သတိချပ်ရမယ်
Vol. 133 Ch. 1984
လင်းရီ အိပ်ရာထဲက ထွက်၍ ရေချိုးခန်းထဲသွားကာ အလေးချိန် တချို့လျှော့ပြီး ဆီးနမူနာကို နင်ချဲ့ထံ ကမ်းပေးလိုက်သည်။
“ မစ်ရှင် ပြီးပြီ .. “ နင်ချဲ့ ပြောလိုက်ပြီး “ ငါနဲ့ စခန်းလိုက်ခဲ့ … နင် ပူးပေါင်းပေးဖို့ လိုအပ်တဲ့ တခြားအရာတွေ ရှိသေးတယ်…”
“ အင်း သွားစို့ … ငါလည်း ဗိုက်နည်းနည်းဆာနေပြီ …”
“ ဒီအခွင့်အရေးကို အသုံးချပြီး နင့်ကိုယ်နင် အားပြန်ဖြည့်လိုက်ပေါ့ …” နင်ချဲ့ ပြောလိုက်ပြီး “ ဟိုတယ်က ဂုံးခရုတွေက အတော်လေး ကောင်းတာနော်… ငါ နင့်ဖို့ မှာပေးမယ်…”
“ နေ့လည်ကြီး အဲ့တာ စားမလို့လားဟ …”
“ အင်အားဖြည့်တင်းတဲ့အရာ စားတာ အချိန်လိုအပ်လို့လား …” နင်ချဲ့ လင်းရီအား စူးစိုက်ကြည့်လိုက်ပြီး “ ဒီနေ့ကစပြီး နင် စားလိုက်တဲ့ ဂုံးခရုတိုင်း အလဟဿ မဖြစ်ရအောင် ငါ တာ၀န်ယူပေးမယ် …”
“ သေစမ်း …"
“ လိမ္မာစမ်းပါ မောင်လေးရယ် … နင်သာ လိမ္မာရင် မမရဲ့ အရာရာတိုင်းက နင့်အတွက်ချည်းပဲ …”
လင်းရီ “ ….. “
ဤလောကကြီးထဲ၌ လင်းရီကို ဆွံ့အသွားအောင် ပြုလုပ်နိုင်သူကား များများစားစား သိပ်မရှိချေ။
နင်ချဲ့က သူတို့အနက် တစ်ဦး ဖြစ်၏။
အဝတ်အစားလဲပြီးနောက် နှစ်ယောက်သား စားသောက်သည့် ဧရိယာသို့ ရောက်လာခဲ့ကြသည်။
နင်ချဲ့က ဂုံးခရုတော်တော်များများ မှာလိုက်၏။ များလွန်း၍ ဝိတ်တာပင် သူတို့နှစ်ယောက်အား ထူးထူးဆန်းဆန်းကြည့်ရှုလာသည်။
စားသောက်နေစဉ် ချင်းဟန်ထံက ဖုန်းဝင်လာခဲ့သည်။
ထွေထူးတော့မဟုတ်ပေ။ လင်းရီ အဆင်ပြေပြီး လုံခြုံမှု ရှိမရှိ မေးမြန်းလာခြင်း ဖြစ်၏။
လင်းရီ အန္တရာယ်ကင်းကင်းနှင့် ပြန်ရောက်လာသည်ကို ကြားသိလိုက်ရတော့ ချင်းဟန်လည်း သူ့အား သတိပေးစကား တချို့ဆိုကာ ဖုန်းပြချသွားခဲ့သည်။
နေ့လည်စာ စားပြီးနောက် နှစ်ယောက်မှာ ကျုံးဝေ့တပ်ဖွဲ့ထံ မောင်းထွက်လာခဲ့ကြသည်။
ကလင် ကလင် ကလင် …
လမ်းတွင် ယွီစီယင်ထံက ဖုန်းဝင်လာပြန်သည်။
“ ခေါင်းဆောင် … အခု အခမ်းအနား ပြီးသွားပြီ … ကျွန်မပြောတဲ့ လူမည်းကြီးက လီကျန်းချွမ်ကို အများကြီးပဲ အမိန့်ပေးခဲ့တယ်… သူ့အထောက်အထားက အတော်လေး ထူးခြားတယ်နဲ့တူတယ်… ကျွန်မတို့ သူ့အကြောင်း သေချာလေး စုံစမ်းကြည့်သင့်တယ်…” ယွီစီယင် ပြောလိုက်ပြီး “ စုံစမ်းလို့ရအောင် ဓာတ်ပုံတစ်ချို့ ရိုက်ထားတယ်.. ပြန်ရောက်တာနဲ့ စပြီး စုံစမ်းလို့ရပြီ ..”
