Chapter 28
Vol. 3 Ch. 28
ဒိုင်များနှင့်ဆရာများသည် လင်းချူအနုပညာကျောင်းမှ ကျောင်းသူတစ်ယောက်ကတော့ Esmeralda ကို ဝင်ခွင့်ရကြောင်း ကြေငြာလိုက်လေသည်။
လင်းချူမှ ဆရာများနှင့် ကျောင်းသားများအပါအဝင် လူတိုင်းသည် စိတ်လှုပ်ရှားနေကြလေသည်။
Esmeralda ကိုဝင်ခွင့်ရဖို့မှာ အတော်ပင်ခက်ခဲလှကြောင်း ဘုရားတောင်သိပေသည်။ လူအယောက်တစ်ထောင်လောက်မှာမှ တစ်ယောက်လောက် ရွေးချယ်ခြင်းမို့ပေ..။ ဒီနိုင်ငံတစ်ဝှမ်း လူရွေးချယ်မှုတွင် တစ်နိုင်ငံလုံးရှိကျောင်းပေါင်းစုံမှ ကျောင်းသားပေါင်းသောင်းနဲ့ချီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း လူတစ်ရာလောက်တောင် ဒါမှမဟုတ် အဲ့ထက်ပင်နည်းသော အရေအတွက်သည်သာ ရွေးချယ်ခံရလေသည်။
“ငါတို့ကျောင်းက အရွေးမခံရတာတော့ မဖြစ်တော့ဘူးပဲ”
“ဒါအရမ်းကောင်းတာပဲ”
“ဘယ်သူများ ဖြစ်မလဲမသိဘူး”
“ဘယ်သူဖြစ်နိုင်လဲ.. ဖန့်တန်းရှီပဲ ထင်တယ်။ Esmeralda ကို ဝင်ခွင့်ရဖို့ အရည်အချင်းရှိတာ သူ့အပြင် ဘယ်သူရှိသေးလို့လဲ”
“ဒါပေမယ့် ကျန်းယွီကလည်း ကတာ အတော်လေးတော်တယ်လို့ ငါတော့ထင်တယ်”
“သေချာတာတစ်ခုကတော့ ကျန်းယွီက အများကြီးပိုတော်တယ်ဆိုတာပဲ”
“မကောင်းတဲ့ဟာတွေ”
“ဒါအမှန်တရားပဲလေ.. လူတိုင်း သူတို့မျက်စိနဲ့ မြင်နိုင်နေတဲ့ဟာကို”
“ငါအရင်က သတိမထားမိခဲ့ဘူး.. ကျန်းယွီက တကယ်ကို အလားအလာရှိတဲ့ ဝှက်ဖဲတစ်ခုပဲ”
ရွယ်ကျားယွီသည် စင်ပေါ်က စိတ်လှုပ်ရှားနေသော ကျောင်းသူ၅ယောက်ကိုကြည့်ပြီး ပြောလိုက်လေသည်။
“ဟွမ်ကျားလီ”
ထိုနာမည်ကို ကြေငြာလိုက်သည်နှင့် ပရိသတ်သည် လုံးဝတိတ်ဆိတ်သွားလေသည်။ ကျောင်းသားများလည်း တိုးတိုး,တိုးတိုးနဲ့ အတင်းပြောလာကြတော့သည်။
“ဘာကြီးလဲ... သူ မဖြစ်သင့်ဘူးလေ”
“ဖန့်တန်းရှီနဲ့ ကျန်းယွီတို့ နှစ်ယောက်ထဲက တစ်ယောက်ပဲ ဖြစ်သင့်တာကို.. သူကကျိန်းသေပေါက်ကို အဲ့၂ယောက်ထက် ဘာမှပိုသာမနေဘူးလေ။ သူတို့ကိုမှီဖို့မပြောနဲ့ တဝက်တောင်မှီမနေဘူး”
“ငါတော့အတော်လေး ရှော့ခ်ရနေပြီ.. ဟွမ်ကျားလီရော ရွယ်ကျားယီရောက နာမည်မှာ ကျားပါတာတူနေလို့ ရွယ်ကျားယီက သူ့ကိုရွေးလိုက်တာများလား”
