← Chapters

လူသား အလားအလာ လှုံ့ဆော်ခြင်း စမ်းသပ်မှု

Vol. 133 Ch. 1991

လူသား အလားအလာ လှုံ့ဆော်ခြင်း စမ်းသပ်မှု

Vol. 133 Ch. 1991

ငါးလွှာရှိ နားနေခန်းထဲတွင် ချိုးယွီလော့နှင့် နင်ချဲ့တို့နှစ်ဦးမှာ လင်းရီနှင့် စကားပြောဆိုနေခဲ့ကြသည်။

သူ့ဘေးနားတွင် အာဟာရဖြစ်စေသည့် အမျိုးမျိုးသော စားသောက်ဖွယ်ရာများ ရှိနေပြီး သူမတို့ နှစ်ဦးက ကိုယ်စီ ခွံ့နေကြကာ လင်းရီ လျင်မြန်စွာ ပြန်လည်အားပြည့်လာဖို့ မျှော်လင့်နေခဲ့ကြသည်။

“ နင် အဆင်ပြေတာ သေချာလို့လားဟယ် … ဒါမှမဟုတ် … ငါတို့ ဆေးရုံသွားပြီး စစ်ဆေးကြည့်ကြရင်ကော …” နင်ချဲ့ စိုးရိမ်စွာ မေးမြန်းလာခဲ့သည်။

“ မလိုဘူး …. ငါ တကယ် ဘာမှ မဖြစ်တာ …” လင်းရီ ပြောလိုက်ပြီး “ အခုက နည်းနည်း အားနည်းနေရုံပဲ … ဘာကြီးကြီးမားမား ပြဿနာ မဟုတ်ဘူး … ရက်နည်းနည်းလောက် အနားယူလိုက်ရင် ပြန်သက်သာသွားမှာ ….”

“ ဒီစမ်းသပ်မှုက ဒီလောက် နာကျင်မယ်မှန်း သိရင် နင့်ကို မလုပ်ခိုင်းပါဘူး …” နင်ချဲ့ မကျေမနပ်နှင့် မြည်တွန်တောက်တီးမိလိုက်၏။

“ မင်းအဲ့လို လုပ်လို့လည်း ဘယ်ရမှာ….” လင်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့ရဲ့ လက်ရှိ အခြေအနေက အဲ့ဒီရဲ့ နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ ယှဉ်ရင် အားသာချက် ရှိတဲ့ နေရာတွေက တကယ် နည်းတယ်… ဒါကြောင့်မို့ ဒီခု စမ်းသပ်မှုက သိပ်အရေးကြီးတယ် … ပေါ့သေးသေး လုပ်လို့ မဖြစ်ဘူး ….”

“ ဒါပေမယ် ငါကတော့ ဒီလိုမျိုး စမ်းသပ်လည်း ငါတို့တွေ စီအဆင့် သွေးရည်ကြည်ကို ထုတ်လုပ်နိုင်မယ်လို့ မထင်ပါဘူး …..”

“ မဖြစ်နိုင်လည်း ကိစ္စမရှိဘူး … ခရီးတချို့ တွင်နေသ၍ နည်းနည်းလေးပဲ ဆိုရင်တောင်မှ ကြီးမားတဲ့ အလားအလာကို ဆောင်ကြဉ်းလာနိုင်တာပဲလေ… ဒါက လက်ရှိလောလောဆယ်မှာ ကျုံးဝေ့တပ်ဖွဲ့ လိုအပ်နေတဲ့ အရာပဲ .. မဟုတ်ရင် ငါတို့လူနည်းစု သပ်သပ်နဲ့ ဘာမှ ဖြစ်မြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး …”

“ နင် ပြောတာလည်း ဟုတ်ပါတယ်… ဒါပေမယ့် ဒီရဲ့ စမ်းသပ်မှုက ဒီလောက်ထိ လူမဆန်လိမ့်မယ်လို့ ဘယ်သူကရော ထင်ထားမှာ….”

