← Chapters

အဲ့တာက ခေါင်းဆောင်လင်းရဲ့ မွေးရာပါ ပါရမီများလား

Vol. 133 Ch. 1990

အဲ့တာက ခေါင်းဆောင်လင်းရဲ့ မွေးရာပါ ပါရမီများလား

Vol. 133 Ch. 1990

“ ဒေတာတွေက သိပ်မဟုတ်သလိုပဲ ဟုတ်လား …”

ရွှီလန်၏ စကားက လီဟန်ကို ထိတ်လန့်တကြား ဖြစ်ပျက်သွားစေခဲ့သည်။

ဤသို့သော စမ်းသပ်မှုမျိုးကို သူတို့တွေ ဒုတိယတစ်ကြိမ် ထပ်လုပ်ဖို့ဆိုသည်မှာ မဖြစ်နိုင်သည့် ကိစ္စရပ်ပင်။ အကယ်၍ မှန်ကန်သည့် ဒေတာကို မရရှိဘူးဆိုပါက စမ်းသပ်မှုသည်လည်း လုံးဝ ကျရှုံးသွားပေမည်။

“ တခြား အချက်အလက်တွေက လက်သင့်ခံနိုင်စရာ ရှိတယ်… ဒါပေမယ့် ခေါင်းဆောင်လင်းရဲ့ အရိုးနဲ့ ကြွက်သားသိပ်သည်းဆတွေက သာမန်လူတွေရဲ့ နှစ်ဆလောက်ရှိနေတယ်… ဒီဒေတာတွေက နည်းနည်းလေး ပုံမှန်မဟုတ်သလိုပဲ …” ရွှီလန် ပြောဆိုလိုက်ပြီး “ ကြည့်ရတာ စမ်းသပ်တဲ့ ကိရိယာမှာ ပုံမှန်မဟုတ်တဲ့ တစ်ခုခုများ ဖြစ်နေလားမသိဘူး … သေးမွှားလွန်းလို့ ကျွန်မတို့တွေ သတိမမူမိတာ ဖြစ်နိုင်တယ်…”

လီဟန်၏ အမူအရာမှာ ချက်ချင်း အကျည်းတန်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ရွှီလန်ပြောသည်က ယုတ္တိရှိနေသောကြောင့်ပင်။

“ အလျင်လိုစရာ မလိုဘူး … လောလောဆယ် ခေါင်းဆောင်လင်းကို ကောင်းကောင်း နားခိုင်းလိုက် … ကျန်တာကိုတော့ ငါတို့ နောက်မှပဲ ဖြည်းဖြည်းချင်း ဆက်ပြောကြမယ်….”

“ ဟုတ်ကဲ့ …”

မကြာမီ တွန်းလှည်းရောက်လာခဲ့၏။ လင်းရီ၏ အခြေအနေ အနည်းငယ် တိုးတက်ကောင်းမွန်လာသည်နှင့် သူ့အား တွန်းလှည်းပေါ်သို့တင်ကာ ဓာတ်ခွဲခန်းအတွင်းမှ ခေါ်ထုတ်သွားခဲ့ကြသည်။ ဖန်းကျင်းက သူ့အနောက်သို့ လိုက်ပါလာခဲ့ပြီး လင်းရီ ကောင်းကောင်းအနားယူနိုင်ရေးအတွက် သူမက တာဝန်ယူထားသည်။

ထိုစဉ် ဓာတ်ခွဲခန်း အတွင်းတွင်တော့ လီဟန်နှင့် အသင်း ၈ နှင့် စီနီယာ ပညာရှင်များက လင်းရီ၏ စမ်းသပ်မှု ဒေတာ ရလဒ်များကို စစ်ဆေးရန်အတွက် ခေါင်းချင်းဆိုင်လိုက်ကြ၏။

မှတ်တမ်းရလဒ်တွင် ကဏ္ဍ ၁၆ ရပ်ပါဝင်သည်။ သို့သော် အကန့်အသတ် တန်ဖိုးများကတော့ သာမန်လူများ၏ စံချိန်စံနှုန်းကို ကောက်ယူထားခြင်း မဟုတ်ဘဲ ကျုံးဝေ့တပ်ဖွဲ့ဝင်များ၏ ယေဘုယျ စံနှုန်းကို ယူဆောင်ထားသည်။ အဆိုပါ အကန့်အသတ် တန်ဖိုးများက သာမန်လူတို့ထက် များစွာ မြင့်မားနေသော်လည်းပဲ လင်းရီ၏ အခြေအနေက ယင်းအကန့်အသတ်ထက်ကို အများကြီး ကျော်လွန်နေသည်။