“ မင်းအခု ဘယ်မှာလဲ …” လင်းရီ အသံကို နိမ့်ပြီး မေးလိုက်၏။
“ အခမ်းအနား ပြီးတော့ အဲ့ဒီလူနဲ့ လီကျန်းချွမ်တို့နှစ်ယောက် တစ်နေရာကို အတူထွက်သွားခဲ့ကြတယ်… ကျွန်မနဲ့ ချောင်ယွဲ့ အခု သူတို့ကို နောက်ယောင်ခံ လိုက်နေတာ …”
“ မလိုက်နဲ့တော့ … အန္တရာယ်များတယ်.. ပြန်လာခဲ့တော့ ….”
“ ဒါပေမယ့် ဒါက အခွင့်အရေးကောင်းကြီးနော်.. တကယ်လို့ . . . . . .”
“ ဘာ တကယ်လို့မှ မရှိဘူး … ပြန်လာခဲ့ … ဒါပဲ …” လင်းရီ ဆက်ပြီး ဆွေးနွေးခွင့် မပေးချေ။ “ အိုး ဒါနဲ့ ရိုက်ထားတယ်ဆိုတဲ့ ပုံတွေ ငါ့ဆီ ပို့ပေးလိုက်ဦး …”
“ နားလည်ပါပြီ ခေါင်းဆောင် ….”
ဖုန်းချပြီးနောက် မကြာမီ ယွီစီယင်ထံက ဓာတ်ပုံများကို လင်းရီ ရရှိလိုက်သည်။
စုစုပေါင်း သုံးပုံ ရှိပြီး မည်သည့်ပုံကမျှ ကြည်လင်ပြတ်သားနေခြင်းတော့ မရှိ။ နှစ်ပုံက ဘေးတိုက် အနေအထားနှင့် ဖြစ်ပြီး တစ်ပုံက ကိုယ်တစ်ဝိုက်ပုံပင်။
ဓာတ်ပုံများအား အလျင်စလိုနှင့် ရိုက်ခဲ့ရသည်ကို မြင်သာနိုင်သည်။
“ နင် ဘာတွေ ကြည့်နေတာလဲ …” နင်ချဲ့ မောင်းနေရင်း မေးမြန်းလိုက်သည်။
လင်းရီ ဖုန်းကို နင်ချဲ့ရှေ့ ဝှေ့ရမ်းပြလိုက်၏။
“ ငါ ပြန်လာတော့ စီယင်နဲ့ ချောင်ယွဲ့ကို ဟိုမှာ ချန်ထားခဲ့တယ်လေ… အခု သူတို့ သတင်းအသစ်တွေ တွေ့ထားပြီ …”
“ အသစ်တွေ … နင်ပြောတာ ဒီလူမည်းကြီးကိုလား ….”
