နှစ်တစ်ရာတွင် တစ်ယောက်သာလျှင် ပေါ်ထွန်းနိုင်သော ပါရမီရှင်
Vol. 133 Ch. 1981
ပြောပြီးသည်နှင့် လင်းရီသည် အလောင်းထည့်ထားသည့် အိတ်ကို ရှေ့သို့ လွှဲရမ်းပြီး ပစ်ပေးလိုက်သည်။
အိတ်က အလိုအလျောက် ပွင့်ဟသွားခဲ့ပြီး ဖန်းရှစ်ဟုန်၏ လက်မောင်းတစ်ဖက်က အပြင်ဘက်သို့ ထွက်လာသည်။ လက်ကောက်ဝတ်တွင် Audemars Piguet Royal Oak နာရီ တစ်လုံး ရှိနေပြီး ယင်းနာရီကို သူတို့နှစ်ဦးလုံး မှတ်မိကြသည်။ ထိုနာရီက ဖန်းရှစ်ဟုန်၏ နာရီဖြစ်၏။
ဖန်းတောက်ဇူ ရုတ်ချည်း မတ်တပ်ရပ်လာခဲ့ပြီး သူ့ ခန္ဓာကိုယ်က မရပ်မနား တဆတ်ဆတ် တုန်ယင်နေသည်။ မျက်နှာသည်လည်း စက္ကူတစ်ရွက်နှယ် သွေးဆုတ် ဖြူလျော်နေခဲ့၏။
“ မင်း … မင်း တကယ်ကြီး ….”
ဖလူး …
ရင်ဘက်ကို လက်ဖြင့် တင်းကြပ်စွာ ဖိနှိပ်ထားရင်း ဖန်းတောက်ဇူ သွေးအလုပ်ကြီးကြီး တစ်လုပ် အန်ထုတ်လိုက်ကာ ကြမ်းပြင်သို့ အကျည်းတန်သည့် မျက်နှာအမူအရာဖြင့် လဲကျသွားခဲ့၏။
“ မာစတာ ….”
ထိုအချိန်၌ သိုက်ရုံရှင်း မတုံ့နှေးဝံ့ပေ။ ဖန်းတောက်ဇူထံသို့ ချက်ချင်း ပြေးသွား၍ ဆေးအံဆွဲထဲက ဆေးဘူးကို ထုတ်ကာ ဖန်းတောက်ဇူအား တိုက်ကျွေးလိုက်၏။
ဆေးစွမ်းက လျင်မြန်စွာ အကျိုးသက်ရောက်မှု ရှိလာခဲ့ပြီး ဖန်းတောက်ဇူ၏ မျက်နှာအရောင်မှာ သိသိသာသာ တိုးတက်လာသည်။ ယခင်ကလောက် ဖြူလျော်နေခြင်းတော့ မရှိတော့ပေ။
စင်စစ်တွင်မူကား ဖန်းတောက်ဇူထံတွင် သားနှစ်ယောက် ရှိခဲ့ဖူး၏။
သို့သော် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုခန့်က ဂိုဏ်း အထိကရုဏ်းတွင် သူ့အကြီးဆုံးသားက တိတ်တဆိတ် လုပ်ကြံခံလိုက်ရပြီး ဤနှစ်တစ်လျှောက်လုံးတွင် သူ၏ မျှော်လင့်ချက်များအားလုံကို ဖန်းရှစ်ဟုန်ထံတွင်သာ စုပုံထားခဲ့သည်။ သူ့အမွေကို ဆက်ခံ၍ ဟုန်မန်ဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ကို အများကြီး မျှော်လင့်ထားခဲ့၏။
သို့သော် သူ့သားက ရန်သူများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။
“ မင်း … ဘယ်သူလဲ …”
ဖန်းတောက်ဇူသည် သူ့အား စူးစိုက်ကြည့်နေရင်း စိတ်ခံစားချက်တို့က အတက်အကျ ဖြစ်နေလျက် ရှိကာ ရှေ့ရှိ ငနဲသားကို အပိုင်းပိုင်း အစစ ဖြစ်အောင် ဆုတ်ဖြဲချင်နေလေတော့သည်။
“ မိတ်ဆွေဟောင်းကြီးတွေပဲကို … ဘာလဲ … ကျုပ်ကို မမှတ်မိဘူးပေါ့ …”
လင်းရီ ကျီစယ်ရွှတ်နောက်လိုသည့် အမူအရာဖြင့် ပြောဆိုလိုက်ကာ သူ၏ မိတ်ကပ်အား ပြန်ဖျက်လိုက်သည်။
လင်းရီ၏ မျက်နှာ အစစ်အမှန်ကို မြင်လိုက်ရတော့ ဖန်းတောက်ဇူနှင့် သိုက်ရုံရှင်းတို့၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့ပြီး တစ္ဆေသရဲကို မြင်တွေ့လိုက်ရသကဲ့သို့ ပါးစပ်ကြီးများ ပွင့်အာသွားခဲ့ကြသည်။
