Chapter 29
Vol. 3 Ch. 29
အစကတော့ လူတိုင်းသည် သံသယရှိနေကြသေးသော်လည်း ရွယ်ကျားယီ၏ ရုတ်တရက်ပြောင်းလဲသွားသော အပြုအမူကိုကြည့်ပြီး သူတို့သည် တဖြည်းဖြည်းနှင့် အကုန်လုံးကို နားလည်လာလေသည်။
ဒီဖိနပ်တစ်စုံသည် ဒေါ်လာသန်းနဲ့ချီတန်နိုင်သည့် ပုထျန်းယန်၏ Elieta ဖိနပ်များ ဖြစ်ပေသည်။
ဖန့်မိသားစုက ပိုက်ဆံအမြောက်အများ ပေးပြီး ဝယ်ခဲ့တဲ့ ဖိနပ်တွေက အတုတွေဖြစ်ပြီး တကယ့်ဖိနပ်အစစ်တွေက ကျန်းယွီအိမ်မှာ သိမ်းထားတာဆိုတာကို ဘယ်သူကမှ မမျှော်လင့်ထားခဲ့ပေ။
“ဘာလို့ ကျန်းယွီရဲ့အိမ်ကို ရောက်နေရတာလဲ”
“ငါလည်းမထင်ထားဘူး.. ကျန်းယွီက အဲ့လောက်တောင် သိုသိုသိပ်သိပ်နေခဲ့တာပဲ”
“ဖန့်တန်းရှီက ဖိနပ်အတုတွေကို လပေါင်းများစွာ သိမ်းထားပြီးတော့မှ တကယ့်အစစ်တွေက သူမျက်စိဆံပင်မွှေးအစူးဆုံး ကျန်းယွီဆီမှာတဲ့လား”
ထိုအရာသည် ဖန့်တန်းရှီကို အတော်လေး အရှက်ရစေလေသည်။ ထို့ကြောင့် ဖိနပ်အတုတွေကို စီးခဲ့သည့် သူမခြေဖဝါးများကိုပင် သူမဖြတ်ပစ်ချင်နေလေသည်။
ထိုအချိန်တွင် ကျန်းယွီသည်လည်း ရွယ်ကျားယီနည်းတူ အံ့အားသင့်နေခြင်းသာ ဖြစ်သည်။
ထိုဖိနပ်တစ်ရံက သူမအိမ်မှာရှိနေတယ်ဆိုတာကို သူမဘယ်တုန်းကမှ မသိခဲ့ပေ။
အမေက ဘဲလေးကိုခါးခါးသီးသီး ဖြစ်နေခဲ့တာ မဟုတ်ပါဘူးလား..?
ဒီဖိနပ်တွေက... အစစ်ရော ဖြစ်နိုင်ရဲ့လား။ ဒီလိုအရာမျိုးကို သူမအိပ်မက်တောင် မမက်ခဲ့ဘူးပေ။
ပိုင်ရှုယီသည် ဖိနပ်များကို ကောက်ကိုင်လိုက်ကာ မေးခွန်းများစွာ ပြည့်နှက်နေသည့် မျက်လုံးများဖြင့်ကြည့်လိုက်ပြီး မေးလိုက်လေသည်။
“ဒါပုထျန်းယန်ရဲ့ Elieta ဖိနပ်တွေ မဟုတ်ဘူးလား.. ဘယ်လိုလုပ်ပြီး ရှင့်မှာရှိနေရတာလဲ”
ကျန်းမန့်ယီသည် တည်တည်ငြိမ်ငြိမ်သာ ပြန်ရှင်းပြလိုက်လေသည်။
“ဒီဖိနပ်တွေက ပုထျန်းယန်ကိုယ်တိုင် ကျွန်မကိုပေးခဲ့တာ”
ရွယ်ကျားယီသည် အကျယ်ကြီးပြောလိုက်လေသည်။
“ရှင့်အတွက်တဲ့လား?”
“သူကဘယ်လိုလုပ်ပြီး ရှင့်ကို သူ့ဖိနပ်တွေ ပေးမှာတဲ့လဲ.. ဒါတွေက သူတန်ဖိုးအထားဆုံးဖိနပ်တွေပဲကို”
သူမသည် ထိုလွန်လွန်ကျူးကျူး စာလုံးများကို ရေးခဲ့တယ်ဆိုရင်တောင် ဒီဖိနပ်တွေကို လွှတ်ပစ်လိုက်ဖို့ကိုတော့ နည်းနည်း အင်တင်တင်ဖြစ်နေသေးပေသည်။
ပိုင်ရှုယီသည် ကျန်းမန့်ယီကို နားမလည်နိုင်စွာဖြင့်ကြည့်လိုက်ပြီး“ရှင်က ပုထျန်းယန်နဲ့ ဘယ်လိုသိတာလဲ”
“ရှင်ပြောချင်တာ ကျွန်မတို့နှစ်ယောက်ရဲ့ နောက်ခံတွေက သိပ်ကိုကွာခြားလွန်းတယ်.. အဲ့ဒါကြောင့်မို့လို့ ကျွန်မမှာ သူ့ကိုသိနိုင်ဖို့ ဘာအခွင့်ရှိလို့လဲ.. ဟုတ်တယ်မလား?”
