ကလေးမွေးဖွားတဲ့ နာကျင်မှု အဆင့် ၁၀
Vol. 133 Ch. 1987
မကြာမီ အုပ်စုမှာ ဓာတ်ခွဲခန်း ဝင်ပေါက်ဝသို့ ရောက်လာခဲ့ကြသည်။
အမျိုးမျိုးသော စက်ကိရိယာများနှင့် ရှုပ်ထွေးသော ကေဘယ်ကြိုးများ အထဲတွင် ရှိနေပြီး ဆေးရုံရှိ ခွဲစိတ်ခန်းများပင် ယခုနေရာနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက မျက်နှာသိမ်ငယ်သွားရလိမ့်မည်။
စမ်းသပ် ကိရိယာများအားလုံး၏ အလယ်ဗဟိုတွင် အနှိပ်ခံသည့် စက်နှင့် သဏ္ဌာန်တူ ဆိုဖာတစ်ခုရှိနေပြီး ဒါဇင်ချီသည့် ခလုတ်များနှင့် စခရင်အသေးစားလေးများက ထိုင်ခုံရှေ့တွင် ရှိနေသည်။
အမျိုးမျိုးသော ကိန်းဂဏန်းနံပါတ်တို့ကလည်း ၎င်းစခရင်ထက်တွင် ပြေးလွှားနေပြီး အတော်လေး မူးနောက်စရာ ဖြစ်၏။
ဤသည်က မည်သည့် စမ်းသပ်မှုလဲဆိုတာကို မသိလျှင်ပင် ပုံစံကို ကြည့်မြင်ရုံမျှဖြင့် အတော်လေး ကြောက်ဖို့ကောင်းနေပြီး ဖြစ်သည်။
“ ခေါင်းဆောင်လင်း … မင်းတို့ ဘေးမှာ ခဏနားလို့ရတယ်… စက်က နောက်ခဏနေမှ သုံးလို့ရမှာ … မင်းလည်း သွေးပူလေ့ကျင့်ခန်းလေး ဘာလေးလုပ် .. မဟုတ်လည်း စိတ်ကို အကောင်းဆုံး ချိန်ညှိထားပေါ့ …”
“ အိုကေလေ…”
လင်းရီ ခေါင်းညိတ်လိုက်သည်။
လင်းရီနှင့် ကျန်နှစ်ယောက်က ဘေးတွင် သွားရပ်နေလိုက်၏။ သူတို့က ဤဓာတ်ခွဲခန်းရှိ ဝန်ထမ်းများ မဟုတ်သဖြင့် သွားလျှာရှည်နေပြန်လျှင်လည်း ပစ္စည်း ထိခိုက်ရုံသာ ရှိလိမ့်မည်။
စက်အား အဆင်သင့် ဖြစ်ရန် ပြုလုပ်နေစဉ်အတွင်း လူဆယ်ယောက်ကျော်မှာ အခန်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာခဲ့ကြ၏။
သို့သော် ထူးဆန်းသည့် တစ်ချက်ကား ၎င်းတို့အားလုံးက အချိန်တိုင်း လိုလို သူ့ဘက်သို့လှည့်ပြီး ကူကယ်ရာ မဲ့နေကြဟန်ဖြင့် သက်ပြင်းချနေကြခြင်းပင်။
“ ငါတော့ ဒီရဲ့ စမ်းသပ်မှုက နည်းနည်းထူးဆန်းတယ်လို့ ခံစားနေရတယ်… နင့်ကိုယ်နင်သာ သေချာလေး ပြင်ဆင်ထားတော့ …” နင်ချဲ့ လေးနက်တည်ကြည်စွာ ဆိုလာခဲ့သည်။
“ ငါလည်း နည်းနည်း စိတ်လှုပ်ရှားနေတယ်… ကြည့်ရတာတော့ အတော်လေး နာမယ့်ပုံပဲ … မဟုတ်ရင် ခေါင်းဆောင်လီက သတိပေးမှာ မဟုတ်ဘူး …”
“ ဒါပေမယ့် ပြဿနာက အဲ့တာနဲ့ ပတ်သက်ပြီး ငါကိုယ်တိုင်လည်း ဘာမှလုပ်မပေးနိုင်တာပဲ … လုပ်ပေးနိုင်ရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး ….”
