ငါ စောင့်နေတာ ကြာရောပေါ့
Vol. 133 Ch. 1982
လင်းရီ၏ စဉ်ဆက်မပြတ် တိုက်ခိုက်မှု အောက်တွင် သိုက်ရုံရှင်းသည် အလေးမသာသည့် အရိပ်အယောင်တို့ စတင်ပြသလာသည်။
သို့သော် သူ၏ အစွမ်းအစဖြင့် ယခုကဲ့သို့ အလေးမသာမှုလေးက အသေးအမွှားမျှပင်။ အဆက်မပြတ် ထိုးနှက်လာချိန် ဖွင့်ပေးထားသလို ဖြစ်သည့် လင်းရီ၏ ချို့ယွင်းချက်ကို အမိအရ ဆုပ်ကိုင်ရင်း သိုက်ရုံရှင်းဘက်က တန်ပြန်တိုက်ခိုက်မှုတို့ ပြုလုပ်လာသည်။
အမျှင်မပြတ်သည့် လက်သီးချက်တို့က လင်းရီ၏ ရင်ဘက်သို့ သက်ဆင်းသွားခဲ့၏။
ခွန်အားအရာတွင် သိုက်ရုံရှင်းဘက်က အလေးသာမှုကို ဆုပ်ကိုင်ထားသည်။ လင်းရီ၏ ခုခံကာကွယ်မှုက ထူးကဲသာလွန်သည့်တိုင် သူ့မှာ အနောက် နှစ်မီတာသို့ လွင့်ထွက်သွားခဲ့ရကာ ရင်ဘက်ကို လက်ဖြင့် ဖိနှိပ်ထားရင်း အပြင်းအထန် ချောင်းဟွတ်သွားခဲ့ရသည်။
သိုက်ရုံရှင်းမှာ ထိုမျှနှင့် ရပ်တန့်မည့်ဟန် မပြသေးချေ။ ကျားသစ်ကြိုးကြာ လည်ဆန့်သည့် ပုံစံနှစ်ရပ်၏ ကိုယ်ဟန်ကို အသွင်ယူရင်း ဟွမ်ကာ၏ နည်းစနစ် သုံးရပ်ကို ပြသလာသည်။
( ဟွမ်ကာက တောင်ပိုင်းရှောင်လင် ကွန်ဖူးကနေ မြစ်ဖျားခံလာတဲ့ ဟွမ်မိသားစုရဲ့ လက်သီးသိုင်းပညာရပ်ပါ။ စိတ်၀င်စားရင် Hung gar ဆိုပြီး အင်တာနက်မှာ ရှာကြည့်လို့ရပါတယ်။)
အခြားတစ်ဖက်ရှိ လင်းရီမှာတော့ စစ်တပ်လေ့ကျင့်ရေး၏ ခုခံကာကွယ်ရေး နည်းလမ်းဖြင့် သိုက်ရုံရှင်း၏ တိုက်ခိုက်မှုများကို တရစပ် ခုခံ ကာကွယ်နေလျက်ရှိသည်။
ဤသည်ကို မြင်တော့ လင်းရီ၏ အစွမ်းအစတို့က သူ ကနေဦးပိုင်းတွင် တွေးထင်ထားခဲ့သည်ထက် ပိုပြီး အစွမ်းထက်နေလျက်ရှိကြောင်းကို သိုက်ရုံရှင်း သတိပြုမိသွားခဲ့၏။
ကြောက်မယ်ဖွယ်ရာ အကောင်းဆုံး အပိုင်းကတော့ လင်းရီ၏ ခုခံနိုင်စွမ်းပင်။ သိုက်ရုံရှင်းသည်ပင် ထိုအချင်းအရာ၌ မျက်နှာဖြူဖျော့သွားခဲ့ရ၏။ စီ အဆင့်၌ ဤသို့သောအရာသည်ကား သူ ကြားပင် မကြားဖူးသည့် အရာတစ်ခု ဖြစ်လေသည်။
အကယ်၍ လက်ရှိ တိုက်ပွဲကို လျင်မြန်စွာ အဆုံးမသတ်ဘူးဆိုပါက သူ့ဘက်က ပင်ပန်းနွမ်းနယ်မှုကြောင့် လင်းရီဘက်မှ ပြန်လည်ပြီး အသာစီး ရရှိသွားနိုင်လေသည်။
စိတ်ကို ပိုင်းဖြတ်လိုက်ပြီး … သိုက်ရုံရှင်း ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ခြေတစ်လှမ်း နောက်ဆုတ်သွားခဲ့သည်။
ထို့နောက် ဘယ်ခြေကို မဏ္ဍိုင်ပြု၍ လင်းရီထံသို့ ကြာပွတ်သဖွယ် တိုက်စစ်ဆင်လာသည်။
လင်းရီသည်လည်း ဝင်ချွမ်း၏ ကန့်လန်လက်သီး အကွက်ဖြင့် သိုက်ရုံရှင်း၏ တိုက်ခိုက်မှုအား ပိတ်ဆို့လိုက်သည်။
၎င်းနောက် ချက်ချင်းပဲ လင်းရီ၏ ညာလက်က ရေပြင်ညီ အတိုင်း ရွေ့လျားသွားခဲ့ကာ သိုက်ရုံရှင်း၏ ညာဘက်နံရိုးသို့ အရှိန်ပြင်းစွာ ထိမှန်သွားခဲ့သည်။
တစ်ဖက်သူမှာ ကြမ်းပြင်သို့ ချက်ချင်း လဲကျသွားခဲ့၏။
သိုက်ရုံရှင်း အားပြု၍ ချက်ချင်း ပြန်ထရန် ကြိုးပမ်းလိုက်သည်။ သို့သော် လင်းရီက သူ့ကို ထိုသို့ ပြုလုပ်ရန် အခွင့်အရေး မပေးချေ။ သိုက်ရုံရှင်း၏ ရင်ဘက်ကို ဒူးဖြင့်ထောက်၍ အပေါ်စီးကနေ ဖိထားလိုက်လေသည်။
တစ်ချိန်တည်းတွင် စကေဘာကို ထုတ်၍ သိုက်ရုံရှင်း၏ လည်ပင်းသို့ ဖိထားလိုက်၏။
“ အခု ပွဲပြီးသွားပြီ….”
