← Chapters

သူတို့ အားလုံးကိုသတ်

Vol. 11 Ch. 1052

သူတို့ အားလုံးကိုသတ်

Vol. 11 Ch. 1052

ထိုအရာကား မည်သူမျှ မမျှော်လင့် ထားသည့် အပြောင်းအလဲ ဖြစ်သည်။ အင်တာနက် ပလက်ဖောင်းများ၊ တယ်လီဗေရှင်းများမှ တိုက်ရိုက် ကြည့်နေသော လူများမှာ လုံးဝ ဆွံ့အ နေကြလေသည်။ ယခင် ကျန်းပေ့ ညီလာခံများ၌ စိတ်လှုပ်ရှားဖို့ အကောင်းဆုံး အရာများမှာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်၊ ဝိညာဥ် ပင်လယ် အဆင့်များ၏ တိုက်ပွဲများသာ ဖြစ်သည်။

သို့သော်လည်း ယခုနှစ်တွင်မူ...

ပထမဆုံး အချိန် အတန်ကြာ ပျောက်ဆုံးနေသည့် မြောက်ပိုင်းချုံးဂိုဏ်းမှ ကျန်းယောင်ယောင် ပေါ်လာခဲ့သည်။ သူမသည် ဉာဏ်အလင်း စုဆောင်းခြင်း တန်ခိုး အဆင့်ဖြင့်ပင် ဝိညာဥ် ပင်လယ် အဆင့် တန်ခိုးရှင် ကျင့်ကြံသူများကို တိုက်ခိုက်ခဲ့ကာ ထိုအရှင်သခင်များ၏ နောက်ကွယ်ရှိ လျှို့ဝှက်ချက်များကိုပါ ထုတ်ဖော် ခဲ့သည်။

သူမသည် အလွန်တရာ သတ္တိရှိသည့်တိုင် ဉာဏ်အလင်း စုဆောင်းခြင်းတွင်သာ ရှိခဲ့ရာ လုံလောက်စွာ အစွမ်းထက်ခြင်း မရှိခဲ့ချေ။ သူမသည် တန်ခိုးရှင် အဆင့်များ၏ ဝိုင်းဝန်း တိုက်ခိုက်မှု အောက်၌ နောက်ဆုံး အခြေအနေ အထိတိုင် ဆိုးရွားစွာ ကျ‌ရောက်ခဲ့ရသည်။

လူတိုင်းက ထိုအရာကို အဆုံးသတ်ဟု ထင်နေချိန်မှာပင် မည်သူမျှ ထင်မှတ်မထားသည့် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအပြောင်းအလဲကား မြောက်ပိုင်းချုံးမှ လျှို့ဝှက်သော အရှင်သခင် တစ်ယောက် ရုတ်တရက် ပေါ်ထွက်လာခြင်းပင် ဖြစ်၏။

ထိုအရှင်သခင်ကား တစ်ခေတ်တစ်ခါ ကမ္ဘာကို လွှမ်းမိုးခဲ့သော ချန်းပေ့ရွှမ်းပင် ဖြစ်ပေသည်။ သူသည် ပေါ်လာလာချင်းပင် တန်ခိုးရှင် အဆင့်များ၊ မူလ အဆင့်များကို ကြက်ကလေး ငှက်ကလေး သတ်သကဲ့သို့ သတ်ဖြတ်ခဲ့သည်။ လူတိုင်းသည် သူ၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုကို ကြည့်နေရုံသာ တတ်နိုင်ခဲ့၏။

ထိုအရာက ဘုရင်တစ်ပါး ပြန်လည် ရောက်ရှိလာသည့် မြင်ကွင်းပင် ဖြစ်ပေသည်။

“သူက‌ မူလ မြေကမ္ဘာ အလွန် ရွှေအမြုတေ အဆင့်ကို ရောက်နေပြီလား...”

