နေ့ခင်းအချိန်မှာ ပုန်းကွယ်နေပြီး ညဉ့်အခါမှ ထွက်ပေါ်လာတဲ့ ဗန်ပိုင်းယား
Vol. 133 Ch. 1994
“ ဟုတ်တယ်… အဲ့တာငါပဲ …”
ရှိုဂါဝါ လေးနက်သည့် အမူအရာဖြင့် ပြောဆိုလိုက်ပြီး “ ငါ မောင်းနေတုန်း နည်းနည်းငိုက်သွားတယ်.. ဒီတော့ စတီယာရင်ဘီးကို သေချာမထိန်းနိုင်ဘဲ မင်းတို့ သူဌေးရဲ့ ကားနဲ့ တိုက်မိသွားတယ်ဆိုပါတော့ … ငါ့ဘက်ကတော့ အဲ့လို ဖြစ်စေဖို့ မရည်ရွယ်ပါဘူး …”
သူ့လေသံကို နားထောင်ကြည့်မည်ဆိုပါက စိတ်ရင်းအမှန်နဲ့ ပြောဆိုနေကြောင်းကို ခန့်မှန်းကြည့်နိုင်သည်။
အရာအားလုံးက ယုတ္တိရှိသည့် အတိုင်းအတာအတွင်း၌သာ ရှိနေခဲ့သည်။ သို့သော် လင်းရီကတော့ တစ်ခုခု မူမမှန်သည်အား ခံစားနေရလေသည်။
အာဘာနဲမစ်ဆူ၏ အဆင့်အတန်းဖြင့် ဆိုပါက ခန်ဂျိနာခါတာသည် သူမ၏ ကားကို တိုက်သွားသည့်လူအား လွယ်လင့်တကူ လွှတ်ပေးလိုက်မှာ မဟုတ်ချေ။
တစ်နည်းဆိုရသော် သူ့လူများအား တိတ်တဆိတ် စေလွှတ်၍ ရှိုဂါဝါ ဆိုသည့် ငနဲအား သေချာလေး သင်ခန်းစာပေးလောက်ပေသည်။ သို့သော် သူ၏ လက်ရှိ အခြေအနေကို မြင်တွေ့ရသလောက်တော့ အရာအားလုံးက ပုံမှန်သာ ဖြစ်နေပြီး ကိုယ်ပေါ်တွင် မည်သည့်ထိခိုက်ဒဏ်ရာမျှလည်း ရှိမနေချေ။ လင်းရီနှင့် မျက်နှာချင်းဆိုင်သည့်အချိန်၌ပင် တည်တည်ငြိမ်ငြိမ်နှင့် ရှိနေခဲ့သည်။
သူ၏ အပြုအမူက အမှန်ပင် ထူးဆန်းလှ၏။
မည်သို့ပင်ဆိုစေ ခန်ဂျိနာခါတာဆိုသူမှာ ကြင်နာတတ်သည့် လူတစ်ယောက် မဟုတ်ချေ။
“ မင်း ဒီတိုင်း ငိုက်ရုံပဲ ငိုက်သွားခဲ့တယ်ဆိုတာ သေချာလို့လား …” မီနာအီတိုက တည်တင်းသည့် မျက်နှာထားဖြင့် မေးမြန်းလိုက်သည်။
“ မတော်တဆမှု ဖြစ်တဲ့အချိန်က ညခုနစ်နာရီ ဝန်းကျင်လောက်ပဲ ရှိသေးတယ်… သာမန်လူက အဲ့လို အချိန်မျိုးမှာ အိပ်ငိုက်မယ်လို့ ငါတော့မထင်ဘူး ….”
“ မင်းတို့ကလည်း မတရားလိုက်တာ … ငါ ဒီနေ့လုံး နာရီ ၂၀ ကျော် အလုပ်လုပ်နေခဲ့ရတာ သိလား … ဒါကြောင့်မို့ ငါ ကားမောင်းတဲ့ အချိန် အရမ်းပင်ပန်းနေတယ်…. အဲ့အချိန် မတော်တဆဖြစ်ပြီး မင်းတို့ သူဌေးရဲ့ ကားနဲ့ ဝင်တိုက်မိတယ်… ငါ တကယ်ကြီး မရည်ရွယ်ပါဘူးကွာ … ငါ့ဘက်က ဆေးဖိုးဝါးခနဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေအတွက်လည်း လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်… ကျေးဇူးပြုပြီး ငါ့ကို တရားတော့ မစွဲလိုက်ပါနဲ့ ….”
