တစ်ကမ္ဘာလုံး အံ့အားသင့်ကြခြင်း
Vol. 11 Ch. 1055
လုမိသားစု သာလျှင် မက တစ်ကမ္ဘာလုံးမှာလည်း ချန်းဖန်၏ ပြန်လည် ရောက်ရှိ လာမှု အတွက် အံ့သြ နေကြလေသည်။
ဝူကျိုးမြို့တော်၊ စုမိသားစု...
အဘိုးကြီးစုသည် သတင်းကို လက်ခံ ရရှိပြီးနောက် ထိုင်ခုံတစ်ခု၌ ထိုင်ကာ အားရပါးရ ရယ်မောနေမိ၏။ တစ်ချိန်တည်း၌ စုမိသားစုဝင်များမှာလည်း ဝမ်းသာ မျက်ရည်များပင် ကျနေခဲ့သည်။
ခြောက်နှစ်...
ဖန့်ချုံးနှင့် အခြားလူများ ပျောက်ကွယ်သွားသည့် အချိန်မှ စ၍ စုမိသားစုသည် ကမ္ဘာ့ အင်အားကြီး မိသားစု အဖြစ်မှ သာမန် မိသားစု ဘဝသို့ ပြောင်းလဲ သွားခဲ့သည်။
မျိုးနွယ်ခြားများသည် မြောက်ပိုင်းချုံးကို တိုက်ခိုက်ခဲ့ကြသော်လည်း စုမိသားစုကိုမူ အဖက် မလုပ်ခဲ့ကြချေ။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ မြောက်ပိုင်းချုံး၏ အကြီးအကဲများနှင့် အဓိက တပည့်များသာ ဖြစ်ပေသည်။
သို့သော်လည်း ကမ္ဘာကြီး ပြောင်းလဲလာမှုနှင့် အတူ ကျင့်ကြံခြင်း မိသားစုများမှာ အရှိန်ပြင်းစွာ မြင့်တက် လာခဲ့သည်။ စုမိသားစု ကဲ့သို့သော ကုန်သည် မိသားစုများမှာ ကျင့်ကြံသူတို့၏ အနိုင်ကျင့်မှုကို ခံခဲ့ရသည်။ အဘိုးကြီးစု ဆိုလျှင် ကျန်းနန်နယ် ကုန်သည်ကြီးများ အသင်း ဥက္ကဌ နေရာကိုပင် စွန့်လွှတ် ခဲ့ရသည်။
ထို့ကြောင့်ပင် စုရန်ဟိုမှာ ချန်းဖန် ပြန်လည် ရောက်ရှိလာပြီ ဆိုသော သတင်းကြောင့် အားရပါးရ ရယ်မောမိခြင်း ဖြစ်ပေသည်။
“ပြီးသွားပြီ... အားလုံး ပြီးသွားပါပြီ...”
ဖန့်ချုံး၏ အဘိုး စုရန်ရန်၏ မျက်နှာမှာလည်း ပြုံးရွှင်နေ၏။ စုရှောင်၊ စုပန် တို့ ကဲ့သို့သော ဂျူနီယာများမှာလည်း ပျော်ရွှင်နေကြသည်။
သူတို့သည် ချန်းဖန်ကို မကြိုက်ခဲ့ကြသော်လည်း ထိုအရာက အတိတ်မှ အဖြစ်အပျက်များသာ ဖြစ်သည်။ ချန်းဖန် ထွက်သွားသည့် အချိန်မှ စ၍ သူတို့သည် ချန်းဖန်၏ တန်ဖိုးကို နားလည် လာခဲ့ကြသည်။ ထို့ကြောင့်ပင် ချန်းဖန် ပြန်လည် ရောက်ရှိလာသည့် သတင်းကို ကြားပြီးနောက် သူတို့ ပျော်ရွှင် နေကြခြင်း ဖြစ်ပေသည်။
***
အရှေ့တောင် အာရှ၊ ဘောနီယို ကျွန်းစု...
