ထူးဆန်းတဲ့ စမ်းသပ်မှု ဒေတာအချက်အလက်
Vol. 133 Ch. 1989
ဤသည်ကို ကြားတော့ အမျိုးသမီး နှစ်ဦးလုံး၏ မျက်နှာမှာ နက်မှောင်သွားခဲ့ပြီး ဒေါသထွက်သည့် အရိပ်အယောင်တို့ စတင်ပြသလာခဲ့ကြသည်။
သူတို့အားလုံး လင်းရီကို ဤသို့သော အခြေအနေအထိ စမ်းသပ်ခွင့် ပြုထားသည်က သူမတို့တွင် နောက်ဆုံးအကန့်ဆိုသည့် စည်းတစ်ခု ရှိထားသောကြောင့်ပင်။ ယင်းက လင်းရီ၏ ခန္ဓာကိုယ်အပေါ် မည်သည့် ဆိုးကျိုးသက်ရောက်မှုမျှ မရှိနိုင်ဟူသည့် အာမခံချက် ဖြစ်၏။
သို့သော် ယခု … လီဟန်က လင်းရီ၏ ခန္ဓာကိုယ်ကို ထိခိုက်လာနိုင်ကြောင်း ပြောဆိုလာသဖြင့် ဤအချင်းအရာအား သူမတို့နှစ်ဦးလုံး မည်သို့မျှ လက်သင့်မခံနိုင်ပေ။
“ အဲ့လိုဆို စမ်းသပ်မှုကို ချက်ချင်း ရပ်လိုက် … စမ်းသပ်မှု ရလဒ်ထက် လင်းရီရဲ့ အသက်က ကျုံးဝေ့တပ်ဖွဲ့အတွက် ပိုအရေးပါတယ်….” ချိုးယွီလော့ အမိန့်ပေးလိုက်သည်။
လီဟန် တိတ်တဆိတ်သာ ခေါင်းခါရမ်း၍ စိတ်ထဲ အနည်းငယ် နောင်တရနေခဲ့သည်။
ကျုံးဝေ့တပ်ဖွဲ့ထဲတွင် လင်းရီ၏ ကျော်ကြားသည့် အမည်နာမက သူ့နားသို့တိုင် ရောက်ရှိနေပြီး ချီးမွန်းထိုက်သည့် ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။
အခြားသော ခေါင်းဆောင်များနှင့် စကားဆက်မိရာ၌ လင်းရီ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အတော်လေး အံ့အားသင့်ဖို့ကောင်းကြောင်းကို သူ ကြားသိခဲ့ရသည်။ သူ့ထက် အဆင့်မြင့်မားသည့် လူတချို့ထက်ကိုပင် သူ၏ ခန္ဓာကိုယ် စွမ်းဆောင်မှုနဲ့ လုပ်နိုင်စွမ်းတို့က သာလွန်နေသည်။
ထို့ကြောင့် … စမ်းသပ်မှု မစမီက ယခု စမ်းသပ်မှုကို လင်းရီ အပြည့်အဝ တောင့်ခံနိုင်လိမ့်မည်ဟူ၍ မျှော်လင့်ထားခဲ့သည်။
စမ်းသပ်နေစဉ်တွင်လည်း လင်းရီက ၉၀ ရာခိုင်နှုန်းကို ကျော်လွန်၍ ၉၇ ရာခိုင်နှုန်းသို့တိုင် ရောက်ရှိခဲ့ပြီး အသိစိတ် အနည်းငယ် ကျန်ရစ်နေသေးကာ လီဟန်အား မျှော်လင့်ချက် တချို့ ပေးလာသည်။
လင်းရီက ယခု စမ်းသပ်မှုကို ပထမဆုံး ပြီးမြောက်နိုင်သည့်လူ ဖြစ်လိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။
သို့သော် ၉၇ ရာခိုင်နှုန်း၌ ကျရှုံးသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။ ဤသည်က အတော်လေး နှမြောဖို့ ကောင်းလှသည်။
စမ်းသပ်မှု ဒေတာများက ပြည့်ပြည့်ဝဝ အလုံးစုံ မမှန်ကန်နိုင်သော်လည်းပဲ ဘာမျှ မရရှိသည်ထက်တော့ သာ၍ ကောင်းသေး၏။