“Esmeralda ရဲ့ လူရွေးတဲ့စံနှုန်းကြီးက ဒီလောက်တောင် နိမ့်ကျသွားပြီလား”
ဟွမ်ကျားလီ၏ နာမည်ကို ကြားလိုက်သည်နှင့် ကျန်းယွီသည်လည်း စိတ်ထဲဗလာဖြစ်သွားလေသည်။
သူမဖြည်းဖြည်းမှန်မှန်လေးနှင့် ဒီလိုလုပ်နိုင်သွားလိမ့်မည်လို့လည်း မထင်ထားသလို... သူမပို၍ပင် မထင်ထားမိတာက သူမသည် ဟွမ်ကျားလီကို ရှုံးသွားမည် ဆိုတာကိုပင်..။
သူမသည် ဟွမ်ကျားလီ၏ အကကို မြင်ဖူးလေသည်။ အမှန်အတိုင်းပြောရမယ်ဆိုလျှင် သူမအရမ်းကောင်းတယ်လို့ ကျန်းယွီကတော့ မထင်မိပါ။ အများဆုံးမှ စိတ်ကျေနပ်စေလောက်သည့်အဆင့်သာ ရှိပေသည်။
ကျန်းယွီသည် စိတ်ပျက်မိသွားသည်။ သို့သော် သူမထက်ပို၍ စိတ်ပျက်နေမိသူကတော့ ဖန့်တန်းရှီပင်။
သူမသည် အပြန်အလှန် နားလည်မှု ယူထားပြီးပြီ မဟုတ်ပါလား.. ဘာလို့ သူမက ပယ်ချခံရပါသနည်း..။
ကျန်းယွီကို ရှုံးခဲ့တာဆိုရင် သူမကိုယ်သူမ သိမ်းသွင်းပြီး လက်ခံနိုင်ပေဦးမည်။ ဒါပေမယ့် ဟွမ်ကျားလီကို ရှုံးသွားသည်တဲ့လား...။ အရည်အချင်းလည်းမရှိ နောက်ခံလည်းမရှိဘဲနဲ့လေ.. ဘာလို့များလဲ
ဖန့်တန်းရှီသည် ဒီလိုသောကမျိုး တစ်ခါမခံစားခဲ့ဖူးပေ..။ ထို့ကြောင့် ချက်ချင်းပဲ လက်မြှောက်လိုက်ကာ ဆန့်ကျင်လိုက်လေသည်။
“ကျွန်မက ဟွမ်ကျားလီထက် ပိုမကောင်းနေတာ ဘယ်နေရာမှာမှမရှိဘူးလေ.. ဘာဖြစ်လို့ သူ့ကိုရွေးရတာလဲ? Esmeralda ရဲ့ ရွေးချယ်မှုစံနှုန်းတွေကို ကျွန်မကန့်ကွက်တယ်”
ရွယ်ကျားယီသည် ဖန့်တန်းရှီကို တည်တည်ငြိမ်ငြိမ်နှင့် ပြန်ကြည့်လိုက်ကာ ချက်ချင်းပြန်မတုန့်ပြန်လိုက်ပေ။
သူမသည် သူငယ်ချင်းတစ်ယောက်၏ အကူအညီဖြင့် ဖန့်မိသားစုနှင့် ညစာစားခဲ့ဖူးလေသည်။ ထိုညစာစားပွဲကို သွားသည်နှင့် သူမကို ဝင်ခွင့်အတွက် အကူအညီတောင်းတော့မည်ဖြစ်ကြောင်းကို သူမသိနေခဲ့လေသည်။
ထိုအချိန်တုန်းက သူမသည် လက်ခံသည်လည်းမပြောခဲ့သလို လက်မခံဘူးလို့လည်း မပြောခဲ့ပေ။ အရေးကြီးဆုံးအချက်မှာ သူမသည် သူတို့မိသားစုထံမှ ဘာလက်ဆောင်မှ လက်ခံရရှိခဲ့ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် အခုဒီအချိန်တွင် ဒါကပြဿနာဖြစ်လာနိုင်မည် မဟုတ်ပေ။