နဂါးခန်းမ၏ တပည့် အချို့မှာ မိုးသစ်တောများ အကြား၌ ပုန်းအောင်း နေကြသည်။ သို့သော်လည်း သူတို့သည် သတင်းကို ကြားပြီးနောက် အားပါးတရ အောင်ပွဲခံ ကြတော့သည်။
“ဂိုဏ်းချုပ် ပြန်လာပြီ... မြောက်ပိုင်းချုံး ပြန်ပြီး မြင့်တက် လာတော့မယ်... အမှောင် မျိုးနွယ်တွေကို လက်စားချေကြမယ်”
ခေါင်းဆောင် ဖြစ်သူက အော်ဟစ် လိုက်သည်။
“လက်စားချေမယ်...”
အခြားလူများကလည်း လက်သီးလက်မောင်း တန်းကာ အော်ဟစ် လိုက်ကြလေသည်။
***
ကျန်းနန်နယ်၊ ကျင်းမြို့တော်...
တန့်ယွမ်ချင်းသည် လက်ဘက်ရည် သောက်နေခဲ့၏။ သူသည် မူလ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သလို ကျန်းနန်နယ်၏ ထိပ်တန်း ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ အရှေ့တွင်မူ ပွဲ မပြီးသေးသော စစ်တုရင် ဘုတ်ပြား တစ်ခု ရှိနေ၏။ ထိုအရာကား ချန်းဖန်နှင့် တန့်ယွမ်ချင်းတို့၏ မပြီးပြတ်သေးသော ကစားပွဲ တစ်ခု ဖြစ်ပေသည်။ တန့်ယွမ်ချင်းသည် ဆယ်စုနှစ် တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် ထိုအရာကို တစ်လက်မမျှပင် နေရာမှ မရွှေ့ရသေးချေ။
ထို့နောက် သူက အနက်ရောင် နယ်ရုပ် တစ်ခုကို ကိုင်ကာ ရွှေ့လိုက်၏။
“ဝမ်ရှင်း တန်ခိုးရှင်ချန်း... ခင်ဗျား ပြန်ရောက်လာတာ ကောင်းတယ်”
...
ဂူမိသားစု ပိုင်နက်...
ဂူရှီတုန်းသည် အသက် တစ်ရာခန့် ရှိနေပြီ ဖြစ်သလို ဝိညာဥ်ပင်လယ် အဆင့်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သူသည် သတင်းကို ကြားပြီးနောက် အားရပါးရ ရယ်မော၏။
“မြန်မြန်ဟေ့... ဝမ်ရှင်း တန်ခိုးရှင်ချန်း အတွက် လက်ဆောင်တွေ ပြင်ဆင် ထားလိုက်ကြ...”
...
ခွန်းလွန်...
အဇူရာ နဂါးသည် ဒဏ်ရာ အကြီးအကျယ် ရထားသည့်တိုင် အလွန်အမင်း ပျော်ရွှင်လျှက် ရှိသည်။ အခြားလူများက တားဆီးနေသည့်တိုင် သူသည် အောင်ပွဲခံ အရက်ကို သောက်သုံးနေသည်။
ချန်းဖန်ကား ပြန်လာခဲ့ပြီ ဖြစ်သည်။ ထိုအရာက အောင်ပွဲခံရန် ထိုက်တန်ပေသည်။
...
