အကန့်အသတ်
Vol. 133 Ch. 1988
“ ဟင် အတည်ကြီးလား … ၅၀ ရာခိုင်နှုန်းက ကလေးမွေးတဲ့ နာကျင်မှု အဆင့် ၁၀ တောင် ရှိတယ် …”
ဤသည်ကိုကြားတော့ ချိုးယွီလော့နှင့် နင်ချဲ့တို့နှစ်ဦးလုံး အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသားများ ဖြစ်သွားခဲ့ကြသည်။
သူမတို့နှစ်ဦးလုံး တစ်ခါမှ ကလေးမမွေးဖူးသော်လည်းပဲ အမျိုးသမီးများ ဖြစ်ကြ၏။ ထို့ပြင် ကလေးမွေးသည့်အခါ မည်မျှ နာကျင်ကြောင်းလည်း သိရှိထားကြလေသည်။
သူမတို့၏ ကြံ့ခိုင်သန်မာမှုက သာမန်လွန်ထက် ကျော်လွန်နေနိုင်ပေမယ့် ဤကဲ့သို့သော နာကျင်မှုအဆင့်ကိုတော့ လင်းရီကဲ့သို့ တိတ်ဆိတ်စွာ တောင့်မခံနိုင်မည်ကတော့ ကျိန်းသေသည်။
“ နင် ဘယ်လို ခံစားရလဲ … မရတော့ရင်လည်း ရပ်လိုက်တော့ပေါ့ ….” နင်ချဲ့ စိုးရိမ်သည့် လေသံဖြင့် ပြောဆိုလိုက်သည်။
“ အဆင်ပြေတယ်… ဆက်လုပ် …” လင်းရီ မျက်မှောင်တင်းတင်းကြုတ်ထားလျက် အံကြိတ်ထားသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ မင်း မရတော့ဘူးဆိုလည်း တစ်ခါတည်းပြောနော်… ဘာမှ ရှက်စရာမလိုဘူး …” လီဟန် ထပ်ပေါင်းပြောလိုက်သည်။
“ ကျုပ် နားလည်တယ်…”
လင်းရီ ထိုစကားကို ပြောဆိုရင်းဖြင့် လင်းရီ၏ နားထင်သွေးကြောကြီးများ ထောင်ထလာသည်။ နာကျင်မှုကို အတင်းအကြပ် တောင့်ခံနေသည်မှာ သိသာလှ၏။ ထို့နောက် မျက်လုံးမှိတ်သွားခဲ့ပြီး ဘာမျှ ဆက်ပြောမလာခဲ့တော့ချေ။
ရှိနေကြသည့်လူတိုင်း လင်းရီသည် သူ၏ သန်မာသည့် စိတ်စွမ်းအားကို ပြသနေကြောင်း နားလည်ကြသည်။ အထူးသဖြင့် ရွှီလန်မှာ လင်းရီ၏ ခံနိုင်ရည် အင်အားကြောင့် စိတ်နှလုံးပင် လှုပ်ရှားသွားခဲ့ရပြီး ထိန်းချုပ်မရနိုင်အောင် ဖြစ်လာခဲ့တော့၏။
သူမ၏ အမြင်တွင် လင်းရီမှာ အဆင့် ၁၀ နာကျင်မှုကို တောင့်ခံနိုင်မှာ မဟုတ်ဟူ၍ပင်။ သို့သော် ယခု လင်းရီမှာ အသံတစ်သံ မထွက်ဘဲ တောင့်ခံနေနိုင်သည်။
သူမ တကယ်ကြီး သူ့ကို အထင်သေးနေမိခဲ့ခြင်းပင်။
“ လူတိုင်း ၊ အသင့်ပြင် ၊ စမ်းသပ်မှုကို ဆက်လုပ်မယ်…” လီဟန် လေးနက်တည်ကြည်စွာ အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ ….”
