← Chapters

အဆုံးမရှိတဲ့ စမ်းသပ်မှုများ

Vol. 133 Ch. 1985

အဆုံးမရှိတဲ့ စမ်းသပ်မှုများ

Vol. 133 Ch. 1985

လျိုဟုန်၏ စကားကို ကြားတော့ သုံးဦးလုံး ခေတ္တ တိတ်ဆိတ်သွားခဲ့ကြသည်။

သူတို့အားလုံး ယခင်ကကဲ့သို့ အကြမ်းနည်းဖြင့် ပြဿနာများကို ဖြေရှင်း၍ မရတော့ချေ။ သူတို့ဘက်က နိုင်ငံ၏ အာဏာကို မှီခို၍ အဆိုပါ ပြဿနာများအား ဖြေရှင်းလျှင်ပင် ကန့်သတ်ချုပ်ချယ်မှုတချို့နှင့် ကြုံတွေ့ရမည် ဖြစ်၏။ ထို့ကြောင့် သူတို့ဘက်က တခြား ဖြေရှင်းနည်းလမ်းကို စဉ်းစားဖို့ လိုအပ်သည်။

ထို့နောက် လင်းရီသည် ဟောင်ကောင်၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များအား လျိုဟုန်ထံသို့ တင်ပြလိုက်သည်။

အထူးသဖြင့် အီဗန်အကြောင်းကို အသားပေးပြီး ပြောကြားခဲ့၏။

လျိုဟုန်နှင့် ချိုးယွီလော့တို့လည်း အလားတူ တွေးတောမိနေကြသည်။ အဆိုပါ လူမည်း အမျိုးသားက ဟုန်မန်နောက်ကွယ်တွင်ရှိ ဆန်းကြယ်သည့် အဖွဲ့အစည်းကြီး၏ အဖွဲ့ဝင် ဖြစ်နိုင်သည်ဟု ယုံကြည်နေကြလေသည်။

သို့ပေမယ့် သူ့ကြည့်ရသည်မှာ ဤအရာများအား ကိုင်တွယ်ဖို့ကို အလျင်လိုသည့်ဟန်တော့ မပြပေ။ ပါတီနှစ်ခုကြား အထိကရုဏ်းဖြစ်ရခြင်း အဓိက အကြောင်းရင်းက စီအဆင့် သွေးရည်ကြည်ကြောင့် ဖြစ်ပြီး လင်းရီနှင့် ဟုန်မန်ဂိုဏ်းတို့ အချေအတင် ဖြစ်ရသည်က သူတို့တွေ ကျီချင်းရန်ကို ပြန်ပေးဆွဲ ဖမ်းဆီးခဲ့ကြသောကြောင့်ပင်။

အကယ်၍ သူတို့ ဖမ်းဆီးခဲ့သည့် လူသည်သာ ကျီချင်းရန် မဟုတ်ပါက ယခုလောက်လည်း ပြဿနာများလာမှာ မဟုတ်ချေ။ ကိစ္စရပ်များကို နီးနီးကပ်ကပ်လေ့လာကြည့်မည် ဆိုပါက ကျုံးဝေ့တပ်ဖွဲ့သည် ပင့်ကူအိမ်ကဲ့သို့ ရှုပ်ထွေးသည့် ကွန်ယက်အတွင်းမှ ဖြည်းဖြည်းချင်း ရှောင်ခွာလာနေသည်။

ထို့ကြောင့် ယခု သူတို့နှင့် ပြဿနာတက်စရာ အကြောင်းမရှိတော့ချေ။

“ ကောင်းပြီလေ… လောလောဆယ်တော့ ဒီလောက်ပဲ …. သုတေသနစင်တာကို အရင်သွားလိုက်ဦး … အဲ့မှာ မင်းလာမှာကို စောင့်နေကြတယ်…” လျိုဟုန် ပြောဆိုလိုက်သည်။

“ နားလည်ပြီ …”

သုံးယောက်လုံး တစ်ချိန်တည်း မတ်တပ်ရပ်၍ လျိုဟုန်၏ ရုံးခန်းထဲက ထွက်လာခဲ့ကြသည်။ ချိုးယွီလော့နှင့် နင်ချဲ့လည်း စမ်းသပ်မှုက မည်သို့ပုံစံဖြစ်မလဲဆိုတာကို အတူကြည့်ရှုရန် လိုက်ပါလာခဲ့ကြ၏။

………..

