ကမ္ဘာ၏ တုန့်ပြန်မှု
Vol. 11 Ch. 1054
ချန်းဖန်ကား ခန်းမ အတွင်းမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် ထိုနေရာ၌ သူ ပြုလုပ်ခဲ့သော ရုပ်သံဖိုင်များမှာ တစ်ကမ္ဘာလုံးသို့ အရှိန်ပြင်းပြင်းဖြင့် ပျံ့နှံ့နေ၏။
ပထမ၌ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေသော လူများမှာ သန်းအနည်းငယ်သာ ရှိခဲ့သည်။ သို့သော်လည်း ချန်းဖန် ပေါ်ထွက်လာပြီး နောက်တွင်မူ “ကျန်ပေ့ ညီလာခံကို ရောက်လာတဲ့ အနက်ရောင် ပုဂ္ဂိုလ်” “မြောက်ပိုင်းချုံး ဂိုဏ်းချုပ်က ဘယ်သူလဲ” “ချန်းပေ့ရွှမ်း ပြန်လာပြီ” အစရှိသဖြင့် ခေါင်းစဥ်များစွာမှာ အင်တာနက်ထက်တွင် ပျံ့နှံ့လာသည်။
ယနေ့ခေတ်၌ အင်တာနက်မှာ သတင်းတု၊ သတင်းမှားများဖြင့် ပြည့်နှက်နေသော အရာ ဖြစ်သည်။ ထို့ကြောင့်ပင် အစပိုင်း၌ လူများမှာ ယုံကြည်ကြခြင်း မရှိချေ။
သို့သော်လည်း ဆက်တိုက် ဆိုသလို တက်လာသော ဓာတ်ပုံများ၊ ဗီဒီယိုများက လူအများ၏ သိချင်စိတ်ကို နှိုးဆွပေး၏။ မရေမတွက်နိုင်သော လူများမှာ သူ့ထက်ငါခေါင် တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းများထံ စီးဝင် လာကြသည်။ Mango Live ကဲ့သို့သော ပလက်ဖောင်းများ ဆိုလျှင် ဆာဗာဒေါင်းလုမတတ် ဖြစ်နေကြပြီ ဖြစ်လေသည်။
“မြန်မြန် နည်းပညာ ဌာနကို ဆက်သွယ်... ကြည့်ရှု့နိုင်တဲ့ ပမာဏကို တိုးချဲ့လိုက်... ဆာဗာဒေါင်းသွားလို့ မဖြစ်ဘူးဟေ့...”
Mango Live မန်နေဂျာက စိုးရိမ်စွာဖြင့် အော်ဟစ် လိုက်၏။ အစီအစဥ် တင်ဆက်သူ ကျန်းဟွာမှာ သူဌေး ဖြစ်သူ၏ ဆူပူမှုကို ခံရ၏။ ဌာနချုပ်သည် တိုက်ရိုက် ထုတ်လွှင့်မှုကို ဆက်လက် တင်ဆက်ရန် တိုက်တွန်းနေသော်လည်း သူမမှာ ဘာပြောရမှန်း မသိချေ။
မိနစ် အနည်းငယ် ကြာပြီးနောက် မူလ အဆင့်နှင့် တန်ခိုးရှင် အဆင့် များစွာ စင်မြင့်ထက်၌ သေဆုံး သွားကြ၏။ ထို့နောက် အနက်ရောင် ဝတ်စုံဝတ် လူငယ်သည် ခြေဖနှောင့်ကို ပေါက်လေရာ ပုန်းအောင်းနေသော ဂြိုဟ်သားမျိုးနွယ်ဝင် ရှစ်ယောက်မှာ ထပ်မံ ပေါ်ထွက် လာခဲ့သည်။
“မိစ္ဆာ မျိုးနွယ်၊ သွေးမျိုးဆက်၊ ရေလူသား မျိုးနွယ်...”
ထိုမျိုးနွယ်စု သုံးခုလုံးကား ခွန်းလွန်ပင် မစော်ကားဝံ့သည့် ကမ္ဘာ့ အင်အာကြီး မျိုးနွယ်များ ဖြစ်ကြပေသည်။ သို့သော်လည်း အနက်ရောင်ဝတ် လူငယ်သည် သူတို့ အားလုံးကို မျက်တောင် တစ်ခပ်စာ အချိန် အတွင်းမှာပင် သတ်ဖြတ် ခဲ့သည်။
ကျန်းဟွာမှာ လုံးဝ ဆွံ့အနေ၏။ တိုက်ရိုက် ထုတ်လွှင့်မှုများမှ တစ်ဆင့် ကြည့်နေသာ မရေမတွက်နိုင်သည့် လူများမှာလည်း ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။
“သူက တော်တော် သတ္တိ ရှိတာပဲ... နေနန်းတော်နဲ့ အမှောင်မျိုးနွယ်က ကျင့်ကြံသူတွေကိုတောင် သတ်ပစ်လိုက်တယ်...”
“ဒါနဲ့ အဲဒီ အနက်ရောင်ဝတ် လူက ဘယ်သူလဲ...”