ပိုင်ရှုယီသည် ပြန်မဖြေလိုက်သော်လည်း သူမတကယ်ဆိုလိုချင်တာက အဲ့လိုသာဖြစ်ပေသည်။
ကျန်းမန့်ယီသည် သူမအိတ်ထဲက အဝါရောင်ဓာတ်ပုံဟောင်းလေးတစ်ခုကို ထုတ်လိုက်လေသည်။ ပုံထဲတွင်တော့ ကောင်မလေးနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် လက်များကို ချစ်ခင်ကြင်နာမှုအပြည့်ဖြင့် ကိုင်ထားကြလေသည်။
တစ်ယောက်သည် ပုထျန်းယန်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ကျန်းမန့်ယီဖြစ်ပေသည်။
“ပုထျန်းယန်က ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းပဲ”
ကျန်းမန့်ယီသည် ပုံထဲကကောင်မလေးကို ကြင်နာမှုအပြည့်ပါသော မျက်ဝန်းများဖြင့် ကြည့်လိုက်ကာ ပြန်ပြောလိုက်လေသည်။
“ဒီဖိနပ်တွေက ကျွန်မသမီးအတွက် သူမွေးနေ့လက်ဆောင်ပေးခဲ့တာလေ”
“ရှင့်သမီးကို သူ့ဖိနပ်တွေပေးခဲ့တယ်ဆိုရင်တောင် ကျန်းယွီက Esmeralda ကိုဝင်ရောက်ခွင့်မရနိုင်ဘူးဆိုတဲ့ အချက်ကတော့ ပြောင်းလဲမသွားဘူး”
သူမစကားပြောလို့ မဆုံးသေးခင်မှာပဲ ကျန်းမန့်ယီသည် ဖိနပ်ခုံကိုလှန်လိုက်လေတော့သည်။ ထိုအချိန်တွင် “ခွေးမ” ဆိုသည့်စာလုံးများ ရွယ်ကျားယီ၏ မျက်လုံးထဲ ဝင်လာလေတော့သည်။
ရွယ်ကျားယီသည် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားပြီး တစ်ခြားလူတွေမမြင်အောင် ဖိနပ်ကို အမြန်ပြန်လှန်လိုက်လေသည်။
ငယ်ရွယ်စဉ်တုန်းက သူမ၏ဒေါသကြောင့် ပုထျန်းယန်၏ ဖိနပ်များပေါ်တွင် ဒီလိုသည်းမခံနိုင်စရာ စကားလုံးများကို တိတ်တိတ်လေး ရေးခဲ့မိလေသည်။
ဒီဖိနပ်တွေကိုသာ လူထုကို ဖွင့်ချလိုက်မယ်ဆိုရင် ဆရာတစ်ယောက်အနေနှင့် အချိန်အကြာကြီး ဆောက်တည်လာခဲ့ရတဲ့ ဂုဏ်သိက္ခာတွေရော၊ သူမအစွမ်းကုန် ကြိုးစားပြီးမှ ရလာခဲ့ရတဲ့ အရာအားလုံးရော သဲထဲရေသွန်ဖြစ်သွားပေလိမ့်မည်။
ဒီညစ်ပတ်တဲ့ စကားလုံးလိုပေါ့။
ရွယ်ကျားယီသည် ကျန်းမန့်ယီကို ဒေါသတကြီးဖြင့် ကြည့်လိုက်လေသည်။ သူမမျက်ဝန်းများထဲက ခြိမ်းခြောက်မှုများကို ရွယ်ကျားယီမြင်နေရလေ၏။
ဒီနေ့ ကျန်းယွီသာ သူတို့ဆီကနေ မတရားဆက်ဆံခံခဲ့ရမည်ဆိုလျှင် မနက်ဖြန်ကျရင် ရွယ်ကျားယီတစ်ယောက် နာမည်ပျက်ကာ လူတိုင်းလေးစားရတဲ့ ဘဲလေးနည်းပြဘဝကနေ ရေစုန်မျှောရပေလိမ့်မည်။
“အစ်မကျန်း.. ရှင်က ထျန်းယန်နဲ့ အတော်ရင်းနှီးတယ်ဆိုမှတော့ Esmeralda ရဲ့အတန်းတွေအကြောင်း သိသင့်တယ်။ ကျွန်မတို့ဆီမှာ ABCDEF ဆိုပြီးအတန်း၆တန်းရှိတယ်။ ဒီနေ့ ကျွန်မတို့ရဲ့ ရွေးချယ်မှုစံနှုန်းတွေက F ခန်းအတွက်ပါပဲ”
ပိုင်ရှုယီလည်း ကျန်းမန့်ယီကို ပြောလိုက်လေသည်။
“ဟုတ်ပါတယ်..။ ဟွမ်ကျားလီက ကျန်းယွီလောက် အကမတော်ပါဘူး။ လူတိုင်းလည်း ဒါကိုမြင်နိုင်ပါတယ်။ ဒါပေမယ့် F တန်းအတွက်ကတော့ ဟွမ်ကျားလီက အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ”
“ဒါသာ ရွေးချယ်မှုစည်းမျဉ်းဆိုရင် အစကတည်းက ရှင်းရှင်းလင်းလင်း လုပ်ထားသင့်တာပေါ့”
ကျန်းမန့်ယီသည် ဒေါသတကြီး ပြန်ပြောလိုက်လေသည်။
“ကျွန်မတို့က အကျိုးအကြောင်းမသင့်နေတာ ဖြစ်ချင်ဖြစ်လိမ့်မယ်.. ဒါပေမယ့် ဒီပြိုင်ပွဲဝင်တွေအားလုံးကိုရော ရှင်းပြချက်ပေးသင့်တယ်လို့ မထင်ဘူးလား? ရှင်တို့လို အဆင့်အတန်းကလူတွေက တစ်ခြားလူတွေရဲ့ ကြိုးစားအားထုတ်မှုကို ဒီလိုပဲအလွယ်လေး ဆော့ကစားလို့ရတာလား”
