သတ်ဖြတ်ခြင်း
Vol. 11 Ch. 1051
ထိုအခိုက်၌ ချန်းဖန်သည် ဒူးများ တဆတ်ဆတ် တုန်နေသော ချူထျန်းဟောက်ကို ကြည့်နေခဲ့၏။
“ပြောလေကွာ... မပြောသေးဘူးလား… မင်း ငါပြောတာကို မကြားတာလား”
သူ၏ အသံက ညင်သာနေသော်လည်း ချူထျန်းဟောက်၏ ခန္ဓာကိုယ်မှာမူ ပို၍ပင် တုန်ရီလာခဲ့သည်။ သူသည် ရောဂါ တစ်ခု စွဲကပ်နေသည့် အလား ချောင်းများကို အဆက်မပြတ် ဆိုးလိုက်သည်။
“ဂိုဏ်း... ဂိုဏ်းချုပ်ချန်း... ကျုပ်... ကျုပ် ကြားပါတယ်ဗျာ”
“မင်းကြားရင် ဘာလို့ ပြန်မပြောတာလဲ...”
ချန်းဖန်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မေးလိုက်သည်။ ချူထျန်းဟောင်မှာ ကြောက်လန့်လွန်းသောကြောင့် ဘာကိုမှ မစဥ်းစားနိုင်တော့ချေ။
အဆုံး၌ ချန်းချူရန်က ထိုင်ရာမှ ထရပ်ကာ ချန်းဖန်အား ဦးညွှတ်လိုက်သည်။ ထို့နောက် သူက ဖြူရော်စွာ ပြုံးလိုက်ရင်း...
“ဂိုဏ်းချုပ်ချန်း... အဲဒါက...”
သို့သော်လည်း သူ၏ စကားမဆုံးခင်မှာပင် ချန်းဖန်က ယင်ကောင် တစ်ကောင်ကို မောင်းထုတ်သည့် အလား လက်အား ခါယမ်း လိုက်သည်။
“ဒီကိစ္စက မင်းနဲ့ ဘာမဆိုင်ဘူး... ဘေးဖယ်နေစမ်း”
ထိုအရာကား ထိုက်ကျိဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ် တစ်ဖြစ်လည်း မူလ အဆင့် တစ်ယောက်ကို ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ ဆက်ဆံလိုက်ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ချန်းချူရန်မှာ စိတ်ဆိုးသည့် အမူအရာ တစ်စက်မှ မရှိချေ။ သူက ဦးတစ်ချက် ညွှတ်လိုက်ပြီးနောက် အလင်းတန်း အသွင် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက် ထွက်ခွာသွား၏။
ကောပိုင်ရှင်းကလည်း ချန်းဖန်အား လေးစားစွာ ဦးညွှတ်ကာ ပါးကျီဂိုဏ်း၏ တပည့်များကို ခေါ်ဆောင်၍ နောက်သို့ ဆုတ်ခွာလိုက်၏။
“နောက်ပြီးတော့ မင်းတို့...”
ချန်းဖန်က ကျိုးတယောင်၊ ရွှမ်ကျင်းနှင့် အခြား တန်ခိုးရှင်များကို တစ်ချက် ဝှေ့ကြည့် လိုက်သည်။
“မင်းတို့ ပုံစံကို ကြည့်ရတာ မြောက်ပိုင်းချုံးကို အတော်လေး မုန်းတီးနေတဲ့ပုံပဲ”
“ဝမ်ရှင်းတန်ခိုးရှင်ချန်း... မဟုတ်ပါဘူးဗျာ... နားလည်မှု လွဲတာပါ”
ကျိုးတယောင်နှင့် အခြားလူများမှာ ချက်ချင်းပင် ဦးညွှတ်ရင်း ပြောလိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်များသည် တဆတ်ဆတ် တုန်ရီနေ၏။
ထိုအချိန်မှာပင် ကျိုးမင်ကုန်းမှာ ထိုင်ရာမှ ထရပ်ကာ အော်ဟစ်လိုက်၏။
“ချန်းဖန်... မင်း ဘာလုပ်နေတာလဲ... မြောက်ပိုင်းချုံးဂိုဏ်း နာမည်ကို သုံးတာနဲ့ ကျန်းပေ့မှာ ထင်တိုင်းကြဲလို့ ရပြီလို့ ထင်နေတာလား”
ကျိုးတယောင်၏ မျက်နှာမှာ သွေးမရှိ သကဲ့သို့ ဖြူရော်ကာ ခန္ဓာကိုယ်မှာလည်း ကြမ်းပြင်ပေါ် ပြုတ်ကျ မတတ် ဖြစ်သွားခဲ့သည်။ သူကား သူ၏ မြေးဖြစ်သူကို ချက်ချင်းပင် ပြေး၍ သတ်ချင်နေပြီ ဖြစ်လေသည်။
“အလာကြီးပါလား...”