ရှိုဂါဝါမှ အပြစ်ကင်းစင်သည့် ပုံစံဖြင့် ပြောလာခဲ့သည်။
မီနာအီတိုတို့နှစ်ဦးလုံး လင်းရီထံသို့ လှည့်ကြည့်လိုက်ကြ၏။ သူမတို့ ဘာဆက်လုပ်ရမှန်း မသိတော့ချေ။
ရှိုဂါဝ၏ စကားလုံးများကို သူတို့ မယုံကြည်သော်လည်း မည်သည့်သက်သေ အချက်အလက်မျှ ရှာမတွေ့သဖြင့် တစ်ဖက်သူကို ဘာမျှ လုပ်မရဘဲ ဖြစ်နေသည်။
“ ပြဿနာ မရှိဘူးဆိုမှတော့ ဒီတိုင်းပဲ ထားလိုက်တာပေါ့ … ဒီတိုင်း သာမန် အက်စီးဒင့် ဖြစ်တာပဲ နေမှာပါ … “
လင်းရီ၏ စကားကို ကြားတော့ မီနာအီတိုတို့ နှစ်ဦးလုံး စိတ်ထဲ အကြီးအကျယ် အံ့အားသင့်သွားခဲ့ကြသည်။
ရှိုဂါဝါ ကိုယ်တိုင်ပင် လင်းရီကို မယုံကြည်နိုင်သည့် အကြည့်ဖြင့် ကြည့်သွားမိခဲ့၏။
သူတွေးထင်ထားခဲ့သည်မှာ တစ်ဖက်လူက သူ့ကို လွယ်လင့်တကူ လွှတ်ပေးမှာ မဟုတ်ဟူ၍ပင်။ သို့သော် ဘာမျှ ဆက်မမေးမြန်းဘဲ ဤအတိုင်း လွှတ်ပေးလိုက်မည်ဟူ၍ အမှန်ပင် မျှော်လင့်မထားခဲ့ပါချေ။
လင်းရီ အခြား ဘာမျှ ဆက်မပြောဘဲ ထွက်ခွာလာခဲ့လိုက်သည်။
ဤသည်ကိုမြင်တော့ မီနာအီတိုလည်း ဘာမျှ ဆက်ပြော၍ မရတော့ပေ။ လင်းရီနောက်သို့ လိုက်ပါလာပြီး ထွက်ခွာလာခဲ့ရုံမျှ တတ်နိုင်ပေသည်။
သုံးဦးလုံး ကားထဲသို့ ပြန်လာခဲ့ကြပြီး မီနာအီတိုမှ လင်းရီကို ဇဝေဇဝါ ဖြစ်စွာဖြင့် မေးမြန်းလာခဲ့သည်။
“ လူကြီးမင်းလင်း … ကျွန်မ ရှင့်ကို တစ်ခုလောက် မေးချင်တယ်…."
“ ငါ ဒီကိစ္စကို ဘာလို့ ဆက်မလိုက်လဲ မင်းသိချင်နေတာမလား ….”