ကျုံးဝေ့တပ်ဖွဲ့ အခြေစိုက်စခန်းရှိ သုတေသန စင်တာက အမြင်အားဖြင့် ခမ်းနားနေခြင်း မရှိသော်လည်းပဲ အတွင်းဘက်ထဲရှိ ပစ္စည်းကိရိယာတို့ကတော့ အတော်လေး မဆိုးလှချေ။

လင်းရီနှင့် လျိုဟုန်တို့ ပြောရင်း ဆိုရင်း စကားဆက်မိသဖြင့် ထိုအကြောင်း ဆွေးနွေးမိကြရာ အထဲရှိ ပစ္စည်းကိရိယာတို့၏ တန်ဖိုးက ယွမ် တစ်ဘီလီယမ် ကျော်ရှိသည်ဆိုပင်။ ထို့ပြင် ၎င်းအစိတ်အပိုင်းများကိုလည်း ဆက်တိုက်ဆိုသလို အဆင့်မြင့်တင်နေလျက် ရှိသေးသည်။

အချို့သော အကြီးစား စက်ကိရိယာများက တစ်နှစ်လျှင် တစ်လုံးသာလျှင် ထုတ်လုပ်နိုင်သည်။ ယင်းစက်ကိရိယာများက ကိုယ်တိုင် စိတ်တိုင်းကျ ထုတ်လုပ်သည့် စက်များ ဖြစ်၏။

အခြား ကိရိယာများ၏ မော်ဒယ်လ်များလည်း ဈေးကွက်ထဲတွင် ဗားရှင်းအသစ် ပေါ်လာသည်နှင့် ပိုပြီး သစ်လွင်သည့် ဗားရှင်းကို ချက်ချင်း အစားထိုးကြသည်။ ရန်ပုံငွေအင်အား အတော်လေးကောင်းသည့် အဖွဲ့အစည်းတစ်ခုဟု ဆိုရပေမည်။

စင်တာကလည်း တိလိယာ့ကျွန်းပေါ်ရှိ ဘက်စ်သတ္တုနှင့် အခြားသော ပစ္စည်းများအကြောင်း သုတေသန ပြုလုပ်သဖြင့် ဖြုန်းတီးရာတော့ မရောက်ပေ။ သူတို့သာ ဤအပိုင်းကို အရေးမစိုက်ဘဲ နေလိုက်မည်ဆိုပါက ကမ္ဘာကြီး၏ နောက်တွင် ကျန်ရစ်နေခဲ့ပေလိမ့်မည်။

ထို့ကြောင့် သက်ဆိုင်ရာ စမ်းသပ်သည့် ကိရိယာများအားလုံးက တိကျမှုနှုန်း မြင့်မားသည့် စက်ကိရိယာများ ဖြစ်ကြ၏။

စင်တာ၏ တတိယထပ်ကို သုတေသန ပညာရှင်များ စားသောက်ရင်း စမ်းသပ်သည့် ကိစ္စများ ဆွေးနွေးနိုင်ရန် စီစဉ်ပေးထားလေသည်။

ခေါင်းဆောင်က ဆံပင်ဘေးခွဲနှင့် အသက်ငါးဆယ်အရွယ် သက်လတ်ပိုင်း လူကြီး တစ်ဦးဖြစ်ပြီး မျက်မှန်နှင့် အဖြူရောင်ကုတ်ကို ဝတ်ဆင်ထားသည်။ သူက မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လုပ်ဖော်ကိုင်ဘက်များနှင့် တစ်စုံတစ်ရာအား ဆွေးနွေးနေသည်။

ထိုလူ၏ နာမည်က လီဟန်ဖြစ်ပြီး ဓာတ်ခွဲခန်း၏ ခေါင်းဆောင်ဖြစ်သကဲ့သို့ အသင်း ၈ ၏ ခေါင်းဆောင်လည်း ဖြစ်သည်။

သူတို့က ကျုံးဝေ့တပ်ဖွဲ့၏ ကိုယ်ကာယ ကြံ့ခိုင်မှု စမ်းသပ်ရေးနှင့် တိုက်ခိုက်နိုင်စွမ်း အကန့်အသတ်ကို သုတေသန ပြုရန် တာဝန်ယူထားခြင်းပင်။