ချန်းဖန်က ပြုံးကာ ခေါင်းအား ခါယမ်းလိုက်သည်။
“ကျန်းဖေးဖေးကြောင့် ငါ မင်း အသက်ကို တစ်ကြိမ် ချမ်းသာပေးပြီးပြီ... ဒါပေမဲ့ နောက်တစ်ကြိမ် ငါ့ကို စော်ကားဖို့ ကြိုးစားရင် သေမယ်လို့ ငါသတိပေးထားတယ်... ဟုတ်တယ်မလား”
“ဘုန်း...”
ချန်းဖန်၏ စကားဆုံးသည်နှင့် ကျိုးမင်ကုန်း၏ ခန္ဓာကိုယ်မှာ သွေးမြူများ အဖြစ် ပေါက်ကွဲသွားတော့၏။
ထို့နောက် မရေမတွက်နိုင်သော ပရိသတ်များ၏ အရှေ့တွင်ပင် ချန်းဖန်က အင်္ကျီလက်ကို ခါယမ်း လိုက်သည်။
“နောက်ဘဝကျရင် မင်းတို့ မြောက်ပိုင်းချုံးကို မစော်ကားမိစေနဲ့...”
“ဘုန်း... ဘုန်း.. ဘုန်း...”
ကျိုးတယောင်၊ ရွှမ်ကျင်းတို့ အပါအဝင် ချန်းယောင်ယောင်ကို တိုက်ခိုက်ရန် ကြိုးစားသည့် တန်ခိုးရှင် အဆင့်များမှာ ချန်းဖန်၏ တိုက်ခိုက်မှုကို တစ်စက္ကန့်မျှပင် တောင့်မခံ နိုင်ခဲ့ကြချေ။ သူတို့ကား နတ်ဘုရား စိတ်ဝိညာဥ်ပါ မကျန် ပေါက်ကွဲကာ သေဆုံး သွားကြတော့သည်။
ထိုအခိုက်၌ ခန်းမ တစ်ခုလုံးသည် တိတ်ဆိတ် နေ၏။ လူတိုင်းသည် ဆွံ့အ နေကြသည်။ ကျန်းဖေးဖေး၊ လုယန်နှင့် ရှောင်ရွှမ်တို့မှာ ချန်းဖန်ကို ကြည့်ကာ အသက်ရှူရန်ပင် မေ့နေကြ၏။
တန်ခိုးရှင် အဆင့်များကား ကျန်းယောင်ယောင်ကို ဖိအားပေး ဖမ်းဆီးရန်သာ ကြိုးစား ခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် သတ်ဖြတ်ရန် မရည်ရွယ် ခဲ့ကြချေ။ မည်သို့ပင် ဆိုစေ ကမ္ဘာ၌ ဥပဒေမှာ သက်ရောက်နေဆဲ ဖြစ်သည်။ သူတို့သည် အစွမ်းထက် ကျင့်ကြံသူများ ဟု ဆိုနိုင်သည့်တိုင် ရက်စက်ကြမ်းကြုတ်သော အမှုများကို ကျူးလွန်ပါက ရွှေအမြုတေ အဆင့်များ၏ အပြစ်ပေးမှုကို ခံရနိုင်ပေသည်။
သို့သော်လည်း ချန်းဖန်၏ လုပ်ရပ်မှာမူ အရိုင်းဆန်လွန်း၏။ သူကား ထောင်သောင်းချီသော ရွှေပွဲလာ ပရိသတ်များနှင့် တိုက်ရိုက် ထုတ်လွှင့်မှုများ၏ အရှေ့တွင်ပင် လူများကို ကြက်ကလေး၊ ငှက်ကလေးများ ကဲ့သို့ သတ်ဖြတ် ပစ်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ချန်းဖန်၏ တစ်ခေတ်ကို မှီလိုက်သော လူများမှာမူ ဖြူရော်စွာသာ ပြုံးနေကြလေ၏။
“သူက ဆယ်နှစ်ကြာပြီးတာတောင် အရင်က ချန်းပေ့ရွှမ်း ဖြစ်နေတုန်းပဲ... ရက်စက်တုန်း... စိတ်တိုတုန်း... အရိုင်းဆန်တုန်း...”