သူမလည်း စိတ်ထဲရှိသည့်အတိုင်း ခေါင်းညိတ်ပြလိုက်သည်။ “ ဟုတ်တယ်…”
“ အခင်းဖြစ်ပြီးတာက ခြောက်နာရီကျော်ကြာနေပြီ … အာယာနဲ မစ်ဆူနဲ့ ရှိုဂါဝါရဲ့ အဆင့်အတန်းကလည်း ကမ္ဘာကြီးလောက်ကို ခြားတယ်… ဒါတောင် မင်းတို့ဘက်က ဘာအမှားမှ ရှာမတွေ့ဘူး … ဆက်ပြီး မေးနေလည်း ဘာထူးလာမှာမို့လို့ …”
“ ဒါပေမယ့် ကျွန်မတို့မှာ တခြားနည်းလမ်းတွေ ရှိတယ်လေ…. သူ့ကို အထူးနည်းလမ်းတွေသုံးပြီး နှုတ်က ထုတ်ပြောလာအောင် လုပ်လို့ရတာပဲ …မစ်ဆူမိသားစုရဲ့ လွှမ်းမိုးမှုနဲ့ဆိုရင် အဲ့လိုမျိုး လုပ်ဖို့က လုံးဝ မခက်ပါဘူး …”
လင်းရီ ခေါင်းခါယမ်းလိုက်သည်။ “ မင်းတို့အတွက် သိပ်ခဲယဉ်းလွန်းနေတယ်…”
နှစ်ယောက်မှာ အကြီးအကျယ် အံ့အားသင့်သွားခဲ့ပြီး လင်းရီ၏ ဆိုလိုရင်းအား သဘောမပေါက်နိုင်ဘဲ ဖြစ်နေသည်။
လင်းရီ သူ၏ ဖုန်းကို အထက်သို့ ပွတ်ဆွဲနေပြီး တည်ငြိမ်စွာ ဆိုလိုက်၏။
“ ရဲဖြောင့်ချက်အရဆိုရင် ရှိုဂါဝါ ဆိုတဲ့ လူက ဂိမ်းဆိုင်မှာ အလုပ်လုပ်တဲ့လူ … ငါ နားလည်ထားသလောက်တော့ ဒီအလုပ်မှာ အဲ့လောက်ထိ အချိန်ပို မရှိနိုင်ဘူး .. ဆိုတော့ သူ့ရဲ့ ထွက်ဆိုချက်က အတုကြီး … ပြီးတော့ သူ့ရဲ့ အပြစ်ကင်းစင်တဲ့ ပုံစံလေးနဲ့ တိုရိုတာ ခရောင်းလည်း ဝယ်စီးနိုင်မယ့်ပုံ မပေါ်ဘူး …”
“ အဲ့တာကို ကျွန်မတို့လည်း သိတယ်လေ… ဒီလူ တစ်ခုခု မူမမှန်တာ သေချာတယ်…” မီနာ အီတို ပြောဆိုလိုက်သည်။
“ မင်း သိတယ်… ဟုတ်ပြီ … ဒါဆို သူက ဘာလို့ လေဆိပ်ကနေ ဟိုင်းဝေးသွားတဲ့ လမ်းမှာ ဘာလို့ လှုပ်ရှားလာခဲ့လဲ …”
“ ဘာလို့ဆို အဲ့မှာ ကားတွေ သိပ်အများကြီးလည်း မရှိဘူး .. လှုပ်ရှားလို့ အဆင်ပြေတယ်လေ…”
“ မဟုတ်ဘူး …” လင်းရီ ပြောဆိုလိုက်ပြီး “ သူ ဘာလို့ အဲ့မှာ လှုပ်ရှားဖို့ ရွေးချယ်ရလဲဆိုတော့ မြို့တော်ရဲတပ်ဖွဲ့က တစ်ဖက်ပြိုင်ဘက်ရဲ့ ထိန်းချုပ်မှုအောက်ထဲ ကျရောက်နေပြီးမို့လို့ပဲ …သူတို့ဘက်က ဒီကိစ္စကို လုံးဝ ထိန်းချုပ်ထားနိုင်တယ်… ငါပြောတာ နားလည်လား …”
“ ဒါက … “
နှစ်ဦးလုံး ထိုင်ခုံတွင် ထိုင်နေရင်း ကြက်သေသေနေမိခဲ့ကြသည်။ လင်းရီ ပြောသည့် ဖြစ်နိုင်ချေကို သူတို့ လုံးဝ မစဉ်းစားမိကြချေ။
“ လူကြီးမင်းလင်း လှည့်ထွက်လာခဲ့တာ အဲ့တာကြောင့်လား ….”
“ အင်း …” လင်းရီ ခေါင်းညိတ်လိုက်သည်။
“ ငါတို့ ကြာကြာနေလေလေ တစ်ဖက်အဖွဲ့က ငါတို့ရဲ့ အချက်အလက်တွေကို ပိုပြီး သိသွားလိမ့်မယ်. မဟုတ်ရင် မြို့တော်ရဲတပ်ဖွဲ့က အာယာနဲ မစ်ဆူရဲ့ မျက်နှာသာကို ရဖို့ အဲ့ငနဲကို အမှုန့်ကြိတ်ပြီးရောပေါ့ … အခု မင်းတို့မြင်တဲ့အတိုင်းပဲ … သူ့ကိုယ်မှာ မှဲ့တစ်ပေါက်တောင် စွန်းမနေဘူး … သူ့နောက်မှာ တစ်ယောက်ယောက် ရှိနေတာ သေချာတယ်…”
လင်းရီ၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် သူတို့ရှေ့ရှိ လူက မည်မျှ ဉာဏ်ထက်မြက်ကြောင်းကို နှစ်ဦးလုံး သတိပြုမိသွားခဲ့ကြသည်။
ဥက္ကဌက ဒီလူနဲ့ ချစ်ကြိုက်သွားတာ ဆန်းတော့မဆန်းပါဘူး … သူက တကယ်ကို တခြားလူတွေနဲ့ မတူဘူးပဲ ….
