အာယာနဲ မစ်ဆူ၏ ကားမတော်တဆမှု
Vol. 133 Ch. 1992
“ အမှန်ပဲ …”
လီဟန်၏ လေသံက လေးနက်တည်ကြည်လာခဲ့ပြီး “ ကျုပ်ကတော့ ဒါက အခွင့်အရေးကောင်းလို့ ထင်တယ်… ခေါင်းဆောင်လင်းက အတော်လေး သင့်လျော်တယ်…”
“ သူ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်လို့ မင်း ဒီလို စဉ်းစားနေတာလား …” လျန်ရှန့်ဟော် မေးမြန်းလိုက်ပြီး “ ငါမှတ်မိသလောက် ပရောဂျက်ကို အဆိုပြုတုန်းက ဒီ ပရောဂျက်အတွက် အနိမ့်ဆုံး လိုအပ်ချက်က ဘီအဆင့် ကျွမ်းကျင်သူ မဟုတ်လား … လင်းရီကဖြင့် အခုမှ စီ အဆင့်ပဲ ရှိသေးတာ အဆင်ပြေနိုင်ပါ့မလား …”
“ အဲ့ဒီတုန်းက ကျုပ်တို့လည်း ရွေးချယ်စရာ မရှိလို့သာ ဘီအဆင့်ဆိုပြီး သတ်မှတ်လိုက်ရတာ … ဘာလို့လဲဆိုတော့ ဘီအဆင့် ကျွမ်းကျင်သူတွေရဲ့ တောင့်ခံနိုင်စွမ်းက ပိုပြီးတော့ ကြီးမားတယ်လေ.. ဒါပေမယ့် ခေါင်းဆောင်လင်းကကျတော့ မတူဘူး … လျှပ်စစ်အားနဲ့ နာကျင်မှု စမ်းသပ်တဲ့ ဖြစ်စဉ်ကို စီအဆင့်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ်… ဒီတစ်ခုက ဘီအဆင့် ကျွမ်းကျင်သူတွေတောင် လုပ်နိုင်တဲ့ ကိစ္စရပ် မဟုတ်ဘူး ….” လီဟန် ပြောဆိုလိုက်သည်။
“ ပြီးတော့ ခေါင်းဆောင်လင်းက ငယ်လည်း ငယ်သေးတယ်… ဒီတော့ စမ်းသပ်မှုရဲ့ အကျိုးရလဒ်က ပိုပြီးတော့ ကောင်းနိုင်တယ်… ဒါကြောင့်မို့ ကျုပ်ကြိုးစားကြည့်ချင်တယ်ဗျာ ….”
“ မင်း ပြောချင်တာကို ငါနားလည်တယ်….”
လျန်ရှန့်ဟော်က လက်ရှိ ရာထူးနေရာတွင် တာဝန်ယူထားသည်မှာ သိပ်မကြာသေးသော်လည်းပဲ လုပ်ငန်းခွင် သဘောတရားများနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေပြီး ဖြစ်သည်။
လီဟန် ပြုလုပ်ချင်နေသည့် လူသားတို့၏ လုပ်နိုင်စွမ်း အလားအလာကို လှုံ့ဆော်သည့် စမ်းသပ်မှုကို သူသိသည်။ ဇီဝသုတေပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်များအရ လူသားတို့မှာ မိမိတို့တွင် ရှိသည့် အလားအလာ အပြည့်အဝကို အသုံးချနိုင်ခြင်း မရှိသေးဘဲ ၉၀ ရာခိုင်နှုန်းခန့်က ပိတ်ဆို့သည့် အခြေအနေ၌ ရှိနေသည်ဟု ဆိုထားသည်။
အဆိုပါ ပိတ်ဆို့နေသည့် အလားအလာတို့အား မည်သို့ဖွင့်လှစ်မည်လဲဆိုသည်က ကြီးမားသည့် စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်၏။