အပြင်လူတွေဘက်ကကြည့်ရင် သူမလုပ်ရပ်သည် မှားကောင်းမှားနေနိုင်သည်။ သို့သော် သူသမီးလေး ဒီလိုမထီမဲ့မြင် အဆက်ဆံခံရတာကိုတော့ အမေတစ်ယောက်အနေဖြင့် သူမဘယ်တော့မှ သည်းခံလိမ့်မည်မဟုတ်ပါ။ သူ့သမီးလေးအတွက် သူမတိုက်ခိုက်ပေးရပေလိမ့်မည်။
“အမေ ဘာမှထပ်မပြောပါနဲ့တော့”
ကျန်းယွီပြောလိုက်လေသည်။
“သမီးစည်းမျဉ်းစည်းကမ်းတွေကို အလေးထားတာမို့ ရှုံးသွားတာကိုလည်း ဝန်ခံဖို့ ဆန္ဒရှိပြီးသားပါ”
စောနက ပိုင်ရှုယီပြောလိုက်သည့်အတိုင်းပင် အရွယ်ရောက်ပြီးသားလူကြီးတွေရဲ့ ကမ္ဘာမှာ တရားမျှတမှုဆိုတာမျိုး မရှိပေ။ ဒါကြောင့်မို့လို့ ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို သူမတလေးတစားလက်ခံပေးပြီး ဖန့်တန်းရှီလိုမျိုး ဘယ်တော့မှ လက်လွှတ်စပယ်ပြုမူမှာ မဟုတ်ပေ။
Esmeralda သည် ဘဲလေးလောကရဲ့ အထင်ကရနေရာဆိုသော်ငြားလည်း ထိုနေရာကို ဝင်ခွင့်မရရုံနှင့် သူမ၏အနာဂတ်တစ်ခုလုံး ပြီးဆုံးသွားခြင်း မဟုတ်ပါ။
သူမသာ ဘဲလေးကို ချစ်နေသေးသ၍ ဘယ်နေရာမဆို သူမ၏ စတိတ်စင် ဖြစ်လာပေလိမ့်မည်။
ကျန်းမန့်ယီသည် ရွယ်ကျားယီကို ထိုဖိနပ်များနှင့် ခြိမ်းခြောက်ချင်ခဲ့သည်ဆိုသည်မှာ ဒီလိုခြိမ်းခြောက်မှုမျိုးကို ရွယ်ကျားယီတစ်ယောက် လုံးဝသည်းခံနိုင်မည်မဟုတ်ဘူးဆိုတာကို ကောင်းကောင်းသိနေခဲ့လို့ပင်။
သို့သော်... ကျန်းယွီသည် မာနကြီးတဲ့ကလေးတစ်ယောက်ပေ။ အခွင့်အရေးလေး တစ်ခုရဖို့အတွက် ဒီလောက်ထိလုပ်ဖို့မလိုခဲ့ပေ။
အမှန်ပြောရမယ်ဆိုရင် ကျန်းမန့်ယီသည် မနက်တုန်းက ဘယ်မှထွက်သွားခဲ့တာ မဟုတ်ပေ။ သူမသည် အောက်ထပ်တွင် တစ်ချိန်လုံးရှိနေခဲ့ကာ လူငယ်လေးတစ်ယောက် သူမကိုမော်တော်ဆိုင်ကယ်နှင့် ခေါ်သွားတာအထိ သူမစောင့်ကြည့်နေခဲ့လေသည်။
လေနှင့်နှင်းရောနေသော ထိုအချိန်တွင် ကျန်းမန့်ယီသည် ထိုခေါင်းမာလှသော ကလေးမလေးတွင် ပုထျန်းယန်၏ အရိပ် ကပ်တွယ်နေသည်ကို မြင်လိုက်ရပေသည်။
ပုထျန်းယန်သည် သူမဘဲလေးကို ဘယ်လောက်မုန်းကြောင်း၊ သူမဘယ်လိုမျိုး ချစ်ကျွမ်းဝင်ချင်မိကြောင်း၊ အဆိုတော်တစ်ယောက် ဘယ်လောက်ဖြစ်ချင်သည့်အကြောင်း ခဏခဏပြောခဲ့လေသည်။
ကျန်းမန့်ယီသည် သူမဘဝတစ်လျှောက်လုံးတော့ ကျန်းယွီတစ်ယောက် သူ့အိပ်မက်နောက်လိုက်မှာကို တားဆီးနိုင်လိမ့်မည်မဟုတ်ကြောင်း ရုတ်တရက်သဘောပေါက်လာမိသည်။
ဒါက သူမအမေဆီက လက်ဆောင်ပေ။
ထို့ကြောင့် ကျန်းမန့်ယီသည် အိမ်ပြန်ကာ ဆယ်နှစ်လောက် သူမသိမ်းထားခဲ့သည့် Elieta ဖိနပ်ကို ထုတ်လိုက်လေသည်။ နှင်းများ လေများတိုက်ခတ်နေသည့်ကြားမှ သူမသည်အမြန်ပြေးလာခဲ့ကာ နောက်ဆုံးတန်းတွင်ထိုင်၍ သူမသမီး၏ ဖျော်ဖြေမှုတစ်လျှောက်လုံးကို ကြည့်နေခဲ့လေသည်။
သမီးလေး ကတာကို မြင်ဖူးသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်ပေသည်။ ထို့နောက် လွန်ခဲ့သည့်နှစ်ပေါင်းများစွာက စိတ်ဓာတ်တက်ကြွမှုအပြည့်နှင့် ပျော်ရွှင်မြူးထူးနေကြသော ကောင်မလေးများကို သူမပြန်အမှတ်ရသွားလေသည်။ ထိုကောင်မလေးသည် သူမကို သန်းခေါင်ယံညနက်အချိန်တွင် ကဖို့အတွက် ကျော့မော့စွာ ဆွဲခေါ်နေသည်ပင်။
သူမသမီးလေးရဲ့ အနာဂတ်ကို မပြောင်းလဲပစ်နိုင်ဘူးဆိုရင် သူမအသက်ရှင်နေစဉ် ကာလအတွင်းမှာတော့ သမီးလေးကို သူမအတတ်နိုင်ဆုံး ကာကွယ်ပေးရပေမည်။
ကျန်းမန့်ယီနှင့် ပိုင်ရှုယီတို့သည် တစ်ယောက်နဲ့တစ်ယောက် စက္ကန့်အနည်းငယ်လောက် ကြည့်လိုက်ကြပေသည်။ ထို့နောက် ကျန်းမန့်ယီသည် Elieta ဖိနပ်များကို ပြန်ဆွဲယူလိုက်ကာ ရွယ်ကျားယီကို ပြုံးပြီးကြည့်လိုက်လေသည်။