“ မင်း … မင်း လင်းရီ …”
“ အံ့ဩသွားသလား …” လင်းရီ ပြုံးပြလိုက်သည်။
စက္ကန့်အနည်းငယ် ကြာသွားသည့်တိုင် ဖန်းတောက်ဇူတို့ နှစ်ဦးမှာ အံ့အားသင့်မှု အရှိန်မပြေသေးဘဲ ရှိနေလေသည်။ ဤသည်က သူတို့ မျှော်လင့်မထားသည့်အရာ ဖြစ်၏။
ကြောက်ရွံ့မှုနှင့် ရှောခ့်ရမှုက တစ်ချိန်တည်းတွင် ဖြစ်ပေါ်လာခဲ့သည်။ ဦးစွာအနေဖြင့် သေပြီဟု ယူဆထားသည့် လင်းရီက အသက်ရှင်နေခဲ့သည်။ သို့သော် သူတို့ ထိတ်လန့်ရှော့ခ်ရသွားခဲ့သည့် အကြီးမားဆုံး အကြောင်းပြချက်က လင်းရီသည် ဟောင်ကောင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာ၍ ဖန်းရှစ်ဟုန်ကို သတ်ဖြတ်ခဲ့ခြင်းပင်။ ထို့ပြင် သူတို့ဘက်က မည်သည်ကိုမျှ သတိမထားမိခဲ့ကြချေ။
ဖြစ်နိုင်ချေ အလားအလာများအားလုံးကို ခန့်မှန်းတွက်ချက်၍ ပြင်ဆင်မှုများ ပြုလုပ်ထားသည့်တိုင် လင်းရီမှာ သူတို့ ဗီလာထဲသို့ ဝင်ပြီး သူ့သားအလောင်းကို လာပစ်ပေးနေသည်။
“ မင်း စီအဆင့် သွေးရည်ကြည်ကို ကိုယ်ထဲ ထိုးသွင်းခဲ့တယ် မဟုတ်ဘူးလား … အသက်ရှင်နေသေးတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ ….”
ဖန်းတောက်ဇူ၏ ဦးနှောက်မှာ ပန်ကာလည်သကဲ့သို့ တဝီဝီမြည်သံပေး၍ အဆက်မပြတ် လည်ပတ်နေပြီး အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းကို ပေါင်းစည်းပြီး ယခုလို ဖြစ်လာရခြင်း အကြောင်းအရင်းကို မှန်းဆကြည့်နေလျက် ရှိသည်။
သူတို့ဘက်က လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းကို အပြစ်အနာအဆာ မရှိအောင် လုပ်ခဲ့ကြတာပဲ မဟုတ်ဘူးလား … ကျုံးဝေ့တပ်ဖွဲ့က ဘာလို့ ဖန်းမိသားစုကို ပစ်မှတ်ထားလာခဲ့တာလဲ …
သူတို့ ဘယ်နေရာမှာများ မှားယွင်းသွားခဲ့တာလဲ …
“ သာမန် အမြင်လောက်နဲ့ ကြည့်ပြီး ကျုပ်ကို အကဲဖြတ်ခဲ့တာ ခင်များတို့ရဲ့ အကြီးဆုံး အမှားပဲ …” လင်းရီ အသံနိမ့်၍ ပြောလိုက်သည်။ “ ပြီးတော့ ကျုပ်လည်း ဒီရောက်နေပြီ ဆိုမှတော့ အလုပ်စလိုက်ကြတာပေါ့ …”
သို့နှင့် လင်းရီသည် သိုက်ရုံရှင်းကို ပြုံးလျက် ကြည့်လိုက်သည်။ “ မကြောက်ပါနဲ့ … ခင်များသာ လိမ္မာရင် ကျုပ် ဒီနေ့ ခင်များကို မသတ်ဘူး …”
“ ဟက် …”
သိုက်ရုံရှင်း ထရပ်၍ ဖန်းတောက်ဇူ ရှေ့တွင် မြဲမြံစွာ မတ်တပ်ရပ်လိုက်ပြီး လူသားဒိုင်းသဖွယ် ကာကွယ်ပေးထားလိုက်သည်။
“ ချာတိတ် … မင်းသာ သခင်လေးကို သတ်ပြီး ဟောင်ကောင်ကနေ ချက်ချင်း ထွက်ပြေးသွားခဲ့မယ်ဆိုရင် ငါမင်းကို ဘာမှလုပ်လိုက်နိုင်မှာ မဟုတ်ဘူး … ဒါပေမယ့် အခု မင်းကိုယ်တိုင်က ဒီရောက်လာပြီဆိုမှတော့ ပြန်ထွက်သွားဖို့လား …. စဉ်းတောင် မစဉ်းစားနဲ့ ….”
