ကမ္ဘာကြီး၏ ဆွံ့အမှု
Vol. 11 Ch. 1053
လုမိသားစုအား ရှင်းလင်းပစ်ပြီးနောက် ချန်းဖန်သည် ခန်းမ အတွင်း ဆက်နေရန် အကြောင်း မရှိတော့ချေ။ သူသည် ချန်းယောင်ယောင် ထံ၌ ချန်းရှောင် အကြောင်း မေးစရာများစွာ ရှိသေးသည်။ ထို့အပြင် သူသည် ချန်းမိသားစု အကြောင်း၊ မြောက်ပိုင်းချုံး အကြောင်းများကို ရှာဖွေ စုံစမ်း လိုသေးသည်။
သူ စိတ်ဝင်စားနေသည့် အခြား အကြောင်းရင်း တစ်ခုကား “အန်တီရှို့” ဆိုသူ၏ အစစ်အမှန် ကိုယ်ရေး အချက်အလက်ကိုပင်။
သို့သော်လည်း ချန်းဖန် စင်မြင့်ပေါ်မှ မဆင်းရသေးခင်မှာပင် သူ၏ မိတ်ဆွေဟောင်းများမှာ သူထံ ဝိုင်းအုံ လာကြ၏။
ပထမဆုံး အဖွဲ့ကား ပါးကျီဂိုဏ်းပင် ဖြစ်သည်။ ဂူဖေးနှင့် ပါးကျီဂိုဏ်း၏ အခြား တပည့်များသည် ချန်းဖန်အနားသို့ လျှောက်လာကာ လေးစားစွာ ဂါရဝ ပြုကြသည်။
အဖွဲ့ခေါင်းဆောင် ကောပိုင်ရှင်းကလည်း တရိုတသေ ဦးညွှတ်လိုက်၏။
“ဆရာချန်း... နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရတာ ဝမ်းသာပါတယ်ဗျာ...”
သူသည် ချန်းဖန်အား ဝမ်ရှင်း တန်ခိုးရှင်ချန်း ဆိုသည့် နာမည်အစား ဆရာချန်းဟုသာ သုံးနှုန်း ခဲ့သည်။ ထိုနာမည်သည် ချန်းဖန်၏ ကျော်ကြားမှုတို့ အစပြုရာ နာမည် ဖြစ်၏။ အခါရာသီများ အကြိမ်ကြိမ် ပြောင်းလဲပြီး အဆင့်အတန်းများ မတူညီတော့သည့်တိုင် “ဆရာချန်း” ဆိုသော နာမည်မှာ ကောပိုင်ရှင်းတို့ မျိုးဆက်များ အတွက် ဘယ်တော့မှ မမေ့နိုင်သည့် နာမည် တစ်ခု ဖြစ်ပေသည်။
“မတွေ့တာကြာပြီ... အဘိုးကြီးဟောင်ရော နေကောင်းတယ် မလား...”
အဘိုးကြီးဟောင်မှာ ဟောင်တုန်းလိုင်၏ အကို ဟောင်ထင်းရှန် ဖြစ်သည်။ ချန်းဖန်သည် အဘိုးကြီးဟောင်ကို ရှန်းမန် စီရင်စု၌ တစ်ခါ ဆုံတွေ့ခဲ့ဖူးသည်။ ချန်းဖန်နှင့် ပါးကျီဂိုဏ်းသည် ပြဿနာ အချို့ ရှိခဲ့ဖူးသည့်တိုင် သူတို့၏ ဆက်ဆံရေးမှာ နီးကပ်သည်ဟု ဆိုနိုင်ပေသည်။
“ဦးလေး ထင်းရှန်က မူလ အဆင့်ကို ရောက်ပြီး ပါးကျီဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်နေပါပြီ...”