“ နင့်စိတ်တွေ တည်ငြိမ်ပြီး သက်တောင့်သက်သာ ဖြစ်သွားအောင် ငါ နှိပ်ပေးရမလား …” နင်ချဲ့ သူ့အားကြည့်ပြီး မေးမြန်းလိုက်သည်။
ထိုအခါ ချိုးယွီလော့မှာ လင်းရီတို့နှစ်ဦးအား မရွှင်ပြသည့် အမူအရာဖြင့် မျက်စောင်းထိုးလာခဲ့၏။
“ နင်တို့နှစ်ယောက် ဒီတစ်မနက်ခင်းလုံး သက်တောင့်သက်သာ ဖြစ်အောင် လုပ်နေခဲ့ကြပြီးပြီ မဟုတ်ဘူးလား … ဘာလို့ အခုထပ်လုပ်ချင်နေကြတာ …”
လင်းရီ “ ….. “
နင်ချဲ့ “ …….. “
“ နင်တို့နှစ်ယောက်ကိုတော့ ငါ တကယ် ဆလံသတယ် သိလား … အသင်း ၈ အရှေ့မှာ ကိုယ့်အရှက်ကိုယ် ခွဲရတယ်လို့ ….”
“ ငါလည်း သူတို့တွေ အဲ့ဒီဥစ္စာ ရှာတွေ့မယ်လို့ ထင်မှ မထင်ထားတာ …….”
“ ဦးနှောက်က သေချာလေး စဉ်းစားပါလား … ဒီလူတွေသာ ဒီလောက်ထိ အရည်အချင်းမရှိရင် ဒီကို ဘယ်လိုလုပ် ရောက်နေပါ့မလဲ …” ချိုးယွီလော့ ပြန်ပက်လိုက်သည်။
လင်းရီနှင့် နင်ချဲ့တို့လည်း သူတို့အမှားမကင်းသဖြင့် ဘာမျှ ပြန်မပြောနိုင်ကြတော့ချေ။
ဘေးတွင်သာ နှုတ်ဆိတ်လျက် ထိုင်နေရင်း ပစ္စည်းများ အဆင်သင့်ဖြစ်မည့် အချိန်ကို စောင့်ဆိုင်းနေကြလေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် လူဆယ်ယောက်ကျော်မှာ ဟိုသွား ဒီလာနှင့် ယောက်ယပ်ခပ်ပြီးသွားကြပြီး ကိရိယာအမျိုးမျိုးနှင့် ဆက်သွယ်ပြီးသွားကြသည်။
လီဟန်က အားကစား ဘောင်းဘီတို တစ်စုံကို လက်ထဲတွင် ကိုင်၍ လင်းရီအနားသို့ ရောက်လာသည်။
“ ခေါင်းဆောင်လင်း … ငါတို့ အခုစလို့ရပြီ .. ဒါပေမယ့် မစခင် စမ်းသပ်လို့ ပိုအဆင်ပြေအောင် ဒီဘောင်းဘီ လဲဝတ်ရမယ်…”
“ အာ … ဘောင်းဘီတိုလဲဖို့ လိုတာလား ….”
“ အင်း …. ဟုတ်တယ်….”
လင်းရီ ထွေထူး ပြောမနေတော့ချေ။ လူနာတစ်ယောက်က လူနာဝတ်စုံ လဲရသည်ဟုပဲ သူ သဘောထားလိုက်၏။
ထို့နောက် လူမမြင်ကွယ်ရာ ထောင့်တစ်ခုသို့ သွား၍ အပေါ်ပိုင်း ဗလာကျင်းလိုက်ပြီး အားကစားဘောင်းဘီတိုကို ဝတ်ဆင်လိုက်သည်။ ပြီးနောက် လီဟန်နှင့် ကျန်သူများရှိရာသို့ ပြန်ရောက်လာကာ စမ်းသပ် စစ်ဆေးမှု ပြုလုပ်ရန် အဆင်သင့် ဖြစ်နေခဲ့လေသည်။
ထိုအချိန်တွင် ဖြူဖွေးသည့် လင်းရီ၏ ခန္ဓာထက်ရှိ များပြားလှသော ပြတ်ရှရာ အမာရွတ်များနှင့် ကျည်ဆံဒဏ်ရာများကို မြင်တော့ အသင်း ၈ ရှိ လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။
သူတို့အားလုံး အခြားသော ကျုံးဝေ့တပ်ဖွဲ့ဝင်များ၏ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးဖူးသည်။ သို့သော် လင်းရီကဲ့သို့ များပြားလှသည့် ဒဏ်ရာများ ပိုင်ဆိုင်ထားသည့် လူကိုတော့ သူတို့တွေ မမြင်ဖူးခဲ့ကြချေ။
သူ့ကိုယ်ပေါ်မှာ ဒီလောက် များပြားတဲ့ ဒဏ်ရာတွေ ရထားရလောက်အောင် ဘာတွေများ ကျော်ဖြတ်ခဲ့ရလို့ပါလိမ့် …..