စုမိသားစု၊ တန့်မိသားစု၊ ဂူမိသားစုတို့သာလျှင် မက ချန်းဖန်နှင့် ဆက်စပ်နေသည့် မိသားစု အားလုံးမှာ စိတ်လှုပ်ရှား နေကြ၏။ သို့သော်လည်း ချန်းဖန်၏ ရန်သူများမှာမူ ထိတ်လန့် တုန်လှုပ် နေကြလေသည်။
ဂျပန်၊ အရှေ့တောင် အာရှ၊ ကျားနဂါးတောင်၊ မိုရှန်းဂိုဏ်း၊ အမေရိကန်၊ ဥရောပ ယူနီယံ၊ အီဂျစ်... စသည်ဖြင့် များစွာသော အင်အားစုများမှာ ဆွံ့အ နေကြ၏။ သူတို့သည် ရင်တထိတ်ထိတ်ဖြင့် ချင်းယန် စီရင်စုနှင့် တရုတ်မှ သတင်းများကို ဆက်လက် နားဆွင့် နေကြလေသည်။
သို့သော်လည်း အချို့ အင်အားစုများမှာမူ ကြိတ်ကာ နှာခေါင်းရှုံ့ နေကြ၏။
“ချန်းပေ့ရွှမ်း... ဒီကမ္ဘာက မင်း လုပ်ချင်တိုင်း လုပ်လို့ ရခဲ့တဲ့ ကမ္ဘာ မဟုတ်တော့ဘူး... အခု ဆိုရင် ငါတို့ နောက်ကွယ်မှာ အရမ်းကို အစွမ်းထက်တဲ့သူတွေ ရှိနေပြီ... မင်း ဘယ်လောက် တောင့်ခံနိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့”
ခေတ်သစ်တစ်ခု၏ အစပျိုးမှုနှင့် အတူ ကမ္ဘာကြီးမှာ အကြီးအကျယ် ပြောင်းလဲ နေခဲ့သည်။ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများမှာ ယခင်ကလောက် မခမ်းနားတော့ချေ။ ကမ္ဘာ၏ ထိပ်တန်း ရွှေအမြုတေ အဆင့် တစ်ယောက် ဖြစ်သည့် အဇူရာ နဂါးကဲ့သို့ ပုဂ္ဂိုလ် ပင်လျှင် နေနန်းတော် နာမည်မဲ့ ကျင့်ကြံသူ တစ်ယောက်၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။
ယခုအချိန်၌ အမှောင်မျိုးနွယ်များနှင့် တိုင်ချူ ဘုရားကျောင်း တို့ ကဲ့သို့သော မျိုးနွယ်ခြား ဂိုဏ်းများမှာ ကမ္ဘာ၏ အုပ်စိုးသူများ ဖြစ်နေခဲ့ကြပြီ ဖြစ်သည်။
ထိုအခိုက်၌ ချန်းဖန်သည် ချင်းယန် စီရင်စု အပြင်သို့ ပျံသန်းနေ၏။ သူသည် သေမျိုးဆက်၏ “မြောက်ပိုင်းချုံး နောက်ဆုံးတပည့်” ဟူသော စကားနှင့် ချန်းယောင်ယောင်၏ “အန်တီရှို့” ဆိုသော စကား နှစ်ခုကို ဆက်စပ်ကာ တစ်ခုခုအား သတိထားမိ နေခဲ့ပြီ ဖြစ်လေသည်။
“အားရှို့... တကယ်ပဲ နင်လား...”
“ဝှစ်...”
ချန်းဖန်သည် အလွန်အမင်း လျှင်မြန်လှ၏။ သူသည် မျက်တောင် တစ်ခပ်စွာ အတွင်းမှာပင် ချင်းယန် စီရင်စု အပြင်ရှိ ရေကန် တစ်ခု အထက်သို့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်လေသည်။
ရေကန်သည် ဝိညာဥ်ချီများဖြင့် ပြည့်နှက်နေ၏။ ကျင့်ကြံရန် နေရာကောင်း တစ်ခု ဖြစ်ပေသည်။ ရေကန်၏ ဘေးတွင် လှပသေသပ်သော ဝါးအိမ်ငယ် တစ်ခုကို တွေ့ရသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
မူလ အဆင့် ဒါဇင်ပေါင်းများစွာသည် ဝါးအိမ်ငယ်၏ နံဘေးတွင် ဝန်းရံနေ၏။ ထိုအထဲမှ အချို့မှာ အမှောင် မျိုးနွယ်များ ဖြစ်ကာအချို့မှာမူ လူသားများ ဖြစ်ကြသည်။ သူတို့ကား ဂျပန်၊ မြန်မာနှင့် အမေရိကန်တို့မှ အရှင်သခင်များ ဖြစ်ကြပေသည်။
“ဝှစ်... ဝှစ်... ဝှစ်...”