လူတိုင်း သံပြိုင်ဖြေဆို၍ သူတို့ လုပ်ဆောင်နေသည့် တာဝန်အပေါ် ပိုပြီး လေးလေးနက်နက် ပြုမူလာခဲ့ကြသည်။
သို့ပေမယ့် ရွှီလန်မှာမူ လင်းရီအား နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေသည်။ လင်းရီ ဆက်ပြီး တောင့်ခံနိုင်မည်လော ဆိုတာကို သူမ မသေချာဘဲ ဖြစ်နေခဲ့၏။ မည်သို့ပင်ဆိုစေ စမ်းသပ်မှု၏ အခက်ခဲဆုံး အပိုင်းက ၅၀ ရာခိုင်နှုန်း နောက်ပိုင်းပင်။
၁ ရာခိုင်နှုန်း တိုးပွားလာတိုင်း မိမိ၏ စိတ်စွမ်းအား ခံနိုင်ရည်ကို ကြီးမားစွာ စစ်ဆေးနေလျက်ရှိသည်။
စမ်းသပ်မှုက တည်တည်ငြိမ်ငြိမ်နဲ့ ဆက်သွားနေခဲ့ပြီး ငါးစက္ကန့်တိုင်းတွင် ၁ ရာခိုင်နှုန်း တိုးပွားနေပြီး ဓာတ်ခွဲခန်းထဲရှိ အချိန်နာရီ မိနစ်လက်တံက ပုံမှန်မဟုတ် နှေးကွေးနေသယောင် ထင်ရသည်။
ဤနေရာရှိ လူတိုင်းမှာ အချိန်တိုလေးအတွင်း မရေမတွက်နိုင်သည့် နေ့နှင့်ညများကို ဖြတ်ကျော်နေသည်ဟု ခံစားနေရ၏။ တစ်မိနစ်ကျော် အချိန်လေးအတွင်း၌ လျှပ်စစ်အားက ၁၀ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ၆၀ ရာခိုင်နှုန်းသို့ ရောက်ရှိလာသည်။
“ အားးးးးးးးးး “
လျှပ်စစ်အားက ၇၀ ရာခိုင်နှုန်းကို ရောက်တော့ လင်းရီ လည်ပင်းကြောကြီးများ ထောင်ထလာသည်အထိ အော်ဟစ်လာခဲ့တော့၏။
“ လင်းရီ ….”
နင်ချဲ့ မသိစိတ်အလျောက် ရှေ့သို့ပြေးလာရန် ဟန်ပြင်သည်။ သို့သော် ချိုးယွီလော့က သူမကို လှမ်းဆွဲထားခဲ့၏။
“ စိတ်အေးအေးထား …. ငါတို့က ပရော်ဖက်ရှင်နယ်တွေ မဟုတ်ဘူး … လင်းရီ သူ့ဘာသူ ဆုံးဖြတ်ပါစေ …”
နင်ချဲ့နှင့် လင်းရီတို့၏ ပတ်သက်မှုက ချိုးယွီလော့ထက် ပိုပြီး နက်ရှိုင်းသည်။ ထို့ကြောင့် ယခုလို အခြေအနေမျိုး၌ သူမအတွက် စိတ်ငြိမ်ငြိမ်ထားဖို့က အတော်လေး ခက်ခဲနေသည်။ အကယ်၍များဆိုသည့် မတော်တဆ အခြေအနေကို အဆုံးထိတိုင် တွေးတောမိပြီး သူမမှာ စိုးရိမ်ပူပန်စိတ်ဖြင့် ရင်ထဲ တထိတ်ထိတ် ဖြစ်နေရတော့သည်။
လီဟန် မျက်မှောင်ကြုတ်သွားခဲ့၏။ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည့် သူ၏ အလုပ်အတွေ့အကြုံအရ လင်းရီ၏ လက်ရှိအခြေအနေမှာ ဆက်ပြီး ရှေ့ဆက်၍ အဆင်ပြေသေးသည်။
သို့ပေမယ့် သိထားရမည်က လက်ရှိ နာကျင်မှု အဆင့်က အဆင့် ၁၅ နီးပါးသို့ ရောက်ရှိနေပြီကိုပင်။
