← Chapters

Chapter 27

Vol. 3 Ch. 27

Chapter 27

Vol. 3 Ch. 27

ဖန့်တန်းရှီသည် ‘အခွံမာသီးညှပ်’ မှ အကကောက်နုတ်ချက်များကို ကျေနပ်စရာကောင်းလောက်အောင် အကုန်လေ့ကျင့်ပြီးပြီ ဖြစ်သည်။

ထို့ကြောင့် သူမ၏အကောင်းဆုံး Level ကို ပြသနိုင်ဖို့ သူမအတော်လေး ယုံကြည်ချက် ရှိနေလေသည်။

ကနေစဉ်မှာလည်း သူမသည် ရွယ်ကျားယီကိုသာ ဆက်တိုက်ကြည့်နေလေသည်။

အမှန်ပြောရမည်ဆိုလျှင် ဖန့်မိသားစုသည် ရွယ်ကျားယီကို အဆက်အသွယ် လုပ်ခဲ့ပြီးပြီဖြစ်ပြီး သူမနှင့်အတူ ညစာစားရင်း လျို့ဝှက်အပေးအယူတစ်ခုကို ပြုလုပ်ခဲ့လေသည်။

ဒီပေချန်မြို့တွင်တော့ ဖန့်မိသားစုကို ငြင်းဆန်နိုင်သည်မှာ လူအနည်းစုသာရှိလေသည်။

ထို့ကြောင့် ဒီရွေးချယ်မှုအတွက် ဖန့်တန်းရှီတစ်ယောက် ယုံကြည်မှုအပြည့် ဖြစ်နေလေသည်။

ဒီပြိုင်ပွဲသည် သူမတစ်ယောက်တည်းအတွက်သာဖြစ်ပြီး Esmeralda က သူ့လမ်းကြောင်းပေါ်မှာပေ..။

သို့သော်လည်း ရွယ်ကျားယီ၏ အတွေးများကတော့ ဖန့်တန်းရှီနှင့် တစ်ခြားစီပင်။

သူမသည် ဖန့်တန်းရှီ၏ Elita ဘဲလေးဖိနပ်များကိုမြင်လိုက်သည်နှင့် ရွယ်ကျားယီသည် မျက်နှာထား ပုံမှန်မဟုတ်တော့ပေ။ သူမကနေတာကို ကြည့်နေတာရပ်လိုက်ပြီး ခေါင်းကိုငုံံ့ကာ အမှတ်သာပေးနေလိုက်သည်။

ပိုင်ရှုသည် မှတ်ချက်ပေးလိုက်ပြီး အသံတိုးတိုးလေးနှင့် လှမ်းမေးလိုက်လေသည်။

“သူ့ကိုဘယ်လိုထင်လဲ”

ရွယ်ကျားယီသည် စူပုတ်နေသောမျက်နှာဖြင့် သူမဆန္ဒအရမဟုတ်ဘဲ ပြန်ပြောလိုက်လေသည်။

“အရည်အသွေးကတော့ မဆိုးပါဘူး။ နင်သူ့ကိုခေါ်ချင်ရင်ခေါ်လို့ရတယ်... သူ့ကို F ခန်းမှာထားပြီး ဖြည်းဖြည်းချင်း လေ့ကျင့်ပေါ့”

ပိုင်ရှုယီသည် ပြုံးလိုက်ကာ “ဒီနေ့ တီချယ်ရှားရဲ့ F ခန်းအတွက်ပါ ကူရွေးပေးနေတာဆိုပေမယ့် ငါတို့ရဲ့ စံနှုန်းကို အဲ့လောက်ကြီးအထိ လျော့ချပစ်ဖို့မလိုပါဘူး”

“နင်ဘာကိုဆိုလိုချင်တာလဲ”

“Esmeralda မှာ F ခန်းက အညံ့ဆုံးခန်းဆိုပေမယ့် သေချာစောင့်ကြည့်ဖို့ကလည်း အရေးကြီးတယ်လေ။ တစ်တိုင်းပြည်လုံးမှာတောင် အဲ့စံနှုန်းနဲ့ကိုက်ညီတာ လူအနည်းငယ်ပဲရှိတာ။ ငါတို့ရဲ့ လူရွေးချယ်မှုစံနှုန်းက အဲ့လောက်ထိ နိမ့်ကျမနေပါဘူး”

ပိုင်ရှုယီသည် ဆက်ပြောလိုက်လေသည်။

“သူပုထျန်းယန်ရဲ့ဖိနပ်တွေ စီးထားတာကိုပဲ နင်မကြည့်သင့်ဘူး”