ထိုမေးခွန်းမှာ လူတိုင်း၏ စိတ်အတွင်း ကျယ်လောင်စွာ ဝင်ရောက် နေရာယူလာ၏။

ရွှေအမြုတေ အဆင့်များမှာ အဘယ်နည်း။ ကမ္ဘာ တစ်ခုလုံးတွင်ပင် ရွှေအမြုတေ အဆင့် အရေအတွက်မှာ လက်ချိုး ရေတွက်၍ ရပေသည်။ အဇူရာ နဂါး၊ ရဲ့နန်ထင်း၊ ပါးကျီဂိုဏ်း ဘိုးဘေး... စသည့် တန်ခိုးရှင် ထိပ်ဆုံး အဆင့်သို့ ‌ရောက်နေခဲ့ပြီးသော ပုဂ္ဂိုလ်ကြီးများ သာလျှင် ရွှေအမြုတေ အဆင့်ကို တက်လှမ်းရန် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ပင်လယ်များ တောင်တန်းများရှိ မွန်းစတားများမှာ လူသားများထက် လျှင်မြန်စွာ တိုးတက် နေသည့် သူတို့ အထဲရှိ များစွာမှာ ရွှေအမြုတေ အဆင့်ကို မရောက်ကြသေးချေ။ ရွှေအမြုတေ အဆင့် တစ်ယောက်ချင်းစီကား ဂြိုဟ်ကိုပင် လှုပ်ခါကာ နိုင်ငံတစ်နိုင်ငံ၏ အစောင့်အရှောက် ဖြစ်နိုင်စွမ်း ရှိသည့် လူများ ဖြစ်ကြပေသည်။

ယခု ကြည့်ရသည်က ချန်းပေ့ရွှမ်းသည်လည်း ရွှေအမြုတေ အဆင့်သို့ ရောက်ရှိနေသည့်ပုံ ပေါ်သည်။ ထိုထက်ပင် ပိုကောင်း ပိုနိုင်သည်။ သူ့ကဲ့သို့ ကျင်ကြံသူ တစ်ယောက်ကို ပိုင်ဆိုင်ထားပါလျှက်နှင့် မြောက်ပိုင်းချုံးဂိုဏ်းမှာ အဘယ်ကြောင့် ကျဆင်း သွားရပါသနည်း။

ထိုအချိန်၌ ချန်းဖန်မှာမူ စင်မြင့်၏ အလယ် ထိုင်ခုံ၌ ထိုင်ကာ ကျန်းယောင်ယောင်နှင့် စကားပြော နေခဲ့သည်။

“ယောင်ယောင်... နင့်အဖေရော... သူက ဘာလို့ နင်နဲ့ အတူ မနေဘူးလား... နောက်ပြီး အန်တီရှို့ ဆိုတာကရော ဘယ်သူလဲ... နင့်အကိုကရော လုပ်ကြံသူရဲ့ လက်ချက်နဲ့ တကယ် သေသွားတာလား”

ချန်းယောင်ယောင်မှာ မျက်တောင် တဖျပ်ဖျပ် ခပ်ရင်း ချန်းဖန်၏ မေးခွန်းများမှာ ထူးဆန်းသည်ဟု တွေးလိုက်မိသည်။

အန်တီရှို့ကား အန်တီရှို့သာ ဖြစ်သည်။ ထို့အပြင် သူမ အဖေ ပျောက်သွားသည်ကလည်း လူတိုင်း သိသော ကိစ္စ ဖြစ်ပေသည်။ သူမည် မူလတန်း ကျောင်းသူ အရွယ် ကတည်းက မိဘ နှစ်ပါးကို မတွေ့ခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း အကိုဖြစ်သူ အကြောင်း တွေးမိသော အခါတွင်မူ ကျန်းယောင်ယောင်မှာ မျက်ရည်လည် လာ၏။

“အကိုက အန်တီရှို့ မွေးစားထားတဲ့ ကလေးပါ... နောက်ပြီး သူက အန်တီရှို့ကို အသေခံပြီး ကာကွယ် သွားခဲ့တာ... သမီး ကြားရသလောက်ဆို အဲဒီ လုပ်ကြံသူကို လုမိသားစုက ငှားထားတာ တဲ့... အဲဒီ မိသားစုက အမြဲတမ်း မြောက်ပိုင်းချုံးကို အမျိုးမျိုး တိုက်ခိုက်နေတာ... သူတို့ကြောင့်ပဲ မြောက်ပိုင်းချုံး စီနီယာတွေ အကုန် သေကုန်ကြတာ... အခုဆိုရင် သမီးနဲ့ အန်တီရှို့ နှစ်ယောက်ပဲ ကျန်တော့တယ်”