ဤသို့သော အဆင့်၌ ကလေးမွေးဖွားသည့် နာကျင်မှုက မပြောပလောက်တော့ပေ။ အရိုးများကို အစိမ်းလတ်လတ် ရိုက်ချိုးနေသည့် နာကျင်မှုမျိုး ရရှိနေသည်။
သူ၏ စီအဆင့် ခွန်အားဖြင့်ပင် ယခုလို နာကျင်မှုမျိုးအား တောင့်ခံနေနိုင်သဖြင့် အသင်းခေါင်းဆောင် ရာထူးနှင့် အတော်လေး ထိုက်တန်သည်ဟု ဆို၍ရသည်။
“ ခေါင်းဆောင်လင်း … မင်း ရသေးလား …” လီဟန် အစမ်းသဘော မေးမြန်းလာခဲ့၏။
ထိုင်ခုံတွင် ထိုင်နေသည့် လင်းရီမှာတော့ မျက်နှာတစ်ခုလုံး ရှုံ့တိနေပြီး အလွန်အမင်း နာကျင်သည့် မျက်နှာထားဖြင့် ဖြစ်နေခဲ့၏။
နဖူးကြောကြီးများ ထောင်ထနေပြီး လက်နှစ်ဖက်က လက်မောင်းတင်သည့် နေရာကို တင်းတင်းကြပ်ကြပ် ဆုပ်ထားကာ ပေါက်ထွက်တော့မည့်မယောင် ဖြစ်နေသည်။
နှုတ်မှ မပြောဆိုသော်လည်းပဲ ခန္ဓာကိုယ်အမူအရာကို ကြည့်ရုံမျှနှင့်ပင် သူ မည်မျှ နာကျင်နေကြောင်းကို ခန့်မှန်းကြည့်နိုင်သည်။
“ ငါ ကြည့်တာတော့ ပြဿနာ မရှိဘူးပဲ … ခေါင်းဆောင်လင်း ဆက်ပြီး တောင့်ခံနိုင်သေးတယ်…” လီဟန် စကားကို သတိထားပြီး ပြောလိုက်၏။
“ တော်ပြီ ရပ်လိုက်တော့ … ဒီစောက်ရေးမပါတဲ့ စမ်းသပ်တာကြီးကို တော်လိုက်တော့ …” နင်ချဲ့ ဒေါသတကြီးနှင့် အော်ဟစ်လိုက်လေသည်။
“ နင် ဟာသလျှောက်လုပ်မနေနဲ့ …”
ချိုးယွီလော့ ရှေ့သို့တက်လာပြီး နင်ချဲ့အား ထိန်းချုပ်ထားလိုက်သည်။ သို့ပေမယ့် လီဟန်ကို ကြည့်နေသည့် သူမ၏ မျက်နှာအမူအရာသည်လည်း ကြည့်လို့ကောင်းမနေချေ။
“ ခေါင်းဆောင်လီ … ကျွန်မတို့ စမ်းသပ်မှုကို အခု ရပ်လို့ရလား …”
စမ်းသပ်မှုအား နင်ချဲ့ နှောက်ယှက်လာသည်ကို ချိုးယွီလော့ အပြစ်မတင်ပေ။ သူမ၏ အပြုအမူကိုသာ စောဒကတက်နေခဲ့ခြင်းပင်။
သူမသည်လည်း ယခု စမ်းသပ်မှုအား ရပ်တန့်ပစ်ချင်နေပြီ ဖြစ်၏။
လင်းရီ၏ အကျင့်စရိုက်ဖြင့် ဆိုပါက နာကျင်မှုက အလွန်ပြင်းထန်သည့် အခြေအနေသို့ မရောက်သရွေ့ ယခုလို အမူအရာမျိုး ပြသလာမှာ မဟုတ်ချေ။
“ ခေါင်းဆောင်နှစ်ယောက် … သိပ်ပြီးမှလည်း မစိုးရိမ်ပါနဲ့ …” လီဟန် သူ့နဖူးထက်က ချွေးစေးများအား သုတ်လိုက်ပြီး “ ခေါင်းဆောင်လင်း မတောင့်ခံနိုင်တော့ရင်တောင် အဆိုးဆုံး သတိလစ်သွားရုံလောက်ပါပဲ … သူ့ ခန္ဓာကိုယ်ကလည်း တစ်လ ၊ နှစ်လလောက်ဆို ပုံမှန်အတိုင်း ပြန်ဖြစ်လာလိမ့်မယ်… ကျုပ်လည်း ကျုံးဝေ့တပ်ဖွဲ့ဝင်ပါ … သူတို့ရဲ့ အသက်တွေကိုတော့ ပေါ့သေးသေး မလုပ်ဝံ့ပါဘူး ….”