တချို့ အရာများအား အတင်းအကြပ် လုပ်ဆောင်ဖို့ မဖြစ်နိုင်ပေ။
“ လူတိုင်း … စမ်းသပ်မှုကို ဖြည်းဖြည်းချင်း ရပ်ဆိုင်းမယ်….” လီဟန် အမိန့်ပေးလိုက်သည်။
“ ဟုတ်ကဲ့ …”
အသင်း ၈ ရှိလူတိုင်း သံပြိုင် နာခံလိုက်ကြ၏။ ဤသို့သော ဆုံးဖြတ်ချက်ကို သူတို့ အံ့အားသင့်မိခြင်း မရှိကြချေ။
အသင်းခေါင်းဆောင်လင်းက စီအဆင့် ခွန်အားနှင့် ယခု အခြေအနေသို့တိုင် စွမ်းဆောင်နိုင်သည်က အံ့မခန်းဖြစ်သည့် သူ၏ စိတ်စွမ်းအားကို ပြသနေသည်။
မဟုတ်ပါက ယခုလို ရလဒ်မျိုးကို စွမ်းဆောင်နိုင်မှာ မဟုတ်ချေ။
“ မဟုတ်ဘူး ….”
လူတိုင်း စမ်းသပ်မှုကို ရပ်ဆိုင်းဖို့ ဟန်ပြင်နေစဉ်မှာပဲ လင်းရီ၏ ဟိန်းဟောက်သံကို သူတို့အားလုံး ကြားလိုက်ကြရသည်။
ယင်းက လူတိုင်းကို လုပ်လတ္တံ့အလုပ်များအား ရပ်ဆိုင်းသွားစေခဲ့ပြီး လင်းရီထံသို့ အံ့အားတကြီး ကြည့်ရှုလာစေသည်။
“ ခေါင်းဆောင်လင်း … မင်းဆက်ပြီး လုပ်ချင်သေးလို့လား ….” လီဟန် မေးမြန်းလာခဲ့သည်။
လင်းရီ ဘာမျှမဆိုဘဲ ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
“ ခေါင်းဆောင်ချိုး … ခေါင်းဆောင်နင် …….”
လီဟန်လည်း ဘာဆက်လုပ်ရမှန်း မသိသဖြင့် ချိုးယွီလော့နှင့် နင်ချဲ့တို့နှစ်ဦး၏ အကြံဉာဏ်ကို တောင်းခံလိုက်သည်။
ချိုးယွီလော့လည်း မည်သို့ ပြန်ဖြေရမှန်း မသိသဖြင့် ခေတ္တ တိတ်ဆိတ်သွားခဲ့၏။
သို့သော် ထိုအချိန်မှာပဲ နင်ချဲ့က ချက်ချင်း တုံ့ပြန်လာသည်။
“ ဆက်လုပ် … သူ့ ဆုံးဖြတ်ချက်ကို ငါတို့ လေးစားရမယ်….”
သူမက လင်းရီ၏ အကြောင်းကို ချိုးယွီလော့ထက် ပိုသိသည်။ လင်းရီ၏ ရွေးချယ်မှုကို ဤတစ်ကြိမ်တွင် လေးစားရမည်ကိုလည်း သူမနားလည်သည်။
နင်ချဲ့ စကားပြောလာသည်ကို မြင်တော့ လီဟန် အနည်းငယ် ပိုပြီး ယုံကြည်ချက် ရှိသွားခဲ့သည်။
မဟုတ်ပါက ဤစမ်းသပ်မှုကို ဆက်လုပ်ဖို့ သူ့တွင် အမှန်ပင် ယုံကြည်ချက် မရှိပေ။
အတွေးများကို ပြန်စီစစ်ပြီးနောက် လီဟန်၏ အမူအရာမှာ အထူးတလှယ် တည်ကြည်လေးနက်လာသည်။
“ စမ်းသပ်မှုကို ဆက်လုပ်မယ်… ဝမ်ရှင်း ၊ ဖန်းကျင်း၊ မာဝန်ထောင် ၊ မင်းတို့သုံးယောက်က ခေါင်းဆောင်လင်းရဲ့ ခန္ဓာကိုယ် အခြေအနေကို စောင့်ကြည့်လေ့လာဖို့ တာဝန်ယူ …အကန့်အသတ်ကို ကျော်လွန်ခါနီးတာနဲ့ စမ်းသပ်မှုကို ချက်ချင်း ရပ်ဆိုင်းဖို့ သတိရ … ခေါင်းဆောင်လင်းကို ဘယ်လို အန္တရာယ်မှ မဖြစ်စေနဲ့ ….”