ရွယ်ကျားယီသည် သရော်ပြုံးပြုံးလိုက်ကာ ပြောလိုက်လေသည်။

“ဘယ်လိုလုပ်ပြီး နင်နဲ့ပုထျန်းယန်နဲ့က အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာရတာလဲ..။ နင်သာတကယ် လူသားဆန်တယ်ဆိုရင် သူမကိုခေါ်သင့်တယ်”

ပိုင်ရှုယီသည် စင်ပေါ်ကကောင်မလေးကို ကြည့်လိုက်ကာ ထောက်ထားမှုတစ်စက်မှမရှိဘဲ ‘အရည်အချင်းမပြည့်မှီ’ ကို အမှတ်ခြစ်လိုက်လေသည်။

“သူက ငါ့စံနှုန်းတွေကို မမှီဘူး”

ရွယ်ကျားယီလည်း အံကိုကြိတ်ကာ ဒီလိုသာပြန်ပြောနိုင်တော့သည်။

“ငါရောပဲ”

ပိုင်ရှုယီသည် Esmeralda ၏ အဓိကနည်းပြဖြစ်တာမို့ ဆုံးဖြတ်ချက် ချမှတ်သည့်အပိုင်းတွင် ဩဇာအာဏာပိုရှိလေသည်။

ရွယ်ကျားယီကတော့ သူမကို ကျောထောက်နောက်ခံပြုပေးမည့် မိသားစုမျိုးမရှိပေ..။ ထို့ကြောင့် အရာအားလုံးကို ကိုယ့်လက်ကိုယ်ခြေနဲ့သာ ရုန်းကန်ခဲ့ရခြင်းဖြစ်ပေသည်။ သို့သော် ပိုင်ရှုယီရှေ့တွင်တော့ သူမမာကြောလို့ မရပေ။

ဖန့်တန်းရှီသည် လိုက်ကာကျလာတာကိုတွေ့သဖြင့် ယုံကြည်မှုအပြည့်ပင် စင်ပေါ်က ဆင်းသွားလေသည်။

အနားက ကောင်မလေးများလည်း လူစုလာကြပြီး သူမကို ဖန်တရာတေအောင် ချီးကျူးလိုက်ကြတော့သည်။

“တန်းရှီ... နင်တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”

“ဟုတ်တယ်ဟ.. ငါကြည့်နေတာ ဆရာမနှစ်ယောက်လုံး တိုးတိုး,တိုးတိုးနဲ့ ပြောနေကြတယ်။ ကြည့်ရတာ နင့်အကကို ချီးကျူးနေကြတာထင်တယ်။ ဘယ်ပြိုင်ပွဲဝင်ကိုမှ သူတို့ဒီလောက် ဂရုတစိုက်မရှိခဲ့ဘူး”

“တန်းရှီက ပုထျန်းယန်ရဲ့ အကဖိနပ်တွေကို စီးထားလို့ပဲဖြစ်ရမယ်.. တီချယ်နှစ်ယောက်လုံးကို အတိတ်ကို ပြန်လွမ်းမောစေသွားမှာပေါ့”

“မဟုတ်ပါဘူး.. တန်းရှီရဲ့အကကြောင့်သာ သူတို့ရင်ထဲထိသွားတာနေမှာပါ”

ဖန့်တန်းရှီသည် သူမ၏ အကဖိနပ်များကို ငုံ့ကြည့်လိုက်ကာ အပြုံးလေးနှင့် ပြန်ပြောလိုက်လေသည်။

“ဘာပဲဖြစ်ဖြစ်ပါ.. ဒီနေ့ ငါသာ Esmeralda ကို ဝင်ခွင့်ရခဲ့ရင် ငါ့ရဲ့ Elieta ဖိနပ်လေးတွေကို အကောင်းဆုံးအသုံးချသွားမှာ”

“ဖိနပ်တွေက သန်းချီတန်တာနော်! နင့်ခြေဖဝါးလေးမှာ ဝတ်ထားတာကလေ နင့်အနေအထားနဲ့ သိပ်ကိုအစပ်အဟပ် တည့်နေတော့တာပဲ”

“ပုထျန်းယန်ကတောင် တန်းရှီလောက် ကြည့်ကောင်းခဲ့မှာ မဟုတ်ဘူးဆိုတာ ငါပြောရဲတယ်”

ကျန်းယွီသည် ဒါကိုကြားလိုက်တော့ မရယ်ဘဲမနေနိုင်တော့ပေ။

ဒီမိန်းကလေးတွေရဲ့ ဖားတတ်မှုက ကောင်းကင်ကြီးတောင် ပြိုကျလာစေတော့မှာပဲ.. သူတို့တွေ တကယ်ပဲ အရှက်မရှိကြဘူးလား?