ရွယ်ကျားယီသည် စိတ်အေးအေးနှင့် ပြန်မေးလိုက်လေသည်။
“ကျောင်းသူဖန့်တန်းရှီ... ဘာလို့သူမက အရည်အချင်းမပြည့်မှီဘူးလို့ ထင်ရတာလဲ”
“သူ...သူကကောင်းကောင်းမှ မကနိုင်တာ။ အခုဟာကလည်း ထပ်ခါတလဲလဲ လေ့ကျင့်ထားလို့ ရလာတဲ့ရလဒ်ကြောင့်သာ သူ့ရဲ့လှုပ်ရှားနိုင်မှု စွမ်းဆောင်ရည်က မြင့်တယ်ထင်နေရတာလေ။ သူ့ရဲ့လှုပ်ရှားမှုအများစုက... လုံးဝလည်းမခုန်ဘူး။ သူ့မှာဘာပါရမီမှ ရှိမနေဘူး”
“အဲ့တော့ ပါရမီပါတာက လုံံ့လဝီရိယထက် ပိုအရေးကြီးတယ်လို့ ကျောင်းသူက ထင်တာလား"
“ဒါပေါ့”
ဖန့်တန်းရှီသည် အံကိုကြိတ်ကာ ပြန်ပြောလိုက်လေသည်။
“ပါရမီသာမပါဘူးဆိုရင် လုံ့လဝီရိယရှိတော့ရော အသုံးဝင်လို့လား? နောက်ဆုံးကျရင် တစ်ခြားလူတွေအတွက် အနှောင့်အယှက်သက်သက်ပဲ ဖြစ်မလာဘူးလား။ နောက်ဆုံးကျရင် စင်နောက်မှာပဲ နောက်လိုက်ကချေသည်အနေနဲ့ အဆုံးသတ်သွားကြမှာပဲ"
ပြောပြီးသည်နှင့် သူမသည် စင်အောက်က ကောင်မလေးများကို ကြည့်လိုက်လေသည်။
ထိုကောင်မလေးများသည် ဖန့်တန်းရှီနားတွင် အုပ်စုလိုက်ကပ်နေတတ်ကြသူများပင်။ အခုတော့ သူမတို့အားလုံးကို ဒီလိုမကောင်းတဲ့ဥပမာအနေနဲ့ တင်စားသုံးနှုန်းကာ ဝေဖန်လိုက်ပုံကို သူမတို့လည်း မမျှော်လင့်ထားခဲ့ပေ။
ကောင်မလေးများအားလုံး သူတို့ရင်ထဲတွင်တော့ ကသိကအောက် ဖြစ်သွားကြလေသည်။
သို့သော်လည်း ဖန့်တန်းရှီပြောတာတွေက အမှန်တရားဆိုတာကိုတော့ ငြင်းဆန်လို့မရပေ။ သူတို့သည် စင်ပေါ်တွင် အနှောက်အယှက်မျှသာ ဖြစ်ပေသည်။ ဘဲငန်းကြီးပဲဖြစ်ဖြစ် ဘဲလေးငန်းလေးပဲဖြစ်ဖြစ် သူတို့သည် ဘဲငန်းဘုရင်မတော့ မဟုတ်ပေ။
ရွယ်ကျားယီသည် ဖန့်တန်းရှီကို ချက်ချင်းပြန်မချေပဘဲ နောက်မှပြောလိုက်လေသည်။
“ကျောင်းသူပြောတာမှန်ပါတယ်။ ပါရမီနဲ့ယှဉ်ရင် ဝီရိယက ထုတ်ပြောဖို့တောင် မတန်ဘူးလေ။ ဒါပေမယ့် တစ်ခုလောက်မေးပါရစေဦး..။ ပြီးပြည့်စုံတဲ့စင်တစ်ခုဆိုတာ ဘဲငန်းဘုရင်မတစ်ယောက်တည်းအတွက်လို့ပဲ ထင်တာလား? ပရိသတ်က အဲ့ဖျော်ဖြေမှုကို ပိုက်ဆံပေးပြီး လာကြည့်ကြမယ်လို့ ထင်တာလား?”