“ ဟုတ်ကဲ့ ….”
အမိန့်ပေးပြီးနောက် အခြားသော ပညာရှင်များကလည်း သူတို့၏ တာဝန်ကို ဆက်လက် ထမ်းရွက်ကြသည်။
ထိုအချိန်၌ လျှပ်စစ်အားက ၉၈ ရာခိုင်နှုန်းသို့တိုင် ရောက်ရှိလာသည်။ အောင်မြင်မှုနှင့် ခြေတစ်လှမ်းသာ ဝေးကွာတော့၏။
သို့သော် ကျန်သည့် ၂ ရာခိုင်နှုန်းက ကောင်းကင်ဘုံသို့ တက်လှမ်းရသည့်သဖွယ် ခဲယဉ်းလှကြောင်း သိထားပြီး အကန်အသတ်သို့ တွန်းပို့သလို ဖြစ်သွားမည်ဖြစ်ကြောင်း အသီးသီး နားလည်ကြသည်။
ခေါင်းဆောင်လင်းကဲ့သို့ အင်မတန့် အင်မတန် သန်မာအားကောင်းသည့်လူပင် တောင့်ခံနိုင်ဖို့ရာ အတော်လေး မဖြစ်နိုင်လုနီးပါးပင်။
“ နှလုံးနဲ့ အဆုတ်ရဲ့ လုပ်ဆောင်မှုက အကန့်အသတ်ကို ရောက်နေပြီ … ဒါပေမယ့် ရပ်တန့်သွားမယ့် အခြေအနေထိတော့ မဟုတ်သေးဘူး … စမ်းသပ်မှုကို ဆက်လုပ်လို့ရတယ်…” ဖန်းကျင်း စခရင်ကို စူးစိုက်ကြည့်ရင်း တည်ကြည်စွာ ဆိုလိုက်သည်။ “ လျှပ်စစ်အားကို ထပ်တိုးမယ်…”
ဖြည်းညင်းစွာဖြင့် လျှပ်စစ်အားက ၉၉ ရာခိုင်နှုန်းသို့တိုင် ရောက်ရှိလာခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ အောင်မြင်မှုနှင့် ခြေတစ်လှမ်းသာလျှင် ဝေးကွာတော့သည်။
လင်းရီ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများက ကြောက်မက်ဖွယ်ကောင်းသည်အထိ ထောင်ထနေပြီး သူ့စိတ်ခံစားချက်များနှင့် ခန္ဓာကိုယ်ကို အသိစိတ်က ထိန်းချုပ်ရန် ခက်ခဲလာကြောင်း တွေ့ရှိလာသည်။
ပေါက်ကွဲခါနီး မီးတောင်တစ်ခုကို မြင်တွေ့နေရသကဲ့သို့ ဖြစ်၏။ အမှန်တကယ် ပေါက်ကွဲမထွက်လာသေးသော်လည်းပဲ ဤအတိုင်း ကြည့်ရှုရုံမျှနှင့်ပင် အတော်လေး စိုးထိတ်ဖို့ ကောင်းလွန်းလှသည်။
ဤမြင်ကွင်းကို မြင်တော့ ဓာတ်ခွဲခန်းထဲရှိ အမျိုးသမီးများသာမက အမျိုးသားများသည်ပင် လင်းရီအပေါ် ကရုဏာသက်ဝင်မိသွားခဲ့ကြသည်။
“ ခေါင်းဆောင်လင်း … တောင့်ခံထားဦး … စမ်းသပ်မှုက ပြီးတော့မယ်…”
ရွှီလန် မနေနိုင်ဘဲ လင်းရီအား အော်ဟစ်အားပေးလိုက်သည်။
ဤအခြေအနေသို့တိုင် ရောက်လာခဲ့ပြီးမှ အရှုံးပေးဖို့က အင်မတန် နှမြောဖို့ ကောင်းလှသည်။