တစ်နည်းဆိုရသော် သူတို့ အုပ်စု သုတေသန ပြုလုပ်သည့် အရာဝတ္ထုများက လူသားများဖြစ်ပြီး ယခုတစ်ကြိမ်တွင် စမ်းသပ်ပြုလုပ်မည့် စမ်းသပ်ခံကတော့ လင်းရီဖြစ်လေသည်။

လီဟန်၏ ဘေးတွင် အသက် သုံးဆယ် အရွယ်ရှိမည့် အမျိုးသမီး တစ်ဦး ထိုင်နေပြီး ရှည်လျားသည့် ဆံပင်အား မြင်းမြီးသဏ္ဌာန် ချည်နှောင်ထားသည်။ သူမ၏ သွင်ပြင်က သပ်ရပ်ကျော့မော့နေသည်။

စားသောက်နေစဉ် အမျိုးသမီးက အချိန်ကို အဆက်မပြတ် စစ်ဆေးနေခဲ့ပြီး တချို့သော စမ်းသပ်မှုများ၏ ရလဒ်ကို စောင့်ဆိုင်းနေဟန်ပင်။

အဆိုပါ အမျိုးသမီး၏ နာမည်က ရွှီလန် ဖြစ်ပြီး အသင်း ၈၏ သုတေသန အသင်းဝင် တစ်ဦးပင်။

သူမ၏ ပညာရေးနောက်ခံကြောင့် အသင်းထဲတွင် တန်ဖိုးထားခြင်း ခံရပြီး သူမ၏ အလုပ်ပေါ် ထားရှိသည့် လေးစားမှုနှင့် လေးနက်မှုတို့ကြောင့်လည်း သူမ၏ ဂုဏ်သတင်းက အုပ်စုအတွင်း အတော်လေး ကောင်းမွန်သည်။

“ လန်လန် … ခဏနေကျရင် အသင်း ၁ ရဲ့ ခေါင်းဆောင်က စစ်ဆေးခံဖို့ လာမယ် ကြားတယ် နင်ရော ကြားမိသေးလား …”

လူယောင်မပြမီ အသံတစ်ခုက အရင်ဆုံး ထွက်လာခဲ့သည်။

ဖြူဖွေးသည့် အသားအရေ ၊ ဆံပင်ဂုတ်ဝဲ၊ အနည်းငယ် ဝိုင်းကစ်သည့် မျက်နှာသဏ္ဌာန်နှင့် မျက်မှန် တပ်ဆင်ထားသည့် ကောင်မလေး တစ်ဦးက အပြင်ဘက်ကနေ ဝင်ရောက်လာခဲ့ပြီး သူမလက်ထဲတွင် စားသောက်စရာ ဗန်းကို ကိုင်ထားကာ ရွှီလန်နံဘေးတွင် ဝင်ထိုင်ချလိုက်၏။

“ ငါ ကြားမိတယ်… ဘာလို့လဲ …” ရွှီလန် သူမ၏ အလုပ်ကို အောက်ချ၍ ပြောလိုက်သည်။

အမျိုးသမီး၏ နာမည်က ဖန်းကျင်းဖြစ်ပြီး ရွှီလန်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ သူမတို့နှစ်ဦးက ကျုံးဝေ့တပ်ဖွဲ့ထဲသို့ တစ်ချိန်တည်းနီးပါး ဝင်ရောက်လာခဲ့ကြသူများပင်။

“ နင် ဘာလို့ ဒီလိုမျိုး နေနိုင်ရတာလဲ ….”

ရွှီလန် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။ “ ဒီလို မနေလို့ ဘယ်လိုနေရမှာ .. ဒါက ဒီတိုင်း စစ်ဆေးဖို့ပဲ မဟုတ်ဘူးလား …”

“ နင် မသိဘူးပေါ့ … အသင်း ၁ ရဲ့ ခေါင်းဆောင်က အရမ်းခန့်တာ … ငယ်ရွယ်နုပျိုရုံတင်မကဘူး အဆင်းရော အချင်းရော ရှိတယ်… ငါ အရင်က အဝေးကနေ တစ်ခါလှမ်းမြင်လိုက်တာ သူ့ရဲ့ ခန့်ညားချောမောမှုတွေအောက်မှာ လူကို မူးမေ့မတတ်ဘဲ … “

ဖန့်ကျင်း စိတ်လှုပ်ရှားကြီးစွာဖြင့် ပြောဆိုလိုက်သည်။

ရွှီလန်မှာမူ ဖန့်ကျင်းအား ဆွံ့အစွာ ကြည့်လိုက်မိ၏။ “ နင်က အိမ်ထောင်ကျပြီးသားလေ … နင် အဲ့လိုဟာတွေ လိုက်ပြီး အာရုံစိုက်နေတာတွေ ရှောင်သင့်တယ်….”