နိုင်ငံတော်တော်များများကလည်း ယင်းစမ်းသပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် လျှို့ဝှက်လုပ်ဆောင်နေကြလေသည်။
ဟွာရှ၊ အမေရိကန်နှင့် ရုရှားနိုင်ငံတို့က ဤစမ်းသပ်မှုတွင် အတော်လေး ရှေ့ရောက်နေသည့် နိုင်ငံများ ဖြစ်သည်ဟု ပြော၍ရသည်။
လီဟန်၏ အဆိုပြုချက်က လူသားတို့၏ အလားအလာအား ပိတ်ဆို့ထားသည့် အခြေအနေကို ဖွင့်ဟပစ်ချင်သည်။ သို့သော် မည်မျှ အတိုင်းအတာအထိ ဖွင့်ဟပစ်နိုင်မည်လဲ ဆိုတာကတော့ ကံတရားအပေါ်တွင် မူတည်နေလျက်ရှိ၏။
သီအိုရီအရ ငယ်ရွယ်သည့် စမ်းသပ်ခံ လူသားက သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း လူတို့ထက် စမ်းသပ်မှုကို ပြုလုပ်ဖို့ ပိုပြီး သင့်လျော်သည်။ ထို့ကြောင့်ပဲ လီဟန်မှာ လင်းရီနှင့် စမ်းသပ်ရန်အတွက် ပြင်းပြင်းထန်ထန် အဆိုပြု တင်ပြနေခြင်းပင်။
စမ်းသပ်မှု မပြုလုပ်မီ အခြေခံ အကျဆုံး လိုအပ်ချက် တစ်ခုက သန်မာအားကောင်းသည့် ခံနိုင်ရည်စွမ်းအား ရှိဖို့ပင်။ မဟုတ်ပါက ဤကဲ့သို့ အဆင့်မြင့်သည့် စမ်းသပ်မှုကို တောင့်ခံနိုင်စွမ်း ရှိမှာ မဟုတ်ချေ။
ထို့ကြောင့်ပဲ စမ်းသပ်ခံ၏ အဆင့်ကို ဘီအဆင့်ဟု သူတို့ဘက်က သတ်မှတ်လိုက်ရလေသည်။
လက်ရှိ အခြေအနေ၌ ဘီအဆင့်သို့ ရောက်ရှိပြီးသူများအားလုံးက အနိမ့်ဆုံး အသက် ၄၀ အရွယ်များ ဖြစ်ကြပြီး စမ်းသပ်မှုပြုလုပ်ဖို့အတွက် သင့်လျော်ခြင်း မရှိလှပေ။
သို့သော် လင်းရီကတော့ မတူညီချေ။
သူက စီအဆင့်မျှသာ ရှိသေးသော်လည်း သူ၏ ခံနိုင်ရည်စွမ်းအားက ဘီအဆင့်နည်းတူ သန်မာလှသည်။ အရေးကြီးဆုံးကတော့ လင်းရီ၏ အသက်က ငယ်ရွယ်ပြီး ကောင်းချီးပေးခံထားရသည့် ပါရမီ အရည်အချင်းက ယခု စမ်းသပ်မှုအတွက် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်နေသည်။
သုတေသန ပညာရှင်တစ်ဦးအဖို့ မျက်စိမကျဘဲ မည်သို့မျှ မနေနိုင်ခဲ့ချေ။
“ ငါတို့မှာ အရန် ပုံဆောင်ခဲ အရင်းအမြစ်တွေ လုံလုံလောက်လောက် ရှိလား …”
“ ရှိတယ် … အကုန်အသင့်ပဲ …”
“ ဒါဆို လုပ်ကြတာပေါ့ …”
“ ငါ အရင်ဆုံး လျိုဟုန်နဲ့ ဆွေးနွေးကြည့်လိုက်ဦးမယ်…. အလျင်မလိုနဲ့ဦး … တခြား ဒေတာတွေက အခုထိ ထွက်မလာသေးဘူးမလား …”