“ ဆက်လုပ် …” လီဟန် အေးစက်စွာ အမိန့်ပေးလိုက်၏။
ဤသည်က ရှည်လျားသည့် စစ်ချီခရီး၏ နောက်ဆုံးသော ခြေလှမ်းဖြစ်ပြီး ဤတောင်ကို ကျော်လွန်၍ တောက်ပသည့် နေ့သစ်အလင်းရောင်ကို သူတို့တွေ ခံစားနိုင်ကြမည်။
ရွှီလန်သည် ကွန်ပျူတာကို ဂရုတစိုက်နှင့်ထိန်းချုပ်၍ လက်ဖျားလေးဖြင့် အန်းတားကီးကို နှိပ်လိုက်သည်။
ထိုအခိုက်အတန့်၌ လျှပ်စစ်အားက ၁၀၀ ရာခိုင်နှုန်းသို့ ချက်ချင်း ရောက်ရှိသွားလေသည်။
လင်းရီ၏ ခန္ဓာကိုယ်သည်လည်း ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏ အသိစိတ်တို့ စတင်ဝေဝါးလာခဲ့သည်။ လက်တင်သည့်ခုံကို တင်းကြပ်စွာ ဖျစ်ညှစ်ထားပြီး နင်ချဲ့ကို ဒေါသတကြီး ကြည့်ရှုနေခဲ့၏။
“ သူ … သူ ဘာတွေလုပ်နေတာ … တစ်ခုခု ပြောချင်နေတာများလား ….. “
“ သူ ပြောတာ သူဆက်ပြီး တောင့်ခံနိုင်သေးတယ်တဲ့ …” နင်ချဲ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရင်း ကျလုဆဲဆဲ မျက်ရည်စက်တို့အား ပြန်လည်ထိန်းသိမ်းထားလိုက်သည်။ “ ခေါင်းဆောင်လီ … ၁၀၀ ရာခိုင်နှုန်း ရောက်သွားပြီဆိုတော့ စမ်းသပ်မှုက ဘယ်တော့လောက် ပြီးမလဲ …”
“ နောက်တစ်မိနစ် တောင့်ခံထားရင် ရပြီ …” လီဟန် ပြောဆိုလိုက်၏။” အခုတော့ ငါတို့ တတ်နိုင်တာ ဘာမှ မရှိတော့ဘူး … ခေါင်းဆောင်လင်းအတွက် ဆုတောင်းပေးဖို့ပဲ တတ်နိုင်တယ်…”
အချိန်က ဖြည်းညင်းစွာဖြင့် ရွေးလျားနေခဲ့ပြီး အခန်းထဲရှိ လူတိုင်း မည်သူမျှ အသက်ကို ကျယ်ကျယ် မရှူဝံ့ကြချေ။
ဥတုရာသီတို့ အလီလီ ကူးပြောင်းသွားခဲ့ပြီး ဖြစ်သည်ဟု ခံစားရပြီးသည့်နောက် လင်းရီ၏ ရုန်းကန်နေရသည့် အမူအရာတို့က ဖြည်းဖြည်းချင်း လျော့ပါးလာသည်။
ရွှီလန်က လျှပ်စစ်အားကို ဖြည်းဖြည်းချင်း ပြန်လျှော့နေခြင်းပင်။ သူမ၏ ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲနေခဲ့ပြီး ရှိနေကြသည့်လူတိုင်းကို ကြည့်၍ သူမ၏ အသံက တုန်ယင်နေသည်။
“ စမ်းသပ်မှုပြီးဆုံး … ခေါင်းဆောင်လင်း အသက်ရှင်တယ်….”