ဖန့်တန်းရှီတစ်ယောက် တုန်လှုပ်ခြောက်ခြားသွားလေသည်။
သူမသည် ဒီအကြောင်း တစ်ခါမှမတွေးခဲ့ဖူးပေ။ သူမဘဲလေးစကသည့် အချိန်ကစပြီး သူမနှလုံးသားထဲမှာ စိုက်ထူထားတဲ့ တစ်ခုတည်းသော ပန်းတိုင်က အတော်ဆုံးသူရဲကောင်းတစ်ယောက် ဖြစ်လာဖို့ပင်။
ရွယ်ကျားယီ၏ မျက်ဝန်းများထဲတွင်တော့ အထင်သေးမှုများ အနည်းငယ်ပေါ်ထွက်နေလေသည်။
“ပုထျန်းယန်ရဲ့ဖိနပ်ကိုစီးလိုက်ရုံနဲ့ မင်းက ပုထျန်းယန်ဖြစ်လာမှာ မဟုတ်ဘူး။ ဘဲငန်းဘုရင်မက တစ်ယောက်တည်းရှိတာတော့ မှန်တယ်။ ဒါပေမယ့် အဲ့စင်ကို ထောက်ပံ့ပေးထားက နောက်ခံက အဲ့ဒီဘဲငန်းကြီးလေးတွေ ဘဲငန်းငယ်လေးတွေကပဲ..။ အဲ့ဒါကြောင့် ပါရမီက အရေးကြီးတာမှန်တယ်။ ဒါပေမယ့် ပါရမီနဲ့ယှဉ်လိုက်မယ်ဆိုရင် ငါတို့ Esmeralda F ခန်းအတွက် လူရွေးချယ်မှုမှာတော့ ဝီရိယရှိတဲ့ကျောင်းသူကိုပဲ ပိုပြီးတန်ဖိုးထားတယ်။ ဒါက ငါတို့တွေ ဟွမ်ကျားလီကို ရွေးလိုက်ရတဲ့ အကြောင်းအရင်းပဲ”
ဖန့်တန်းရှီသည် ခေါင်းရှုပ်နေသေးသော်လည်း သူမဘေးနားက ကျန်းယွီကတော့ ရုတ်တရက်ဆိုသလို သဘောပေါက်သွားလေသည်။
ကမ္ဘာပေါ်တွင် ပုထျန်းယန်တစ်ယောက်တည်းသာ ရှိသော်လည်း ဘဲလေးကချေသည်များကတော့ သောင်းနဲ့ချီရှိလေသည်။
ဒါကြောင့်မို့လို့ Esmeralda F ခန်းတွင် ကျောင်းသားပေါင်းတစ်ရာလောက် ရှိသော်လည်း ABC ခန်းများတွင်တော့ ၃ခန်းပေါင်းမှ လူ၅၀ထက်တောင် နည်းလေသည်။
ဒီနေ့၏ လူရွေးချယ်မှုစံနှုန်းကို နည်းပြနှစ်ယောက်လုံး ဟိုးအရင်ထဲက ဆွေးနွေးပြီးသားဖြစ်ပေလိမ့်မည်။ သူတို့သည် အရည်အချင်းအရှိဆုံး၊ ကတာအကောင်းဆုံး ကျောင်းသားကို လာရွေးတာမဟုတ်ဘဲ F ခန်းအတွက် အလိုအပ်ဆုံးကျောင်းသားကို လာရွေးခြင်းသာ ဖြစ်ပေသည်။
ထိုရွေးချယ်ခံရသူသည် မောက်မာတာမျိုးလည်း မရှိသင့်သလို၊ ကျေနပ်ရောင့်ရဲတတ်မှုလည်း အရမ်းကြီးမရှိသင့်ပေ။ တစ်ချိန်တည်းမှာပဲ သာမညောင်ညလောက်သာဖြစ်ဖို့နှင့် နောက်ခံပံ့ပိုးပေးဖို့ကို လိုလိုလားလား လက်ခံရမည်ဖြစ်ပေသည်။
ဒါတွေကို ကျန်းယွီတစ်ယောက် အပြည့်အဝနားလည်လေသည်။ ပြောရမယ်ဆိုရင် ဒီနယ်ပယ်ထဲက စည်းမျဉ်းစည်းကမ်းတွေအကြောင်းကို သူမနားလည်နေပေပြီ။
ပိုင်ရှုယီသည် ကျန်းယွီမျက်ဝန်းများထဲက အမှန်အတိုင်းသိမြင်နေမှုများကို မြင်လိုက်ပေသည်။ သူမသည် ခေါင်းကိုမော့လိုက်ကာ မေးလိုက်သည်။
“ကျန်းယွီ.. ကျောင်းသူရဲ့ အမူအရာကို ကြည့်ရတာကတော့ အလွယ်တကူ လက်သင့်ခံလိုက်တဲ့ပုံပဲ.. ဟုတ်လား?”