“ ဟုတ်ကဲ့ … နားလည်ပါပြီ …”
………
ထိုအချိန်တွင် လင်းရီနှင့် ကျန်သူများက လျိုဟုန်၏ ရုံးခန်းထဲသို့ ပြန်ရောက်နေကြပြီ ဖြစ်သည်။
လျိုဟုန်မှာ ရုံးခန်းတစ်ခွင်လုံး အဖြူရောင်မီးခိုးငွေ့များ ပြည့်နှက်သည်အထိ ဆေးလိပ်ကို တစ်လိပ်ပြီး တစ်လိပ် သောက်နေသည်။
လင်းရီတို့ သုံးဦး ဝင်လာသည်ကို မြင်တော့ လျိုဟုန် သူ့လက်ထဲက စီးကရက်ကို ချ၍ ပြတင်းပေါက်ပြန်ဖွင့်လိုက်သည်။
“ မင်းတို့သွားတာ အတော်ကြာသားပဲကွ … ဘယ်လိုလဲ …. အခြေအနေ .... ”
“ ကံကောင်းလို့ပေါ့ … သူ အဲ့မှာ သေသွားဖို့ နည်းနည်းလေးပဲ လိုတယ်…”
နင်ချဲ့ ဝင်ဖြေလိုက်ပြီး လျိုဟုန်ကို ဖြစ်ပျက်ခဲ့သည်များအား ပြန်ပြောင်းပြောပြလိုက်သည်။
“ ငါလည်း အဲ့ဒီ စမ်းသပ်မှုအကြောင်း ကြားဖူးတယ်… သူတို့အရင်က ဆိုက်ဘေးရီးယန်း ကျားသစ်တွေနဲ့ အကြိမ်တော်တော်များများ စမ်းသပ်ဖူးတယ်… ဒါပေမယ့် ရှင်တာက တစ်ကောင်လားပဲ … ဆိုတော့ မင်းက ဆိုက်ဘေးရီးယန်း ကျားသစ်ထက် ပိုမာတယ်ပေါ့ ….”
“ သူတို့က စမ်းသပ်မှုကို ဆိုက်ဘေးရီးယန်း ကျားသစ်တွေနဲ့ လုပ်တာ ဟုတ်လား …”
သုံးဦးလုံး အကြီးအကျယ် ရှော့ခ်ရသွားခဲ့ကြ၏။ ဤသို့ ဖြစ်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားကြချေ။
လျိုဟုန် ခေါင်းညိတ်လိုက်သည်။ “ လူသားတွေနဲ့ စမ်းသပ်ဖို့ကျတော့လည်း နာကျင်မှုက မင်းသိတဲ့အတိုင်းပဲလေ … ဒီတော့ အဲ့ကောင်တွေနဲ့ စမ်းသပ်ရတာပေါ့ ….”
“ သေစမ်း …. ခင်များတို့ တော်တော် ရက်စက်တာပဲ ….” လင်းရီ ပြောဆိုလိုက်ပြီး “ စမ်းသပ်မှု ဒီလောက် ရက်စက်မှန်း သိလျက်နဲ့တောင် ကျုပ်ကို သွားခိုင်းတယ်….”
“ ငါလည်း ဘယ်သိမှာလဲ…” လျိုဟုန် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်ပြီး “ မင်းတို့ ပြန်ပြောပြလို့သာ သိရတာ … ဒါပေမယ့် ရလဒ်တွေက မဆိုးဘူးမလား … စမ်းသပ်မှုလည်း ပြီးသွားပြီဆိုတော့ လူတိုင်း ပျော်ပျော်ရွှင်ရွှင်ပေါ့ …”
“ အဲ့အကြောင်း မပြောကြစို့ …” လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး “ ရန်ကျင်းမှာ တခြားကိစ္စ ရှိသေးလား … မရှိဘူးဆို ကျုပ် ပြန်တော့မယ်….”
“ လောလောဆယ်တော့ ဘာမှမရှိဘူး … ပြန်ပြီး ရက်နည်းနည်းလောက် နားလိုက်ပေါ့ ….”