ထိတ်လန့်စရာ အကောင်းဆုံး အချက်က သူ၏ အရိုးနှင့် ကြွက်သား သိပ်သည်းဆဖြစ်၏။

သူ၏ အရိုးသိပ်သည်းဆက သာမန်လူတို့ ရှိသင့်ရှိထိုက်သည်ထက် နှစ်ဆလွန်ကဲနေပြီး ယင်းအချက်ကို သူတို့ လက်ခံနိုင်ရန် အတော်လေး ခဲယဉ်းနေခဲ့ကြသည်။

သာမန်လူတစ်ယောက်၏ အရိုးသိပ်သည်းဆက 1.228g/ cm3 ဖြစ်ပြီး အထူးတပ်ဖွဲ့၏ ခေါင်းဆောင်တစ်ယောက် အနေဖြင့် 1.72 ဝန်းကျင်နားသို့ ရောက်ရှိသည်ကပင် အတော်လေး အကန့်အသတ်ဖြစ်နေပြီဟု သတ်မှတ်၍ရလေသည်။

ဘီအဆင့် ကျွမ်းကျင်သူများပင် ထိုမျှ အဆင့်သို့ ရောက်ရှိနိုင်ဖို့ ခဲယဉ်းလှ၏။

သို့သော် လင်းရီ၏ အရိုးသိပ်သည်းဆက အံ့ဩဘနန်း ဖြစ်ရလောက်အောင် 2.471g/cm3 ဖြစ်နေသည်။ ယင်းက သာမန်လူတစ်ယောက်၏ နှစ်ဆဖြစ်၏။ အလားတူစွာ သူ၏ ကြွက်သားသိပ်သည်းမှုသည်လည်း အင်မတန် ထူးကဲသာလွန်နေသည်။

သာမန်လူတစ်ယောက်ရဲ့ ကြွက်သား သိပ်သည်းဆက 1.12g/ml ဖြစ်ပြီး ကျုံးဝေ့တပ်ဖွဲ့ဝင်များအတွက်မူကား 1.6 က ပုံမှန်စံသတ်မှတ်ချက်ပင်။ သို့သော် လင်းရီက 2.39 ဖြစ်နေပြီး ထပ်ပြီးမှ နှစ်ဆပင်။

အဆိုပါ ပုံမှန်မဟုတ်သည့် ဒေတာအချက်အလက်များက သုတေသန ပညာရှင်များကို အမှန်ပင် ရှုပ်ထွေးသွားစေခဲ့ပြီး ဒေတာများ၏ စစ်မှန်မှုအပေါ် သံသယများ ပေါက်ဖွားလာရတော့သည်။

ဤသည်က ၎င်းတို့ တိုင်းတာသည့် စက်ကိရိယာများ၏ ပြဿနာထက် လင်းရီကိုက ခြွင်းချက်ဖြစ်သည့် ပါရမီတစ်ယောက်ဖြစ်သည်ဟူသော သုံးသပ်မှုကိုသာ သူတို့ပိုပြီး စွဲကိုင်လိုသည်။

“ စမ်းသပ်မှု လုပ်တဲ့အချိန်မှာ မင်းတို့ ဘာအမှားမှ မလုပ်မိဘူးဆိုတာ သေချာတယ်မလား …”

“ သေချာတယ်…”

“ ကျုပ်ရောပဲ …”

“ ကျွန်မရဲ့ စစ်တပ်ရာထူးနဲ့ တိုင်တည်ပြီး အာမခံဝံ့တယ်… လုံးဝ ပြဿနာ မရှိဘူး….” ရွှီလန် အပြည့်အဝ အာမခံလိုက်သည်။

အုပ်စုမှာ တိတ်ဆိတ်ငြိမ်ကျသွားခဲ့၏။ ယခုကဲ့သို့ ပုံမှန်မဟုတ်သည့် အခြေအနေအား ရှင်းပြရန် ခဲယဉ်းနေသည်။