လင်းရီ မျက်ခုံးတစ်ချက် ပင့်၍ သိုက်ရုံရှင်းကို ကြည့်လိုက်သည်။
စစချင်းတုန်းက လင်းရီသည် သိုက်ရုံရှင်းကို များများစားစား အာရုံမထားမိခဲ့ချေ။ ချိုးယွီလော့ပေးလာခဲ့သည့် သတင်းထဲတွင် ထိုလူနှင့် ပတ်သက်သည့် အချက်အလက်တို့က များများစားစား မပါရှိဘဲ ဖန်းတောက်ဇူ၏ ဘော်ဒီဂတ်ဖြစ်သည်ဟုသာ ပြောဆိုထားခဲ့သည်။
သို့သော် ယခု သုံးသပ်ကြည့်ရသလောက်တော့ … ဤလူသည်လည်း ရိုးရှင်းမည့်ပုံ မပေါ်ချေ။
ချိုးယွီလော့ အမြင်လျှမ်းသွားခဲ့သည်ကလည်း သိုက်ရုံရှင်းသည် ဤနှစ်များတစ်လျှောက်၌ လူရှေ့တွင် ထွက်ပေါ်လာခဲသည်။ ဒရိုင်ဘာတာဝန်ကိုသာ ကျေပွန်စွာ ထမ်းဆောင်ရင်း ဟုန်မန်ဂိုဏ်းအရေးကိစ္စများတွင် ဝင်စွက်ဖက်မှု မရှိဘဲ သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့သောကြောင့် သူ၏ အချက်အလက်တို့က ဆန်းကြယ်သယောင် ဖြစ်လာခဲ့သည်။
“ ခင်များ သူ့အတွက် အသက်ပေးဝံ့လို့လား …”
“ အသက်ပေးဝံ့လား …”
သိုက်ရုံရှင်းသည် ခံစားချက် ကင်းမဲ့သည့် မျက်နှာထားဖြင့် “ ငါ မင်းအကြောင်း ကောင်းကောင်းသိတယ်… မင်းက မဆင်မခြင်နိုင်တဲ့ လူငယ်လေးပဲ …”
ပြောပြီးသည်နှင့် သိုက်ရုံရှင်းသည် ရှေ့သို့ လျင်မြန်စွာ ချီတက်လာခဲ့ပြီး သူ၏ အရှိန်အဝါကလည်း တောင်တစ်လုံးပမာ လေးလံလှသည်။ လင်းရီကို တစ်ချက်တည်းနှင့် အမြစ်ဖြတ်နိုင်မည့်ဟန် ရှိ၏။
အစောပိုင်းတုန်းက ပြောခဲ့သည့် သူ့စကားလုံးများအတိုင်း သိုက်ရုံရှင်းသည် လင်းရီအကြောင်းကို ကောင်းစွာ နားလည်ထားသည်။
ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ၏ ခေါင်းဆောင်တစ်ယောက် ၊ ဒီ အဆင့် ကျွမ်းကျင်သူ၊ သူနှင့် အဆင့်တူတွင် ပြိုင်ဘက်ကင်းသူ တစ်ဦး။
သို့ပေမယ့် သိုက်ရုံရှင်းကား မည်သူနည်း။ သူက စီအဆင့် ထိပ်ပိုင်းတွင် ရှိသည့် ကျွမ်းကျင်သူ တစ်ဦးပင်။ သူ၏ အရည်အချင်းတို့ဖြင့် လင်းရီအား သုတ်သင်ဖို့က လုံး၀ ပြဿနာ မရှိနိုင်။
သိုက်ရုံရှင်း၏ လှုပ်ရှားမှုတို့က လှောင်အိမ်ထဲက ထွက်ပေါ်လာသည့် ကျားရိုင်းတစ်ကောင်နှယ် ရက်စက်ကြမ်းကြုတ်နေသည်ကို မြင်တော့ ဤလူက စီ အဆင့်ရှိ ကျွမ်းကျင်သူ တစ်ဦးဖြစ်ကြောင်းကို လင်းရီ တပ်အပ် သိလိုက်သည်။