“ကျွန်မ တီချယ်တို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်”
ကျန်းယွီသည် သူမခေါင်းကို မော့လိုက်ကာ ပိုင်ရှုယီကို တည့်တည့်ပြန်ကြည့်ပြီး ပြောလိုက်လေသည်။
“ဒါပေမယ့် ဒီလိုလုပ်ရတာ တီချယ့်အတွက်ရော မျှတရဲ့လား”
ဒီနောက်ဆုံးအကဲဖြတ်ပွဲအတွက် သူတို့သည် နေ့ရောညပါ သူတို့တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားခဲ့ကြသည်။ သို့သော်.. အဆုံးမှာတော့ စည်းမျဉ်းစည်းကမ်းလို့ သူတို့ခေါ်ဆိုသည့်အရာကြောင့် သူတို့ရှုံးနိမ့်ခဲ့ရလေသည်။
ထိုစည်းမျဉ်းစည်းကမ်းဆိုသည်မှာ အကောင်းဆုံးကို ရွေးချယ်ဖို့အတွက် မဟုတ်ခဲ့ပေ။
“ဒီနယ်ပယ်က ဘယ်တုန်းကမှ မျှတခဲ့တာမဟုတ်ဘူး”
ပိုင်ရှုယီသည် ကျန်းယွီကို ရှင်းရှင်းလင်းလင်း ပြန်ပြောလိုက်လေသည်။
“ဒါကအရွယ်ရောက်ပြီးသား လူကြီးတွေရဲ့ ရက်စက်လွန်းတဲ့ လောကကြီးပဲ ကျန်းယွီ.. ဒီနေ့အဖြစ်အပျက်က သမီးကို လူ့အသိုင်းအဝိုင်းအကြောင်း နားလည်လာအောင် ကူညီပေးခဲ့လိမ့်မယ်လို့ တီချယ်မျှော်လင့်ပါတယ်”
“တီချယ်ပိုင်ရှုယီ.. ဒီလောကကြီးရဲ့ ရက်စက်ပုံတွေကို ကျွန်မသိပါတယ်။ ဒါပေမယ့်လည်း ကျွန်မကတော့ ဘဲလေးက ဖြူစင်တယ်လို့ ခိုင်ခိုင်မာမာယုံကြည်နေတုံးပဲ။ လူတစ်ချို့က နာမည်ကျော်ကြားမှုနဲ့ ရှေ့ရေးကောင်းဖို့ ဒါကိုအသုံးချချင်ချကြလိမ့်မယ်.. ဒါပေမယ့် အဲ့အတွက်ပဲ ဘဲလေးကို ကမယ်ဆိုရင် ဘယ်တော့မှ ဒီဘဲလေးကခြင်းရဲ့ အလှအပကို ခံစားနိုင်လိမ့်မှာမဟုတ်ဘူးလေ”
သူမမျက်ဝန်းထဲက အလင်းရောင် စူးစူးလေးတွေနှင့် အကောင်ပေါက်လေးက ကျားတွေကိုပင် မကြောက်မရွံသည့် သတ္တိရှိမှုမျိုးကို ကြည့်နေရသည်မှာ အတိတ်တုံးက ပုထျန်းယန်နှင့် တထပ်တည်းပင် တူညီနေလေ၏။
ပိုင်ရှုယီသည် သူမစကားများကို နားထောင်ပြီး သူမရင်ထဲပင် ခိုးလို့ခုလုဖြစ်သွားရလေသည်။
ဟုတ်တာပေါ့..။ ဘာလို့ သူမ ဘဝတစ်လျှောက်လုံး ပုထျန်းယန်ကို မကျော်နိုင်ခဲ့ရတာလဲ။
ပုထျန်းယန်ကတယ်ဆိုသည်မှာ ဘာပြိုင်ပွဲ ဘာဆုတံဆိပ်ကြောင့်မှ မဟုတ်ခဲ့ပေ။ သူမသည် လူတွေသွားလာနေကြသည့် လမ်းမထက်တွင်သော်လည်းကောင်း၊ ဘာမှမရှိသည့် မြက်ခင်းပေါ်တွင်လည်းကောင်း ကနိုင်ပေသည်။ သူမပျော်သည့်အခါဖြစ်စေ၊ ဝမ်းနည်းသည့်အခါဖြစ်စေ သူမဘဲလေးကလေသည်..။
ဒါကြောင့်မို့လို့လည်း သူမသည် လှလှပပနှင့် ဩဇာကြီးမားနေရခြင်းပင်..။ ထို့အပြင် သူမ၏ အနက်ရောင်ဘဲငန်း ရိုက်ချက်၃၂ချက်မှာ တစ်ကမ္ဘာလုံးကိုပင် အံ့ဩသွားစေခဲ့ရလေသည်။
ဘယ်သူကများ သူမကိုမချစ်ဘဲ နေနိုင်မှာတဲ့လဲ..။
ရွယ်ကျားယီသည် ရယ်လိုက်ကာ သူမမျက်ဝန်းများကတော့ သရော်မှုများဖြင့် ပြည့်နှက်နေလေသည်။
“ဒီလောက်နှစ်တွေအများကြီး ဖြတ်သန်းလာပြီးတဲ့နောက်မှာ မင်းထက်တောင်ပိုပြီး မောက်မာတဲ့လူတစ်ချို့ကို တွေ့ခဲ့ဖူးတာပေါ့..။ ဒါပေမယ့် အခုတော့ သူတို့အားလုံးဘယ်ရောက်နေကြပြီလဲ သိလား? အဲ့လူတွေအားလုံး နာမည်လေးတစ်ခုတောင် မရနိုင်ခဲ့ဘူးလေ..။ ပြီးတော့ မင်းကလည်း သူတို့ထဲကတစ်ယောက်ဖြစ်လာမှာပဲ”