ကောပိုင်ရှင်းက ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ပါးကျီဂိုဏ်း၏ တပည့်များနှင့် ချန်းဖန်ကို မိတ်ဆက်ပေး၏။
ဂူဖေး၏ စိတ်ကူးများသည် တိမ်တိုက် တစ်ခုအလား လွင့်မြောနေသည်။ သူ၏ ရုပ်ရည်သွင်ပြင်သည် ငယ်ရွယ်သေးဟန် ရသော်လည်း သူ၏ စွမ်းအားမှာမူ ကျန်းပေ့နယ် တစ်ခုလုံးကို လွှမ်းမိုးနိုင်သည် အထိ မြင့်မားနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ချန်းဖန်နှင့် နှိုင်းယှဥ်လျှင်မူ သူကား ပုရွက်ဆိတ် တစ်ကောင်နှယ် အားနည်းနေဆဲ ဖြစ်ပေသည်။
ကောပိုင်ရှင်းတို့ အဖွဲ့ အပြင် ချန်းဖန်၏ အခြား မိတ်ဆွေဟောင်းများမှာလည်း ချန်းဖန်ထံ လာရောက်ကာ နှုတ်ဆက် ဂါရဝ ပြုကြသည်။
“ဟမ်... ဟိုဟာက ဦးလေးနဲ့ အမတန့်တို့ မလား...”
ချူယင်မှာ ချန်းဖန်ထံ လျှောက်သွားနေသော လူနှစ်ယောက်ကို ကြည့်ကာ ရေရွတ် လိုက်သည်။ ယောက်ျားလေးသည် စစ်ယူနီဖောင်းကို ဝတ်ဆင်ထား၏။ သူ၏ ပခုံးထက်တွင်မူ ကြယ်တစ်ပွင့်က တောက်ပစွာ နေရာယူနေသည်။ မိန်းကလေးမှာမူ နေကာမျက်မှန်ကို ဝတ်ဆင်ထားသည်။ သူမ၏ ခန္ဓာကိုယ်မှာမူ အမို့အဖောင်းများဖြင့် ဆွဲဆောင်မှုရှိစွာ ဖွဲ့စည်းထား၏။ သူတို့ နှစ်ယောက်စလုံးကား ဝိညာဥ်ပင်လယ် (တန်ခိုးရှင်) အဆင့်များ ဖြစ်ပေသည်။
လူများသည် သူတို့ နှစ်ယောက်ကို မြင်သည်နှင့် ထန်လုံ တပ်ဖွဲ့ ဗိုလ်မှူးကြီး ချူမင်ဟွေ့နှင့် ကျန်းနန်နယ်၏ အလှဆုံး မိန်းကလေး တန့်ရီဖေးတို့ ဖြစ်ကြေကြောင်း ချက်ချင်းပင် သတိထား လိုက်မိကြသည်။
“ဦးလေးချူနဲ့ မိန်းကလေးတန့်တို့ကလည်း ချန်းဖန်ကို သိကြတာလား...”