ဤအရာများက စစ်သားတစ်ဦးအတွက် အမှန်ပင် ဂုဏ်ယူစရာ ကောင်းသည့် ဆုတံဆိပ်များပင်။ ဒဏ်ရာတစ်ခုချင်းစီတိုင်းက သူတို့၏ ရဲစွမ်းသတ္တိ၊ အတွေ့အကြုံနှင့် ပုံပြင်တစ်ပုဒ်ချင်းစီကို ကိုယ်စားပြုနေသည်။
“ လန်လန် … အသင်းခေါင်းဆောင်တွေ အကုန်လုံးက ဒီလိုပဲ ကြောက်ဖို့ကောင်းကြတာလားဟင် ….” ဖန်းကျင်း အသံနိမ့်ပြီး မေးမြန်းလာခဲ့၏။
သူမက ကျုံးဝေ့တပ်ဖွဲ့ရှိ သာမန် ဝန်ထမ်းများနှင့်သာ ထိတွေ့ဆက်ဆံဖူးပြီး ခေါင်းဆောင်ရာထူး အဆင့်ရှိသူများနှင့် မရင်းနှီးချေ။ ထို့ကြောင့် အခြားသော ခေါင်းဆောင်များကလည်း ယခုလို စကေးကြမ်းသည့် လူပုဂ္ဂိုလ်များ ဖြစ်နေမည်လောဟု သူမ သိချင်လာခဲ့မိ၏။
သာမန်ဝန်ထမ်းများကို စမ်းသပ်စစ်ဆေးချိန်တွင် ၎င်းတို့အားလုံး၏ ခန္ဓာကိုယ်၌ အမာရွတ်တချို့ ရှိကြ၏။
အဆိုပါ အမာရွတ်များကို မြင်တိုင်း အင်မတန်ကြွေဆင်းဖို့ကောင်းသည်ဟု ဖန်းကျင်း တွေးထင်မိလေသည်။
ယောက်ျားစင်စစ်တစ်ဦးက ထိုသို့ ဖြစ်နေမှသာ ပိုပြီး ခန့်ညားသည်ဟု သူမ ထင်မိသည်။ ဤသည်က နွှဲ့တိနွှဲ့နှောင်း ရုပ်ချောချောကောင်လေးများထက် အများကြီး ဆွဲဆောင်မှု ရှိလေသည်။
သို့သော် လင်းရီကို မြင်သည့် အချိန်၌ သူမ ထိုသို့ မတွေးမိတော့ချေ။ လင်းရီ၏ အမာရွတ်များက ဆွဲဆောင်နိုင်စွမ်းရှိသည့် ရေချိန်မှတ်ကို ကျော်လွန်၍ ကြောက်ဖို့ကောင်းသည်ဟူသော အဆင့်သို့တိုင် ရောက်ရှိနေချေပြီ။
သူမ၏ စိုးရွံ့မှုက လင်းရီ၏ အမာရွတ်များနှင့် သူ ထမ်းဆောင်ခဲ့ဖူးသည့် မစ်ရှင်တို့မှ မြစ်ဖျားခံလာခဲ့ခြင်းပင်။
“ ငါလည်း သေချာမသိဘူး …”
ရွှီလန်မှာလည်း အနည်းငယ် တုန်လှုပ်နေခဲ့၏။ သူမ၏ အမြင်တွင် လင်းရီကဲ့သို့သော လူပုဂ္ဂိုလ်အား စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရမည်က ဂုဏ်ယူဖွယ်ရာပင်။
“ ခေါင်းဆောင်လီ… ကျုပ်က ထိုင်ခုံမှာပဲ ထိုင်ပေးဖို့ လိုတာလား …”
လင်းရီ၏ မေးခွန်းက အသင်း ၈ ရှိလူတိုင်းကို အသိစိတ် ပြန်ကပ်လာစေသည်။
လီဟန် ခေါင်းညိတ်လိုက်သည်။ “ ဟုတ်တယ်… ဒီတိုင်း ထိုင်လိုက် … စမ်းသပ်မှု စတော့မယ်…”
“ ကောင်းပြီလေ….”