ကျန်းယွီသည် သူမ၏လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး စကားကို တစ်ခွန်းချင်းပြန်ပြောလိုက်လေသည်။
“ကျွန်မကတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး”
ထိုအချိန်တွင် အသံမြင့်မြင့်နှင့် လှမ်းပြောလိုက်သည့် မိန်းမတစ်ယောက်၏ အသံ ထွက်ပေါ်လာလေသည်။
“ဒါပေါ့ သူအဲ့လိုဖြစ်မှာမဟုတ်ဘူး”
လူတိုင်းလည်း ပရိသတ်ဝင်ရာတံခါးပေါက်ကို လှည့်ကြည့်လိုက်လေသည်။ သူတို့အားလုံး အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ယောက် လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးကတော့.. ကျန်းမန့်ယီပေ။
အမေရောက်လာတာပဲ!
ဘာလို့ရောက်လာတာပါလိမ့်? သူမကို အိမ်ပြန်ခေါ်ဖို့ ရောက်လာတာများလား..။
ထိုအချိန်ခဏလေးအတွင်း ကျန်းယွီ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဖြစ်ပွားနေလေသည်။
သူမသည် စောနက ပိုင်ရှုယီကို ထိပ်တိုက်ရင်ဆိုင်ခဲ့တုံးကတောင် မကြောက်ခဲ့ပေ။ အခုတော့ သူမနည်းနည်းလေး ကြောက်လာမိသည်။
သူမသည် ကျန်းမန့်ယီ ဟောခန်းထဲ လမ်းလျှောက်လာတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ပဲကြည့်နေနိုင်ပေသည်။ အမေ့၏ အရောင်ဖျော့ဖျော့ ဝါးဂွမ်းကုတ်လေးပေါ်တွင်တော့ နှင်းများဖုံးလွှမ်းနေလေသည်။ သူမသည် ဟောခန်းထဲကို ရောက်သည်နှင့် သူမ၏ အအေးဒဏ်ကာပေးသောမျက်နှာဖုံးကို ချွတ်လိုက်ကာ သူမ၏လှပကျော့မော့လှသော မျက်နှာလေးကို ဖော်ပြလိုက်လေသည်။
ကျန်းမန့်ယီသည် ရွယ်ကျားယီနှင့် ပိုင်ရှုယီထံသို့ တန်းတန်းမတ်မတ်လျှောက်သွားလေသည်။
သူမဝတ်ထားသော အဝတ်အစားများမှာ သာမန်သာဖြစ်သော်လည်း ၎င်းတို့မှာ ဒီဇိုင်နာစတိုင်များအဖြစ် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ယွမ်၅၀၀ထက်မပိုသည့် အမြင့်စားအတုများသာ ဖြစ်ရပေမည်။ သူမလက်ထဲက အိတ်သည်လည်း သာမန်အဝတ်အိတ်လေးသာ ဖြစ်ပေသည်။
ရွယ်ကျားယီသည် မျက်မှောင်ကျုံ့ကာ မေးလိုက်လေသည်။
“ရှင်ကဘယ်သူလဲ”
“ကျွန်မက သူ့အမေ ကျန်းမန့်ယီ”
ကျန်းမန့်ယီသည် ဆရာမနှစ်ယောက်လုံးနှင့် အသက်ရွယ်တူ ဖြစ်ပေသည်။ ထို့အပြင် ထိုနှစ်ယောက်လုံးက အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုတွေ ရှိကြသော်လည်း ကျန်းမန့်ယီ၏ ခန္ဓာကိုယ်ကတော့ သာမန်အမျိုးသမီးတစ်ယောက်၏ ဆွဲဆောင်မှုများ အပြည့်နှင့်ပင်။
ရွယ်ကျားယီ၏ အထက်တန်းစားဟန်ပန်နှင့် ပိုင်ရှုယီ၏ ဂုဏ်သရေရှိ အမျိုးသမီးကောင်းတစ်ယောက်၏ ဟန်ပန်မျိုးကိုတော့ မယှဉ်နိုင်ဘူးဆိုပေမယ့်ပေါ့..။
ရွယ်ကျားယီသည် ခပ်ရွဲ့ရွဲ့လေသံနှင့် ပြန်ပြောလိုက်လေသည်။
“ရှင့်သမီးကိုပြောလိုက်တာနဲ့ ပတ်သတ်ပြီး စိတ်ထဲအဆင်မပြေဖြစ်ရင် ဖြစ်လိမ့်မယ် ဒါပေမယ့် ဆရာတွေအနေနဲ့တော့ ကျွန်မတို့က အမှန်တရားကို ပြောရလိမ့်မယ်.. ရှင့်သမီးက Esmeralda ကိုမဝင်နိုင်ဘူး”
ကျန်းမန့်ယီသည် ရွယ်ကျားယီကိုကြည့်ကာ ပြန်မေးလိုက်သည်။
“Esmeralda က ရှင့်အိမ်မှာ ဖွင့်ထားတာမို့လို့လား”
“ဒါ...”