လင်းရီ ခေါင်းညိတ်လိုက်၏။ ထို့နောက် သုံးယောက်သား စခန်းထဲက ထွက်လာခဲ့ကာ စားသောက်ဆိုင် တစ်ခု ရှာဖွေ၍ စကားပြောဆိုရန် ဟန်ပြင်လိုက်ကြသည်။
ည ရှစ်နာသို့ရောက်သည့် အချိန်၌ သုံးယောက်မှာ ဘီယာ ပုလင်း ၂၀ ခန့် သောက်ထားကြပြီး အနည်းငယ် ထွေတွေတွေလေး ဖြစ်နေကြကာ ပြန်ပြီး သက်တောင့်သက်သာ အိပ်စက်အနားယူရန် အကောင်းဆုံးရေချိန်ပင်။
“ ငါ မနက်ဖြန် လုပ်စရာ ရှိသေးတယ်… နင့်ကို လိုက်မပို့တော့ဘူး … နင်ချဲ့ကို လိုက်ပို့ခိုင်းလိုက် … ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်က အတူနေကြမှာပဲ မလား ….”
ဘေလ်ရှင်းပြီးနောက် ချိုးယွီလော့က ပြောဆိုလိုက်သည်။
“ ကောင်းပြီလေ… မင်းလုပ်စရာ ရှိတာလုပ်ပေါ့ … မနက်ဖြန်ကျ …. ကလင် ကလင် ကလင် ….”
လင်းရီ စကားမဆုံးသေးခင်မှာပဲ သူ့ဖုန်းသံက မြည်ဟည်းလာသည်။ ယင်းက ခန်ဂျိနာခါတာထံမှ ဖြစ်၏။
လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ခန်ဂျိနာခါတာက အကြောင်းမရှိဘဲ ဖုန်းခေါ်လာမည့်လူ မဟုတ်သောကြောင့်ပင်။
“ လူကြီးမင်းလင်း … ငါပါ … ခန်ဂျိနာခါတာ …”
“ သိတယ်… ကိစ္စ တစ်ခုခု ရှိလို့လား …”
“ ဥက္ကဌ ပြဿနာတက်နေလို့ ….”
လင်းရီ တစ်ကိုယ်လုံး တင်းကြပ်သွားခဲ့၏။
ထိုအချင်းအရာကို နင်ချဲ့က ချက်ချင်း ရိပ်ဖမ်းမိလိုက်သည်။ တစ်ခုခု မူမမှန်သည့် အရာကို ခံစားမိပြီး အမျိုးသမီး နှစ်ဦးလုံး၏ အကြည့်က လင်းရီထံတွင် စုပြုံနေသည်။
“ ဘာဖြစ်တာလဲ ကျုပ်ကို သေချာပြောပြ …”
“ ငါနဲ့ ဥက္ကဌ အခုလေးတင် အလုပ်ခရီးက ပြန်လာခဲ့တာ … ဒါပေမယ့် ကုမ္ပဏီကို သွားတဲ့လမ်းမှာ ကားအက်စီးဒင့်ဖြစ်လို့ .. ဥက္ကဌက ဒဏ်ရာ နည်းနည်းတော့ ရသွားတယ်.. ဒါပေမယ့် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ အတိုင်းအတာအထိတော့ မဟုတ်ဘူး … ဒါပေမယ့် စိတ်ထဲ မူမမှန်သလို ခံစားရလို့ လူကြီးမင်းလင်းဆီ ဆက်သွယ်လိုက်တာ …..”