ကျန်းယွီ သူမကို ရယ်နေတာကို တွေ့သော်လည်း ဖန့်တန်းရှီသည် စိတ်မဆိုးသွားပါ။

အခုတော့ သူမကိုပေးပျော်ထားလိုက်တာပေါ့.. နောက်ဆုံးကျရင် Esmeralda ကိုဝင်ခွင့်ရမယ့်သူက ဖန့်တန်းရှီပဲလေ..။

နောက်ပြီးတော့မှ ငိုဖို့နေရာကိုရှာထားပေါ့ ကျန်းယွီ...

သီချင်းသံထွက်ပေါ်လာသည်နှင့် ကျန်းယွီသည် အသက်ကိုပြင်းပြင်းရှုလိုက်ကာ မတ်တပ်ထရပ်လိုက်ပြီး စင်ပေါ်ကို ပေါ့ပါးစွာ တက်သွားလိုက်လေသည်။

သူမကိုမြင်လိုက်သည်နှင့် ပိုင်ရှုယီရော ရွယ်ကျားယီပါ တစ်ချိန်တည်းမှာ မျက်နှာထားများ ပြောင်းသွားကြလေသည်။

သူမဝတ်ဆင်ထားသော အနက်ရောင်ဘဲငန်းဝတ်စုံလေးနှင့် အမြင့်ကြီးခုန်ပျံလိုက်မှုသည် အရင်တုန်းက ပုထျန်းယန်ကို ပြန်သတိရသွားစေ၏။

သူမ၏ ပြေပြစ်လှပြီး သပ်ရပ်သေသပ်လှသော ခန္ဓာကိုယ်တည်ဆောက်ပုံနှင့်အတူ သူမပြုလုပ်လိုက်သမျှ လှုပ်ရှားမှုတိုင်းသည် အကောင်းဆုံးပါဆိုတဲ့ အဆုံးစွန် level တစ်ခုလောက်အထိတောင် ရှိနေလေသည်။

ထိုအနက်ရောင်ဘဲငန်းဝတ်စုံလေးနဲ့... သူမက တကယ်ကို နောက်ထျန်းယန်တစ်ယောက်လိုပဲ..။

ရွယ်ကျားယီသည် သူမလက်ထဲက ဘောပင်ကို ကျစ်ကျစ်ဆုပ်ကိုင်လိုက်မိပြီး သူမလက်ပေါ်က အပြာရောင်သွေးကြောများမှာလည်း ပေါက်ထွက်တော့မည့်အလားပင်။

ပုထျန်းယန်တစ်ယောက် ကွယ်လွန်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း ရွယ်ကျားယီ၏ နှလုံးသားထဲတွင်တော့ ပုထျန်းယန်သည် သူမကိုခြောက်လန့်နေဆဲဖြစ်သည့် အရိပ်ဆိုးတစ်ခု၊ အိပ်မက်ဆိုးတစ်ခုပင် ဖြစ်ပေသည်။

သူမဘယ်လောက်ပဲကြိုးစားပါစေ သူမသည် ဘယ်တော့မှ ပုထျန်းယန်ကို အမှီလိုက်နိုင်မည်မဟုတ်ပေ။

သူမ၏အကပုံစံ၊ မိသားစုနောက်ခံ၊ ဆွဲဆောင်မှုအပြည့်နှင့် ပင်ကိုစရိုက်... အရာအားလုံးတွင် သူမသည် ပုထျန်းယန်နှင့် လုံးဝမယှဉ်နိုင်ပေ..။ ဘယ်တော့မှ ယှဉ်နိုင်မှာလည်း မဟုတ်ပေ..။ ပုထျန်းယန်သည် သူမအတွက်တော့ အနှောင့်အယှက်တစ်ခုသာ ဖြစ်ပေသည်။

သူမ သေသွားပြီးတာတောင်မှ သူမရဲ့ အရိပ်က ပျောက်ကွယ်မသွားချေ။ အဘယ်ကြောင့်ဆိုသော် ရွယ်ကျားယီသည် ထိုဘုရင်မနေရာကို ဘယ်တော့မှ အနိုင်ရနိုင်မှာ မဟုတ်သောကြောင့်ပင်။

သူမလည်း မလုပ်နိုင်သလို ပိုင်ရှုယီလည်း မလုပ်နိုင်ပေ။

ပုထျန်းယန်သည် ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်တဲ့ အထင်ကရတစ်ဦးပင်..။ သေဆုံးခြင်းကြောင့်သာ သူမ၏ အောင်မြင်ကျော်ကြားမှုကို ရပ်တန့်လိုက်သလို ဖြစ်သွားပြီး ထိုအောင်မြင်မှုက ထာဝရတည်မြဲသွားခြင်းဖြစ်ပေသည်။