ထို့နောက်...
အားလုံး၏ အရှေ့တွင်ပင် ချန်းဖန်သည် ချန်းယောင်ယောင်၏ လက်ကို ဆွဲကာ ချူထျန်းဟောက် ဘက်သို့ လျှောက်သွားခဲ့သည်။
“ဘုန်း...”
ချူထျန်းဟောက်မှာ တုန်ရီစွာဖြင့် မြေပြင်ပေါ် ဒူးထောက် ချလိုက်၏။
“ဝမ်ရှင်း တန်ခိုးရှင်ချန်း... ကျွန်တော့်ကို မသတ်ပါနဲ့... ကျွန်တော် ဘာကိုမှ မသိခဲ့ပါဘူး... သူတို့ ခိုင်းတဲ့ အတိုင်းပဲ လုပ်ခဲ့ရတာပါ...”
သို့သော်လည်း ချန်းဖန်မှာ သူ၏ စကားကို မကြားသည့် အလား ဆက်လက် လျှောက်လာဆဲ ဖြစ်၏။
“ဝမ်ရှင်း တန်ခိုးရှင်ချန်း... ကျွန်တော့်တူက ချူမင်ဟွေ့ပါ... ခင်ဗျားရဲ့ လက်အောက်ငယ်သား တစ်ယောက်ပါဗျာ... ကျွန်တော့်ကို သတ်ရင် သူက...”
ချူထျန်းဟောက်၏ စကား မဆုံးခင်မှာပင် ချန်းဖန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ချူထျန်းဟောက်၏ ခေါင်းအား ဖြတ်တောက် ပစ်လိုက်၏။
ချန်းဖန်သည် ချူထျန်ဟောက်ကို သတ်ဖြတ်ပြီးသည့်တိုင် ရပ်တန့်ခြင်း မရှိသေးချေ။ သူသည် တည်ငြိမ် အေးစက်စွာပင် စင်မြင့်ထက်၌ ဆက်လက် လျှောက်နေ၏။
“ချန်းပေ့ရွှမ်း... ဒါက ကျန်းပေ့ ညီလာခံနော်... တစ်နိုင်ငံလုံးက အင်တာနက် ပလက်ဖောင်းတွေကနေ တိုက်ရိုက် ကြည့်နေကြတာ... မင်း စိတ်ထင်တိုင်း သတ်မယ် ဆိုရင်...”
“ဘုန်း...”
အခြား မူလ အဆင့် တစ်ယောက်မှာ ပေါက်ကွဲ သွားပြန်၏။ သူကား တစ်ကမ္ဘာလုံး၏ ရှေ့မှောက်၌ပင် မီလျံနှင့် ချီသော လူများကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ဤလောက်က သူ့အတွက် စာမဖွဲ့လောက်ချေ။
ချန်းဖန်က ခေါင်းငုံ့ကာ ချန်းယောင်ယောင်အား ကြည့်လိုက်သည်။
“ယောင်ယောင်... ဘယ်သူတွေက နင်နဲ့ နင့် အန်တီရှို့ကို ထိခိုက်အောင် လုပ်ခဲ့တာလည်း ဆိုတာ ဦးလေးကို ပြောပြ”
“ဟုတ်ကဲ့...”