ရှောင်ရွှမ်၏ မျက်နှာက အနည်းငယ် ရှုံ့မဲ့ နေ၏။ သူမ ကဲ့သို့ ချူကျိုး ဂျူနီယာလေးများ၏ အမြင်၌ တန့်ရီဖေးနှင့် ချူမင်ဟွေ့တို့မှာ အလှမ်း မမှီနိုင်သော ပုဂ္ဂိုလ်များ ဖြစ်သည်။ တစ်ယောက်မှာ နိုင်ငံ၏ နံပတ်တစ် အထူး တပ်ဖွဲ့ ခေါင်းဆောင် ဖြစ်ကာ အခြားတစ်ယောက်မှာ ကျန်းနန်နယ် မြေအောက်လောက အရှင်သခင်၏ သမီး ဖြစ်သည်။
ယခုတွင်မူ သူမ အထင်သေးခဲ့မိသော ချန်းဖန်မှာ ထိုကဲ့သို့သော လူများနှင့်ပင် သိနေဟန် ရသည်။ သူမသည် ချန်းဖန်၏ အစစ်အမှန် အဆင့်အတန်းကို သိရှိပြီး ဖြစ်သည့်တိုင် အရာအားလုံးကို လက်ခံရန် ခက်ခဲနေတုန်း ဖြစ်သည်။
ချူယွင်က ဖြူရော်စွာ ပြုံးရင်း ပြောလိုက်သည်။
“ချန်းပေ့ရွှမ်း ထန်လုံ တပ်ဖွဲ့ ခေါင်းဆောင် ဖြစ်ခဲ့တဲ့ အချိန်တွေတုန်းက ငါ့ဦးလေးက ရိုးရိုး စစ်သားလေး တစ်ယောက် ဘဝမှာပဲ ရှိသေူတာ... နောက်ပြီး အမတန့်ရဲ့ အဖေ တန့်ယွမ်ချင်း ဆိုတာလည်း မြောက်ပိုင်းချုံးရဲ့ သာမန် အဖွဲ့ဝင် တစ်ယောက် သာသာပဲ”
ချူမင်ဟွေ့နှင့် တန့်ရီဖေးတို့၏ လေးစားဟန် ရသော အမူအရာများကိုပါ ထပ်ဆောင်း မြင်ရပြီးနောက် ရှောင်ရွှမ်နှင့် အခြား လူငယ်များမှာ မည်သည့် အရာကိုမျှ စောဒက မတက်ရဲကြတော့ချေ။ သူတို့သည် ခေါင်းငိုက်ချကာ အဖြစ်မှန် အားလုံးကို လက်ခံလိုက်ကြတော့၏။
တစ်ချိန်တည်း၌ ကျန်းဖေးဖေးမှာမူ စင်မြင့်ထက်ကိုသာ မှိုင်တွေ ငေးမော ကြည့်နေခဲ့မိသည်။ သူမ၏ အတွေး၌ ထိုလူငယ်လေးမှာ ယွင်ဝူတောင်ထိပ်ရှိ သာမန် လူငယ်လေး တစ်ယောက် မဟုတ်တော့ချေ။ ကမ္ဘာ၏ အရှင်သခင်၊ မြောက်ပိုင်းချုံး၏ ဂိုဏ်းချုပ် ချန်းပေ့ရွှမ်း အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
ကျန်းဖေးဖေးမှာ ရုတ်တရက် ဝမ်းနည်းမသလို ခံစားလိုက်ရ၏။ သို့သော်လည်း သူမသည် အဘယ်ကြောင့် ဝမ်းနည်းနေမှန်း မသိခဲ့ချေ။
ထိုအခိုက်၌ ချန်းဖန်ကမူ ချူမင်ဟွေ့နှင့် စကားပြော နေခဲ့၏။
“နောက်ဆုံးတော့ ဗိုလ်ချုပ် ပြန်ရောက်လာပြီပေါ့... ကျင်းမြို့ပြင်က ရွှေရောင် နတ်ဘုရားကို မြင်ကတည်းက ဗိုလ်ချုပ် ဖြစ်လိမ့်မယ် လို့ ကျွန်တော် သိနေခဲ့ပါတယ်”
ချူမင်ဟွေ့က ပြောသည်။ သူ၏ အသံသည် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ခါနေ၏။
“ကျွန်တော့် ဦးလေးနဲ့ ချူမိသားစု လုပ်ခဲ့တာတွေကိုတော့ ကျွန်တော် တကယ် မသိတာပါ... ဒါပေမဲ့ ဦးလေးကို မြောက်ပိုင်းချုံးဂိုဏ်းထဲ ဝင်ဖို့ အကြံပေးခဲ့တာကတော့ ကျွန်တော်ပါ... သူ့ရဲ့ လုပ်ရပ်တွေ အတွက် ကျွန်တော့မှာ တာဝန်ရှိပါတယ်... ကျွန်တော့်ကို အပြစ်ပေးပါ ဗိုလ်ချုပ်”
“ထားလိုက်ပါကွာ... ချူထျန်းဟောက်က ချူထျန်းဟောက်... မင်းက မင်း... တူမှ မတူတာပဲ”
ချန်းဖန်က ချူမင်ဟွေ့၏ ပုခုံးအား ပုတ်ရင်း ဆိုလိုက်သည်။ ချူမင်ဟွေ့မှာ စစ်တပ် တာဝန်ကို အချိန်မလပ် ထမ်းဆောင် နေရသူ ဖြစ်သည်။ ထို့ကြောင့် ချူထျန်းဟောက်၏ လုပ်ရပ်များကို သူမသိခြင်းက သဘာဝ ကျပေသည်။
“ဝမ်ရှင်း တန်ခိုးရှင်ချန်း...”