ကျန်းမန့်ယီသည် ပိုင်ရှုယီကိုပါ ထပ်ကြည့်လိုက်ပြီး “ဒါမှမဟုတ် ရှင်ပိုင်တာမို့လို့လား”
ပိုင်ရှုယီကတော့ တည်တည်ငြိမ်ငြိမ်သာ ပြန်ပြောလိုက်လေသည်။
“အဓိကဆရာတစ်ယောက်အနေနဲ့တော့ ကျွန်မမှာ ရှယ်ယာရှင်တွေရဲ့ ယုံကြည်မှုအပြည့်ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့မှာ ကျောင်းသားတွေကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်"
“ကျွန်မသိသလောက်တော့ Esmeralda ရဲ့ အကြီးဆုံးခေါင်းဆောင်က ရှဲ့ယွမ်ပါ”
“မစ္စတာရှဲ့ဟုတ်ပါတယ်"
“ဒါဆိုရင် သူ့ကိုဖုန်းခေါ်ကြည့်ပြီးတော့ ကျန်းယွီကို Esmeralda ကိုဝင်ခွင့်ပေးမပေး မေးကြည့်လိုက်ဖို့ အကြံပေးချင်တယ်”
ပိုင်ရှုယီနှင့် ရွယ်ကျားယီတို့ နှစ်ယောက်စလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ရွယ်ကျားယီသည် စိတ်လှုပ်ရှားစွာဖြင့် ပြန်မေးလိုက်သည်။
“ရှင် ဘာကိုဆိုလိုချင်တာလဲ”
“ကျွန်မ ဘာကိုဆိုလိုချင်တာလဲဆိုတာကို မသိရင် သူ့ကိုမေးကြည့်လိုက်လို့ရတယ်”
ပိုင်ရှုယီသည် ဆက်ပြောလိုက်လေသည်။
“အစ်မကျန်း.. ရှင်မစ္စတာရှဲ့နဲ့ ပတ်သတ်ပြီး အထင်လွဲနေပြီထင်တယ်.. ရှင့်သမီးဖြစ်ဖြစ် ရှင်ဖြစ်ဖြစ် သူ့ကိုသိတယ်ဆိုရင်တောင် ဒီနေ့ရဲ့ရလဒ်အပေါ် အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ မစ္စတာရှဲ့က ဒီလိုကိစ္စမျိုးတွေမှာ စိတ်ဝင်စားမှာလည်း မဟုတ်ပါဘူး”
ကျန်းမန့်ယီသည် ပြုံးလိုက်ကာ “သူ့ဟာသူ ဘယ်လိုလူပဲဖြစ်နေပစေ နောက်မှပြောကြတာပေါ့..။ ဒီနေ့ ကျွန်မဒီနေရာမှာ ဆရာမနှစ်ယောက်ကို မေးချင်တာက ဒီကလေးကို ပယ်ချရတဲ့အကြောင်းအရင်းက သူ့မှာအလားအလာမရှိလို့လား ဒါမှမဟုတ် ကြောက်ကြလို့လား?”