“ ခေါင်းဆောင်လီ ပြောတဲ့အတိုင်းပဲ … ဟွာရှရဲ့ ဂုဏ်ကို မြင့်တင်ပေးဖို့ ငါတို့မှာ တာဝန်ယူရှိတယ်… ဒါက ငါတို့ရဲ့ နိုင်ငံ အင်အားကြီးမားလာစေနိုင်မယ့် အချိုးအကွေ့ တစ်ခု မဖြစ်နိုင်ဘူးလို့လည်း ပြောမရဘူး ….”

လင်းရီ အပြုံးတစ်ခုအား ဆင်မြန်းရင်း ဖြေဆိုလိုက်သည်။

“ နင် တော်တော်လေး အကောင်းမြင်တတ်တာပဲ …”

ချလပ် ..

သုံးယောက် စကားပြောနေစဉ်မှာပဲ အခန်းတံခါး တွန်းပွင့်လာခဲ့ပြီး လီဟန်နှင့် ကျန်သူများ အထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

“ ခေါင်းဆောင်လီပါလား ….”

ချိုးယွီလော့နှင့် နင်ချဲ့တို့ နှစ်ဦးလုံး မတ်တပ်ရပ်ပြီး လေးစားသမှုအား ပြသလိုက်ကြသည်။

လီဟန် ခေါင်းညိတ်၍ တုံ့ပြန်လိုက်ပြီး ကြင်နာနွေးထွေးသည့် အပြုံးတစ်ခုဖြင့်‌ မေးမြန်းလာသည်။

“ ခေါင်းဆောင်လင်း … မင်း အခု ဘယ်လိုခံစားရလဲ … ဘယ်နေရာ သက်တောင့်သက်သာ မဖြစ်ဘူးလဲ ….”

“ အားလုံး အဆင်ပြေပါတယ်… ခေါင်းဆောင်လီ စိတ်ပူဖို့ မလိုပါဘူး ….”

“ အဲ့လိုကြားရတာ ကောင်းတယ်…” လီဟန် ခေါင်းတညိမ့်ညိမ့်ဖြင့် ပြောလိုက်ပြီး သူ၏ အပြုံးက အနည်းငယ် ကိုးရို့ကားယား နိုင်လာခဲ့သည်။

“ တကယ်တော့လေ ခေါင်းဆောင်လင်း … ငါ အခုလာခဲ့တာ တခြား တောင်းဆိုချင်တာလေး တစ်ခုလို့ပါ ….”

“ ဟုတ် ပြောလေ… ကျုပ် တတ်နိုင်တာဆိုရင် အကောင်းဆုံး ကူညီပေးမယ်….”

“ အဲ့ဒါက ….. ၊ စမ်းသပ်မှု ဒေတာရလဒ်ရဲ့ ကဏ္ဍ နှစ်ခုမှာ ကွာဟချက်က ထင်မထားလောက်အောင် တော်တော်လေး ကြီးမားနေလို့ … ငါတို့ နောက်ထပ် စမ်းသပ်မှု တစ်ခု ထပ်လုပ်ချင်တယ်… ဒါပေမယ့် မင်းစိတ်ချ … ဒီတိုင်း ရိုးရှင်းတဲ့ စမ်းသပ်မှုလေးပဲ… ဆယ်မိနစ်လောက်ပဲ ကြာမှာ … ပြီးတော့ မင်းကို မနာကျင်စေရဘူး …”

ပြောဆိုနေရင်းဖြင့် လီဟန် အလျင်စလို ရှင်းပြလာခဲ့ကာ လင်းရီ နားလည်မှု လွဲသွားမှာကို စိုးရွံ့နေလေသည်။

“ရတယ်လေ…. ကျုပ်တို့ အခုလုပ်ရင် အဆင်ပြေတယ်မလား …”

“ အလျင်လိုဖို့ မလိုဘူး … ခေါင်းဆောင်လင်း အပြည့်အဝ ပြန်သက်သာလာတဲ့အထိ ငါတို့ စောင့်နိုင်တယ်… ဘာပဲဆိုဆို မင်းရဲ့ ကျန်းမာရေးက အရေးကြီးတယ်လေ…."