“ လက်ထပ်ပြီးတော့‌ကော ဘာအရေးလဲ … လက်ထပ်လိုက်တာနဲ့ပဲ အချောလေးတွေကို မငမ်းရတော့ဘူးလား ….” ဖန့်ကျင်း ပြောလိုက်ပြီး “ ဒါက အလွန်ဆုံး စိတ်ကူးနဲ့ ဖောက်ပြန်တာလောက်ရှိတာ ကိုယ်ထိလက်ရောက် မဟုတ်ရင် ပြီးတာပဲ မလား …”

“ အဲ့လောက်ကြီးထိလည်း စိတ်လှုပ်ရှားစရာ မလိုပါဘူး … တည်တည်ငြိမ်ငြိမ်နေ … ကိုယ့်အဆင့်ကိုယ် သတိရ …."

“ ငါတော့ ဂရုမစိုက်ဘူး … ငါက ဒီတိုင်း သူ့ရဲ့ ချောမောမှုတွေကို အမွှမ်းတင်နေရုံပဲ … ဒါပေမယ့် နင်ကတော့ မတူဘူး … နင်က စင်ဂယ် … လှလည်းလှတယ်… ကိုယ်လုံးကိုယ်ပေါက်လည်း ရှိတယ်ဆိုတော့ နင်စဉ်းစားကြည့်ကြည့်ပါလား ….”

“ မေ့လိုက်တော့ … သူ့လိုလူစားမျိုးက ငါနဲ့ မသင့်တော်ပါဘူးဟာ ….” ရွှီလန် ပြောလိုက်သည်။

“ နင် သူ့ကို မမြင်ဖူးသေးလို့ ဒီစကားမျိုးတွေ ပြောနေတာပါ … နင် မြင်တဲ့ အခါကျရင် နားလည်သွားလိမ့်မယ်… သူ့ရဲ့ ရုပ်ရည်နဲ့ ကိုယ်ဟန်အမူအရာက လုံးဝ နတ်ဘုရားပဲနော်… ငါတော့ သူ့ထက် ချောတဲ့လူကို မမြင်ဖူးသေးဘူး …”

“ ဖန်းဖန်း … မင်း စကားကို ဆင်ခြင်ပြီးပြောဦး … မင်းတို့ အားလုံးမှာ စစ်တပ်အဆင့်ကိုယ်စီ ရှိတယ်… ကိုယ့်ပြောတဲ့ စကားကို သေချာ စဉ်းစားပြီးမှပြော …” လီဟန် ပြောဆိုလိုက်သည်။

“ ဟုတ်ကဲ့ …”

“ ဒါပေမယ့် ပြောခါမှ ငါလည်း ခေါင်းဆောင်လင်းကို အကြိမ်နည်းနည်းတော့ တွေ့ဖူးတယ်… သူ့ရဲ့ သွင်ပန်းသဏ္ဌာန်က တကယ်ကို ခန့်တာ … ဖန်းဖန်း ကြွားပြောနေတာမဟုတ်ဘူး … ဖြစ်ချင်တော့ လန်လန် … မင်းလည်း အခုထိ စင်ဂယ်ဖြစ်နေတာ မဟုတ်ဘူးလား … မဟုတ်လည်း မင်း စဉ်းစားကြည့်ကြည့်ပေါ့….”

“ အစ်ကိုလီကရော ဘာလို့ ဒီကိစ္စထဲ ဝင်ပါလာရတာလဲ …” ရွှီလန်မှာ ကူကယ်ရာမဲ့နေမိသည်။

“ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ အကုန်လုံးက ငါ့လက်အောက်ငယ်သားတွေပဲလေ… ကိုယ့်ရဲ့ လုပ်ဖောက်ကိုင်ဖက်တွေကို ဂရုစိုက်ပေးသင့်တာ ပုံမှန်ပဲ မဟုတ်ဘူးလား …”

“ ဟုတ်တယ် ဟုတ်တယ်… အစ်ကိုလီ ပြောတာ မှန်တယ်… အသင်းခေါင်းဆောင်လင်းက ထူးချွန်ပြောင်မြောက်တဲ့လူ … နင်တို့နှစ်ယောက်သာ အတူတွဲဖြစ်သွားကြမယ်ဆိုရင် အကျိုးကျေးဇူးတွေလည်း အများကြီး ရမယ် ….”

