပိုင်းချုံးကား တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ခဲ့သည့် ဒဏ္ဍာရီ ဂိုဏ်းကြီး ဖြစ်သည်။ ထိုဂိုဏ်းကြီးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည့်တိုင် အကြောက်တရားမှာ သူတို့၏ ရင်ထဲ၌ ကပ်ညိနေဆဲ ဖြစ်၏။
ကျိုးမိသားစု အကြီးအကဲ ကျိုးတယောင်က ထိုင်ရာမှ ထရပ်ရင်း အင်္ကျီလက်အား ခါယမ်းလိုက်၏။
“နင့်ဘာသာနင် မြောက်ပိုင်းချုံးက ဖြစ်ဖြစ် တောင်ပိုင်းချုံးက ဖြစ်ဖြစ် ငါတို့ စိတ်မဝင်စားဘူး... ကျန်းပေ့ ညီလာခံကို နှောက်ယှက်တဲ့ ဘယ်သူမဆို သေရမယ် ဆိုတာ မှတ်ထား”
“ဘုန်း...”
ရုတ်တရက် ကျိုးတယောင်၏ လက်မှ အလင်းတန်း တစ်ခု ထွက်ပေါ်လာကာ ချန်းယောင်ယောင်ထံ တိုးဝင်သွား၏။
ဝိညာဥ် ပင်လယ် အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုမှာ မည်မျှ အစွမ်းထက် သနည်း။ ကျိုးတယောင်သည် စွမ်းအား သုံးဆယ် ရာခိုင်နှုန်းခန့်ကိုသာ သုံး၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည့်တိုင် ထိုအရာက ဉာဏ်အလင်း စုဆောင်းခြင်း အဆင့် တစ်ယောက်ကို သတ်ဖြတ်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
“သတိထား...”
မိန်ကလေးများမှာ အော်ဟစ်လိုက်ကြ၏။
“ဝှစ်...”
ချန်းယောင်ယောင်က လက်အား ဆန့်တန်းကာ အဖြူရောင် အလင်းတန်းကို ဖျက်ဆီးပစ်လိုက်သည်။ သူမသည် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ခွာလိုက်ရသည့်တိုင် ပရိသတ်များ၏ အော်ဟစ် အားပေးမှုကို ရရှိ လိုက်၏။ ထိုအရာက ဝိညာဥ်ပင်လယ် အဆင့်၏ တိုက်ခိုက်မှု ဖြစ်ပေသည်။ သာမန် ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်များ ဆိုပါက နေရာတွင်ပင် အသက်ထွက်နေလောက်ပြီ ဖြစ်သည်။
“အစစ်အမှန်သိုင်း သုံးဆက်ခြောက်ကွက်က တိမ်တိုက်လက်ဝါး... တကယ့်ကို မြောက်ပိုင်းချုံးရဲ့ နာမည်ကြီး သိုင်းကွက် တစ်ခုပဲ... ကြည့်ရတာ ဒီမိန်းကလေးက မြောက်ပိုင်းချုံးရဲ့ အဓိက တပည့် တစ်ယောက် ဖြစ်မယ် ထင်တယ်”
ကောပိုင်ရှင်းက ပေါင်ကို အားပါးတရ ရိုက်ရင်း ပြောလိုက်၏။
***