အခုတွင်တော့ စင်ပေါ်က အနက်ရောင်ဘဲငန်းလေးကို ကြည့်ရတာ ဒုတိယပုထျန်းယန် မွေးဖွားလာသည်ဟုပင် ရွယ်ကျားယီ ခံစားလိုက်မိလေသည်။

သူမသည် ပိုင်ရှုယီကို လှမ်းကြည့်လိုက်လေသည်။

ပိုင်ရှုယီ၏ မျက်နှာထက်တွင်လည်း အံ့အားသင့်မှုများအပြည့်နှင့်ပင်..။ ပိုင်ရှုယီသည်လည်း သူမလိုအတွေးမျိုး ရှိနေသည်မှာ သေချာသလောက်ပင်။

“ဘယ်လိုလဲ.. သူကရော Esmeralda ရဲ့စံနှုန်းတွေကို မှီရဲ့လား”

ရွယ်ကျားယွီသည် ရည်ရွယ်ချက်ရှိရှိ သူမစကားအတိုင်း သူမကို ပြန်ပက်လိုက်လေသည်။

ပိုင်ရှုယီလည်း ပြန်ပြောလိုက်ပေသည်။

“F ခန်းရဲ့စံနှုန်းတွေကို မှီရုံတင်မကဘဲ A ခန်းရဲ့စံနှုန်းတွေကိုပါ မှီတယ်”

Esmeralda တွင် အခန်းများကို ABCDEF ဆိုပြီး ခွဲထားလေရာ ပိုင်ရှုယီက A ခန်းကိုသင်ကြားပြီး ရွယ်ကျားယီသည် B ခန်းကို သင်ကြားခြင်း ဖြစ်ပေသည်။

“နှမြောစရာပဲ”ပိုင်ရှုယီသည် ရှက်ပြုံးပြုံးကာ ပြောလိုက်လေသည်။

“ငါကအများဆုံးမှ ကျောင်းသား၇ယောက်ပဲ လက်ခံတာ.. ပြီးတော့ A ခန်းက လူပြည့်နှင့်နေပြီ”

“ငါ့ B ခန်းကလည်း ကျောင်းသား၁၀ယောက်ရှိနေပြီမို့ လူပြည့်နေပြီ”

ရွယ်ကျားယီသည် ပြောလိုက်လေသည်။

“ကြည့်ရတာ သူ့ကိုလက်ခံပေးလို့ မရတော့ဘူးပဲ.. နှမြောစရာ“

ပိုင်ရှုယီကတော့ တစ်ချက်ကြည့်လိုက်ရုံနှင့် ရွယ်ကျားယီဘာတွေးနေလဲဆိုတာကို သိလိုက်လေသည်။

ဒီကောင်မလေးရဲ့ ပါရမီက အတော်မြင့်လွန်းပေသည်။ သို့သော် သူမသည် စနစ်တကျနှင့် ပရော်ဖက်ရှင်နယ်ဆန်ဆန် လေ့ကျင့်ပေးခံရမှု လိုအပ်နေလေသည်။ သေချာသာ အချိန်ယူပြီး သင်ကြားခံလိုက်ရမယ်ဆိုရင် သူမသည် သေချာပေါက်ကို ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ပုထျန်းယန်ထက်တောင် ပိုတော်လာနိုင်သည့် ကျန်းယွီကို သူမကြောက်ရွံ့မိလေသည်။

ရွယ်ကျားယီသည် ဒီလိုမိန်းကလေးမျိုးကို Esmeralda ကို လုံးဝဝင်ခွင့်မပေးချင်ပါ။

သူမတွင် ပုထျန်းယန်၏ အရိပ်ရှိနေတာမို့လို့ ရွယ်ကျားယီအတွက်တော့ ကျန်းယွီသည် နောက်ထပ်အိပ်မက်ဆိုးတစ်ခု ဖြစ်လာနိုင်ပေသည်။

‘ဘဲငန်းရေကန်’ မှ အကကောက်နုတ်ချက်များကို ကျန်းယွီ ကပြီးသွားသည့်နောက်မှာတော့ လိုက်ကာသည် အောက်ကိုကျလာပြီး ပရိသတ်သည်လည်း သောင်းသောင်းဖြဖြ လက်ခုပ်တီးလိုက်လေသည်။

ဒီဟာသည် ပရော်ဖက်ရှင်နယ်အဆင့် ဖျော်ဖြေမှုတစ်ခုပင်။ အရှေ့ကဖျော်ဖြေမှုများနှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင် ကျန်းယွီသည် အရှေ့မှာကပြသွားသော ကျောင်းသားများနှင့် level မတူဘူးဆိုတာကို ကျောင်းသားတိုင်းသေချာပေါက် သိကြလေသည်။