ရွယ်ကျားယီသည် လှောင်ပြုံးပြုံးလိုက်ကာ “ကျွန်မက ဘာကိုကြောက်ရမှာတဲ့လဲ”
“ဒီကလေးက ဒုတိယပုထျန်းယန်ဖြစ်လာမှာကို ကြောက်တာပေါ့”
ကျန်းမန့်ယီသည် မျက်လုံးများကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး “ရှင့်ဘဝတစ်လျှောက်လုံးမှာ မကျော်နိုင်ခဲ့တဲ့ မိန်းမလေ”
ရွယ်ကျားယီသည် ကျန်းမန့်ယီကို တုန်လှုပ်မှုအပြည့်ဖြင့် ကြည့်လိုက်ကာ သူမသွေးကြောများပင် ပေါက်ထွက်တော့မည့်အတိုင်းပင်။
“ရှင်ပေါက်ပန်းလေးဆယ်တွေ လာပြောနေတာပဲ”
ကျန်းမန့်ယီသည် အကျယ်ကြီးပြန်ပြောလိုက်လေသည်။
“ငါက မဟုတ်တမ်းတရားတွေ ပြောနေတာတဲ့လား? ဒါတွေအားလုံးကို ရှင်ကောင်းကောင်းကြီး သိပါတယ်”
စင်ပေါ်က ကျန်းယွီသည်လည်း ဆွံ့အသွားလေသည်။ ဘယ်လိုလုပ်ပြီး သူမအမေက... ဒီလိုစကားမျိုးတွေ ပြောနိုင်တာလဲ
ဒီပြိုင်ပွဲကို မပြိုင်နိုင်အောင်တောင် သူမကိုမနက်တုံးက တံခါးသော့ခတ်သွားတာ မဟုတ်ပါဘူးလား?
ဒေါသထွက်လွန်းလို့ ဘာမှမမြင်တော့တာများလား?
“ရှင်တို့ လင်းချူက ဘာတွေတောင် ဘယ်လိုဖြစ်နေရတာလဲ.. ဒီမသက်ဆိုင်တဲ့လူကို အမြန်ဆွဲထုတ်သွားစမ်းပါ”
ရွယ်ကျားယီသည် နောက်ဆုံးတော့ သူမခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်လိုက်လေသည်။
“အစောင့်တွေ.. ဒီမိန်းမကို မြန်မြန်ဆွဲထုတ်သွား”
ကျန်းမန့်ယီကတော့ ရွယ်ကျားယီ၏ ဒေါသကို လစ်လျူရှုပြီး သူမကိုင်လာသည့် အဝတ်အိတ်ထဲက ဘဲလေးဖိနပ်ဟောင်းတစ်ရံကို ထုတ်လိုက်လေသည်။
“လာပါ တီချယ်ရွယ်ရယ်.. အသိအမှတ်ပြုလိုက်စမ်းပါ။ တီချယ်ရွယ်ကိုယ်တိုင်ရေးခဲ့တဲ့ ခြေခုံပေါ်က B နဲ့စတဲ့ စာလုံးတွေလေ..။ ရှင်ငယ်ငယ်တုန်းက လက်ရေးပဲလေ”
T/N : B နဲ့စတဲ့စာလုံးတွေဆိုတာ Bitch (ခွေးမ) ဆိုတာကို ပြောချင်တာပါ
သူမသည် ပြောပြီးသည်နှင့် ရွယ်ကျားယီကို သူမလက်ထဲက အဖြူရောင်ဖဲသားဖိနပ်ဟောင်းလေးကို လှမ်းပေးလိုက်လေသည်။
ရွယ်ကျားယီသည် ထိုဖိနပ်များကို တစ်ချက်ကြည့်လိုက်ကတည်းက မှတ်မိလိုက်ပေသည်။
သူမသည် အထိန်းအကွပ်မဲ့စွာ တုန်ရီလာပြီး အဆုံးမရှိတဲ့ အိပ်မက်ဆိုးကြီးထဲကို ကျသွားသည့်အတိုင်း ဖြစ်သွားလေသည်။
ပုထျန်းယန်၏ လှပလှတဲ့မျက်နှာလေး သူမအတွေးထဲမှာ ပေါ်လာလေပြီး သူမ၏အပြုံးလေးနှင့် မျက်မှောင်ကျုံ့လိုက်ပုံလေးမှာ ရွယ်ကျားယီအတွက်တော့ အဆုံးမရှိတဲ့ အသူတစ်ရာချောက်နက်ကြီးနဲ့ အိပ်မက်ဆိုးတစ်ခုပင် ဖြစ်လေသည်။
ရွယ်ကျားယီသည် ဖိနပ်များကို တုန်တုန်ယင်ယင်နှင့် ကောက်ကိုင်လိုက်ပြီး ခြေခုံပေါ်က လက်ရေးမှာ သူမရေးခဲ့သည့် ဂန္တဝင်အရာဖြစ်နေတာကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရလေသည်။