“ကြည့်ရတာ ရှင့်ရဲ့ ဂုဏ်သတင်းနှင့်ယှဉ်လို့ရှိရင် တီချယ်ပိုင်က Esmeralda အတွက် ပိုတွေးပေးတယ်ထင်တယ်နော်.. ဒီလိုသာဆိုရင် ကျွန်မမှာ ဘာမှပြောစရာမရှိတော့ပါဘူး... ရှောင်ယွီ အိမ်ပြန်ကြမယ်”
ကျန်းယွီလည်း စင်ပေါ်ကနေ မြန်မြန်ပြေးဆင်းလာကာ ကျန်းမန့်ယီဘေးနားကို သွားလိုက်လေသည်။
အမေသည် ဒီလောက်လန်းတဲ့ အမေမျိုး တစ်ခါမှမလုပ်ခဲ့ဖူးပေ..။ မနက်ကဖြစ်ပျက်ခဲ့သော စိတ်ပျက်မှုများ ကျန်းယွီရင်ထဲကနေ လုံးဝပျောက်ကွယ်သွားလေပြီ..။
သူမသည် ကျန်းမန့်ယီ၏ လက်ကို ဆွဲလိုက်ကာ ဟောခန်းထဲက ထွက်လာလိုက်တော့သည်။
Esmeralda မှမဟုတ်ရင် ဒီကမ္ဘာပေါ်မှာ သူမအတွက်နေရာ မရှိတော့တာမှ မဟုတ်ပေ။ သူမအမေသာ သူမကိုနားလည်ပေးပြီး ထောက်ခံအာပေးနေသ၍ သူမမှာ ဘာမှကြောက်စရာမရှိပေ။
ကျန်းယွီနှင့် ကျန်းမန့်ယီတို့ ထွက်သွားတာကို ကြည့်နေရသည့် ရွယ်ကျားယီကတော့ စိတ်ပူလာလေသဖြင့် ပိုင်ရှုယီ၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ကာ အသံတိုးတိုးလေးနှင့် ကပ်ပြောလိုက်လေသည်။
“နင်ဒီလိုလုပ်လို့မရဘူး.. သူတို့ကိုသွားခွင့်ပေးလို့ မဖြစ်ဘူးလေ။ အပြင်မှာ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေလိမ့်မယ်”
ပိုင်ရှုယီသည် သူမလက်ကို ဖြည်းဖြည်းချင်း ပြန်တွန်းလိုက်ကာ ပြောလိုက်သည်။
“အဲ့ဒါ ငါနဲ့ဘာဆိုင်လို့လဲ? ပုထျန်းယန်ရဲ့ဖိနပ်ပေါ်မှာ မဟုတ်တမ်းတရားတွေ ရေးခဲ့တာ ငါမှမဟုတ်ဘဲ။ မနာလိုလို့ပဲ နင်အဲ့လောက်ထိ လုပ်ခဲ့တာမဟုတ်ဘူးလား”
ရွယ်ကျားယီလည်း ပြန်ပြောလိုက်လေသည်။
“နင်ကများ ပုထျန်းယန်ကို မနာလိုမဖြစ်ခဲ့ပါဘူးလို့ ပြောရဲသေးတယ်။ အဲ့ကောင်မလေးက ပုထျန်းယန်ထက်တောင် ပိုအရည်အချင်းရှိလာနိုင်တယ်ဆိုတာကို နင်လည်းမြင်နိုင်တာပဲ မဟုတ်ဘူးလား”
“ပုထျန်းယန်က ငါ့အချစ်ဆုံးသူငယ်ချင်းပါ”
ပိုင်ရှုယီသည် ရွယ်ကျားယီရဲ့လက်ကို ပြန်ဖယ်ထုတ်ရင်း ဖြည်းဖြည်းချင်း တည်တည်ငြိမ်ငြိမ်နှင့် ပြောနေလေသည်။
“ငါသူ့ကို တစ်ခါမှ မနာလိုမဖြစ်ဖူးဘူး”
ရွယ်ကျားယီ၏ ခန္ဓာကိုယ်သည် သွက်ချာပါဒလိုက်သလို သူမ၏ခြေထောက်များ ခြေဖဝါးများသည် စတင်တုန်ရီလာလေသည်။
သူမတော့သွားပြီဆိုတာကို သူမသိနေလေသည်။
ထိုအချိန်တွင် ပိုင်ရှုယီ၏ဖုန်းသံ မြည်လာပြီး ဖုန်းစခရင်တွင်တော့ ‘ရှဲ့ယွမ်’ ဆိုသည့် စာလုံးနှစ်လုံး ပေါ်လာလေသည်။
ရှဲ့ယွမ်သည် သူမကိုဖုန်းခေါ်ခဲ့လေသည်။ ပိုင်ရှုယီတစ်ယောက် အံ့အားသင့်နေတုံးမှာပဲ သူမသည် ဝမ်းသာမှုအပြည့်နှင့် ဖုန်းပြန်ဖြေလိုက်လေသည်။ ဖုန်းကိုင်ပြီးသည်နှင့် သူမသည် နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။
“ဟယ်လို မစ္စတာရှဲ့”
ရှဲ့ယွမ်၏ ညွှန်ကြားချက်ကို နားထောင်ပြီးသည့်နောက် ပိုင်ရှုယီသည် ဟောခန်းတံခါးနားက ကျန်းယွီကို အံ့ဩမှုအပြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
ကျန်းယွီတို့ တံခါးကနေ ထွက်တော့မည်အလုပ်တွင် သူမသည် ဖုန်းကိုချလိုက်ပြီး ပြောလိုက်လေသည်။
“ကျောင်းသူကျန်းယွီ.. ဒီနေ့ရဲ့ လူရွေးပွဲကို အောင်မြင်သွားတဲ့အတွက်ရော Esmeralda ကိုဝင်ခွင့်ရတဲ့အတွက်ရော ဂုဏ်ယူပါတယ်”
ကျန်းယွီကတော့ သူမနားကြားမှားသည်ထင်ပြီး အံ့အားသင့်၍ နောက်ပြန်လှည့်ကြည့်လိုက်လေသည်။