“ ဒါဆို အခု ဘာဆက်လုပ်ကြမှာ … ဒီအတိုင်းပဲ ပြန်သွားတော့မှာလား ….”
“ အဲ့လိုလုပ်လို့ ဘယ်ရမှာ ….” လင်းရီ ပြောလိုက်ပြီး “ ငါ တိုကျိုထိ တကူးကတ လေယာဉ်စီးလာခဲ့ရတာ အလကားလား ….”
“ ဒါဆို ဘာဆက်လုပ်မှာ …”
“ သူ ရဲစခန်းထဲက ထွက်လာတဲ့ အချိန်ကျရင် မင်းတို့နှစ်ယောက် ကားထဲက ထွက်ပြီး သူ့ကို တိတ်တိတ်လေး ဖမ်းခေါ်လာခဲ့ …” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ ရဲက ဒီကိစ္စကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် ငါတို့ဘာငါတို့ ကိုင်တွယ်ရမှာပေါ့ … ဟွာရှမှာ ဒါကို ကောင်းကင်ကိုယ်စား အပြစ်ပေးတယ်လို့ ခေါ်တယ်…”
နှစ်ယောက်မှာ ကောင်းကင်ကိုယ်စား အပြစ်ပေးတယ် ဆိုသည့် စကားကို သိပ်နားမလည်သော်လည်းပဲ ရှိုဂါဝကို ဖမ်းခေါ်လာခဲ့ရမည်ဆိုတာကိုတော့ သူတို့တွေ သိသည်။
လင်းရီ၏ အမိန့်ကို လက်ခံရရှိသည်နှင့် နှစ်ယောက်မှာ ကားထဲက ထွက်၍ အမှောင်ထုကြားထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။
နာရီဝက်ကြာပြီးသည့်နောက် ရှိုဂါဝမှာ ရဲစခန်းထဲက ထွက်လာခဲ့သည်။
စိတ်ဝင်စားဖို့ကောင်းသည်က ထိုငနဲမှာ တစ်ချက် သမ်းဝေရင်း ရဲစခန်း ဝင်ပေါက်ဝ၌ ခြေဆန့်လက်ဆန့် ပြုလုပ်နေသည်ကိုပင်။ သူ့ပုံစံက ရဲစခန်းထဲမှ ထွက်လာသည့်လူနှင့် မတူဘဲ ရေချိုးခန်းထဲက အနားယူပြီး ထွက်လာသည့် လူတစ်ယောက်နှင့် ပိုပြီး ဆင်တူနေခဲ့၏။
ရဲစခန်းထဲက ထွက်လာခဲ့ပြီးနောက် ရှိုဂါဝသည် အိတ်ကပ်ထဲက စီးကရက်ဘူးကို ထုတ်၍ တစ်လိပ်ဆွဲပြီး မီးညှိလိုက်သည်။ ထို့နောက် ကားပါကင်ထံသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာသည်။
နောက်ဆက်တွဲ ဖြစ်ပျက်သည့် ကိစ္စများကိုတော့ လင်းရီ ဆက်ပြီး အာရုံထားမနေတော့ချေ။
မီနာအီတိုနှင့် ဟီဒဲ ခါမဲတတို့၏ အစွမ်းအစဖြင့် ဆိုပါက ထိုလူအား ကိုင်တွယ်ရသည်မှာ ကိတ်မုန့်လှီးစားသကဲ့သို့ လွယ်ကူသည့် ကိစ္စရပ်ပင်။ မဟုတ်ပါက အာယာနဲ မစ်ဆူ၏ လက်အောက်တွင် ရှိနေဖို့ ထိုက်တန်မှာ မဟုတ်ချေ။
လင်းရီ ထင်မှတ်ထားသည့်အတိုင်း မိနစ် နှစ်ဆယ်ခန့်ကြာပြီးနောက် နှစ်ဦးမှာ ကားထဲ ပြန်ရောက်လာသည်။
“ အခြေအနေ ….”