သူက ဟဲရစ်နှင့် လီချန်ရှန်းတို့ထက်ပင် ပိုပြီး သန်မာသည်။
ဤသည်ကို မြင်တော့ နေရာတွင် မတ်တပ်ရပ်နေသည့် လင်းရီလည်း အခြားရွေးချယ်စရာမရှိ။ လေးနက်တည်ကြည်လာခဲ့ရတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သိုက်ရုံရှင်းသည် အလင်းကဲ့သို့ အလျင်နှုန်းဖြင့် လင်းရီအနားသို့ ရောက်ရှိလာခဲ့ကာ သူ့မျက်နှာသို့ လက်သီးတစ်လုံး ထိုးခွင်းလာခဲ့သည်။
လင်းရီ ရှောင်တိမ်းရန် မကြိုးစားဘဲ အဆိုပါ လက်သီးနှင့် လက်သီးချင်း ထိပ်တိုက် ရင်ဆိုင်လိုက်၏။
လက်သီး နှစ်လုံးက လေထုအလယ်တွင် ထိပ်တိုက် တွေ့ဆုံသွားခဲ့ပြီး
ဘန်း …
လက်သီးချင်း တွေ့ဆုံသည်တွင် မခံမရပ်နိုင်လောက်သည့် ကြီးစွာသော နာကျင်မှု ဝေဒနာက သူတို့နှစ်ဦး၏ လက်မောင်းတစ်လျှောက်သို့ တွန်းကန်လာသည်။
သိုက်ရုံရှင်းက ခွန်အား အရာတွင် အရေးသာသည်။ သို့သော် လင်းရီက တမူထူးခြားသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ သူ့အရိုးမာကြောမှုက သာမန်လူတို့ထက် နှစ်ဆပိုပြီး တိုက်ပွဲတို့၌ ကြီးစွာ ထောက်ပံ့ကူညီပေးလေသည်။
“ မဖြစ်နိုင်ဘူး …”
လက်သီးချင်း ဆုံတွေ့ပြီးနောက်တွင် နှစ်ဦးသားလုံး နောက်သို့ လှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြရသည်။
သူတို့ကြည့်ရသည်မှာ အဆင်ပြေဟန် ပေါက်နေသော်လည်းပဲ နှစ်ဖက်လုံးက အနာတရများ ရရှိသွားခဲ့ကြသည်။
သိုက်ရုံရှင်းနှင့် ဖန်းတောက်ဇူတို့၏ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။
ယခု တိုက်ခိုက်မှုကို လင်းရီ ရင်ဆိုင်နိုင်လိမ့်မည်ဟူ၍ သူတို့ နှစ်ဦးလုံး မျှော်လင့်မထားခဲ့ကြချေ။
“ မင်းလည်း စီ အဆင့်ကို ရောက်နေပြီပဲ ….” သိုက်ရုံရှင်း မျက်မှောင်ကြုတ်၍ ပြောဆိုလိုက်ပြီး သူ၏ လေသံထဲ၌ အဆုံးအစမဲ့သည့် အံ့အားသင့်မှုတို့အား ခံစားမိနိုင်သည်။
“ ခင်များတို့ ကျေးဇူးကြောင့်နဲ့ … ကျုပ် အဆင့်တက်နိုင်လိုက်တယ်လေ…”
စက္ကန့်အနည်းငယ်ကြာပြီးနောက် လင်းရီက စီအဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည့်အချက်ကို သူတို့ နှစ်ဦးလုံး လက်သင့်ခံလိုက်ကြသည်။
ကြည့်ရသည်မှာ စီအဆင့် သွေးရည်ကြည်ကို ထိုးသွင်းပြီးသည့်တိုင် အသက် မသေဆုံးသွားရခြင်း အကြောင်းအရင်းက ယင်းအချက်ကြောင့် ဖြစ်ပုံပင်။