လင်းရီ ထိုင်ခုံပေါ် ထိုင်ချလိုက်ပြီး လီဟန်နှင့် ကျန်သူများက သူ၏ ခန္ဓာကိုယ်သို့ ကြိုးတန်းထားသည့် အဖြူရောင် လေးထောင့်သဏ္ဌာန် အပြားများအား စတင်ကပ်လာခဲ့သည်။
၎င်းတို့အားလုံးက ရာနှင့်ချီပြီး သူ့ခန္ဓာကိုယ်၏ နေရာတစ်လက်မချင်းစီတိုင်းကို တွယ်ကပ်ထားနေသည်။
“ ခေါင်းဆောင်လင်း … စမ်းသပ်မှု စတော့မယ်… မင်း အဆင်သင့်ဖြစ်ပြီလား …” လီဟန် လေးနက်သည့် မျက်နှာထားဖြင့် မေးမြန်းလာခဲ့သည်။
“ ဟစ်….. ဟူး ……”
လင်းရီ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်ပြု၍ “ လုပ်တော့ …”
လီဟန်ခေါင်းညိတ်ပြီး ရွှီဟန်ကို အကြည့်ပို့လိုက်သည်။ တစ်ဖက်သူလည်း ချက်ချင်း နားလည်၍ စမ်းသပ်မှုကို စတင်တော့၏။
ပထမ မိနစ်ပိုင်း၌ လျှပ်စစ်ပမာဏက သေးငယ်ပြီး လင်းရီကလည်း မာရည်ကြောရည်ရှိသဖြင့် သူ့မှာ မည်သည့်ခံစားချက်မျှ ခံစားရခြင်း မရှိပေ။ ထို့ကြောင့် တည်တည်ငြိမ်ငြိမ်သာ ရှိနေသည်။
“ ခေါင်းဆောင်လင်း ဘယ် အဆင့်ထိ တောင့်ခံနိုင်မယ်လို့ မင်းထင်လဲ ….” မျက်မှန် တပ်ဆင်ထားသည့် ပညာရှင်တစ်ဦးက မေးခွန်းထုတ်လိုက်၏။
“ ၉၀ ရာခိုင်နှုန်းလောက်ပေါ့ … အဲ့တာက သူ့အကန့်အသတ်ဖြစ်နိုင်တယ်….”
“ ၉၀ ရာခိုင်နှုန်း …. ၊ အဲ့လောက် မြင့်တယ်ပေါ့ ….”
“ ငါ အစက ခန့်မှန်းထားတာ ၇၀ ရာခိုင်နှုန်းလောက်ပဲ … ဒါပေမယ့် ခေါင်းဆောင်လင်းရဲ့ အမာရွတ်တွေ မြင်ပြီးတော့ သူက တကယ်ကြမ်းမဲ့ လူစားမျိုးဆိုတာ စိတ်က သိလိုက်တယ် … သူသာ အံတင်းတင်းကြိတ်ပြီး တောင့်ခံရင် ၉၀ ရာခိုင်နှုန်းတော့ ရောက်နိုင်တယ်….”
“ ငါ့အမြင်အရတော့ ၉၀ ရာခိုင်နှုန်းက သူ့အကန့်အသတ်ပဲ …”
“ စမ်းသပ်မှု ဖြစ်စဉ်က ၉၀ ရာခိုင်နှုန်းကို ကျော်ရင် ၁၀၀ ရာခိုင်နှုန်းကို တန်းရောက်သွားမှာ … ဘီအဆင့်မှ မဟုတ်ရင် ဒီ အဆင့်ကို ဖြတ်ကျော်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး … စမ်းသပ်ခံက ခေါင်းဆောင်လင်းဖြစ်နေရင်တောင် မရဘူး ….”
“ အမှန်ပဲ … ၉၀ ရာခိုင်နှုန်းနဲ့တင် အတော်လေး အထင်ကြီးဖို့ ကောင်းလှပြီ….”
သူတို့ ပြောဆိုနေစဉ်မှာပဲ စမ်းသပ်မှု ဖြစ်စဉ်က ဆယ်မိနစ်ကို ကျော်လွန်လာခဲ့သည်။
ကနေဦး ခံစားချက် မရှိသည့် ဖြစ်စဉ်မှ ယခုဆို ကိုယ်ပေါ်တွင် ပြေးလွှားနေသည့် လျှပ်စီးလေးများအား လင်းရီစတင် ခံစားမိလာသည်။
“ ခေါင်းဆောင်လင်း … မင်း အခု ဘယ်လိုခံစားနေရလဲ …” လီဟန် မိုက်ခရိုဖုန်းမှတဆင့် မေးမြန်းလာခဲ့၏။
“ အိုကေနေတုန်းပဲ … နောက်ထပ် နည်းနည်း တင်လို့ရတယ်… အခုထိ သက်တောင့်သက်သာ မဖြစ်ဘူးလို့ မခံစားရဘူး …”
“ အိုကေ ….”