လီဟန်၏ စကားက ချိုးယွီလော့ကို အနည်းငယ် စိတ်အေးသွားစေခဲ့သည်။
အကယ်၍ စမ်းသပ်မှုက ကျရှုံးသွားခဲ့လျှင်ပင် လင်းရီ၏ ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှု များများစားစား မရှိသဖြင့် လင်းရီ တစ်ခုခု ထိခိုက်သွားမှာကိုလည်း စိုးရိမ်နေစရာ မလိုတော့ပေ။ ယင်းကို သူမတို့နှစ်ဦး အပူပန်ဆုံးပင်။
လီဟန်က ဤကိစ္စကို ပေါ့သေးသေး သဘောထားမှာ မဟုတ်ဟုလည်း သူမ ယုံကြည်သည်။
ကျုံးဝေ့တပ်ဖွဲ့ရှိလူတိုင်း လင်းရီ မည်သူလဲဆိုတာကို အကုန်လုံး သိကြသည်။
အကယ်၍ တစ်စုံတစ်ယောက်က သူ့အား တစ်ခုခု ထိခိုက်ဝံ့ပါက အကျိုးဆက်က အထူးတလှယ် ဖော်ပြရန်ပင် လိုအပ်လိမ့်မည် မဟုတ်ချေ။
“ ဆက်လုပ် … လျှပ်စစ်အားကို ၉၀ ရာခိုင်နှုန်း အထိ တင်လိုက် …” လီဟန် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
အသင်း ၈ ရှိ အဖွဲ့ဝင်တိုင်းကလည်း စကားနှင့် တုံ့ပြန်သည်ထက် လုပ်ရပ်ဖြင့်သာ သက်သေပြကာ လျှပ်စစ်အားကို ၉၀ ရာခိုင်နှုန်းသို့ ချက်ချင်း တိုးမြင့်လိုက်သည်။
ထိုအချိန်၌ လင်းရီ၏ တုံ့ပြန်မှုက ပြင်းထန်သည်ထန် ပြင်းထန်လာခဲ့သည်။ လက်ကိုင်နှစ်ခုကို တင်းကြပ်စွာ ဖျစ်ညှစ်ထားပြီး သူ့မျက်ဆံတို့က အနောက်သို့ လှန်မတတ် ဖြစ်နေကာ အံကြိတ်ထားသည့် သွားတို့ပင် ကျိုးကြေတော့မယောင် ထင်နေရ၏။
“ နမူနာတွေ စုဆောင်းပြီးပြီလား ….”
“ ပြီးပြီ ….” ဖန်းကျင်း တုံ့ပြန်လိုက်၏။
သူမက လင်းရီ၏ ရုပ်ရည်နှင့် ကြံ့ခိုင်မှုကို အနှစ်သက်ဆုံး တစ်ဦးဆိုပေမယ့် ယခု အချိန်တွင်တော့ ထိုအကြောင်းကို ခေါင်းထဲ မထည့်နိုင်တော့ချေ။ သူမ၏ တာဝန်ကိုသာ သေချာစိတ်နှစ်ပြီး ဂရုတစိုက်နှင့် လုပ်ဆောင်နေသည်။
“ အစ်ကိုလီ… ၉၀ ရာခိုင်နှုန်းတောင် ရောက်နေပြီဆိုတော့ ကျွန်မတို့ ဆက်လုပ်ကြဦးမှာလား ….”
လျှပ်စစ်အား ၉၀ ရာခိုင်နှုန်းက မည်သို့သော အခြေအနေလဲဆိုတာကို သူမ ကောင်းစွာ သိနားလည်သည်။
၁ ရာခိုင်နှုန်းတိုးလာသည့် အချိန်တိုင်း နာကျင်မှု အဆင့်က စိတ်ကူးမယဉ်နိုင်လောက်အောင် ပြင်းထန်လာမည် ဖြစ်သည်။
စိတ်ဓာတ်မကြံ့ခိုင်သည့်လူဆိုပါက ရူးသွားသည်အထိ ဖြစ်နိုင်သည်။
လင်းရီ ဆက်ပြီး တောင့်ခံနိုင်မည်လောဆိုတာကို သူမ သေချာ မသိသကဲ့သို့ အလောင်းအစားလည်း မပြုလုပ်ဝံ့ပေ။
“ ဆက်လုပ် … အဆိုးဆုံး လနည်းနည်းလောက် အနားယူရုံပဲ …” လီဟန် တည်ကြည်စွာ ပြောဆိုလိုက်၏။ “ ဒီရဲ့ စမ်းသပ်မှု အချက်အလက်တွေက ကျုံးဝေ့တပ်ဖွဲ့အတွက် တိုင်းတာမရအောင် အရေးပါတယ်… ငါတို့သာ စုဆောင်းနိုင်မယ်ဆိုရင် ဟွာရှရဲ့ အဆင့်အတန်းကို မြင့်တင်နိုင်မှာပဲ … ဟွာရှရဲ့ ဂုဏ်ကို တိုးမြင့်ပေးဖို့ ငါတို့တွေမှာ တာဝန်ရှိတယ်…”
“ ဟုတ်ကဲ့ … နားလည်ပြီ….”