နင်ချဲ့ လင်းရီ၏ ဖုန်းကို ယူပြီး ကားကို အရှိန်လျော့လိုက်ကာ ပုံကို ဂရုတစိုက်နှင့် ခေတ္တကြည့်ရှုလိုက်၏။
“ အတော် မည်း(မဲ)တယ်နော် …”
“ မင်းနှယ် … အခုက အဲ့တာတွေ ဂရုစိုက်နေရမယ့် အချိန်လား….” လင်းရီ စောဒက တက်လိုက်မိသည်။
“ ဒီလူက ဘာတွေများ ထူးခြားနေလို့ …”
နောက်ထပ် မိနစ် အနည်းငယ်ကြာသည်အထိ လင်းရီသည် ယွီစီယင် သုံးသပ်ပြသည်များအား နင်ချဲ့ထံသို့ ရှင်းပြလိုက်သည်။
“ နင် ပြောတဲ့အတိုင်းဆိုရင် ဒီလူက နည်းနည်းတော့ သံသယဝင်ဖို့ ကောင်းတယ်....” နင်ချဲ့ ပြောဆိုလိုက်ပြီး “ သတင်းအတွေအတိုင်းဆိုရင် ဟုန်မန်ဂိုဏ်းက ဟောင်ကောင်မှာ အကြီးဆုံးဂိုဏ်းပဲ … အဲ့ဒီက အုပ်ချုပ်သူတောင် ဖန်းတောက်ဇူနဲ့ တွေ့ရင် ပျူငှာရတယ်… ဒီရဲ့ လီကျန်းချွမ်ဆိုတာ ဟုန်မန်ဂိုဏ်းရဲ့ လာမယ့် ခေါင်းဆောင် အသစ် … ဟောင်ကောင်မှာ သူ့လိုလူစားမျိုးကို ဘယ်သူကမှ ဒီလို ဆက်ဆံဝံ့မှာ မဟုတ်ဘူး …”
“ အင်း … ဆက်ပြောပါဦး …”
“ ငါ့အထင်တော့ သူတို့ကြားမှာ ရာထူးဝါစဉ် ပတ်သက်ဆက်နွယ်မှု တစ်ခု ရှိရမယ်…”
“ အနှစ်ချုပ်ပြီး ပြောရရင် ဒီရဲ့ လူမည်းက ဆန်းကြယ်တဲ့ အဖွဲ့အစည်းကြီးရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်နိုင်တယ်… ပြီးတော့ သူ့ရဲ့ အဆင့်အတန်းက လုံးဝ မနိမ့်လောက်ဘူး … သူ့မှာ လီကျန်းချွမ်က ဟုန်မန်ဂိုဏ်းရဲ့ ခေါင်းဆောင်သစ် ဖြစ်လာနိုင်မှာလားဆိုတဲ့ အချက်ကို အဆုံးဖြတ်ပေးရလောက်တဲ့အထိ အာဏာ ရှိနေလောက်တယ်….”
“ ငါထင်ထားတာနဲ့တော့ တော်တော်လေး ကိုက်ညီပါတယ်…”
နင်ချဲ့ လင်းရီကို လှည့်ကြည့်လိုက်ပြီး “ ဒါပေမယ့် နင့်ကြည့်ရတာ သိပ်ပြီး စိတ်ဝင်စားတဲ့ပုံလည်း မပေါ်ပါဘူး … အဲ့လူက အခု ဟောင်ကောင်မှာ ရှိနေတာကို နင်က သူတို့နောက်ကို မလိုက်ချင်ဘူးလား …”
“ ငါတော့ ငါတို့တွေ ဟောင်ကောင်ကိစ္စကို လုံလုံလောက်လောက် ကိုင်တွယ်ခဲ့ပြီးပြီလို့ ထင်တယ်…” လင်းရီ ပြောဆိုလိုက်ပြီး “ တကယ်လို့ ငါတို့ထင်တာ မှန်မယ်ဆိုရင် သူ့ရဲ့ အဆင့်က လုံးဝ မနိမ့်နိုင်ဘူး … ဖန်းတောက်ဇူရဲ့ ဘော်ဒီဂတ်ကတောင် စီအဆင့် အထွတ်အထိပ်မှာ … ဆိုတော့ ဒီလူက ဘီအဆင့်မှာ ဖြစ်ဖို့ များတယ်… ငါတို့သာ လှဒပ်ရှားလိုက်ရင် သားရဲအသိုက်ကို မွှေသလို ဖြစ်သွားပြီး ကျုံးဝေ့တပ်ဖွဲ့အတွက် ကောင်းတဲ့ ကိစ္စတွေ မဖြစ်လာနိုင်ဘူး ….”
လင်းရီ၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် နင်ချဲ့ တဆတ်ဆတ် ခေါင်းညိတ်လိုက်သည်။
ကျပန်း အဖွဲ့ဝင်များသည်ပင် ဘီအဆင့်သို့ ရောက်ရှိနသဖြင့် ဆန်းကြယ်သည့် အဖွဲ့အစည်းကြီး၏ ခွန်အားက သူတို့ စိတ်ကူးယဉ်နိုင်သည်ထက်ပင် ကျော်လွန်နေလောက်သည်။
လင်းရီ ဆိုခဲ့သည့် အတိုင်း အကယ်၍ သူတို့ဘက်ကသာ တကယ်ကြီး လှုပ်ရှားခဲ့မည် ဆိုပါက ပျားအုံတုတ်ဖြင့် ထိုးသည်နှင့် ခြားနားတော့မှာ မဟုတ်ချေ။
ကျုံးဝေ့တပ်ဖွဲ့က ယခုလောလောဆယ်တွင် ရှုပ်ရှုပ်ထွေးထွေး ကာလထဲသို့ ဆိုက်ရောက်နေပြီး သတိကပ်ထားသည်က ပိုပြီးမှကောင်း၏။
“ နင်ပြောတာ ဟုတ်တယ်… ဒီလောက်နဲ့တင် လုံလောက်ပြီ …” နင်ချဲ့ ပြောလိုက်ပြီး “ ဘီ အဆင့်က ငါတို့ ကိုင်တွယ်လို့ လွယ်တဲ့ကိစ္စ မဟုတ်ဘူး ….”