တန့်ရီဖေးကလည်း နေကာမျက်မှန်အား ချွတ်ကာ ချန်းဖန်အား အရိုအသေ ပေးလိုက်သည်။ ထို့နောက် သူမက ချန်းဖန်၏ အနားသို့ တိုးကပ်လိုက်ရင်း အလေးအနက် လေသံဖြင့် ဆိုလိုက်၏။
“ဂရုစိုက်ပါ... ချင်းယန် စီရင်စုထဲမှာ အခြားဂြိုဟ်တွေက လာတဲ့ အရှင်သခင်တွေ ပုန်းနေတယ်လို့ ကျွန်မတို့ သတင်းရထားတယ်... သူတို့က မြောက်ပိုင်းချုံးရဲ့ လက်ကျန် အဖွဲ့ဝင်တွေကို လိုက်ရှာ နေကြတာ... အခု ဆိုရင် ရှင်ဒီမှာ ရှိနေတယ် ဆိုတာ သူတို့ သိရင်တောင် သိနေလောက်ပြီ”
“ဟားဟား... ဒါဆိုရင်လည်း အဆင်သင့် သွားတာပေါ့... ငါကလည်း မြောက်ပိုင်းချုံးကို တိုက်ခိုက်ခဲ့တဲ့ ကောင်တွေကို သတ်ချင်လို့ လိုက်ရှာနေတာ...”
ချန်းဖန်က ခြောက်ကပ်ကပ် ရယ်မောလိုက်ရင်း ကြမ်းပြင်ကို ဖနှောင့်ဖြင့် ပေါက်လိုက်သည်။
“ထွက်လာစမ်း...”
“ဘုန်း...”
ချင်းယန် စီရင်စု တစ်ခုလုံးမှာ လှုပ်ခါသွား၏။ လူအများမှာ ခန္ဓာကိုယ် ဟန်ချက်ကို မထိန်းနိုင်ကြတော့ချေ။ အခြေခံ တည်ဆောက်ခြင်း၊ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်များ ပင်လျှင် မြေပြင်ပေါ် လဲပြိုကျလု မတတ် ဖြစ်ကုန်ကြလေ၏။
“ဝှစ်... ဝှစ်... ဝှစ်...”
အနက်ရောင် ပုံရိပ် ရှစ်ခုသည် ကောင်းကင်သို့ ပျံတက်လာ၏။ ၎င်းတို့ အားလုံးသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ အနက်ရောင် မျက်နှာဖုံးများကို ဝတ်ဆင်ထားသည်။ သူတို့၏ ပတ်လည်၌ ဝန်းရံနေသော အနက်ရောင် အလင်း စက်ဝိုင်းများသည် သူတို့၏ အသွင်အပြင်ကို ပို၍ ဆန်းကြယ်စေသည်။
“သူတို့က...”