ဘာလို့ ရုတ်တရက်ကြီး ထပြောင်းလဲသွားတာလဲ။
“တကယ်ဆိုရင် ကျွန်မတို့ရဲ့ နောက်ဆုံးကျန်တဲ့နေရာကို ကျောင်းသူဟွမ်ကျားလီကို ပေးလိုက်တယ်ဆိုပေမယ့်လည်း Esmeralda ရဲ့ အဓိကနည်းပြတစ်ဦးအနေနဲ့ ကျွန်မမှာ ချွင်းချက်တစ်ချို့ လုပ်ပိုင်ခွင့်ရှိပါတယ်"
ပိုင်ရှုယီသည် တရားနည်းလမ်းတကျသာ ပြောလိုက်လေသည်။
“ကျွန်မ ကျောင်းသူကျန်းယွီကို သဘောကျတယ်။ အရည်အချင်းရှိတဲ့ကျောင်းသူပဲ.. ဒါကြောင့်မို့လို့ သူမကိုကျွန်မတပည့်အဖြစ် လက်ခံပြီး ကျွန်မကိုယ်တိုင် သင်ကြားပေးချင်တယ်”
ထိုစကားထွက်လာသည်နှင့် ပရိသတ်များအားလုံးအပါအဝင် သူမဘေးတွင် ရပ်နေသော ရွယ်ကျားယီကပါ ရှော့ခ်ရသွားလေသည်။
ဒီလိုမျိုး နည်းပြတစ်ယောက်ဆီကနေ တစ်ယောက်တည်း သင်ပေးခြင်းကို လက်ခံရရှိနိုင်တာ တကယ့်ကို ကျောင်းသားအနည်းစုပဲရှိလေသည်။ ထို့ကဲ့သို့ ကျောင်းသားများကို တပည့်အရင်းများအဖြစ် သတ်မှတ်ကြပြီး ဆရာ့ရဲ့အရိုက်အရာကို ဆက်ခံမယ့်သူများလို့လည်း ပြောကြပေသည်။ ထို့အပြင် နည်းပြက သူ့ဘဝတစ်လျှောက်လုံး လေ့လာခဲ့သမျှကို ပြန်သင်ကြားပေးမှာ ဖြစ်ပေသည်။
ဒီလိုအခွင့်အရေးမျိုးသည် ABCDEF ခန်းများကို ဝင်ခွင့်ရသွားသည်ထက်ကို တအားအဖိုးတန်လှပေသည်။
ဖန့်တန်းရှီသည် ကျန်းမန့်ယီကို မကျေနပ်မှုအပြည့်ဖြင့် ကြည့်လိုက်ကာ သူမ၏မျက်လုံးများပင် နီရဲလာလေသည်။
ထို့အပြင် သူမဘေးက ဟွမ်ကျားလီပါ မျက်နှာပျက်သွားလေတော့သည်။
အစတုန်းက သူမသည် လင်းချူမှ Esmeralda ကိုဝင်ခွင့်ရသည့် တစ်ဦးတည်းသောကျောင်းသား ဖြစ်တော့မည်ဟု တွေးနေခြင်းပင်။ သို့သော် အဆုံးမှာ ဒီလိုဇာတ်ဆန်လွန်းသော အပြောင်းအလဲမျိုး ဖြစ်လိမ့်မည်ဟု သူမလုံးဝ မမျှော်လင့်ထားခြင်းပင်။
သူမသည်လည်း ကျန်းယွီနီးပါး လုံ့လဝီရိယရှိသူဖြစ်သည်။ မဟုတ်ပေ.. ကျန်းယွီသည် သူမလောက်တောင် လုံ့လဝီရိယရှိသူ မဟုတ်ပေ။ သူမရဲ့နောက်ခံကြောင့် F ခန်းကိုပဲဝင်ခွင့်ရတာကို ဘာလို့ကျန်းယွီကျတော့ အဓိကနည်းပြ ပိုင်ရှုယီရဲ့ တပည့်ရင်းဖြစ်ခွင့်တောင် ရသွားရတာလဲ။
ပိုင်ရှုယီသည် အပိုတွေ ထပ်ရှင်းပြမနေတော့ပါ။ ထို့နောက် စားပွဲပေါ်က စာရွက်စာတမ်းများကိုသာ ငြိမ်ငြိမ်သက်သက် ကောက်ယူလိုက်ကာ သူမဘေးက ရွယ်ကျားယီကို ပြောလိုက်လေသည်။
“စာရွက်စာတမ်းတွေ သွားရေးလိုက်... ငါတို့ကျန်းယွီကို ချွင်းချက်အနေနဲ့ လက်ခံမယ်”
ရွယ်ကျားယီသည် စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ချက်ချလိုက်ပြီး ရုတ်တရက်ကြီး ကျန်းမန့်ယီတစ်ယောက် သူမကိုကြည့်နေသည်ကို တွေ့သောကြောင့် ဗြုန်းစားကြီး သူမကိုပြန်စိုက်ကြည့်လိုက်ကာ အံကိုကြိတ်ပြီး ပြောလိုက်လေသည်။
“သိပ်လည်းပျော်မနေပါနဲ့ဦး.. ငါတို့ Esmeralda ရဲ့ ပထမနှစ်ကျောင်းဝင်ကြေးက ယွမ်၂သိန်းနော်.. ပြီးတော့ မတ်လနောက်ဆုံးထားပြီး ပိုက်ဆံသွင်းပေးရမှာ။ ကျောင်းဝင်ကြေးမပြည့်ဘူးဆိုရင် ဝင်ခွင့်က အလိုအလျောက် ပယ်ချခံရမှာနော်”
ကျန်းမန့်ယီသည် ကျန်းယွီ၏ ပခုံးကို ကိုင်လိုက်ကာ လေးနက်စွာဖြင့် အခိုင်အမာပြန်ပြောလိုက်လေသည်။
“စိတ်မပူပါနဲ့.. ကျွန်မသမီးအတွက် ကျောင်းစရိတ်ကို ရအောင်ပေးမှာပါ.. ကျွန်မအိုးတိုက်ခွဲပြာပဲ ထွက်ရောင်းရရောင်းရပေါ့”
ကျန်းယွီသည် ငြင်းပယ်မလို့ လုပ်နေစဉ်မှာပဲ ပိုင်ရှုယီက ထပ်ပြောလိုက်လေသည်။
“အော် စကားမစပ်.. ကျန်းယွီကို ကျောင်းစရိတ်လျော့ပေးမှာ”
“ဘာ?”