ချန်းယောင်ယောင်က ခေါင်းညိတ်ကာ စင်မြင့်ထက်ရှိ အကြီးအကဲ အချို့ကို တစ်ယောက်ပြီး တစ်ယောက် လက်ညိုး ထိုးပြလိုက်သည်။
“သူရယ် သူရယ် သူရယ် သူရယ်... နောက် လုပ်ကြံသူ လွှတ်ပြီး အန်တီရှို့ကို တိုက်ခိုက်ခဲ့တာက လုမိသားစုပဲ”
ချန်းယောင်ယောင် လက်ညိုး ညွှန်ပြခြင်းကို ခံရသည့် အကြီးအကဲ အားလုံးမှာ တဆတ်ဆတ် တုန်ရီကာ ကြောက်လန့် သွားကြ၏။ သူမ နောက်ဆုံး လက်ညိုး ထိုးပြလိုက်သည့် လူကား လုယန်၏ အဘိုး အရှင်လုပင် ဖြစ်ပေသည်။
“ဝမ်ရှင်း တန်ခိုးရှင်ချန်း... အသက်ချမ်းသာပေးပါ”
“ဝမ်ရှင်း တန်ခိုးရှင်ချန်း... ညှာတာပေးပါ”
ယနေ့ခေတ်၌ လျှမ်းလျှမ်းတောက် ကျော်ကြားနေမသော ကျင့်ကြံသူများကား ချန်းဖန်ထံ ငိုယို အသနားခံနေကြပြီ ဖြစ်လေသည်။
သို့သော်လည်း ချန်းဖန်ကား စိတ်တိုကြီးချန်း ဟူသည့် ဘွဲ့ကိုပင် ရထားသူ ဖြစ်ပေသည်။ သူက အင်္ကျီလက်အား ဝှေ့ယမ်းလိုက်ရာ သူတို့ အားလုံးမှ သွေးမြူများ အဖြစ် ပေါက်ကွဲ သွားကြသည်။
နောက်ဆုံး၌ ချန်းဖန်က အရှင်လု ဘက်သို့ လှည့်လိုက်သည်။
“သူလား...”
“ဟုတ်တယ်... သူက အန်တီရှို့ကို သတ်ဖို့ လုပ်ကြံသူ လွတ်လိုက်တာ... လုပ်ကြံသူက အန်တီရှို့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေမဲ့ အကို့ကိုတော့ သတ်သွားခဲ့တယ်... ဒီအဖြစ်အပျက် အားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတာက လုမိသားစုပဲ”
ချန်းယောင်ယောင်၏ မျက်လုံးများကား နီရဲနေခဲ့ပြီ ဖြစ်သည်။ ထို ယုတ်မာသော လူများကို လက်စားချေရန်မှာ သူမ၏ ရည်မှန်းချက် ဖြစ်ပေသည်။ ယနေ့တွင်မူ သူမ၏ ဦးလေး ဆိုသူမှာ ရုတ်တရက် ပေါ်လာကာ သူမ အတွက် အရာ အားလုံးကို ဖြေရှင်းပေး နေခဲ့ပြီ ဖြစ်သည်။ သူမ အနေဖြင့် မည်ကဲ့သို့ စိတ်မလှုပ်ရှားပဲ နေနိုင်ပါမည်နည်း။
“ဝမ်ရှင်း တန်ခိုးရှင်ချန်း... အဲဒါက နားလည်မှု လွဲတာပါ”
အရှင်လုမှာ ကြောက်လန့် နေသည့်တိုင် တည်ငြိမ်စွာ စကားဆို နေနိုင်ဆဲ ဖြစ်၏။