တန့်ရီဖေး၏ မျက်လုံးများမှာ ဝိုင်းစက် သွား၏။ သူမသည် ဝိညာဥ်ပင်လယ် အဆင့် ထိပ်ဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း ထိုဝတ်စုံနက်များမှာ သူမထက် အဆများစွာ ပိုမို အစွမ်းထက် နေခဲ့သည်။ တစ်ချိန်တည်း၌ တန့်ရီဖေးသည် အလွန် ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာ အငွေ့အသက် တစ်ခုကို ခံစားလိုက်ရ၏။
“ကိုယ်ထင်ပြစမ်း...”
ချန်းဖန်က ခြေဖနှောင့်ကို ဆောင့်ကာ အော်ဟစ် လိုက်၏။
“ဘုန်း...”
ကြောက်မက်ဖွယ် စွမ်းအင် တစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အနက်ရောင် ဝတ်စုံနက်ဝတ်များထံ တိုးဝင်သွားသည်။ ချက်ချင်းပင် ဝတ်စုံနက်များ၏ ဝတ်စုံများမှ အပိုင်းပိုင်း ပျက်စီးသွားကာ သူတို့၏ မူလ အသွင်အပြင် ထွက်ပေါ်လာ၏။ ထိုသတ္တဝါများကား အပြာရောင် အရေပြား၊ အနီရောင် မျက်လုံး၊ အနက်ရောင် အကြေးခွံ၊ အဖြူရောင် အတောင် စသည်ဖြင့် အသွင်အပြင် အမျိုးမျိုးကို ပိုင်ဆိုင်ထားသည့် ဂြိုဟ်သားများပင် ဖြစ်တော့သည်။
“မိစ္ဆာမျိုးနွယ်၊ သွေးမျိုးဆက်နဲ့ ရေလူသား မျိုးနွယ်တွေ...”
တန့်ရီဖေးမှာ မျိုးနွယ်စု သုံးခုကို ချက်ချင်းပင် မှတ်မိလိုက်သည်။ ၎င်းတို့ကား ကမ္ဘာပေါ်၌ ကြောက်မက်ဖွယ် အကောင်းဆုံး မျိုးနွယ်စုကြီးများ ဖြစ်ကြ၏။ သူတို့သည် တရုတ်နှင့် အမေရိကန် အပါအဝင် ကမ္ဘာ့ နိုင်ငံများစွာကို နောက်ကွယ်မှ နေ၍ အရိပ်သဖွယ် ထိန်းချုပ်ထားသူများ ဖြစ်သည်။ ခွန်းလွန်ပင်လျှင် သူတို့အား မစော်ကားဝံ့ချေ။
မိစ္ဆာမျိုးနွယ် ကျင့်ကြံသူက ချန်းဖန်ကို ကြည့်ကာ စူးရှရှ လေသံဖြင့် ရယ်မောလိုက်သည်။
“ဟီးဟီး... မင်း ပြန်လာရဲတယ်ပေါ့... ငါတို့ ဘိုးဘေးတွေ ကမ္ဘာကို ရောက်နေပြီ... မင်း သေရမယ်... ဟီးဟီးဟီးဟီး...”
“ဘုန်း... ဘုန်း... ဘုန်း...”
ချင်းယန် စီရင်စု၏ မှန်ပြတင်းပေါက်များမှာ ပေါက်ကွဲသွား၏။ များစွာသော သာမန်လူများ၏ နားများမှာ ခံနိုင်ရည်ထက် ပိုမို စူးရှသော အသံကြောင့် သွေးများပင် စီးကျလာခဲ့သည်။
“ပါးစပ်ပိတ်ထားစမ်း...”
ချန်းဖန်၏ အသံက အရာအားလုံးကို ဖုံးလွှမ်းကာ ထွက်ပေါ်လာသည်.
“ဘုန်း...”