ယခုကဲ့သို့ အခြေအနေမျိုး တစ်ကြိမ်တစ်ခါမျှ မဖြစ်ပျက်ဖူးသေးချေ။

“ အစ်ကိုလီ … တကယ်လို့ ဒီရဲ့ ကဏ္ဍနှစ်ရပ်က ပြဿနာ ရှိနေတယ်ဆိုရင် ဆိုလိုတာ စက်ကိရိယာတွေက တစ်ခုခု ဖြစ်နေတာပဲ ဖြစ်ရမယ်…”

ထိုစကားကို ပြောလိုက်သည့်လူက လူငယ်တစ်ဦးဖြစ်ပြီး အသင်း ၈ ၏ ဒုတာဝန်ခံ ကျိုးရွှယ်ချန်ပင်။

ကျိုးရွှယ်ချန်က လူတိုင်း တွေးတောနေသည့် အတွေးများကို ကျယ်လောင်စွာ ထုတ်ပြောလိုက်ခြင်းစပင်။

အကယ်၍ သူတို့၏ စမ်းသပ်ကိရိယာများကသာ အမှန်တကယ် ပြဿနာ ရှိနေသည်ဆိုပါက အစောပိုင်းတွင် ကြိုးစားအားထုတ်ခဲ့သည့် အရာများအားလုံး သဲထဲရေသွန် ဖြစ်သွားမည်ဖြစ်ကာ အထက်ကလည်း ကျေနပ်လိမ့်မှာ မဟုတ်ချေ။

“ အစ်ကိုလီ … ခေါင်းဆောင်လင်းရဲ့ အရိုးနဲ့ ကြွက်သားသိပ်သည်းဆက သာမန်လူတွေထက် ပိုနေတာရော မဖြစ်နိုင်ဘူးလား … စက်တွေကတော့ မမှားနိုင်လောက်ဘူး …”

ရွှီလန်၏ ရဲတင်းသည့် စကားက လူတိုင်းကို မျက်လုံးအရောင် လက်ခနဲ ဖြစ်သွားစေခဲ့သည်။ ဤသို့သော ဖြေရှင်းချက်ကလည်း အတော်လေး လက်သင့်ခံနိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိ၏။

“ အဲ့လိုက မဖြစ်နိုင်ဘူး ….” ကျိုးရွှယ်ချန် ပြောဆိုလိုက်ပြီ “ အရိုးနဲ့ ကြွက်သား သိပ်သည်းဆက ဒီလောက်မြင့်မားနေတယ်ဆိုတာ ဘယ်လိုမှ ယုတ္တိမရှိဘူး … ခေါင်းဆောင်လင်းက ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းတယ်ပြောပြော သူလည်း လူသား တစ်ယောက် ဖြစ်နေသေးတုန်းပဲ … ဒီခုဥစ္စာက လူသားတစ်ယောက်ရဲ့ အကန့်အသတ်ကို ကျော်တာထက် လွန်ကြူးနေပြီ…”

“ ဒါပေမယ့် ခေါင်းဆောင်လင်းကို သာမန်အမြင်လောက်နဲ့ ကြည့်ပြီး ဆုံးဖြတ်လို့မှ မရတာ …” ရွှီလန် ပြောဆိုလိုက်ပြီး “ ဒီခု မတိုင်ခင်တုန်းက ကျွန်မတို့အားလုံးလည်း ခေါင်းဆောင်လင်း ဒီခု စမ်းသပ်မှုကို အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ တွေးထင်ခဲ့ကြတယ် မဟုတ်ဘူးလား ….”

ရွှီလန်၏ စကားသံက လူတိုင်းကို ဆွဲဆောင်နိုင်သွားခဲ့သည်။

သူမ ပြောသကဲ့သို့ သူတို့အားလုံးလည်း လင်းရီ ဖြတ်ကျော်နိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ကြချေ။

သို့သော် အဆုံး၌ သူက အားလုံး၏ အမြင်ကို မှောက်လှန်ပစ်လာခဲ့၏။

ကမ္ဘာမြေကြီး အက်ကွဲလောက်သည်အထိ အော်ဟစ်သံတို့ ထွက်ပေါ်မလာဘဲ အံတင်းတင်းကြိတ်၍သာ နာကျင်မှုကို တောင့်ခံပြခဲ့၏။ ထိုကဲ့သို့သော လူတစ်ယောက်ကို သာမန်အမြင်နှင့် ကြည့်၍ ဆုံးဖြတ်မရသည်မှာ အမှန်ပင်။