လင်းကျူဝမ်သည် စိတ်လှုပ်ရှားမှုအပြည့်နှင့် အားနဲ့မာန်နဲ့ လက်ခုပ်တီးလိုက်ပေသည်။

သူမ၏ ပရော်ဖက်ရှင်နယ် ရှုထောင့်ကဆိုလျှင် ကျန်းယွီသည် ကျိန်းသေပေါက်ကို ဝင်ခွင့်ရပေပြီ..။

ပြိုင်ပွဲဝင်၅ယောက်လုံး ဖျော်ဖြေမှုပြီးသွားသည့်နောက်မှာတော့ ဒိုင်များသည် ပြိုင်ပွဲဝင်များအားလုံးကို အင်တာဗျူးမေးရန် စင်ပေါ်သို့ ခေါ်လိုက်လေသည်။

အင်တာဗျူးတွင်မေးသော မေးခွန်းများမှာ ပုံမှန်သမားရိုးကျများသာ ဖြစ်ပေသည်။ သူတို့၏ကျောင်း၊ ကျောင်းတွင်းလှုပ်ရှားမှုများ၊ ဆုများ၊ စသည်ဖြင့်ပေါ့..။ ဒီလိုဖြင့် သူတို့ရဲ့ ဖြစ်နိုင်ချေရှိမှုတွေကို ဆုံးဖြတ်နိုင်ပေမည်။

ဖန့်တန်းရှီသည် သူမလက်ကိုမြှောက်လိုက်ကာ အရင်ဦးအောင်ဖြေလိုက်လေသည်။

“ကျွန်မနာမည်က ဖန့်တန်းရှီပါ..။ အဖေက ဖန့်ရှီမီဒီယာရဲ့ ဥက္ကဌဖြစ်တာမို့ ဒီကဆရာတွေအားလုံး ရင်းနှီးကြမယ်ထင်ပါတယ်။ စကားမစပ်ပြောရမယ်ဆိုရင် အတိတ်တုံးက အရမ်းနာမည်ကြီးခဲ့တဲ့ ကျန်းရှန်မန့်က ကျွန်မတို့မိသားစုက အနုပညာရှင်ပါပဲ။ ဒါကြောင့်မို့လို့ ကျွန်မတို့မိသားစုက ဘဲလေးနယ်ပယ်နဲ့ အတော်လေး ချိတ်ဆက်မှုရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် တီချယ်ရွယ်ကျားယီတောင်မှ ကျွန်မအမေနဲ့ အတော်လေးရင်းနှီးတယ်လေ”

ပြောပြီးသည်နှင့် သူမသည် ရွယ်ကျားယီကို ပြုံးပြလိုက်လေသည်။

ရွယ်ကျားယီသည် အနည်းငယ်ရှက်မိပေမယ့် သူမမျက်နှာကတော့ တည်တည်ငြိမ်ငြိမ်နှင့် နောက်အကြောင်းအရာကို စကားလမ်းကြောင်းလွဲလိုက်လေသည်။

“ဘဲလေးအကြောင်းပြောပါဦး.. ဘာလို့ ဘဲလေးကရတာကို ကြိုက်တာလဲ”

“ကျွန်မငယ်ငယ်လေးကတည်းက ဘဲလေးအကကို ကြိုက်နှစ်သက်ခဲ့တာပါ။ ပြီးတော့ ဘဲလေးက သူ့မူပိုင်ဟန်လေးနဲ့သူ ဆွဲဆောင်မှုရှိတယ်လို့ ထင်မိပါတယ်။ ကျွန်မရဲ့ရည်ရွယ်ချက်ကတော့ ပုထျန်းယန်ပြီးရင် အကောင်းဆုံးဘဲလေးကချေသည်တစ်ယောက်ဖြစ်လာဖို့ပါ”

ပိုင်ရှုယီမှ မေးလိုက်လေသည်။

“အဲ့ဒါနဲ့ ဒုတိယပုထျန်းယန်ဖြစ်လာချင်လို့ ပုထျန်းယန်လို ဖိနပ်တွေ စီးထားတာပေါ့”

“ဒါတွေက ဆင်တူတဲ့ဖိနပ်တွေ မဟုတ်ပါဘူး"

ဖန့်တန်းရှီသည် အလောတကြီးပြန်ဖြေလိုက်လေသည်။

“ဒါတွေက ပုထျန်းယန်ပိုင်ဆိုင်ခဲ့တဲ့ ဖိနပ်တွေပါ။ ကျွန်မအဖေက ဒေါ်လာ၂သန်းနဲ့ ဝယ်ခဲ့တာလေ”

ပိုင်ရှုယီသည် ပြုံးလိုက်ကာ ပြန်ပြောလိုက်လေသည်။

“ဟုတ်လား”

“ဟုတ်ပါတယ်.. ကျွန်မအဖေက အမေရိကန်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ပြန်ဝယ်လာခဲ့တာပါ”

“ဒါပေမယ့် ပုထျန်းယန်ရဲ့ဖိနပ်တွေက ဘာဖြစ်လို့ အမေရိကန်အထိ ရောက်နေရတာလဲ.. အဲ့ဒါကိုရော စဉ်းစားမိရဲ့လား”

“ဒါက...”