“ ကျုပ်တို့ သူ့ကို သတိလစ်အောင် လုပ်ပြီး နောက်ဖုံးထဲ ထည့်ထားတယ်… ခဏနေ သီးသန့် တစ်နေရာရှာပြီး သူ့ကို ကိုင်တွယ်လို့ ရပြီ…” ခါမဲတ ပြောလိုက်၏။
“ အင်း … နောက်တောင်ကျနေပြီ … လုပ်စရာရှိတာ အရင်လုပ်ကြတာပေါ့ …”
အချိန်မည်မျှကြာအောင် ကုန်ဆုံးသွားခဲ့ပြီးမှန်း မသိသည့်နောက်တွင် ရှိုဂါဝ အသိစိတ်ပြန်လည်လာပြီး မျက်လုံးဖွင့်ကြည့်လာသည်။
သို့သော် သူ နိုးလာသည့် အချိန်၌ သူ့လက်နှင့် ခြေထောက်များမှာ ကြိုးတုပ်ခြင်း ခံထားရသည်ကို သတိပြုမိလိုက်သည်။
သူ့အား ယခုလေးတင် စစ်ဆေးမေးမြန်းခဲ့သည့် အမျိုးသားနှင့် အမျိုးသမီးက ဘေးတွင် ရပ်နေသည်။ စက်သံအင်ဂျင်သံတို့က ဆူညံနေပြီး ဘေးဘီကို အကဲခတ်ကြည့်လိုက်တော့ ဆောက်လုပ်ဆဲ ဆိုဒ်တစ်ခုသို့ ရောက်ရှိနေသည်ကို သတိထားမိသွားခဲ့ကာ သူ၏ အမူအရာမှာ ပိုပြီးထိတ်လန့်တုန်လှုပ်လာခဲ့တော့သည်။
အောက်သို့ ငုံ့ကြည့်လိုက်တော့ ကြမ်းပြင်နှင့် အနည်းငယ် ကွာဝေးနေပြီး သူ့အား စတီးသံတိုင် တစ်ခုတွင် ချိတ်ဆွဲထားသည်ကို မြင်တွေ့လိုက်ရသည်။
“ မင်းတို့ ဘာလုပ်နေကြတာလဲ … ဘာလို့ ငါ့ကို ဒီနေရာ ခေါ်လာခဲ့တာ … မင်းတို့ ဒါတော့ များသွားပြီ … ငါ တရားစွဲမယ်… ငါ့ရှေ့နေနဲ့ တွေ့ချင်တယ်….”
ရှိုဂါဝါ အီရှီသည် သူ့အစွမ်းရှိသမျှ အော်ဟစ်ရင်း ကြိုးစားရုန်းကန်လိုက်သည်။
ညအမှောင်ထုအတွင်း၌ … လင်းရီသည် ရှိုဂါဝါအား ပြုံးပြလိုက်သည်။
ညအချိန်ကြောင့်လော ၊ သို့မဟုတ် ပတ်၀န်းကျင် အခြေအနေကြောင့်လော ဆိုတာ မပြောတတ်။ သူ့အပြုံးက အတော်လေး ကျော်ချမ်းစရာ ဖြစ်နေခဲ့သည်။
လပြည့်ည၏ အလင်းရောင်တို့က လင်းရီ၏ ကိုယ်ပေါ်သို့ ဖြာကျနေပြီး နေ့အချိန်တွင် ပုန်းကွယ်နေ၍ ညအချိန်တွင် ထွက်ပေါ်လာသည့် ဗန်ပိုင်းယား တစ်ကောင်နှယ် အေးစက်ပြီး ထိတ်လန့်ဖွယ်ကောင်းသည့် ခံစားချက်မျိုး ခံစားနေရလေသည်။
“ မင်း စိတ်ကြိုက် တရားစွဲလို့ရတယ်… ဒါပေမယ့် မင်းမှာ အဲ့လို အခွင့်အရေး မရှိမှာကိုတော့ ငါ အာမခံပေးနိုင်တယ်…”