“ ငါတော့ အဲ့တာက မတူညီတဲ့ ကိစ္စနှစ်ခုလို့ ထင်တယ်…” ကျိုးရွှယ်ချန် ပြောဆိလိုက်ပြီး “ လူသားတွေရဲ့ စိတ်စွမ်းအားနဲ့ ခံနိုင်ရည်က မွေးဖွားလာပြီးမှ လေ့ကျင့်ယူရတဲ့အရာ … ဒါပေမယ့် ကြွက်သားနဲ့ အရိုးသိပ်သည်းဆက အဲ့လို မဟုတ်ဘူး … ခေါင်းဆောင်လင်းက ဘယ်လောက်ပဲ သန်မာနေပါစေ ၊ သူလည်း လူသားဖြစ်နေတုန်းပဲလေ… ဒီရဲ့ ဒေတာက ယုံကြည်နိုင်ဖို့ တကယ်ခဲယဉ်းတယ်….”

နှစ်ယောက်မှာ ဘေးကြပ်နံကျပ် ဖြစ်နေပြီး မည်သူကမျှ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုသည့် ဆန္ဒမရှိကြချေ။ ထို့ကြောင့် လေထုအခြေအနေမှာ အမှန်တကယ် လေးလံဖိစီးလာခဲ့လေသည်။

“ အာ … စုပြီး ဘာတွေလုပ်နေကြတာ ..”

လူတိုင်း မတိုးမဆုတ်သာ အခြအနေသို့ ကျရောက်နေစဉ်မှာပဲ ဖန်းကျင်း အပြင်ဘက်မှ ဝင်ရောက်လာခဲ့သည်။

လူတိုင်းက ဆုံးဖြတ်ရကြပ်နေသည့် အမူအရာများဖြင့် စုဝေးထိုင်နေကြသည်ကို မြင်တော့ တစ်ခုခု မူမမှန်သည်ကို သူမ ခံစားလိုက်ရလေသည်။

“ ခေါင်းဆောင်လင်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ …”

လီဟန် သူမ၏ မေးခွန်းကို မဖြေဘဲ ထိုအစား လင်းရီ၏ အခြေအနေကို မေးမြန်းလိုက်သည်။

“ ခေါင်းဆောင်လင်းရဲ့ ခန္ဓာကိုယ်က တကယ့်ကို ပုံမှန်မဟုတ်ဘူး…” ဖန်းကျင်း ပြောလိုက်ပြီး “ ကျွန်မတို့ သူ့ကို နားနေခန်းထဲ ပို့ပြီးတော့ သူ့ဘာသူတောင် ကုတင်ပေါ်က ဆင်းနေနိုင်ပြီ … နည်းနည်းလေး အားနည်းနေတာကလွဲရင် ကျန်တာ အကုန်အဆင်ပြေတယ်…”

“ အဆင်ပြေရင် ပြီးတာပါပဲ …”

ဖန်းကျင်း ခေါင်းညိမ့်လိုက်ပြီး လူတိုင်းအား တစ်ချက်စီ ကြည့်လိုက်သည်။

“ ဒီမှာ ဘာတွေဖြစ်နေကြတာလဲဟင် .. စမ်းသပ်မှုက ပြီးသွားပြီ မဟုတ်ဘူးလား … ဘာလို့ စုဝေးနေကြတာ …”

“ စမ်းသပ်ထားတဲ့ ဒေတာအချက်အလက်တွေမှာ ပြဿနာ နည်းနည်းတက်နေလို့ … အဲ့တာကို ငါတို့ အဖြေရှာနေကြတာ …” ရွှီလန် ပြန်ဖြေလိုက်သည်။

“ ဟင် … ငါတို့ စမ်းသပ်မှု မလုပ်ခင် စက်ကိရိယာတွေကို သေချာပြင်ဆင်ပြီး ကောင်းကောင်း စစ်ဆေးခဲ့ကြတာပဲ မဟုတ်ဘူးလား … ဘယ်လိုလုပ်ပြီး ပြဿနာ ရှိနိုင်ရမှာ …” ဖန်းကျင်း အံ့အားသင့်သွားခဲ့၏။