“ ကျုပ် အခြေအနေက အခု အပြည့်အဝ သက်သာလုနီးပါး ဖြစ်နေပြီ .. ခင်များတို့သာ ရောက်မလာခဲ့ဘူးဆိုရင် ကျုပ် ခဏနေကျရင် ဒီကနေတောင် ထွက်သွားတော့မှာ …”

“ ဒါဆိုလည်း ခေါင်းဆောင်လင်းကို နောက်တစ်ကြိမ် ဒုက္ခပေးမိပြီ….”

“ ရပါတယ်… အခုပဲ စကြတာပေါ့ …”

“ ဟုတ်ကဲ့ ဟုတ်ကဲ့ …”

အုပ်စုမှာ အခန်းထဲက ထွက်သွားခဲ့ကြပြီး တတိယထပ်ရှိ ဓာတ်ခွဲခန်းအတွင်းသို့ ရောက်လာသည်။

စမ်းသပ်မှုက ရိုးရှင်းသဖြင့် ရွှီလန်နှင့် ဖန်းကျင်းတို့ နှစ်ယောက်သာလျှင် ကိုင်တွယ်ပြီး ကျန်သူများက အခြားမလိုလားအပ်သည့် ပြဿနာများကို ရှောင်ကြဉ်နိုင်ရန်အတွက် ဘေးမှ စောင့်ကြည့်နေခဲ့ကြသည်။

“ ခေါင်းဆောင်လီ … ဘယ်အပိုင်းက ပြဿနာရှိနေလဲဆိုတာ ကျွန်မ သိလို့ရလား …"

နင်ချဲ့ မေးမြန်းလိုက်၏။

“ ပြဿနာက အရိုးနဲ့ ကြွက်သား သိပ်သည်းဆပဲ …” လီဟန် ပြန်ဖြေလိုက်ပြီး “ ပုံမှန်ဆို ခေါင်းဆောင်တစ်ယောက်ရဲ့ လယ်ဗယ်မှာ ညွှန်းကိန်းတွေက 1.4 ကနေ 1.6 လောက်အထိပဲ ရှိရမှာ … ဒါပေမယ့် ခေါင်းဆောင်လင်းရဲ့ အရိုးနဲ့ ကြွက်သား သိပ်သည်းဆတွေက သာမန်လူတွေရဲ့ နှစ်ဆလောက် ရှိနေတယ်…”

“ နှစ်ဆ ….”

ဤသည်ကို ကြားတော့ အမျိုးသမီး နှစ်ဦးလုံး အကြီးအကျယ် အံ့အားသင့်သွားခဲ့ကြသည်။

“ ကျွန်မလည်း ဒီလိုမျိုး အလားတူ စမ်းသပ်မှုတွေ ပြုလုပ်ဖူးတယ်… ကျွန်မရဲ့ ရလဒ်က 1.4 …. ဘော့စ်လျိုလို ဘီအဆင့် အထွတ်အထိပ်အဆင့်ကျတော့ 1.6 ဆလောက်ပေါ့ … ဒါပေမယ့် နှစ်ဆအထိကတော့ တစ်ခါမှ မကြားဖူးဘူး …”

ချိုးယွီလော့လည်း နင်ချဲ့၏ စကားကို မျက်လုံးပေကလပ် ပေကလပ်ပြု၍ ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ အဲ့တာကြောင့် ငါတို့လည်း ဒီဒေတာနှစ်ခုကို မေးခွန်းထုတ်နေမိတာပဲ … မဟုတ်ရင် ခေါင်းဆောင်လင်းကို ထပ်ပြီး အနှောင့်အယှက် မပေးချင်ဘူး …”

“ ယုတ္တိရှိတယ်… အတည်ပြုဖို့ လိုအပ်တယ်လေ…”

လင်းရီ၏ အရိုးနှင့် ကြွက်သား သိပ်သည်းဆက သာမန်လူတို့ထက် နှစ်ဆရှိနေသည်ကို သူမတို့နှစ်ဦးလည်း ယုံကြည်နိုင်ရန်အတွက် ခဲယဉ်းနေသည်မှာ အသိသာကြီးပင်။ ယင်းက အနည်းငယ်တော့ သဘာဝကို လွန်ဆန်နေသည်။