ရွယ်ကျားယီသည် တိုးတိုးလေး ပြန်ပြောလိုက်လေသည်။
“သူ့ကိုဝင်ခွင့်ပေးလိုက်ရုံတင်မကဘူး ကျောင်းစရိတ်အထိပါ လျော့ပေးနေတာလား.. နင်ရူးနေပြီလား”
ပိုင်ရှုယီသည် စောနက ရှဲ့ယွမ်ပြောလိုက်သည့်စကားကို ပြန်စဉ်းစားလိုက်သည်။ ဘာတွေဘယ်လိုပဲဖြစ်နေပစေ သူမသည် ကျန်းယွီအား Esmeralda ကို ကျိန်းသေပေါက် ဝင်ခွင့်ရအောင်လုပ်ပေးရပေမည်။
ပိုင်ရှုယီသည် Esmeralda ၏အဓိကနည်းပြဖြစ်သော်လည်း Esmeralda တွင် ရှယ်ယာအများဆုံးမှာ ရှဲ့ယွမ်သာဖြစ်ပေသည်။
ထို့ကြောင့် ရှဲ့ယွမ်သည် Esmeralda ၏ ကိစ္စများတွင် ဝင်ရောက်ပြောဆိုနိုင်ပေသည်။
နေ့စဉ်ဒူဝကိစ္စများတွင် ဝင်ပါလေ့မရှိသော ရှဲ့ယွမ်တစ်ယောက် ဘာလို့ဒီကိစ္စကိုမှ အရေးတယူလုပ်ပြီး ဝင်ပါလဲဆိုတာ သူမလည်း နားမလည်နိုင်ပေ။ သို့သော် မည်သို့ပင်ဆိုစေ သူမသည် ရှဲ့ယွမ်၏အမိန့်ကို မလွဲမသေလိုက်နာရပေမည်။
“ကျွန်မတို့ Esmeralda မှာ တရုတ်စာပေနည်းပညာအုပ်စုကနေ ထောက်ပံ့ပေးတဲ့ စကော်လာ/ကျောင်းထောက်ပံ့ကြေး ရှိတယ်လေ.. အဲ့ဒါနဲ့ ကျောင်းစရိတ်ကို နှုတ်လိုက်လို့ရပါတယ်”
ပိုင်ရှုယီသည် ကျန်းယွီကိုပြောလိုက်လေသည်။
“သမီး စကော်လာအတွက် လျှောက်လွှာတင်လို့ရတယ်”
ရွယ်ကျားယီသည် အနည်းငယ် အံ့ဩပြီး ပြန်မေးလိုက်လေသည်။
“ငါတို့မှာ စကော်လာရှစ်ရှိတယ်လား?”
ပိုင်ရှုယီလည်း အံကိုကြိတ်ပြီးသာ ပြန်ဖြေလိုက်လေတော့သည်။
“ရှိတယ်”
အိမ်ကိုပြန်နေတဲ့လမ်းမှာတော့ ကျန်းမန့်ယီသည် ရှေ့ကနေလျှောက်လာကာ ကျန်းယွီကတော့ အနောက်ကနေ လိုက်လာလေသည်။ သူမအမေ၏ ကျောပြင်လေးကိုကြည့်ရတာ အရင်ကနှင့် လုံးဝကိုခြားနားနေလေသည်။
အမေသည် သူမကို ဒီလောက်အရာအများကြီး လျို့ဝှက်ထားတယ်ဆိုတာ သူမလုံးဝမသိခဲ့ပေ။
ဒါကြောင့်မို့လို့ အရင်ကတည်းက ပုထျန်းယန်ရဲ့နာမည်နှင့် Esmeralda ကို ကြားတာနဲ့ အမေဒီလောက်ထိ ခံစားချက်များနေခဲ့တာပေါ့..မထူးဆန်းတော့ပေ။
အခုလည်းကျရော အမေက ပုထျန်းယန်ကို သိနေခဲ့တာ ဒီလောက်အချိန်တွေ ကြာနေခဲ့ရုံတင်မကဘဲ သူမနဲ့ အချစ်ဆုံးသူငယ်ချင်းတွေတဲ့လေ..။
တကယ်ကို အိပ်မက်တစ်ခုအလား ဖြစ်နေလေသည်။
ဘဲကင်ဆိုင်ရှေ့တွင် ကျန်းမန့်ယီ ရပ်လိုက်သည့်အခါမှာတော့ ခေါင်းငုံ့ကာ အနောက်ကလိုက်လာသည့် ကျန်းယွီသည် သူမကို ဝင်တိုက်မိတော့မလိုပင် ဖြစ်သွားလေသည်။
“မေမေ...”
ကျန်းမန့်ယီသည် သူမရှေ့က ဘဲကင်ဆိုင်ကိုသာကြည့်နေလိုက်ပြီး သူမနောက်က ကျန်းယွီကို ပြောလိုက်လေသည်။
“ဘဲကင်တစ်ကောင် သွားဝယ်ခဲ့ချေ”
ထိုစကားလေးတစ်ခွန်းနဲ့တင် ကျန်းယွီတစ်ယောက် ချက်ချင်းအသိစိတ် ပြန်ဝင်လာတော့သည်။ သူမသည် ရှေ့ကိုသွားလိုက်ကာ ကျန်းမန့်ယီ၏ လက်မောင်းကို သွားတွဲလိုက်သည်။
“တစ်ဝက်ဆို လုံလောက်ပါပြီ.. တစ်ကောင်ဝယ်ဖို့ မလိုပါဘူး”
“ဗိုက်ဆာနေပြီမလား”
ကျန်းမန့်ယီသည် မိန်းမငယ်လေး၏ ခေါင်းကိုပုတ်လိုက်ကာ “ဝယ်ကျွေးတယ်ဆိုပေမယ့် နည်းနည်းပဲစားရမှာနော်... နောက်ပိုင်းကိစ္စတွေ မရှင်းပေးနိုင်ဘူး”
ကျန်းယွီသည် ပြုံးကာ ကျန်းမန့်ယီကို ချွဲလိုက်လေသည်။
“အမေတစ်ယောက်တည်း အကုန်လုံးစားလိုက်ရင်လည်း မကောင်းပါဘူးနော်”
ကျန်းမန့်ယီသည် ဘဲကင်တစ်ဝက်ကိုဝယ်လိုက်ကာ ဆိုင်ကို ဟင်းခတ်အမွှေးအကြိုင်များနှင့် ပတ်သတ်ပြီးတော့တောင် ပြောလိုက်လေသည်။
“အစပ်တွေ အများကြီးမထည့်နဲ့နော်.. ကျွန်မသမီးက အစပ်မစားနိုင်လို့ပါ”
အိမ်ပြန်လမ်းမှာတော့ ကျန်းယွီသည် ကျန်းမန့်ယီလက်ကိုကိုင်ကာ နောက်ဆုံးတွင်တော့ အမေနှင့်သမီးနှစ်ယောက်သား အတိုင်အဖောက်ညီညီနှင့် ရယ်လိုက်မောလိုက်ဖြင့် ပြန်သွားကြလေသည်။
အကယ်၍ ကျန်းမန့်ယီသာ စိတ်ပြောင်းပြီး သူမကိုထောက်ခံအားပေးမယ်ဆိုရင် သူတို့သားအမိကြားမှာ ငြင်းခုံစရာကိစ္စတွေလည်း မရှိလာနိုင်တော့သည့်အပြင် ဘဲလေးသည်လည်း ထုတ်မပြောသင့်သည့်အကြောင်းအရာတစ်ခု ဖြစ်မလာနိုင်တော့ပေ။
ကျန်းယွီသည် စိတ်လှုပ်ရှားမှုအပြည့်နှင့် ကျန်းမန့်ယီကို ပြောလိုက်လေသည်။
“မေမေက တကယ်ကြီး အသေအချာဖုံးကွယ်ထားတာပဲနော်..။ ငယ်ငယ်တုန်းက သမီးရဲ့အိုင်ဒေါနဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့တာကို..။ အမေ့ကို တကယ်လေးစားတယ်သိလား။ ပုထျန်းယန်က ဘယ်လိုမျိုးလဲဟင်? သမီးကိုပြောပြပါဦး အမေရဲ့”
ကျန်းမန့်ယီသည် သူမမျက်နှာတွင် နူးညံ့သိမ်မွေ့မှုအပြည့်ဖြင့် ကျန်းယွီကို ကြည့်လိုက်လေသည်။
“သူက.. သူကသမီးအတိုင်းပါပဲ။ အချစ်အတွက်ပဲဖြစ်ဖြစ်၊ သူ့အိပ်မက်အတွက်ပဲဖြစ်ဖြစ် ဘာကိုမှမကြောက်ရွံ့ဘဲ ရှေ့ဆက်သွားတတ်တဲ့ တကယ်ကို စိတ်ဓာတ်သန်မာတဲ့လူတစ်ယောက်ပေါ့..။ တစ်ခုပါပဲ...”