“ ဒါဆိုရင်တော့ ငါ မင်းကို အထင်သေးခဲ့မိတာပဲ …”
ပြောရင်းဖြင့် သိုက်ရုံရှင်းသည် မြင်းဟီသည့် ကိုယ်နေဟန်ထားကို ယူလျက် အရှိန်အဝါတို့က ရုတ်ချည်း ထိုးတက်လသည်။
လင်းရီ မျက်လုံးတို့ မှေးကျဉ်းသွားခဲ့ပြီး သိုက်ရုံရှင်း၏ လှုပ်ရှားမှုတို့က ဟွမ်ကာ အပေါ် အခြေခံနေသည်ကို သတိပြုမိသွားခဲ့သည်။ ထိုကဲ့သို့သော ကြမ်းတမ်းပြီး ရဲဝံ့သည့် လှုပ်ရှားမှုက သိုက်ရုံရှင်းထံမှ ထွက်ပေါ်လာလိမ့်မည်လို့ လင်းရီ မျှော်လင့်မထားခဲ့ပါချေ။
ချက်ချင်းဆိုသလို သိုက်ရုံရှင်း ထပ်မံ ပြေးဝင်လာခဲ့ပြန်သည်။
“ ကျားရိုင်း ချေမှုန်းလက်သီးကွက် ….”
“ ကောင်လေး … မင်း သိတာ တော်တော်များသားပဲ …”
သိုက်ရုံရှင်း၏ တိုက်ခိုက်မှုတို့က ရက်စက်ပြင်းထန်သည်။ လင်းရီသည်လည်း ရုံချွမ်း လက်သီး လှုပ်ရှားမှုဖြင့် တရစပ် တိုက်ခိုက်လိုက်၏။
သိုက်ရုံရှင်း၏ ပြင်းထန်သည့် လက်သီးချက်တို့ ကျဆင်းလာသည်တွင် လင်းရီသည် ထိုက်ကျိ ကစားသည့် နည်းလမ်းဖြင့် သက်ရောက်လာသည့် အားကို အားကို သိမ်မွေ့ညင်သာမှုဖြင့် လမ်းကြောင်းလွှဲပြီး တစ်ဖက်လူအား အင်အားအပြည့်ဖြင့် တန်ပြန်တိုက်ခိုက်သည်။
အနောက်တွင် ရပ်ကြည့်နေရင်း ဖန်းတောက်ဇူ၏ အမူအရာသည် အိပ်မက်ယောင်နေသည့် လူတစ်ဦးနှယ် ဖြစ်နေခဲ့သည်။ သူ့အနီးနားရှိ အကောင်းဆုံး တိုက်ခိုက်ရေး သမားဖြစ်သည့် သိုက်ရုံရှင်းသည်ပင် လင်းရီအား ကိုင်တွယ်ရ ခက်ခဲနေလိမ့်မည်ဟူ၍ ထင်မှတ်မထားခဲ့ချေ။
ထိုအချိန်၌ သိုက်ရုံရှင်းသည်လည်း အလွန်အမင်း အံ့အားသင့်နေခဲ့ပြီး သူ့အပေါ် သက်ရောက်နေသည့် ဖိအားက ပိုမို လေးပင်လာနေသည်။
သူ့စိတ်ထဲ၌ လင်းရီက စီ အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်လျှင်ပင် သူ့ အစွမ်းအစတို့က အကန့်အသတ်နှင့် ဖြစ်ပြီး သူနှင့် ဆန့်ကျင် တိုက်ခိုက်သည်တွင် ရှည်ကြာစွာ တောင့်ခံနိုင်လိမ့်မည်ဟု မယုံကြည်ထားခဲ့ချေ။
သို့ဖြစ်သည့်တိုင် သူ့အား အံ့ဩဘနန်း ဖြစ်စေရလောက်အောင် လင်းရီက သူ့အား အကန့်အသတ်သို့ တွန်းပို့နေသည်။
လင်းရီကား နှစ်တစ်ရာလျှင် တစ်ယောက်သာလျှင် ပေါ်ထွန်းနိုင်သည့် ရှားပါး ပါရမီရှင်တစ်ဦးပင်။