“အဲဒီ ကိစ္စကို လုမိသားစု လုပ်ခဲ့တာပဲ ဖြစ်ဖြစ်၊ မလုပ်ခဲ့တာပဲ ဖြစ်ဖြစ်... နောက်တစ်ကြိမ် ထပ် မဖြစ်စေရဘူး ဆိုတာ ကျွန်တော် ကတိပေးပါတယ်... နောက်ပြီး ဒီကောင်မလေးနဲ့ မြောက်ပိုင်းချုံးကို နစ်နာကြေး အဖြစ် ယွမ် ဘီလျံ ငါးဆယ်နဲ့ အဆင့်မြင့် ဝိညာဥ် ဆေးမြစ် တစ်ခုပါ ပေးပါ့မယ်... နောက်ပြီး ကျွန်တော် ကိုယ်တိုင်လည်း မြောက်ပိုင်းချုံးကို နောင်နှစ်ပေါင်း ငါးဆယ် အထိ အမှုထမ်းပါ့မယ်”
အရှင်လုကား မူလအဆင့် မြေကမ္ဘာ နတ်ဘုရား တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ လိုက်လျောမှုက အားလုံးကို အံ့အားသင့်စေခဲ့၏။ ကျန်းဖေးဖေးနှင့် ရှောင်ရွှမ်တို့ ဆိုလျှင် မျက်လုံးများ ပေါက်ထွက် မတတ် ပြူးကျယ် နေခဲ့ပြီ ဖြစ်လေသည်။
“အဘိုး..”
လုယန်က လက်သီးကို တင်းတင်းဆုပ်ကာ အော်ဟစ် လိုက်သည်။
နေနန်းတော်၏ အရှင်ရှင်း ပင်လျှင် သက်ပြင်းတစ်ချက် ချကာ ပဋိပက္ခ အတွင်း ဝင်ပါလာသည်။
“ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါ... အရှင်လုက နေနန်းတော်က မဟုတ်ဘူး ဆိုပေမဲ့ ငါတို့ရဲ့ မိတ်ဆွေကောင်း တစ်ယောက်ပဲ...”
သို့သော်လည်း ချန်းဖန်မှာမူ သူ့အား ဂရုစိုက်ခြင်း မရှိချေ။ သူက အရှင်လုကိုသာ ကြည့်ကာ မေးလိုက်၏။
“လုမိသားစု လုပ်ခဲ့လား... မလုပ်ခဲ့ဘူးလား”
“ဝမ်ရှင်း တန်ခိုးရှင်ချန်း...”
အရှင်လုက သူ၏ စွမ်းအားကို အကန့်အသတ် အထိ တွန်းပို့ လိုက်သည်။ သူက လျှို့ဝှက် ဓမ္မ ရတနာများကိုပင် ထုတ်ယူကာ ခန္ဓာကိုယ်အား ကာကွယ် လိုက်၏။
ချန်းဖန်မှာ အရှင်လု၏ အပြုအမူကို ကြည့်ကာ အဖြေအား သိလိုက်ပြီ ဖြစ်သည်။ သူက ညင်သာစွာပင် ဓားအားဖြည့် ကျောက်မျက်ကို ထိလိုက်၏။
“ဝှစ်...”
ရွှေရောင် အလင်းတန်း တစ်ခုမှာ ဓားအားဖြည့် ကျောက်မျက် အတွင်းမှ ထွက်ပေါ်လာကာ အရှင်လုအား အပိုင်းပိုင်း ဆွဲဖြဲ ပစ်လိုက်သည်။ ထို့နောက် ၎င်းသည် ချက်ချင်းပင် ကျောက်မျက် အတွင်း ပြန်လည် ဝင်သွားခဲ့၏။
မူလ အဆင့်များ သာလျှင် ထိုရွှေရောင် အလင်းတန်းမှာ လင်းယုန်ငှက် တစ်ကောင် ဖြစ်ကြောင်း မြင်တွေ့ လိုက်ကြရသည်။ ၎င်းကား ရွှေအမြုတေ အဆင့်၌ ရှိနေလေရာ မူလ အဆင့် တစ်ယောက်ကို သတ်ဖြတ်ရန် စက္ကန့်ဝက်မျှသာ ယူခဲ့ရလေသည်။
“မူလ အဆင့် တစ်ယောက်က ဒီလိုပဲ ထပ်ပြီး အသတ်ခံလိုက်ရပြန်ပြီလား...”