မိန်းကလေး၏ ပါးပြင်နှစ်ဖက်၌ မျက်ရည် စီးကြောင်း နှစ်ခုမှာ ကျဆင်းလာ၏။ သို့သော်လည်း သူမက လျှင်မြန်စွာပင် စိတ်ကို ထိန်းကာ မျက်ရည်များကို သုတ်ပစ်လိုက်သည်။

သူမအား ကြည့်ရင်း ချန်းဖန်မှ ပိုမို အေးစက်လာ၏။ မည်ကဲ့သို့သော အခြေအနေက မိန်းမငယ်လေး တစ်ယောက်ကို နာကြည်းစွာ ငိုကြွေးရန် တွန်းအားပေးခဲ့ သနည်း။ မြောက်ပိုင်းချုံး၏ နောက်ကျောကို ဓားဖြင့် ထိုးခဲ့သည့် မိသားစု၊ အဖွဲ့အစည်း အားလုံးမှာ သေဆုံးရန် ထိုက်တန်ပေသည်။

ချန်းဖန်၏ အေးစက်သော အသံက ခန်းမကို ခွဲဖျက်၍ ထွက်ပေါ်လာသည်။

“လုယန်...”

လုယန်မှာ တုန်ရီသွား၏။ သူက မော့ကြည့်လိုက်ရာ သူ့အား စူးရဲစွာ ကြည့်နေသော ချန်းဖန်၏ မျက်လုံးများနှင့် မျက်လုံးချင်း ဆုံသွားသည်။

ချန်းဖန်၏ မျက်နှာက ခံစားချက် ကင်းမဲ့နေ၏။ သူ့အား ကြည့်ရသည်က လူသား တစ်ယောက်ထက် ကျောက်တုံး တစ်တုံး၊ သစ်ပင်တစ်ပင်နှင့်ပင် တူနေသေးသည်။

“ချန်း...”

လုယန်၏ အသံက မြင်းစီးသကဲ့သို့ တုန်ရီနေသည်။ သူသည် တည်ငြိမ်မှု ရရှိရန် ကြိုးစားလိုက်သည်။ သူ၏ စိန်ခေါ်မှုကိုပင် လက်မခံခဲ့သော လူတစ်ယောက်ကို အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း။

သို့သော်လည်း လုယန်မှာ မည်မျှပင် ကြိုးစားစေကာမူ ရဲစွမ်း သတ္တိကို ရှာဖွေ မတွေ့ခဲ့ချေ။ သူ၏ မျက်နှာသည် သွေးစုတ်ဖြူရော်ကာ  သူ၏ ခြေထောက်များမှာလည်း တဆတ်ဆတ် တုန်ရီ ယိမ်းထိုးနေ၏။

မြောက်ပိုင်းချုံး ဂိုဏ်းချုပ်၊ ချန်းပေ့ရွှမ်း၊ ကမ္ဘာ၏ အရှင်သခင်၊ ရွှေအမြုတေ အဆင့်များကို သတ်ဖြတ်ခဲ့သူ၊ မာယာမျိုးနွယ်များကို တစ်ကိုယ်တည်း အနိုင်ယူခဲ့သူ...

ချန်းဖန်၏ ဘွဲ့နာမည်များသည် လုယန်၏ စိတ်အတွင်း ကျယ်လောင်စွာ မြည်ဟည်းလာ၏။ ထိုအရှင်သခင်၏ အရှေ့၌ ချန်းချူရန်၊ ကောပိုင်ရှင်းနှင့် အရှင်လုတို့ ကဲ့သို့သော လူများမှာ ပုရွက်ဆိတ်များသာ ဖြစ်သည်။ ရဲ့နန်ထင်း၊ အဇူရာ နဂါးနှင့် ပါးကျီဂိုဏ်း ဘိုးဘေးတို့ ပင်လျှင် သူ့အား အဝေးမှ မျှော်ကြည့်ရန်သာ တတ်နိုင်ကြသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ အရှေ့၌ သူ မည်ကဲ့သို့ တည်ငြိမ်အောင် နေနိုင်ပါမည်နည်း။

“လာစမ်း...”