ထိုလူများသာ် အတူတကွ စုပေါင်း၍ အစီအရင် တစ်ခုကို ခင်းကျင်းကာ နေမီးအား ထုတ်လွှတ်၍ ဝါးအိမ်ငယ် အတွင်းရှိ လူများအား ပြားချပစ်ဟန် ကြိုးစားနေသည်။
တစ်ချိန်တည်း၌ ဆံပင်ဖြူ အဘွားအို တစ်ဦးသည် ဝါးအိမ်ငယ်၏ အရှေ့၌ ရပ်ကာ သူတို့အား တားဆီးနေ၏။ သူမသည် အသက် ၆၀ ခန့် ပိုမို အိုစာနေသည်မှ လွဲ၍ အားရှို့နှင့် ချွပ်စွပ် တူညီပေသည်။
အဘွားအိုသည် လက်ရှိ ရောက်ရှိနေသည့် မူလ အဆင့် တစ်ယောက်ချင်းစီထက် ပို၍ အစွမ်းထက်သည့်တိုင် သူမ၏ စွမ်းအားများမှာ ပိတ်ဆို့ ထားဟန် ရသည်။ သူမသည် ဒဏ်ရာ အပြင်းအထန် ရထားသည့်နှယ် ချောင်း အဆက်မပြတ် ဆိုးနေခဲ့၏။
အကယ်၍ တစ်စုံတစ်ယောက်သာ သူမ၏ ခန္ဓာကိုယ် အတွင်း ဝင်ကြည့်ပါက သွေးရောင် အလင်းလုံး တစ်လုံးကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ထိုအလင်းလုံးသည် သူမ၏ စွမ်းအင် ၈၀ ရာခိုင်နှုန်းကို ပိတ်ဆို့ ထားသည့် အပြင် သူမ၏ အမတေများကိုလည်း အဆက်မပြတ် စုပ်ယူနေသည်။ ထို့ကြောင့်ပင် သူမမှာ အဆများစွာ အိုမင်းနေခြင်း ဖြစ်၏။
မူလအဆင့် ကျင့်ကြံသူများမှာ အဘွားအို ဝိုင်းဝန်း တိုက်ခိုက်ကြရင်း ဖျောင်းဖြ နေကြ၏။
“မိန်းကလေးရှို့... အညံ့ခံလိုက်ပါ... မင်းကို ငါတို့ တွေ့တာ ကြာနေပြီ... မင်းကို မဖမ်းဆီးရသေးတဲ့ အကြောင်းရင်းကလည်း တစ်ခုခုများ တွေ့မလား ထင်မိလို့ပဲ...”