လီဟန် ဂရုတစိုက်နှင့် လျှပ်စစ်အားကို ၂၀ ရာခိုင်နှုန်းသို့ တိုးမြင့်လိုက်သည်။
တစ်ချိန်တည်းတွင် လင်းရီ သိသာသည့် ပြောင်းလဲမှုအား ခံစားလိုက်ရ၏။ ယခုဆို နာကျင်မှု အနည်းငယ်ကို စတင်ခံစားနေရချေပြီ။ သို့သော် သူ ခံနိုင်သည့် အတိုင်းအတာအတွင်း၌သာ ရှိသေးသည်။
မိနစ်ဝက်ခန့် ကြာမြင့်ပြီးနောက် လင်းရီ၏ ခန္ဓာကိုယ် အခြေအနေက ကောင်းမွန်စွာ စီမံလည်ပတ်နိုင်စွမ်း ရှိနေသေးသည်ကို မြင်တော့ လီဟန်သည် လျှပ်စစ်အားကို ၃၀ ရာခိုင်နှုန်းသို့ တိုးမြင့်လိုက်သည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် လျှပ်စစ်အားကို ၅၀ ရာခိုင်နှုန်းသို့တိုင် သူ တိုးမြင့်ပြီးနေချေပြီ။
ယခုအချိန်တွင်တော့ လင်းရီ၏ မျက်နှာထက်တွင် နာကျင်သည့် အမူအရာများ စတင် ပြသလာနေတော့သည်။
သို့သော် မျက်မှောင်တင်းတင်း ကြုတ်ထားရုံမျှသာဖြစ်ပြီး အသံတစ်သံ မထွက်ချေ။ ပဲလုံးခန့်ရှိသည့် ချွေးစေးများကတော့ နဖူးမှ စီးကျလာခဲ့ကာ ချက်ချင်းပဲ စုဆောင်းခံလိုက်ရလေသည်။
“ ၅၀ ရာခိုင်နှုန်းပဲ ရှိသေးတာကို လင်းရီကို ဒီလောက်ထိ နာကျင်စေတယ်ပေါ့ …”
ပြောရင်းဖြင့် နင်ချဲ့ မျက်မှောင် တင်းတင်း ကြုတ်သွားခဲ့၏။
သူမအမြင်တွင် လင်းရီက မာရည်ကြောရည်ရှိသည့် လူစားမျိုးပင်။ သူသာ တောင့်ခံနိုင်သည်ဆိုပါက ယခုလို အမူအရာမျိုး ပြသလာမှာ မဟုတ်ပေ။
“ လျှပ်စစ်အားက ၅၀ ရာခိုင်နှုန်းဆိုပေမယ့် နာကျင်မှုက ကလေးမွေးတဲ့ နာကျင်မှု အဆင့် ၁၀ လောက်ရှိတယ်… “ လီဟန် လေးစားသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ဒီအဆင့်ကို အသံတစ်သံ မထွက်ပဲ တောင့်ခံနေနိုင်တာကတင် အတော်လေး အံ့ဖွယ်ဖြစ်နေပြီ …”
( T/N - ဒီစမ်းသပ်မှုကို ကျနော်နားလည်သလောက် ပြောရမယ်ဆိုရင် လျှပ်စစ်အားနဲ့ နာကျင်မှု ခံနိုင်စွမ်းကို တိုင်းတာခြင်းပဲ။ လူရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်စွမ်းကို တစ်ပြိုင်တည်း စမ်းသပ်တာပေါ့။ အပြင်လောကမှာ ဒီလိုစမ်းသပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အထူးသဖြင့် စစ်သားတွေအတွက် နာကျင်မှုတွေ ကြားမှာ သူတို့ရဲ့ တာဝန်ကို ဆက်ပြီး လုပ်ဆောင်နိုင်ဖို့ကို ရည်ရွယ်တယ်။ ဥပမာ ခြေထောက်အကြီးစား ဒဏ်ရာရထားတာ၊ ဒါမှမဟုတ် ကျည်ဆံ ထိမှန်ခံထားရတာ၊ အဲ့လိုအချိန်မျိုးမှာ မခံမရပ်နိုင်တဲ့ နာကျင်မှုကို ခံစားလာရပြီဆိုရင် နာကျင်မှုကို တောင့်ခံ၊ အသိစိတ်ကို အတတ်နိုင်ဆုံးထိန်းထားပြီး မစ်ရှင်ကို ဆက်လုပ်မလား ၊ ဒါမှမဟုတ်လည်း လက်လျှော့ပြီး ထွက်ပြေးမလားပေါ့။ )