လင်းရီ ငြိမ်သက်သွားခဲ့၏။ ခန်ဂျိနာခါတာ သံသယ ဝင်သည်က ထူးဆန်းသည်ဟု မဆိုသာပေ။
အာယာနဲမစ်ဆူ၏ ဘေးနားတွင် ရှိသည့် လုံခြုံရေး အဆင့်ဖြင့် ကားအက်စီးဒင့်ဖြစ်ပွားဖို့ဆိုသည်မှာ မူမမှန်သည့် တစ်စုံတစ်ရာ မရှိသရွေ့ လုံးဝကို မဖြစ်နိုင်သလောက် နီးပါးပင်။
နောက်ကွယ်ရှိ လက်သည်တရားခံကိုတော့ မှန်းဆရန် ခက်ခဲလိမ့်မည် မထင်ချေ။
အနောက်ပိုင်းတွင်တုန်းက ဂျပန် အစိုးရ အရာရှိများမှာ ဟုန်မန်ဂိုဏ်း၏ အကြံအစည်ကို အဖျက်အမှောင်ပြုရန် ကူညီပေးခဲ့ကြသည်။
အနည်းငယ် တွေးတောဆက်စပ်ကြည့်လိုက်သည်နှင့် ထိုကိစ္စ နောက်ကွယ်၌ အာယာနဲ မစ်ဆူ ရှိနေသည်အား သိရှိနိုင်လေသည်။
ဖန်းသားအဖ သေဆုံးသွားသည့် ကိစ္စရပ်နှင့် ဟုန်မန်ဂိုဏ်း အလုပ်များနေသည်ကို ထည့်သွင်းစဉ်းစားကြည့်ပါက တိုက်ခိုက်လာသည့်လူမှာ ဟုန်မန်ဂိုဏ်းနောက်ကွယ်ရှိ ဖုံးကွယ်ထားသည့် အင်အားစုဘက်ခြမ်းက ဖြစ်ဖို့များသည်။
“ နေရာအတိအကျကို ကျုပ်ဆီ ပို့လိုက် … ကျုပ် အခုချက်ချင်း လာခဲ့မယ်….” လင်းရီ လေးနက်စွာပြောဆိုလိုက်သည်။
“ ပြီးတော့ ဘယ်သူ့ကိုမှလည်း မဆက်သွယ်နဲ့ … ကျုပ်မရောက်ခင် အချိန်အထိ ဘာကိုမှလည်း မဖော်ထုတ်နဲ့ …”
“ နားလည်ပြီ … တည်နေရာအတိအကျကို အခုပဲ ပို့ပေးလိုက်မယ်…”
“ အိုကေ …”
ခန်ဂျိနာခါတာနှင့် ဖုန်းပြောပြိးနောက် လင်းရီသည် အမျိုးသမီးနှစ်ဦးကို ကြည့်၍ “ ငါ လုပ်စရာ ကိစ္စလေး ပေါ်လာလို့ ဂျပန်သွားရတော့မယ်… ငါ အရင်သွားနှင့်ပြီ …”
“ ဂျပန်ကို သွားမယ် ဟုတ်လား ….” နင်ချဲ့ လင်းရီအား အံ့အားတကြီး ကြည့်လိုက်မိ၏။
“ အခြေအနေတွေက အဆင်ပြေနေတာပဲ မဟုတ်ဘူးလား… နင်က အဲ့ဒီကို ဘာသွားလုပ်မှာလဲ… ဟိုမှာက ဘာတွေ ဖြစ်နေလို့လဲတဲ့ ….”
“ ဟုန်မန်ဂိုဏ်း ကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ကို မစ်ဆူမိသားစုက ကူညီပေးတဲ့ကိစ္စ ပေါက်ကြားသွားပြီ … တစ်ဖက်က လှုပ်ရှားလာနေပြီဆိုတော့ ငါ အဲ့ဒီကို သွားပြီး ကြည့်ကြည့်ဖို့လိုတယ်….”
ဤသည်ကို ကြားတော့ မိန်းကလေးနှစ်ဦးလုံး ဘာမျှ မဆိုကြတော့ချေ။
ဗစ်တိုးရီးယား စစ်ဆင်ရေးတွင် အကြီးမားဆုံး အကျိုးပြုခဲ့ပေးသူက ဂျပန်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ဖြစ်၏။
ထိုနေရာတွင် မစ်ဆူမိသားစုက အရေးပါသည့် နေရာက ပါဝင်နေသည်။ မဟုတ်ပါက သူတို့ထံသို့ ကူညီပေးရန်အတွက် ရောက်ရှိလာခဲ့မှာ မဟုတ်ချေ။
ယခု တစ်ဖက်သူက တစ်စုံတစ်ရာ ဖြစ်ပျက်လာခဲ့ပြီ ဖြစ်သဖြင့် သူသွားပြီး အခြေအနေကို တစ်ချက် စုံစမ်းကြည့်သင့်၏။