မီတာ ရာချီ အကွာအဝေးမှပင် ချန်းဖန်သည် လက်တစ်ဖက်အား ဝှေ့ယမ်းကာ လုယန်အား ဆွဲခေါ်လိုက်သည်။

လုယန်မှာ အရုပ်ကြိုးပြတ် ပျော့ခွေသွား၏။ ကျိုးမင်ကုန်းကို သတ်သကဲ့သို့ ထိုမိစ္ဆာကောင်က သူ့ကိုပါ သတ်တော့မည်လော။

လုယန်မှာ ဆက်လက် တွေးတောနိုင်စွမ်းပင် မရှိတော့ချေ။

“ဝမ်ရှင်း တန်ခိုးရှင်ချန်း... အဲဒီ ကိစ္စတွေကို လုပ်ခဲ့တာက ကျွန်တော့်ရဲ့ အဘိုးပါဗျာ... ကျွန်တော် ဘာမှ မသိရပါဘူး... နောက်ပြီး ကျွန်တော် မြောက်ပိုင်းချုံး ဆိုတာကိုလည်း မသိပါဘူး... ဒီမိန်းကလေးကိုလည်း မသိပါဘူးဗျာ”

“မင်းက မြောက်ပိုင်းချုံးကို မသိဘူး ထားတော့... ငါတို့ စတွေ့တဲ့နေ့က ကျန်းဖေးဖေးကြောင့်သာ မဟုတ်ရင် မင်း ငါ့ကို သတ်နေလောက်ပြီ မဟုတ်ဘူးလား... နောက်ပြီး မင်း နောက်ကွယ်မှာ ပြောနေတဲ့ စကားတွေကို ငါမကြားဘူးလို့ ထင်နေလား”

ချန်းဖန်က ပြောရင်း လုယန်၏ လက်တစ်ဖက်ကို အနည်းငယ် လှီးဖြတ် လိုက်သည်။

“မစိုးရိမ်ပါနဲ့... မင်း မနာအောင် ငါ လုပ်ပေးမယ်”

ထို့နောက် ချန်းဖန်က သင်္ကေတ အချို့ကို ရေးဆွဲကာ သွေးကျိန်စာကို ခင်းကျင်း လိုက်၏။

သူသည် ချူကျိုးမြို့၊ ရှန်းမိသားစုကို ရှင်းလင်းရန် အတွက် ထိုကျိန်စာကို တစ်ခါ သုံးခဲ့ဖူးသည်။ သို့သော်လည်း ထိုအချိန်က သူတစ်ယောက်သာလျှင် ရှိခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်မူကား ခြားနားစွာပင် သူသည် မရေမတွက်နိုင်သော လူများ၏ အ‌ရှေ့၌ ထိုကျိန်စာကို ခင်းကျင်း နေခဲ့ခြင်း ဖြစ်ပေသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

ကျိန်စာ အသက်ဝင်သည်နှင့် နိုင်ငံ အနှံ့အပြားရှိ လုမိသားစုဝင်များမှာ တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲကာ သေဆုံးသွားကြ၏။ ချန်းဖန်သည် သွေးမျဥ်းကြောင်းများမှ တစ်ဆင့် မီးကို စေလွှတ်ကာ ထိုလူများ၏ နတ်ဘုရား စိတ်ဝိညာဥ်များကိုပါ ဖျက်ဆီး ပစ်လိုက်သည်။

နောက်ဆုံး လုယန်ကိုပါ သတ်ဖြတ် လိုက်ပြီးနောက် ချန်းဖန်က အားလုံးကို ဝှေ့ကြည့်လိုက်၏။

“ဘယ်သူက မြောက်ပိုင်းချုံးကို စော်ကားရဲသေးလဲ...”

ထိုအခိုက်၌ သူ၏ မျက်လုံးများမှာ အေးစက်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ခန်းမ အတွင်းရှိ တန်ခိုးရှင် အဆင့်များ၊ မူလ အဆင့်များနှင့် တိုက်ရိုက်ကြည့်ရှုနေသူများ အပါအဝင် လူအားလုံးမှာ ယောင်ယမ်း၍ ခေါင်းကို ငုံ့လိုက်မိကြလေသည်။

သူတို့သည် ချန်းဖန်အား မျက်လုံးချင်း ဆိုင်၍ပင် မကြည့်ဝံ့ခဲ့ကြချေ။

***

All Chapters