ဤသည်ကို ကြားတော့ လူတိုင်း အိပ်မက်မက်နေသည်ဟု ခံစားလိုက်ကြရသည်။
အဘယ်ကြောင့်ဆိုသော် ယခုမတိုင်မီက မည်သူကမျှ လင်းရီ စွမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့သောကြောင့်ပင်။
သို့သော် ယခု … ဤလူက တကယ်ကြီး ပြီးမြောက်အောင် လုပ်ဆောင်ပြနိုင်ခဲ့၏။
သူက မည်သူမျှ မလုပ်နိုင်သည့် အလုပ်ကို ပြုလုပ်ပြခဲ့ခြင်းပင်။
သူက လူတိုင်း၏ အိုင်ဒေါဖြစ်၏။
“လင်းရီ …”
စမ်းသပ်မှု ပြီးဆုံးသွားသည့်အခါ၌ နင်ချဲ့ ချက်ချင်းပဲ လင်းရီအနားသို့ အပြေးလွှားရောက်လာသည်။
သို့သော် ထိုအချိန်မှာပဲ လီဟန်၏ ပိတ်ပင်ဟန့်တားခြင်းနှင့် တစ်ဖန်ကြုံတွေ့လိုက်ရပြန်သည်။
“ မလောနဲ့ …. ခန္ဓာကိုယ်ကို သူ့ဘာသူ ပြန်ကုသပါစေဦး … ငါတို့ အခုသွားရင် ကိုယ့်ကိုယ်ကို ပြန်ထိခိုက်လိမ့်မယ်….”
“ ကောင်း … ကောင်းပြီလေ…”
လူတိုင်း တိတ်တဆိတ် မတ်တပ်ရပ်၍ စောင့်ဆိုင်းနေကြသည်။ လင်းရီ၏ လေးလံသည့် အသက်ရှူသံကိုသာလျှင် အခန်းတွင်း၌ ကျယ်လောင်စွာ ကြားနေရသည်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် လင်းရီ ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လာသည်။ နင်ချဲ့ ညင်သာသည့် လေသံဖြင့် မေးမြန်းလာခဲ့၏။
“ နင် အခု ဘယ်လိုနေလဲ … သက်တောင့်သက်သာ ဖြစ်လား … ဖွက်မထားနဲ့… ထုတ်ပြောမှဖြစ်မှာနော်….”
လင်းရီမှာမူ ထိုင်ခုံတွင် ပျော့ဖတ်နေသည့် ရွံ့ပုံကြီးကဲ့သို့ ဖြစ်နေပြီး ခေါင်းတစ်ဝက် ငိုက်စိုက်ကျလျက် ညင်သာစွာ ခေါင်းကို ခါယမ်းလိုက်သည်။ သို့သော် မည်သည့်စကားမျှတော့ မဆိုချေ။
သို့သော် သူတို့နှစ်ဦးလုံး လင်းရီ အဆင်ပြေပြေနှင့် ရှိနေကြောင်း နားလည်ကြသည်။ သူက တစ်ခါတစ်ရံ ပေါက်တတ်ကရ လျှောက်လုပ်တတ်သော်လည်းပဲ ကိုယ့်အသက်ကိုယ် အလေးမထားသည့် လူရူးလူမိုက်တစ်ဦးတော့ မဟုတ်ချေ။
“ ဖန်းကျင်း … လူလွှတ်ပြီး တွန်းလှည်းယူခိုင်းလိုက် … အာဟာရဖြစ်မယ့် ထောက်ပံ့ရေးပစ္စည်းတွေကောပဲ .. ပြီးရင် အခန်းထဲသွားပြီး ခေါင်းဆောင်လင်းကို ကောင်းကောင်းလေး နားခိုင်းလိုက် …”
အမိန့်ကို လက်ခံပြီးသည်နှင့် ဖန်းကျင်း ထွက်ခွာသွားခဲ့သည်။ ထိုအချိန်မှာပဲ ရွှီလန် အနားသို့ရောက်လာပြီး လီဟန်၏ နားထဲသို့ တီးတိုးဆိုလိုက်၏။
“ အစ်ကိုလီ… ခေါင်းဆောင်လင်းရဲ့ စမ်းသပ်မှု ဒေတာ အချက်အလက်တွေက တစ်ခုခု သိပ်မဟုတ်သလိုပဲ….”