သူတို့၏ စကားအသွားအလာက လင်းရီကို ဒူဘိုင်းရှိ ဖြစ်ရပ်တစ်ခုအား ပြန်ပြောင်း အမှတ်ရသွားစေခဲ့သည်။
အနက်ဝတ်လူနှင့် ရင်ဆိုင်စဉ်က သူ့ဘေးတွင် ဘီ အဆင့် ကျွမ်းကျင်သူတစ်ဦး ရှိနေခဲ့၏။
၎င်း၏ သာမန်ခြေကန်ချက် တစ်ခုတည်းကပင် လင်းရီကို သေတွင်းထဲ ပို့လုနီးပါး ဖြစ်သွားခဲ့လေသည်။
ဂရုတစိုက်နှင့် စဉ်းစားချင့်ချိန်ကြည့်သည်တွင် သူက စီအဆင့်သို့ ရောက်ရှိပြီးသည့်တိုင် အဆိုပါ ခြေကန်ချက်ကို ပြန်လည် ခံယူရမည်ဆိုပါက တောင့်ခံနိုင်ခြင်း မရှိမည်မှာ ကျိန်းသေသည်။
သို့ပေမယ့် ထိုစဉ်အချိန်က စုန့်ကျင်းမင် ၊ အဆိုပါ မျိုးမစစ်ကြီးကတော့ ပြိုင်ဘက်ကို လွယ်လင့်တကူ သတ်ဖြတ်နိုင်ခဲ့လေသည်။
မည်မျှ ကြမ်းတမ်းလိုက်သည့်လူနည်း။
“ ဒါတွေ မဆွေးနွေးကြစို့ကွာ .. ငါတို့က ဒီတိုင်း အလုပ်သမား သပ်သပ်ပဲ … ဒါတွေကို ဘော့စ်လျို ခေါင်းစားဖို့ ချန်ထားလိုက် …” လင်းရီ လက်ကို စိတ်မရှည်စွာ ဝှေ့ရမ်း၍ ဆိုလိုက်သည်။
မိနစ် လေးဆယ်ခန့် ကားမောင်းလာခဲ့ပြီးနောက် ကျုံးဝေ့တပ်ဖွဲ့၏ အခြေစိုက် စခန်းသို့ ရောက်ရှိလာသည်။
စခန်းထဲ၌ အဆောက်အဦး နှစ်ခု ရှိပြီး လင်းရီနှင့် နင်ချဲ့တို့က သူတို့ မျက်စိတည့်တည့်ရှိ သုံးထပ် အဆောက်အဦးထံသို့ ဦးတည်လိုက်ကြသည်။ ၎င်း၏ အနောက်ဘက်တွင်တော့ ငါးထပ် အဆောက်အဦးကြီး တစ်ခု ရှိလေသည်။
ယင်းက ကျုံးဝေ့တပ်ဖွဲ့၏ သုတေသနနှင့် ဆိုင်သည့် လုပ်ငန်းများ လုပ်ဆောင်သည့် နေရာရှိပြီး လင်းရီကတော့ အဆိုပါ အဆောက်အဦးသို့ သွားခဲလှ၏။
သူ မှတ်မိသလောက်တော့ ယခု အချိန်ထိတိုင် တစ်ခါတည်းသာလျှင် ရောက်ဖူးလေသည်။ ထို့ကြောင့် အထဲရှိ အရာများနှင့် သိပ်ပြီး ရင်းနှီးလှသည်တော့ မရှိလှပေ။
သို့ပေမယ့်လည်း သူ့မှာ မကြာခင် ဓာတ်ခွဲခန်းထဲက ကြွက်ဖြူလေး ဖြစ်ရပေတော့မည်။
အဆောက်အဦးရှေ့သို့ ရောက်သည်တွင် လင်းရီနှင့် နင်ချဲ့တို့က တန်းမဝင်သွားဘဲ ထိုအစား တစ်စုံတစ်ယောက်နှင့် စမ်းသပ် နမူနာများကို လွှဲပြောင်းပေးလိုက်သည်။
ဤနေရာတွင် မစ်ရှင်ပြီးမြောက်ပြီ ဖြစ်သဖြင့် ခေါင်းဆောင်လျိုထံ အစီရင်ခံဖို့ လိုအပ်၏။
ချိုးယွီလော့သည်လည်း လျိုဟုန်၏ ရုံးခန်းထဲ၌ ရှိနေပြီး သူတို့နှစ်ဦး ရောက်အလာကို လက်ဖက်ရည်သောက်ရင်း ထိုင်စောင့်နေခဲ့သည်။
“ ဆေးလိပ်တွေ ဘယ်လောက်တောင် သောက်ထားတာ … ဒီမှာ မြူထုကြီးတောင် ဖြစ်တော့မယ်….”