ရွှီလန် ဘာမျှ ဆက်မပြောတော့ချေ။ လျှပ်စစ်အားကို တိတ်တဆိတ်သာ တိုးမြင့်လိုက်လေသည်။
၉၁ %
၉၂ %
၉၃ %
နာကျင်မှုက တဖြည်းဖြည်း တိုးမြင့်လာပြီး လင်းရီ၏ အခြေအနေကလည်း ပိုပိုပြီး ဆိုးရွားလာခဲ့ကာ လှောင်အိမ်ထဲတွင် သံကြိုးအသွယ်သွယ်ဖြင့် ချုပ်နှောင်ခံထားရသည့် သားရိုင်းကောင်ကြီးပမာ အော်ဟစ် ရုန်းကန်လာခဲ့တော့သည်။
“ တောင့်ထား … ခေါင်းဆောင်လင်း … မကြာခင် ပြီးတော့မယ်…..”
လီဟန် အားပေးလိုက်သည်။
ရှိနေကြသည့် လူတိုင်း၏ စိတ်ထဲ၌ လင်းရီအပေါ် လေးစားစိတ်တို ယိုဖိတ်လျှံလာနေသည်။
သူတို့ထဲ မည်သူကမျှ လင်းရီကို စီအဆင့်ဖြင့် ယခုကဲ့သို့ စမ်းသပ်မှုအား တောင့်ခံနိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။
ဤသည်က အံ့ဩစရာကောင်းသည့် တစ်ဖက်ကမ်းကို ကျော်လွန်နေချေပြီ။
စက္ကန့် လက်တံက တရွေ့ရွေ့ လှုပ်ရှားနေပြီး တိုတောင်းသည့် ကာလအတွင်း၌ လျှပ်စစ်အားက ၉၇ ရာခိုင်နှုန်းသို့တိုင် ရောက်ရှိသွားခဲ့သည်။
အနီးအနားရှိနေကြသည့် လူတို့မှာ လျှပ်စစ်စီးနေသည့် အသံကိုပင် ကြားလာရလေသည်။
လင်းရီကို ကြည့်ရှုရင်း သူ၏ အမူအရာက နာကျင်နေသော်လည်း ယခင်နှင့် နှိုင်းယှဉ်ပါက သိသိသာသာတော့ တိုးတက်လာခဲ့၏။
“ ခေါင်းဆောင်လင်းရဲ့ သိစိတ်က သိပ်မဟန်တော့ဘူး … ငါတို့ ဒီစမ်းသပ်မှုကို တစ်မိနစ်အတွင်း ပြီးအောင် လုပ်ရမယ်…. မဟုတ်ရင် ပြဿနာတက်ပြီ…” ရွှီလန် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
“ ပြဿနာတက်မယ် ဟုတ်လား …”
ချိုးယွီလော့နှင့် နင်ချဲ့တို့နှစ်ဦးလုံး၏ မျက်နှာအမူအရာထက်တွင် တုန်လှုပ်ခြောက်ခြားမှုတို့ ဖြစ်ပေါ်လာခဲ့သည်။
“ နင်တို့ပဲ စောစောတုန်းကပြောတော့ အဆိုးဆုံး သတိလစ်သွားရုံပဲဆို … အခုကျတော့ ဘယ်လိုဖြစ်ပြီး ပြဿနာရှိလာရတာလဲ …” နင်ချဲ့ စိုးရိမ်တကြီး မေးခွန်းထုတ်လာခဲ့၏။
“ ပုံမှန်ဆို စမ်းသပ်ခံက မတောင့်ခံနိုင်တော့ဘူးဆိုရင် သူတို့က ချက်ချင်း သတိလစ်သွားခဲ့ကြတာ …. ခန္ဓာကိုယ်က အလိုအလျောက် စနစ်ကို ပိတ်ချလိုက်တာပေါ့ ….” လီဟန် ရှင်းပြလိုက်ပြီး “ ဒါပေမယ့် ခေါင်းဆောင်လင်းရဲ့ သိစိတ်က ရှိတစ်ချက် မရှိတစ်ချက်ဆိုတော့ စနစ်ကလည်း အလိုအလျောက် ပိတ်မချသွားဘူး … အဲ့တာက နာ့ဗ်ကြောတွေကို ထိခိုက်နိုင်တယ်… ပြီးတော့ သူ့ရဲ့ စိတ်အခြေအနေကလည်း တောင့်ခံနိုင်တဲ့အထိ မလုံလောက်ဘူး … အဲ့တာ ကွာသွားတာပဲ …”