စမ်းသပ်မှုကို ထပ်ပြီး ပြုလုပ်ဖို့က လိုကိုလိုအပ်၏။

ဆယ်မိနစ်ခန့်ကြာပြီးသည့်နောက် လင်းရီတွင် စမ်းသပ်ခန်းထဲက ထွက်လာခဲ့သည်။

“ ဘယ်လိုလဲ … ရလဒ် ဘယ်လိုရှိလဲ …” လီဟန် မျှော်လင့်ကြီးစွာဖြင့် မေးမြန်းလာခဲ့၏။

ရွှီလန်၏ အမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်သွားခဲ့ပြီး “ အစောပိုင်းတုန်းက ရထားတဲ့ ဒေတာတွေက မှန်တယ်… ခေါင်းဆောင်လင်းရဲ့ အရိုးနဲ့ ကြွက်သားသိပ်သည်းဆက သာမန်လူထက်ကို တကယ်နှစ်ဆရှိတယ်…”

ဟစ် …

ရလဒ်ကို ကြားသိလိုက်ရပြီးနောက် အခန်းထဲရှိ လူတိုင်း ပင့်သက်ရှိုက်မိကုန်ကြသည်။ ဤသတင်းက သူတို့အဖို့ ရှော့ခ်ရဖွယ် ကောင်းလွန်းလှပြီး မယုံကြည်နိုင်စရာ ကောင်းလွန်းလှလေသည်။

လီဟန်သည်ပင် ဤသည်က မျှော်လင့်မထားသည့် ဖြစ်ရပ်တစ်ခုဟု ခံစားနေရ၏။

“ ငါ့ကို တစ်ချက်ပြကြည့် …”

“ ဒီမှာ …”

ရွှီလန် ကမ်းပေးလိုက်ပြီး လီဟန်၏ အမူအရာမှာ အနည်းငယ် လေးနက်တည်ကြည်လာခဲ့သည်။ ကျန်သူများလည်း တိတ်ဆိတ်စွာနေလျက် သူ ပြောမည့် စကားလုံးအား အသက်ရဲရဲမရှူဝံ့ဘဲ စောင့်ဆိုင်းနေခဲ့ကြ၏။

“ ချီးပဲ … နင်က တကယ်ကို ပုံမှန်မဟုတ်တဲ့ကောင်ပဲ … နင့်ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင် သန်မာနေနိုင်ရတာ …”

နင်ချဲ့ မနာလို ဖြစ်နေသည့် လေသံဖြင့် ပြောလာခဲ့၏။

“ သဘာဝပဲကို … ငါလည်း ဘာတတ်နိုင်မှာ …”

လင်းရီ ပခုံးတွန့်လျက် ပြောဆိုလိုက်ပြီး သူ၏ အမူအရာမှာ လုံးဝ တည်တည်ငြိမ်ငြိမ်ပင်။

“ နင်ပြောတာ မှန်တယ်… နင့်အဖေကလည်း မခေတဲ့လူဆိုတော့ နင်လည်း ဘယ်ဆိုးနိုင်မှာ …”

“ ကောင်းပြီ … ဒီအကြောင်း ပြောတာတွေ တော်လိုက်ကြစို့ …. စမ်းသပ်မှုလည်း ပြီးသွားပြီဆိုတော့ ငါတို့ ဒီမှာ ခေါင်းဆောင်လီကို ဆက်ပြီး မနှောင့်ယှက်ကြရအောင် … တစ်နေရာသွားပြီး စားကြမယ်… ငါ အခု အတော်လေး ဗိုက်ဆာနေပြီ …”

“ ကောင်းသားပဲ … သွားမယ်လေ….”