ပိုင်ရှုယီသည် ဆက်ပြောလိုက်လေသည်။

“ပုထျန်းယန် အသက်ရှိစဉ်တုန်းက အနုပညာခန်းက ကောင်မလေးတစ်ချို့ဆီကနေ မကြာခဏ ဖယ်ကျဉ်ခံရလေ့ရှိတယ်..။ သူကျောင်းတက်နေတုံးက သူ့ကိုမနာလိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်လေ။ သူ့ Elieta ဖိနပ်ခြေခုံပေါ်မှာ အင်္ဂလိပ်စာလုံး B နဲ့စတဲ့ စာလုံးတစ်ချို့ရေးခံထားရတယ်။ ဒီကိစ္စကို လူအနည်းစုပဲသိတာပေါ့..။ ကျောင်းသူရဲ့ဖိနပ်မှာသာ အဲ့စာလုံးတွေရှိနေတယ်ဆိုရင် တကယ့်အစစ်ကိုဝယ်ခဲ့တာလို့ ပြောလို့ရတာပေါ့”

ပြောပြီးသည်နှင့် ပိုင်ရှုယီသည် သူ့ဘေးမှာထိုင်နေတဲ့ ရွယ်ကျားယီကို ကြည့်လိုက်လေသည်။

ရွယ်ကျားယီကတော့ သူ့မျက်လုံးများကို စင်းထားကာ သူမလက်ထဲက အချက်အလက်များကို ဖတ်နေယောင်ဆောင်နေလိုက်သည်။

ဖန့်တန့်ရှီသည် ပိုင်ရှုယီပြောတာကို ကြားပြီးသည်နှင့် သူမဖိနပ်များကို မြန်မြန်ချွတ်ကြည့်လိုက်လေသည်။

ခြေခုံများမှာ သန့်ရှင်းနေပြီး တစ်ခုခုရေးထားသည့် ဘာအမှတ်အသားမှ ရှိမနေပေ။

“ဒါက.. နှစ်တွေအများကြီး ကြာနေပြီပဲ..။ လက်ရေးရာက ပျောက်သွားတာတောင် ကြာနေလောက်ပြီ”

သူမသည် မြန်မြန်သွက်သွက် ဖုံးဖိလိုက်လေသည်။

“လက်ရေးရာတွေက မှိန်သွားလို့ မမြင်ရတော့တာနေမှာပါ”

ပိုင်ရှုယီသည် ဆက်ပြောလိုက်လေသည်။

“လက်ရေးရာက မှိန်သွားမှာမဟုတ်ဘူး..။ ဘာလို့လဲဆိုတော့ အဲ့ကျောင်းသူက အထူးမင်ကို ဝယ်ခဲ့တာလေ။ အနှစ်၅၀လောက်နေရင်တောင် မမှိန်သွားနိုင်မယ့်မင်မျိုးပေါ့”

ရွယ်ကျားယီသည် စားပွဲပေါ်က စာရွက်များကို ဆုပ်ကိုင်လိုက်ကာ ပြောလိုက်လေသည်။

“ကောင်းပြီ.. ဒီနေ့က ငါတို့ရဲ့ရွေးချယ်ပွဲနေ့..။ ပုထျန်းယန်ရဲ့ အမှတ်တရပွဲနေ့ မဟုတ်ဘူး”

ဖန့်တန်းရှီ၏မျက်နှာကတော့ ပြာနှမ်းပြီး ခရမ်းရောင်သမ်းလာလေသည်။ သူမသည် နှုတ်ခမ်းကို ကိုက်နေကာ အောက်ကကောင်မလေးများ၏ မျက်နှာထားများကို မကြည့်ရဲတော့ပေ။

ဒီလောက်ထိ ရက်ပေါင်းများစွာ သူတို့ရှေ့မှာကြွားထားတဲ့အရာက အတုတွေဆိုတာကို လူသိရှင်ကြားဖွင့်ချခံလိုက်ရလေသည်။ အခုတော့ သူတို့ရှေ့မှာ ဘယ်လိုမျက်နှာပြရပါတော့မည်နည်း..။