“ဘာကလဲ?”
“အချစ်နဲ့ အိပ်မက်ဆိုရင်တော့ သူက သူ့အိပ်မက်ကိုပဲ ဆက်ရွေးခဲ့တာလေးပေါ့..”
ထို့နောက် ကျန်းမန့်ယီသည် ပုထျန်းယန်တစ်ယောက် သူမ၏ မွေးကင်းစကလေးလေးကို သူမလက်ထဲအပ်ခဲ့တုန်းက ပြောခဲ့သည့်စကားများကို ပြန်သတိရမိလာလေသည်။
“ငါဘုရင်မသရဖူကို နိုင်တာနဲ့ ပြန်လာခဲ့မယ်.. အများဆုံး၂နှစ်ပါပဲ”
ကျန်းမန့်ယီလည်း သူမကို မေးလိုက်လေသည်။
“နင့်မိသားစုကပဲ နင့်ကိုဘဲလေးကဖို့ တွန်းအားပေးခဲ့တာမဟုတ်ဘူးလား.. နင့်အိပ်မက်က အဆိုတော်ဖြစ်ဖို့မဟုတ်ဘူးလား။ အဲ့တော့ ဘုရင်မနေရာရရမရရ ဘာအရေးကြီးလို့လဲ”
ပုထျန်းယန်သည် ပြုံးကာ သူမကိုပြန်ပြောလိုက်လေသည်။
“ဟုတ်တယ်..။ ဘဲလေးက အစကတည်းက ငါလိုချင်တဲ့အရာမဟုတ်ခဲ့ဘူး။ ဒါပေမယ့် နင်သိလား.. နင်နဲ့တောင်မှ ငါ့ရဲ့ကီးကြောင်နေတဲ့အသံကြောင့် သီချင်းလေးတစ်ပုဒ်ကို ပြီးဆုံးတဲ့အထိ ငါမဆိုနိုင်ဘူးလေ။ သီချင်းတစ်ပုဒ်ကို အစအဆုံးလေ...”
“ဒါပေမယ့် ငါ့ဘဝတစ်လျှောက်လုံးရဲ့ ငါးပုံလေးပုံက ဘဲလေးကနေခဲ့တာ..။ စင်ပေါ်မှာ တောက်ပနေတဲ့အချိန်တွေ၊ ပရိသတ်ဆီက သောင်းသောင်းဖြဖြလက်ခုပ်သံတွေ.. သူတို့တွေအကုန်လုံးက ပုထျန်းယန်ကို အားပေးပြီးရင်း အားပေးနေကြတာ..။ အဲ့ဒီစင်က ပုထျန်းယန်နဲ့ သက်ဆိုင်တဲ့စင်ပါဆိုပြီး အော်ဟစ်နေကြသလိုပဲ..”
ထိုအခိုက်အတန့်တွင် ကျန်းမန့်ယီတစ်ယောက် လုံးဝကို သဘောပေါက်သွားလေသည်။
အစကတည်းက သူမရဲ့ ကိုယ်တိုင်ရွေးချယ်မှု မဟုတ်ခဲ့ရင်တောင်... ပုထျန်းယန်သည် ထိုစင်ကို မလွှတ်ချနိုင်ခဲ့ပေ။ သူမရဲ့ နုပျိုမှုတွေ၊ သူမရဲ့ ချွေးသွေးတွေအကုန်လုံးကို ဒီစင်အတွက်သာ နှစ်မြှုပ်ခဲ့သည် မဟုတ်ပါလား..။
ထို့ကြောင့် ကလေးမွေးပြီးသည်နှင့် ပုထျန်းယန်သည် ပုမိသားစု၏ မြင့်မားလှသော လိုအပ်ချက်နှင့် သူမ၏အိပ်မက်ကို ဖြည့်ဆည်းရန်အတွက် ပြတ်ပြတ်သားသားသာ ပြန်သွားခဲ့လေသည်။
သူမသည် ထိုအိပ်မက်အတွက် အချစ်ကိုရော သူမဘဝကိုရော စွန့်လွှတ်ခဲ့လေသည်။
ထိုအကြောင်းအရင်းကြောင့် ကျန်းမန့်ယီသည် ဒီနှစ်များအတွင်းတွင် ကျန်းယွီကို ဆန့်ကျင်နေရခြင်းသာဖြစ်သည်။ သူမ၏ကလေးကို သူမ၏လမ်းကြောင်းအတိုင်း မလျှောက်လှမ်းစေချင်သောကြောင့်ပင်။
“ရှောင်ယွီ… သမီးကမှာကို ဒီထက်ပိုပြီး အမေမကန့်ကွက်တော့ပါဘူး။ ဘဝမှာ အိပ်မက်တွေက တကယ်ကိုတန်ဖိုးရှိပါတယ်။ ဒါပေမယ့် အဲ့အိပ်မက်တွေနောက်ကို လိုက်နေရင်း ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုတော့ ခဏလောက်ရပ်ပြီး ကြည့်သင့်တယ်။ ဘာလို့လဲဆိုတော့ အိပ်မက်တွေလိုပဲ စစ်မှန်တဲ့စိတ်ရင်းတွေကလည်း တန်ဖိုးရှိပြီး အရေးပါတာမို့လို့လေ”
ကျန်းယွီသည် ကျန်းမန့်ယီကိုလက်ဆွဲပြီး အိမ်ပြန်လာလိုက်လေသည်။ သူမအိမ်ရှေ့ရောက်တော့ကား တံခါးပြင်နေသည့် ချူးလီကို တွေ့လိုက်ရလေတော့သည်။
ချူးလီသည် ဒူးတစ်ဖက်ထောက်ကာ ဆောင့်ကြောင့်ထိုင်နေပြီး လက်တစ်ဖက်ထဲတွင်တော့ ဝက်အူလှည့်ကိုကိုင်ထားကာ တံခါးသော့အသစ်ကို သေချာလေးလှည့်နေလေသည်။
ကျန်းယွီလည်း အံ့ဩသွားပြီး “နင်ဘာလို့ ဒီရောက်နေတာလဲ?”