“ဟုတ်တယ် မိန်းကလေးရှို့... နင်က ရွှေအမြုတေ တစ်ပိုင်း အဆင့်ကို ရောက်နေပြီ ဆိုပေမဲ့ ခုချိန်မှာ ဘာမှ မဟုတ်တော့ဘူး... ငါတို့ ဘိုးဘေးက နင့်ခန္ဓာကိုယ်ပေါ်မှာ သွေးအဆိပ် ကျိန်စာကို ခင်းကျင်း ထားတာ... သာမန် ဘေးထွက်ဆိုးကျိုး တစ်ခု ဖြစ်တဲ့ အိုမင်းခြင်းကိုတောင် နင် တားဆီးနိုင်လို့လား... ဘာလို့ ဆက်ပြီး ခုခံနေသေးတာလဲ”
ထိုအဘွားအိုကား အားရှို့ပင် ဖြစ်သည်။ သူမသည် သွေးများကို အန်ထုတ်လိုက်ရသည့်တိုင် အညံ့ခံမည့် လက္ခဏာ မပြချေ။
“မြောက်ပိုင်းချုံးက ဘယ်တော့မှ အညံ့မခံဘူး... တစ်ချိန်ကျရင် ငါ့ဆရာက နင်တို့ကို ပြန်ပြီး လက်စားချေလိမ့်မယ်”
“ဟား ဟား... ချန်းပေ့ရွှမ်းလား... သူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက သေသွားပြီ... ဘာတဲ့ သူက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ အင်အား အကြီးဆုံး ဖြစ်တဲ့ ထျန်းဟောင်ဂြိုဟ်ကိုမှ ရွေးပြီး သွားခဲ့တာလေ... အဲဒီ နေရာမှာ အခြေတည် ဝိညာဥ် အဆင့်တောင် ရာချီ ရှိတယ်... ငါတို့ ဘိုးဘေးတောင် အဲ့ဂြိုဟ်ကို ကြောက်ရတယ်... ချန်းပေ့ရွှမ်းက ရွှေအမြုတေ အဆင့်မှာပဲ ရှိတာ... သူ အဲ့လို နေရာကနေ ပြန်လာနိုင်မယ် ထင်နေလား”
ရွှေရောင် ဝတ်စုံဝတ် သွေးမျိုးဆက် တစ်ယောက်က အော်ဟစ် ရယ်မော လိုက်သည်။
“ငါ့ဆရာ ဘယ်သွားလဲ ဆိုတာ နင်က သိတယ်ပေါ့ ဟုတ်လား...”
အားရှို့မှာ အံ့အားသင့် သွား၏။
“ဒါပေါ့... နင်တို့ ကမ္ဘာပေါ်က လူတွေကတော့ ထျန်းဟောင်ဂြိုဟ် ဆိုတာကို ဘယ်သိမလဲ... ဒါပေမဲ့ ငါ့ဘိုးဘေးကတော့ အဲဒီနေရာ ဘယ်လောက် ကြောက်ဖို့ကောင်းတယ် ဆိုတာ သိထားတယ်... ငါတို့ရဲ့ ကိုယ်ပိုင်ဂြိုဟ်တွေပေါ်က မျိုးနွယ်စုတွေ အားလုံး ပေါင်းလိုက်ရင်တောင် ထျန်းဟောင်ဂြိုဟ်ကို မမှီသေးဘူး... အဲဒါက စွန့်ပစ်နယ်မြေကြီး တစ်ခုလုံးမှာတောင် ထိပ်ဆုံး နေရာမှာ ရှိနေတာ... ကြယ်ပင်လယ်ထဲက နတ်ဘုရား အချို့တောင် သူတို့ကို မပစ်မှားရဲဘူး”
“အဲဒီလို နေရာမျိုးကနေ ချန်းပေ့ရွှမ်း အသက်ရှင်လျှက် ပြန်လာနိုင်မယ် လို့ နင်က ထင်နေတာလား...”
အမှောင် မျိုးနွယ်များနှင့် မျိုးနွယ်ခြားများမှာ လှောင်ပြောင် ရယ်မော လိုက်ကြ၏။
အားရှို့၏ မျက်နှာက ချက်ချင်းပင် ဖြူရော်ကျ သွားသည်။ သူမ၏ မျက်လုံးများမှာလည်း အရောင် မှေးမှိန် သွား၏။
“ဆရာက တကယ်ပဲ ထျန်းဟောင်ဂြိုဟ်ပေါ်မှာ သေသွားပြီလား...”
အားရှို့က မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ခပ်တိုးတိုး ရေရွတ် လိုက်သည်။ ထိုအချိန်မှာပင် ရင်းနီးသော အသံတစ်ခုမှာ သူမ၏ နားစည်သို့ တိုးဝင်လာ၏။
“ငါ သေသွားပြီလို့ ဘယ်သူက ပြောလဲ...”
***