သူ့အဖေ ဒီလောက်ထိပိုက်ဆံတွေ အကုန်ခံပြီး ဝယ်ခဲ့ပေးတဲ့ဟာက အတုကြီးဖြစ်နေတယ်တဲ့လား..။

ဒါအတော်မိုက်မဲတာပဲ။

ရွယ်ကျားယီသည် စကားလမ်းကြောင်းလွဲလိုက်ပြီး ဒုတိယနှင့် တတိယကောင်မလေးကို သူမတို့မိသားစုများအကြောင်းနှင့် သူတို့ဘာလို့ ကချင်တာလဲဆိုတာကို မေးလိုက်လေသည်။

ဟွမ်ကျားလီဆိုသည့် ကောင်မလေးမှလွဲ၍ ကောင်မလေးများ၏ နောက်ခံများသည် အကုန်ကောင်းကြပေသည်။ ထိုကောင်မလေးကတော့ ကျန်းယွီလိုပင် သာမန်မိသားစုနောက်ခံသာ ဖြစ်လေသည်။

ထို့ကြောင့် ရွယ်ကျားယီ သူမကိုမေးခွန်းမေးသည့်အချိန်တွင် ကျန်းယွီသည် သူမအဖြေကို သေချာလိုက်နားထောင်လိုက်မိသည်။

“ကျွန်မကတော့ နောက်ခံတောင့်တဲ့ မိသားစုမျိုးက မဟုတ်ပါဘူး။ ပြီးတော့ မိဘတွေက ရာထူးကြီးကြီးမားမားမျိုးလည်း မရှိပါဘူး။ ဒါပေမယ့် ကျွန်မကဘဲလေးကိုချစ်တယ်။ ဘဲလေးကချေသည်တစ်ယောက်ဖြစ်ချင်တာက ကျွန်မရဲ့အိပ်မက်ပါ”

ပိုင်ရှုယီက ထပ်မေးလိုက်လေသည်။

“မိသားစုနောက်ခံကလည်း မကောင်းတဲ့အပြင် မိဘတွေကပါ ဘဲလေးကတာကို ထောက်ခံအားပေးမှု မရှိဘူးဆိုရင် ဘယ်လိုလုပ်မှာလဲ”

ဟွမ်ကျားလီသည် ကျယ်ကျယ်လေး ပြန်ပြောလိုက်လေသည်။

“Esmeralda မှာ ဆင်းရဲနွမ်းပါးတဲ့ကျောင်းသားတွေကို ကူညီပေးတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုရှိတယ်လို့ ကျွန်မကြားထားပါတယ်"

“ကြည့်ရတာ Esmeralda ကိုတကယ်ဝင်ခွင့်ရချင်တဲ့ပုံပေါက်ပါတယ်..။ ဒီလောက်ဆို သိပါပြီ။ ဒါပေမယ့် ကျောင်းသူရဲ့ level ကရော Esmeralda ကိုဝင်ခွင့်ရဖို့အထိ အဆင့်အတန်းပြည့်မှီတယ်လို့ ထင်ရဲ့လား”

“ကျွန်မက အခုထိတော့ အများကြီးလိုအပ်နေပါတယ်။ ဒါပေမယ့် ယုံကြည်ပေးပါ.. ကျွန်မတကယ်ကို အများကြီး ကြိုးစားမှာပါ”

ရွယ်ကျားယီသည် ထပ်လောင်းပြောလိုက်လေသည်။

“တီချယ်ပိုင် မေးနေတာက.. ကျောင်းသူထက် ပိုပြီး အများကြီးပါရမီပါတဲ့ အတန်းဖော်တွေကို ဘယ်လိုထင်လဲတဲ့”

“မယှဉ်နိုင်သေးပါဘူး”

“ဟုတ်တယ်.. ဒါပေမယ့် လုံ့လဝီရိယရှိဖို့ကတော့ အရေးအကြီးဆုံးအချက်ပဲ..။ ဆက်ပြီး ဇွဲကောင်းကောင်းနဲ့ မဆုတ်မနစ်ကြိုးစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ရွယ်ကျားယီသည် ဟွမ်ကျားလီကို အတော်လေးသဘောကျမိလေသည်။ သူမကိုယ်တိုင်လည်း ဘာမှမရှိတဲ့ဘဝကနေ ကြိုးစားလာခဲ့ရတာမို့ပင်။

အစတုန်းကတော့ သူမသည် ဒီလောက်ထိ အရာမရောက်သေးပေ..။ အခုတွင်တော့ သူမသည် Esmeralda ၏ အဓိကနည်းပြနေရာတွင် ထိုင်နေရလေပြီ။

ပိုင်ရှုယီသည် ကျန်းယွီကိုကြည့်ကာ မေးလိုက်လေသည်။

“ကျောင်းသူကျန်းယွီကရော ဘယ်လိုလဲ.. ဘာလို့ဘဲလေးကချင်တာလဲ”