ချူးလီသည် သူမကိုမော့ကြည့်လိုက်ကာ ကြောင်တောင်တောင်လေးနှင့်သာ ပြန်ဖြေလိုက်သည်။
“မင်းအမေက ငါ့ကို တံခါးပြင်ခိုင်းထားတာလေ.. မဟုတ်ရင် ငါ့ကိုတရားစွဲမယ်တဲ့”
“မေမေ ဒါက...”
ကျန်းမန့်ယီသည် သူမလက်မောင်းများကိုမြှောက်၍ လက်ပိုက်လိုက်ကာ ပြန်ပြောလိုက်လေသည်။
“သူ့ကိုပြင်ခိုင်းလိုက်တာ ပိုသက်သာတာပေါ့။ နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်ရင် ငါရဲကိုတန်းခေါ်လိုက်မှာ”
ကျန်းယွီ၏ နှုတ်ခမ်းလေးထောင့်လေးများသည် ကွေးတက်သွားလေသည်။ ဒါမျိုးသည် ကျန်းမန့်ယီလုပ်နိုင်သည့် အရာတစ်ခုပင်။
သို့သော်လည်း အမေ့ပြောစကားကို တကယ်နားထောင်နေတဲ့ ချူးလီကိုမြင်ရတာတော့ ကျန်းယွီအတွက် တကယ်ကို မထင်ထားသည့်အရာပေ။
ချူးလီလိုမျိုး အနာဂတ်ရဲ့ ဉာဏ်ရည်မြင့်လူသတ်သမားတစ်ယောက်က ကျန်းမန့်ယီကို ဒီလိုလွယ်လွယ်လေး သက်ညှာပြီးဆက်ဆံတယ်တဲ့လား?
ကျန်းယွီသည် ချူးလီကို အားနာနာဖြင့် ကြည့်လိုက်ပြီး ပြန်ပြောလိုက်လေသည်။
“စိတ်ထဲမထားနဲ့နော်.. ငါ့အမေက ဒီလိုပဲမို့ပါ”
“ရပါတယ်”
ကျန်းယွီသည် တံခါးကိုပြင်လိုက်ပြီးတော့ မတ်တပ်ထရပ်လိုက်ကာ သူ့အင်္ကျီပေါ်က ဖုန်တွေကို ခါလိုက်လေသည်။
“နောက်ဆို အန်တီဘာပဲလိုလို ကျွန်တော့်ကိုတိုက်ရိုက် ဆက်သွယ်လိုက်လို့ရပါတယ်”
“ဟင်?”
သူဒီနေ့ဘာလို့ ပြောရဆိုရတာ လွယ်ကူနေရတာလဲ?
ချူးလီသည် ဖိနပ်စင်ထဲကို ဝက်အူလှည့်ထည့်လိုက်ကာ ထွက်သွားဖို့ လုပ်လိုက်လေသည်။
“သွားတော့မယ်နော်”
ကျန်းမန့်ယီသည် လက်ပိုက်ကာ တံခါးကိုမှီ၍ ရပ်နေပြီး သူ့ကိုကြည့်နေလိုက်သည်။
“မင်းက အခုသွားတော့မယ်သာဆိုတယ် ငါအခုထိ မင်းနာမည်ကို မသိရသေးဘူး”
ချူးလီသည် နောက်ပြန်လှည့်ကာ ပြန်ပြောလိုက်လေသည်။
“ကျွန်တော့်နာမည်က ချူးလီပါ.. အန်တီ ကျွန်တော့်ကို အချိန်မရွေးလှမ်းခေါ်လို့ ရပါတယ်”
“ငါတို့အိမ်က ရှောင်ယွီက ကတာနဲ့တင် အချိန်အတော်ကုန်နေတာ.. ပြီးတော့ သူ့အဆင့်တွေကလည်း သိပ်ကောင်းတာမဟုတ်ဘူး။ မင်းအဆင့်တွေကရော ဘယ်လိုလဲ ရှောင်လီ”
“သာမန်ပါပဲ”
ကျန်းမန့်ယီတစ်ယောက် စိတ်ပျက်တော့မည့်ဆဲဆဲတွင် ချူးလီက ထပ်ပြောလိုက်လေသည်။
“အဆင့်၁ပဲ ဆိုပါတော့။ ကျွန်တော်သာ ကံကောင်းမယ်ဆိုရင် မြို့နယ်အဆင့် လူရည်ချွန်ရလိမ့်မယ်လို့ ကျောင်းကတော့ မျှော်လင့်နေတာပေါ့”
“...”
ဒါအတော်များနေပြီလေ..။
“အန်တီ စိတ်မပူပါနဲ့.. ရှောင်ယွီကို စာလုပ်ဖို့ ကျွန်တော်တွန်းအားပေးမှာပါ”
ကျန်းမန့်ယီသည် ကျေနပ်ပြုံးများဖြင့် ပြုံးလိုက်လေသည်။
“ဒါဆိုရင်တော့လည်း ကျေးဇူးပေါ့ကွယ်”
“ကျေးဇူးတင်ဖို့မလိုပါဘူးအန်တီရဲ့.. ဒီလိုပဲဖြစ်သင့်တာကို”
ကျန်းယွီ - ???
ဒီကောင်က ငါ့အမေရှေ့ကျ မျက်နှာနောက်တစ်မျိုးပါလား...။