“ချန်းပေ့ရွှမ်းလေ... ခင်ဗျား သူ့ကို မသိဘူးလား”
“ချန်းပေ့ရွှမ်း ဆိုတာ ဘယ်သူလဲ...”
“စောက်ရေးမပါတာ... ခင်ဗျား ချန်းပေ့ရွှမ်းကိုတောင် မသိဘူးပေါ့ ဟုတ်လား... ကလေးတွေနဲ့ အတူ KG သွားတက်နေလိုက်ပါလား”
“ဘယ်သူလဲ ဆိုတာသာ ပြောစမ်းပါဗျာ...”
Mango Live တို့ကဲ့သို့သော အင်တာနက် ပလက်ဖောင်းများ ပေါ်၌ ကွန်မန့်များမှာ ပလူပျံနေ၏။ များစွာသော လူငယ် မျိုးဆက်များမှာ ချန်းဖန်ကို မမှတ်မိကြသေးချေ။ မည်သို့ပင် ဆိုစေ ချန်းဖန် တောက်ပခဲ့သော အချိန်ကာလများမှာ အတိတ်တွင် ကျန်ခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ လူငယ်မျိုးဆက် အများစုမှာ သူ့အား သိရှိခြင်း မရှိပဲ ကြီးပြင်း လာခဲ့ကြလေသည်။
အသက် ၂၅ နှစ်ကျော်သော မျိုးဆက်များမှာမူ ချန်းပေ့ရွှမ်းအား ကောင်းစွာ မှတ်မိကြသည်။ ၁၀ နှစ် ဆိုသော အချိန်က သူတို့အတွက် ချန်းပေ့ရွှမ်းအား မေ့ပစ်ရန် မလုံလောက်ချေ။
“ချန်းပေ့ရွှမ်း” ဆိုသော အမည်နာမသည် ဖေ့ဘုတ်၊ ဂူဂဲ၊ WeChat တို့ ကဲ့သို့ အင်တာနက် စာမျက်နှာများ၌ အများဆုံး ရှာဖွေခံလာရသည်။
“ဪ... ဒါဆို သူက မြောက်ပိုင်းချုံးဂိုဏ်းချုပ်ပေါ့... ရဲ့နန်ထင်း အဇူရာ နဂါးတို့ထက် နည်းနည်း ပိုပြီး အစွမ်းထက်ရင်တော့ မဆိုးပါဘူး”
“စောက်ကလေး... မင်း ချန်းပေ့ရွှမ်း အကြောင်းကို မသိရင် ဘာမှ လျှောက်မပြောနဲ့ကွ... သူက ခေတ်တစ်ခေတ်ကို ဦးဆောင်ခဲ့တဲ့ ပြိုင်ဘက်ကင်း ကျင့်ကြံသူ... လွန်ခဲ့တဲ့ ဆယ်နှစ်တည်းက သူက ရွှေအမြုတေ အဆင့်ကိုတောင် သတ်နိုင်နေပြီ... ဆယ်နှစ်ကြာပြီးတဲ့နောက်မှာ သူ ဘယ်လောက် ပိုပြီး အစွမ်းထက်လာမလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး”
“အမှန်ပဲ... ခုခေတ် နာမည်ကြီးနေတဲ့ ခွန်းလွန်တို့ ဘာတို့ ဆိုတာ ချန်းပေ့ရွှမ်းရှိတုန်း အမြီးကုပ်နေရတာ... အခု သူ ပြန်လာပြီ...”
“ဟားဟား... ချန်းပေ့ရွှမ်းက အသေးအဖွဲ ကိစ္စလေးတွေ အတွက်တောင် လက်စားချေ တတ်တဲ့သူ... ကြည့်နေ သူ ကျိန်းသေ တိုက်ပွဲတွေကို ဖန်တီးလိမ့်မယ်”
ချန်းဖန်၏ အကြောင်းများမှာ လျှင်မြန်စွာပင် အင်တာနက်ပေါ်၌ ပျံ့နှံ့သွား၏။ မကြာခင်မှာပင် လူငယ် မျိုးဆက်များပါ မကျန် သူ၏ အတိတ်အကြောင်းများကို သိရှိ သွားကြတော့သည်။
တစ်ချိန်တည်း၌ နိုင်ငံများ၊ ဂိုဏ်းများ၊ အဖွဲ့အစည်းများနှင့် မျိုးနွယ်များမှာ ချန်းဖန်၏ သတင်းများကို ကြားကာ ဆွံ့အ နေကြ၏။
ထျန်းနန်နယ်၊ လင်းမြို့တော်...