ချန်းဖန်အား အသံဖြင့် တိုက်ခိုက်လိုက်သည့် မိစ္ဆာမျိုးနွယ်မှာ ချက်ချင်းပင် အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲကာ မြေပြင်ပေါ် ပြုတ်ကျသွားသည်။ သူသည် မိုင်းခွဲ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည် ရှိသည့် မူလ မိစ္ဆာ ခန္ဓာကို ပိုင်ဆိုင်ထားသည့်တိုင် ချန်းဖန်၏ အရှေ့တွင်မူ တို့ဖူး တစ်ခု အလား ပိုင်းဖြတ် ခံခဲ့ရလေသည်။
“ချန်းပေ့ရွှမ်း... မင်း ငါတို့ကို သတ်ရင် ငါတို့ ဘိုးဘေးတွေက မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး..”
အခြား ဂြိုဟ်သားမျိုးနွယ် ခုနစ်ယောက်မှာ သူတို့ အခြေအနေ မကောင်းတော့ကြောင်း သိသည်နှင့် ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစား လိုက်ကြသည်။
“ဟဟ...”
ချန်းဖန်က ဂရုမစိုက်ခြင်း မရှိချေ။ သူက ချန်းယောင်ယောင်ဘက်သို့ လှည့်ကာ ပြုံးပြလိုက်၏။
“ယောင်ယောင်... ငါ နင့်ကို ပြစရာ ရှိတယ်...”
ထို့နောက် သူက ဓားအားဖြည့် ကျောက်မျက်အား ညင်သာစွာ တို့ထိ လိုက်သည်။ ရွှေရောင် အလင်း တစ်ခုသည် ပျော်ရွှင်စွာ ခုန်ပေါက် ထွက်လာကာ ကောင်းကင်သို့ ပျံတက်သွား၏။ ထိုရွှေရောင် အလင်းမှာ သုံးလက်မခန့် ရှိသော ဓားတိုလေး တစ်ချောင်း ဖြစ်ကြောင်း ချန်းယောင်ယောင် သေသေချာချာ တွေ့မြင်လိုက်ရလေသည်။
“ဝှစ်...”
ချန်းယောင်ယောင်၏ အကြည့်များ အောက်တွင်ပင် ဓားသည် မျိုးနွယ်ခြား ကျင့်ကြံသူ ခြောက်ယောက်၏ ခန္ဓာကိုယ်များကို တစ်ဆက်တည်း ဖြတ်ပိုင်းသွား၏။ ထို့နောက် ၎င်းသည် နောက်ဆုံး လက်ကျန် ကျင့်ကြံသူထံသို့ ဆက်လက် တိုးဝင်လေ၏။
“ချန်းပေ့ရွှမ်း... မင်း နောက်ကျသွားပြီ... မြောက်ပိုင်းချုံးရဲ့ နောက်ဆုံး တပည့်ကို ငါတို့ တွေ့ပြီးပြီကွ... သူ့ကို ငါတို့ သတ်...”
သူ၏ စကားမဆုံးခင်မှာပင် အမတေ ဖြည့်တင်းခြင်းဓားမှာ သူ့အား ပိုင်းဖြတ် သွားတော့၏။
“သွားကြမယ်...”
ချန်းဖန်က ချန်းယောင်ယောင်အား ဖက်ကာ ကောင်းကင်သို့ ပျံတက်လိုက်သည်။ ထို့နောက် သူသည် ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲကာ ချင်းယန် စီရင်စု အပြင်သို့ လျှင်မြန်စွာ ရွှေ့လျား ပျောက်ကွယ် သွားလေတော့သည်။
၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်...
မြောက်ပိုင်းချုံး ဂိုဏ်းချုပ် ချန်းပေ့ရွှမ်းသည် ကျန်းပေ့ ညီလာခံ၌ ပေါ်လာကာ မူလ အဆင့်၊ တန်ခိုးရှင် အဆင့်များစွာကို သတ်ဖြတ်ခဲ့၏။
ထိုသတင်း ပျံ့နှံ့သွားသည်နှင့် တစ်ကမ္ဘာလုံး အံ့အားသင့် သွားကြတော့သည်။
***