ရုံးခန်းထဲသို့ ဝင်ရောက်သည်နှင့် အဖြူရောင် ဆေးလိပ်မီးခိုးငွေ့တို့က လင်းရီ၏ မျက်နှာနှင့် လာရောက်မိတ်ဆက်လေသည်။
လင်းရီ ပြတင်းပေါက်ဖွင့်၍ ပန်ကာခလုတ်ကို ဖွင့်ကာ အတွင်းရှိ မီးခိုးငွေ့များအား အပြင်သို့မောင်းထုတ်ပြီး စောဒက တက်လိုက်မိ၏။
“ ကျုပ်သာ မသိဘူးဆိုရင် ခင်များတို့နှစ်ယောက် ဒီမှာ ကျင့်ကြံနေကြတယ်ဆိုပြီး ထင်မိတော့မယ်…”
“ ကောင်စုတ်လေး … မင်းရဲ့ ခွေးပါးစပ်က ကောင်းတဲ့ စကား တစ်ခုမှကို ထွက်မလာဘူးပဲ …” လျိုဟုန် အပြုံးလေးဖြင့် ကျိန်ဆဲလိုက်ပြီး စီးကရက်တိုကို ပြာခွက်ထဲသို့ ဖိစိုက်လိုက်၏။
“ ဘယ်လိုလဲ … အခြေအနေ ….”
“ အားလုံး အဆင်ပြေပြေပါပဲ … အကုန် အသက်ရှင်လျက် ပြန်ရောက်လာပါတယ်….” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဟုန်မန်ဂိုဏ်းကတော့ ကျုပ်ကို တကယ်ကြီး အမြင်ကျယ်သွားစေတယ်… တကယ်လို့သာ သင်ခန်းစာ မပေးလိုက်ဘူးဆိုရင် ဒီဂိုဏ်းက နောင်ကျရင် တကယ့်ကို ကပ်ဘေးကြီးပဲ …”
လျိုဟုန် စီးကရက် နောက်တစ်လိပ်ထုတ်၍ မီးညှိလိုက်ပြီး ပါးစပ်အတွင်းက မီးခိုးငွေ့များအား မှုတ်ထုတ်လိုက်ကာ သူ၏ အမူအရာသည်လည်း လေးနက်တည်ကြည်လာသည်။
“ မင်း ပြောချင်တာကို ငါနားလည်တယ်… ဒါပေမယ့် သူတို့အားလုံးက သိုသိုသိပ်သိပ်နဲ့ လုပ်နေကြတယ်ဆိုတော့ ငါတို့လည်း ဝင်စွက်ဖက်စရာ အကြောင်းမှ မရှိတာ … ပြီးတော့ ဟောင်ကောင်မှာက သူ့စည်း၊ သူ့ကမ်း ၊ သူ့ဥပဒေနဲ့သူ ရှိတယ်… ကမ္ဘာကြီးတစ်ခုလုံးက မျက်စိဒေါက်ထောက် ကြည့်နေကြတာ … အဲ့နေရာက လုံးဝ သွားမှားလို့ မရတဲ့ နေရာပဲ .. မဟုတ်ရင် သူတို့ အခုချိန်လောက်ဆို ဘယ်ရှိနေနိုင်တော့မှာ ….”