လုယန်ဝူသည် လုမိသားစု စံအိမ်၌ ထိုင်နေခဲ့၏။ သူမသည် အသက် ၄၀ အရွယ် နီးပါး အထိ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဝိညာဥ် ဆေးဝါးများ၏ ကောင်းမှုကြောင့် ယခင်အတိုင်း နုပျိုနေဆဲ ဖြစ်သည်။ သို့သော်လည်း သူမ၏ ပုံစံက ရင့်ကျက်မှု၊ တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေ၏။
မြောက်ပိုင်းချုံး ရှင်းလင်းခံရသည့် အချိန်၌ လုယန်ဝူနှင့် လုမိသားစုမှာ လွတ်မြောက်ခဲ့သည်။ သူတို့ကား မြောက်ပိုင်းချုံး လုပ်ငန်းစု၏ အဆွယ်အပွား တစ်ခုသာ ဖြစ်လေရာ မည်သူကမှ အရေးတယူ မလုပ်ခဲ့ကြချေ။ သို့သော်လည်း မြောက်ပိုင်းချုံး လုပ်ငန်းစုကိုမူ လောဘကြီးသော ကော်ပိုရေးရှင်း အချို့က ဝါးမျို သွားခဲ့ပြီ ဖြစ်သည်။
လုမိသားစုသည် တရုတ်နိုင်ငံ အတွင်း၌ ကျော်ကြားသည့် သိုင်းပညာ မိသားစု ဖြစ်နေဆဲ ဖြစ်သည့်တိုင် ယခင်ကထက် စာလျှင် များစွာ အားနည်း နေခဲ့ပြီ ဖြစ်သည်။
လုယန်ဝူသည် မိသားစု စီးပွားရေး စာရင်းဇယားများနှင့် အလုပ်ရှုပ်နေ၏။ သူမ၏ မျက်လုံးများမှာမူ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ မရေမတွက်နိုင်သော လူများသည် လုမိသားစု လုံးဝ ကျဆုံးအောင် တိုက်ခိုက်နေကြသည်။ လုမိသားစုသည် ထျန်းနန်နယ်ရှိ ပိုင်နက် တစ်ဝက်ကို ဆုံးရှုံးခဲ့ပြီး ဖြစ်သည့်တိုင် ရန်သူများမှာ ကျေနပ်ကြခြင်း မရှိသေးချေ။
“မြောက်ပိုင်းချုံးနဲ့ ချန်းပေ့ရွှမ်းတို့သာ ရှိနေသေးရင် ငါတို့ လုမိသားစု ခုလို အဖြစ်အပျက်တွေ ကြုံတွေ့ရမှာ မဟုတ်ဘူး...”
လုယန်ဝူက သက်ပြင်းတစ်ချက် ချရင်း စားပွဲ ထောင့်တစ်နေရာရှိ ဖိတ်စာကို လှမ်းကြည့်လိုက်သည်။ ထိုဖိတ်စာမှာ လူချမ်းသာ တစ်ယောက်က သူမအား တော်ကောက်လိုသော ရည်ရွယ်ချက်ဖြင့် ပေးပို့ လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ မည်သည့် ရွေးချယ်စရာမှ မကျန်တော့ပါက သူမ ဘဝမှာ ရေတိမ်နစ်ရ ပေတော့မည်။
ရုတ်တရက် မိန်းကလေး တစ်ယောက်မှာ ပြေးဝင်လာ၏။
“မမ... မမ... သတင်းကောင်းပါတယ်... ချန်း... ချန်း... သူ ပြန်လာပြီ...”
လုယန်ဝူက ထိုင်ရာမှ ထကာ မိန်းကလေးအား ဆူပူလိုက်၏။
“ဘာဖြစ်နေတာလဲ... နင့်ကိုယ်နင် ကြည့်ဦး ရန်ရွှေ... နင်က လုမိသားစုရဲ့ မိန်းကလေးနော်... နင် ဒီလို ပုံစံမျိုးသာ အပြင်မှာ လုပ်ရင်...”
လုယန်ဝူ၏ စကားမှာ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွား၏။ အကြောင်းကား မိသားစု ခေါင်းဆောင် သခင်ကြီးဝူကို သူမ၏ အခန်း တံခါးဝ၌ မြင်လိုက်ရသောကြောင့်ပင်။
“အဘိုး... ဘာကိစ္စ ရှိလို့လဲ... ပြောစရာ တစ်ခုခု ရှိရင် လှမ်းအကြောင်းကြားလိုက်ရောပေါ့”
သခင်ကြီးဝူက ပြုံးလိုက်သည်။
“ဒီလို သတင်းကောင်းကို ငါကိုယ်တိုင် လာပြောမှ ဖြစ်မှာပေါ့... ယန်ဝူ... လုမိသားစုတော့ နောက်တစ်ကြိမ် ပြန် ထွန်းတောက်တော့မယ်”
“ဟမ်...”
လုယန်ဝူမှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။
“မမ... ချန်းပေ့ရွှမ်း ပြန်လာပြီ...”
မိန်းကလေးက အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်၏။
“ဘာ...”
လုယန်ဝူကား မည်သည့် အရာကိုမျှ တွေးတောနိုင်စွမ်း မရှိတော့ချေ။ သူမသည် နေရာတွင်ပင် ငေးကြောင်ကာ ရပ်နေမိလေ၏။
“နောက်ဆုံးတော့ ရှင် ပြန်လာပြီပေါ့...”
***