ချိုးယွီလော့ တစ်ဖက်သို့လှည့်ပြီး လီဟန်အား ကြည့်လိုက်သည်။ “ ခေါင်းဆောင်လီ … ကျွန်မတို့ တခြား ပူးပေါင်းပေးစရာ လိုသေးလား …”

“ ဒီလောက်ပါပဲ ဒီလောက်ပါပဲ … ခေါင်းဆောင်တို့သုံးယောက်ရဲ့ ပူးပေါင်းပေးမှုအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်… ငါတို့ သေချာပေါက် ခေါင်းဆောင်လင်းကို စိတ်မပျက်စေရဘူး …”

ချိုးယွီလော့ ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ ပျူငှာယဉ်ကျေးသည့် စကားတချို့ ဆိုပြီးသည့်နောက် သုံးယောက်မှာ သုတေသန စင်တာထဲက အတူထွက်လာခဲ့ကြသည်။

လင်းရီတို့ သုံးဦး ထွက်ခွာသွားသည်နှင့် လီဟန်သည် အသင်း ၈ ရှိလူတိုင်းသို့ တစ်ချက် သိမ်းကျုံးကြည့်လိုက်ပြီး “ တခြား စမ်းသပ်ရရှိတဲ့ ဒေတာတွေကိုလည်း သေချာ အာရုံစိုက်ထား … အလျင်လိုစရာ မလိုဘူး … မင်းတို့ တည်တည်ငြိမ်ငြိမ်နဲ့ သေချာ ခွဲခြမ်းစိတ်ဖြာဖို့ လိုတယ်….”

“ ဟုတ်ကဲ့ … နားလည်ပါပြီ ခေါင်းဆောင် ….”

လီဟန် ခေါင်းညိတ်ပြီး လင်းရီ၏ စမ်းသပ်မှု ရလဒ်နှင့်အတူ ရုံးခန်းထဲသို့ ပြန်လာခဲ့သည်။

ရလဒ် အစီရင်ခံစာနှစ်ခုကို စားပွဲပေါ်သို့ တင်ပြီးသည့်နောက် လီဟန် အချိန်အတော်ကြာသည်ထိတိုင်အောင် စိုက်ကြည့်နေသည်။ မိနစ် ၂၀ ကျော်ကြာသည့်တိုင် တောက်လျှောက် စိုက်ကြည့်နေခဲ့ပြီး .... နောက်ဆုံး၌ သူ၏ ဖုန်းကို ထုတ်၍ လျန်ရှန့်ဟော်၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။

“ အကြီးအကဲလျန် …. ခင်များ အခု အလုပ်ရှုပ်နေလားမသိဘူး …” လီဟန် ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

“ ငါ အားပါတယ်… ဘာလို့လဲ … လင်းရီ တစ်ခုခု ဖြစ်သွားလို့လား …”

“ မဟုတ်ဘူး မဟုတ်ဘူး … သူ ဘာမှ မဖြစ်ဘူး … အဲ့ဒီအစား ကျုပ်တို့ ထင်မှတ်မထားတဲ့ အကျိုးအမြတ်တစ်ခု ရလာလို့ …”

“ ဘာကို ထင်မထားတဲ့ အကျိုးအမြတ်လဲ သေချာပြောစမ်း …” လျန်ရှန့်ဟော်၏ စိတ်မရှည်သည့် လေသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။

“ စမ်းသပ်မှုရလဒ်ကနေ ကျုပ်တို့ သိလိုက်ရတာ ခေါင်းဆောင်လင်းရဲ့ အရိုးနဲ့ ကြွက်သားသိပ်သည်းဆက သာမန်လူတွေရဲ့ နှစ်ဆ ရှိနေတယ်… ဒါ အတော်လေး ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ရပ်ပဲ …”

“ သာမန်လူရဲ့ နှစ်ဆ ….”

“ အမှန်ပဲ .. ကျုပ်တို့ နှစ်ကြိမ်တောင် စမ်းသပ်စစ်ဆေးခဲ့တာ … လုံးဝ မမှားနိုင်ဘူး …” လီဟန် ပြောလိုက်ပြီး “ ဒါကြောင့်မို့ ကျုပ်တို့တွေ မကြေညာရသေးတဲ့ တောက်လျှောက်လုပ်နေတဲ့ စမ်းသပ်မှုတွေကို ခေါင်းဆောင်လင်းနဲ့ ကြိုးစားကြည့်နိုင်မယ်လို့ ထင်တယ်….”

လျန်ရှန့်ဟော်ဘက်ခြမ်းတွင် အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

“ မင်းပြောတာ လူသားတွေရဲ့ အလားအလာကို လှုံ့ဆော်တဲ့ စမ်းသပ်မှုလား …”

All Chapters