လူများစွာမှာ ပင့်သက်ရှိုက် လိုက်မိကြ၏။ လုယန်မှာမူ ရုပ်တု တစ်ခုအလား အေးခဲရင်း စင်မြင့်ထက်သို့ ငေးကြည့် နေခဲ့မိသည်။
အရှင်လုကား လုမိသားစု၏ ကျောရိုး ဖြစ်သည်။ နိုင်ငံခေါင်းဆောင်များနှင့်ပင် တန်းညီသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထိုကဲ့သို့သော လူတစ်ယောက် ယခုကဲ့သို့ လွယ်ကူစွာ အသတ်ခံလိုက်ရခြင်းမှာ လက်ခံရန် ခက်ခဲလွန်းသာ ကိစ္စ ဖြစ်ပေသည်။
အရှင်ရှင်းနှင့် သူ၏ ဘေးရှိ လူငယ် ကျင့်ကြံသူများမှာ ချန်းဖန်၏ ဂရုမစိုက်သော အပြုအမူကြောင့် မျက်နှာပျက် သွား၏။ သူတို့က ထိုင်ရာမှ ထရပ်ကာ ချန်းဖန်အား ဒေါသတကြီး လက်ညိုးထိုး အော်ဟစ် လိုက်ကြသည်။
“ခွေးမသား... မင်းက တယ်လည်း အတင့်ရဲနေပါလား...”
“နေနန်းတော်ကိုတောင် မလေးမစား ပြုရဲတယ်ပေါ့...”
“သေချင် နေတာလား”
အရှင်ရှင်းက ဆိုလျှင် သူ၏ စွမ်းအင်အား စတင် ဖြန့်ကျက်ကာ ချန်းဖန်အား ဖိနှိပ်နေခဲ့ပြီ ဖြစ်လေသည်။
“ထွက်သွားစမ်း...”
ချန်းဖန်က အင်္ကျီ လက်တစ်ဖက်အား ခါယမ်း လိုက်သည်။
“ဘုန်း...”
ချက်ချင်းပင် လူငယ် ကျင့်ကြံသူများမှာ ပေါက်ကွဲ သေဆုံး သွားကြ၏။ အရှင်ရှင်းမှာလည်း နောက်သို့ ဆိုးရွားစွာ လွင့်စင်ကာ မိုင်ပေါင်းများစွာ အကွာအဝေးသို့ ရောက်ရှိသွားသည်။ သူကား မသေဆုံးလျှင်ပင် အနည်းဆုံး ပြန်လည် ကျင့်ကြံနိုင်တော့မည် မဟုတ်ချေ။
ကျန်းဖေးဖေးမှာ ထိုမြင်ကွင်းကို ကြည့်ကာ စိတ်များ ရှုပ်ထွေး သွားပုံရသည်။ ချူယွင်၊ ရှောင်ရွှမ် နှင့် လုယန်တို့မှာမူ ဆွံ့အ နေကြ၏။ တစ်ချိန်တည်း၌ ကျန်းပေ့နယ်၏ တန်ခိုးရှင် အဆင့်များ၊ မူလ အဆင့်များမှာမူ ပို၍ လေးစားလာဟန် ရကြလေသည်။
ထို့နောက် အားလုံး၏ အကြည့်များ ရှေ့တွင်ပင် ချန်းဖန်မှာ ချန်းယောင်ယောင်၏ လက်ကို ဆွဲကာ စင်မြင့်၏ အလယ် ထိုင်ခုံ၌ ထိုင်လိုက်သည်။ ထိုလူငယ်လေးသည် တစ်လောကလုံးကို ဝှေ့ကြည့်ကာ ကြေညာလိုက်လေ၏။
“ငါ... ချန်းပေ့ရွှမ်းပြန်လာပြီ...”
***