“ ဒီမှာပဲ … နင့်ဘာနင် တစ်ချက် ကြည့်လိုက် …” ရွှီလန် စမ်းသပ်မှု ရလဒ် ဒေတာအား ဖန်းကျင်းထံ ကမ်းပေးလိုက်သည်။

“ မဖြစ်နိုင်တာ … အရိုးနဲ့ ကြွက်သား သိပ်သည်းဆတွေက သာမန်လူတွေရဲ့ နှစ်ဆဖြစ်နေတယ်…” ဖန်းကျင်း အံ့အားတကြီးဖြစ်စွာဖြင့် ကျယ်လောင်စွာ မြည်တမ်းမိလိုက်သည်။

“ ငါတို့လည်း အဲ့တာကို အဖြေရှာနေကြတာပဲ …” ရွှီလန် ပြောလိုက်ပြီး “ ငါ ထင်တာတော့ ခေါင်းဆောင်လင်းကိုယ်တိုင်က ဝမ်းတွင်းတည်းကနေ အဲ့လိုမြင့်မားတဲ့ အရိုးသိပ်သည်းဆနဲ့ မွေးလာတာလို့ ထင်တယ်… ဒါပေမယ့် အစ်ကိုကျိုးက စက်တွေမှာ ပြဿနာ ရှိနေတယ်လို့ ထင်ပြီး ငါ့စကားကို လက်မခံချင်ဘူး …”

“ ဒါက လွယ်ပါတယ် … နည်းနည်းအားနည်းနေတာကလွဲရင် ခေါင်းဆောင်လင်းရဲ့ စိတ်အခြေအနေကလည်း ကောင်းမွန်နေတယ်… ဆိုတော့ နောက်ထပ် တစ်ကြိမ် စမ်းသပ်မှုလုပ်ဖို့က ပြဿနာ မရှိနိုင်လောက်ဘူး …”

ကျောက်ခဲလေး တစ်လုံးက လှိုင်းကြပ်ခွက် တစ်ထောင်ခန့် ဆပွားသွားနိုင်သည်ဟူသည့် စကားအတိုင်း စကားတစ်ခွန်းက လူတိုင်း၏ ဦးနှောက်ကို ဖျတ်ခနဲ လင်းလက်လာစေသည်။

ဖန်းကျင်း၏ စကားကို အသင်း ၈ ရှိ လူတိုင်းကို ရှော့ခ်ရသွားစေခဲ့၏။

သူမ ပြောသည်ကလည်း ယုတ္တိရှိသည်။ သို့ဆိုလျှင် သူတို့တွေ အရိုးနှင့် ကြွက်သား သိပ်သည်းဆကို စမ်းသပ်ကြည့်၍ အဆင်ပြေသေးသည် မဟုတ်လော။

“ ဟင်း ….”

ရွှီလန်နှင့် ကျိုးရွှယ်ချန်တို့ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်ပြီး ပြုံးမိလိုက်ကြသည်။ “ ဒီလိုမှန်း သိရင် ငါတို့ ငြင်းခုန်မနေပါဘူး….”

လီဟန် မတ်တပ်ရပ်လိုက်ပြီး “ သွားပြီး ခေါင်းဆောင်လင်းကို တစ်ချက် သွားကြည့်ကြစို့ … တကယ်လို့ သူ့ ခန္ဓာကိုယ် အခြေအနေက ခွင့်ပြုတယ်ဆိုရင် ငါတို့ စမ်းသပ်မှုကို ဆက်လုပ်မယ်… ခေါင်းဆောင်လင်းလည်း သဘောတူလောက်မှာပါ …”

“ သွားကြတာပေါ့ …” ရွှီလန် အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ဒါပေမယ့် အစ်ကိုကျိုးရဲ့ အမူအရာက ……..

သူ့ကြည့်ရတာ စက်ကပဲ ပြဿနာ ရှိတယ်လို့ ထင်နေသလိုပဲနော်…”

“ အင်း … ဒါပေမယ့် သွားကြည့်လိုက်တာလည်း မမှားပါဘူး….. အတူသွားကြတာပေါ့….”

All Chapters