“ ဒီတိုင်း ငါအရင်က တစ်ခါမှ မစဉ်းစားဖူးလို့ … နောက်မှပဲ စဉ်းစားတော့မယ်…”

ရွှီလန် သူတို့စကားလုံးများကို စိတ်ထဲ ထားမနေခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် လီဟန်နှင့် ဖန်းကျင်းတို့က စကားကို တစ်စိတ်တစ်အိတ်လုပ်တတ်ကြပြီး အသင်းခေါင်းဆောင်လင်းက ပြောင်မြှောက်သည့် လူငယ်ဆိုသည်မှာ မှန်သည်။ သို့သော် သူတို့ ပြောနေသလောက်တော့ ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။

“ အစ်ကိုလီ… ရှင် အစီအစဉ်တွေ ဆွဲထားပြီးပြီလား …” ရွှီလန် ခေါင်းစဉ်ပြောင်းလိုက်ပြီး လင်းရီအကြောင်းကို ဆက်မပြောချင်တော့ပေ။

“ အင်း … ပြီးပြီ … ငါတို့ လျှပ်စစ်နဲ့ နာကျင်မှု ခံနိုင်စွမ်းကို စစ်ဆေးဖို့ ပြင်ဆင်ထားတယ်… အဲ့တာက အကျိုးသက်ရောက်မှု အရှိဆုံး နည်းလမ်းပဲ … ရလဒ်တွေကလည်း အမှန်ကန်ဆုံးပဲ …”

ဤအပိုင်းတွင် ရွှီလန် စိတ်မဝင်စားတာကို မြင်တော့ လီဟန်လည်း ဆက်မဆိုတော့ဘဲ ထိုအစား ခေါင်းစဉ်ပြောင်း၍ သူမနှင့် အလုပ်အကြောင်း ဆွေးနွေးလိုက်သည်။

“ ဒါက ကောင်းတဲ့ အကြံဉာဏ်တော့ မဖြစ်နိုင်ဘူးနော်…” ရွှီလန် ပြောဆိုလိုက်ပြီး “ ကျွန်မတို့ ဒီစမ်းသပ်မှုကို တိရစ္ဆာန်တွေနဲ့ပဲ လုပ်ရသေးတာ … လူသားတွေရဲ့ တောင့်ခံနိုင်စွမ်းနဲ့က …. သူတို့ ဖြစ်နိုင်မယ်လို့ မထင်ဘူး ….”

“ ငါလည်း ဘယ်လုပ်ချင်မှာ … ဒါပေမယ့် ရွေးချယ်စရာ မရှိဘူး … ဆေးအပေါ် သုတေသန ပြုလုပ်ဖို့က အရေးကြီးဆုံပဲ … ငါတို့ ကပြက်ကချော်တွေ လုပ်မိလို့ မဖြစ်ဘူး … ဒီတော့ ဒီနည်းလမ်းနဲ့ စမ်းသပ်ကြည့်ဖို့ပဲ တတ်နိုင်တယ်….”

“ ဒါပေမယ့် ပြဿနာက သူ တောင့်ခံနိုင်ပါ့မလား ဆိုတာပဲ … သူသာ တစ်ဝက်တစ်ပျက်နဲ့ သတိလစ်သွားခဲ့ရင် စမ်းသပ်မှု ရလဒ်လည်း အလကားပဲ ဖြစ်သွားတော့မှာ ….”

“ ကျုံးဝေ့တပ်ဖွဲ့ဝင်တွေရဲ့ ခံနိုင်ရည်အားနဲ့ဆိုရင်တော့ သူ အဆင်ပြေလောက်မှာပါ …” လီဟန် ပြောဆိုလိုက်ပြီး “ ဒါပေမယ့် အခြေအနေပေါ်လည်း မူတည်တာပေါ့ … တကယ်လို့ ခေါင်းဆောင်လင်းက တောင့်မခံနိုင်တော့ဘူးဆိုရင် စမ်းသပ်နေတာကို ဒီတိုင်း ရပ်တန့်လိုက်မယ်… ငါ ဒါတွေ အားလုံးကို သူ့ဆီ ကြိုရှင်းပြထားလိုက်မယ်…”

All Chapters