ကျန်းယွီကတော့ အမှန်အတိုင်းသာ ဖြေလိုက်လေသည်။

“ကျောင်းသူအများစုလိုပဲ ကျွန်မလည်း ဘဲလေးကိုချစ်လို့ပါ”

“ဘဲလေးကိုချစ်ရတဲ့ အကြောင်းပြချက်တစ်ခုလောက် ပေးပါလား။ မွေးရာပါအထုံပါလာတယ်လို့ ထင်မိလို့ ကဖြစ်တာလား”

ကျန်းယွီသည် ခဏလောက် တွေးတောနေလိုက်ပြီးမှ ပြန်ပြောလိုက်လေသည်။

“ဘာလို့လဲဆိုတော့ ကျွန်မတစ်ခါတုံးက လက်လျော့ခဲ့ဖူးတယ်..။ အခုတော့ ဒီလမ်းကြောင်းပေါ် ပြန်ရောက်လာတယ် ဆိုပေမယ့်ပေါ့..။ အဲ့ဒါကြောင့်ပဲ ဘဲလေးက ကျွန်မဘဝမှာ ဘယ်လောက်ထိ အရေးပါလဲဆိုတာကို သိလာရတယ်။ ဘဲလေးသာမရှိရင် ကျွန်မဘဝကလည်း အတော်လေးကို သာမန်ပဲဖြစ်သွားလိမ့်မယ်"

“ဒါပေမယ့် ကျောင်းသူသိရဲ့လား.. ဘဲလေးကချေသည် အများစုကလည်း သာမန်ပဲဆိုတာ။ သူတို့မှာ ဘဲလေးကိုချစ်တဲ့အချစ်ကလွဲရင် ဘာမှမရှိဘူး”

ကျန်းယွီသည် ပိုင်ရှုယီကိုကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်နှင့် ပြန်ပြောလိုက်လေသည်။

“ကျွန်မလည်း ဘာမှမရှိပါဘူး.. ဒါပေမယ့် ကျွန်မမှာ ပါရမီတော့ရှိတယ်”ထိုစကားများထွက်လာသည်နှင့် ပိုင်ရှုယီရော ရွယ်ကျားယီရော တစ်ချိန်တည်းမှာပဲ ရင်ထဲစို့သွားလေသည်။

ဒီစကားသည် Esmeralda ၏ ပထမဆုံးဘဲလေးအတန်းတုံးက ပုထျန်းယန်ပြောခဲ့သည့် စကားများပင်။

“ဘာလို့လဲဆိုတော့ ကျွန်မက ပါရမီရှိတယ်လေ”

ဘယ်လောက်တောင် ယုံကြည်ချက် မြင့်မားလိုက်လေခြင်းလဲ..။

ဘဲလေးကချေသည် တစ်ယောက်အနေနှင့် မိသားစုနောက်ခံ၊ အကောင်းဆုံးဆရာ၊ ဝီရိယနှင့် အချစ်တို့ ရှိကောင်းရှိနိုင်ပေသည်။ သို့သော်... ဘယ်လောက်ပဲ ကြိုးစားပါစေ လုပ်ယူလို့မရနိုင်သည့်အရာကား ပါရမီပင် ဖြစ်ပေသည်။

ဒီနယ်ပယ်ထဲတွင် ပါရမီရှိခြင်းကသာ အတောက်ပဆုံးနေရာကို ခေါ်ဆောင်သွားနိုင်မှာ ဖြစ်ပေသည်။

အင်တာဗျူးပြီးသွားတော့ ဒိုင်များနှင့် ဆရာများသည် တစ်ယောက်ချင်းစီ ၅မိနစ်လောက် ဆွေးနွေးလိုက်ကြသည်။ ထို့နောက် နောက်ဆုံးရလဒ်ကို ကြေငြာရန် ပြိုင်ပွဲဝင်များကို စင်ပေါ်သို့ ဖိတ်ခေါ်လိုက်လေသည်။

လူတိုင်းသည် အတော်လေး ရင်ခုန်စိတ်လှုပ်ရှားနေပြီး ကျန်းယွီအပါအဝင် အားလုံး မတ်တပ်ရပ်လိုက်ကြပေသည်။

ပိုင်ရှုယီသည် စိတ်လှုပ်ရှားနေကြသော စင်ပေါ်ကကောင်မလေးများကို ကြည့်ကာပြောလိုက်လေသည်။

“ကျွန်မတို့ရဲ့ ရလဒ်ကတော့ ထွက်ပေါ်လာပါပြီ။ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ကျောင်းသူ ၅ ယောက်ထဲက တစ်ယောက်ကတော့ Esmeralda အနုပညာစင်တာကို ဝင်ခွင့်ရခဲ့ပါတယ်"

All Chapters