“ မာစတာ .. ပြေးတော့ ….”
သေခြင်း ရှင်ခြင်း အခိုက်အတန့်၌ သိုက်ရုံရှင်းသည် အကယ်၍ ဖန်းတောက်ဇူသာ ယခု အချိန်တွင် ထွက်မပြေးဘူးဆိုပါက အင်မတန် နောက်ကျသွားလိမ့်မည်ဖြစ်ကြောင်း နားလည်သည်။
သူသေသွားသည်က ကိစ္စမရှိပေ။ သို့သော် ဟုန်မန်ဂိုဏ်းကတော့ ဖန်းတောက်ဇူအား ဆုံးရှုံးလိုက်၍ မဖြစ်ပေ။
“ ခင်များက သစ္စာရှိသားပဲ …. အခုလို အချိန်မျိုးမှာတောင် အဲ့လူ ဘေးကင်းဖို့ကို စိတ်ပူးပေးနေနိုင်သေးတယ်… ဒါပေမယ့် သူ လွတ်အောင်ပြေးနိုင်မယ်လို့ ခင်များ ထင်လား …”
ပြောရင်းဖြင့် လင်းရီသည် သူ့နောက်ကျောက သေနတ်ကို ထုတ်၍ ဖန်းတောက်ဇူ၏ ဦးခေါင်းသို့ ချိန်ရွယ်ထားလိုက်သည်။
နှစ်ဦးလုံးမှာ လင်းရီ၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရလေပြီ။ ဗီလာကြီး တစ်ခုလုံး လေးလံသည့် လေထု အခြေအနေကြောင့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။
“ ငါ့လူတို့ … လာကြစမ်း ….”
သိုက်ရုံရှင်း အော်ဟစ်လိုက်သည်။ သို့သော် သူ ထပ်ပြီး မအော်ဟစ်နိုင်ခင်မှာပဲ လင်းရီက သူ လည်ပင်းကို ဆွစ်ခနဲ ဖြတ်တောက်ပစ်လိုက်၏။
သိုက်ရုံရှင်းမှာ နေရာ၌ပင် သေဆုံးသွားခဲ့ရသည်။
သို့သော် သူ့ဘက်က အစွမ်းကုန်ထုတ်၍ အော်ဟစ်သံကိုတော့ ပြန်ဖြေသူတို့ မရှိလာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဗီလာတံခါးက ပိတ်ထားပြီး အပြင်ဘက်သို့ အသံ ပျံ့နှံ့နိုင်နှုန်းကလည်း နိမ့်ပါးသောကြောင့် ဖြစ်၏။
လူတချို့က ထင်ယောင်ထင်မှား တစ်ခုနှယ် နားထဲ အသံကြားယောင်လိုက်သော်လည်းပဲ နောက်တစ်ကြိမ် ထွက်ပေါ်လာခြင်း မရှိသဖြင့် သူတို့စိတ်က ကြားယောင်နေသည်ဟု ယူဆလိုက်ကာ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေခဲ့ကြသည်။
ထိုအချိန် ဖန်းတောက်ဇူမှာတော့ ကနေဦးတုန်းကလို ထိတ်လန့် တုန်လှုပ်မနေတော့ဘဲ ပုံမှန်မဟုတ် တည်ငြိမ်နေလျက် ရှိသည်။
“ ကျုံးဝေ့တပ်ဖွဲ့က ငါ ထင်ထားတာထက်ကို တကယ်ကြီး အင်အားကြီးမားနေတာပဲ … ဒီလောက် တင်းကြပ်တဲ့ အကာအကွယ်တွေ ချမှတ်ထားပါလျက်နဲ့တောင် အဆုံးသတ်မှာ မင်းကို မတားဆီးနိုင်ခဲ့ဘူး … ငါ ရှုံးနိမ့်တာကို ဝန်ခံတယ်…”
သေခြင်း တရားက နီးကပ်လာသည်နှင့်အမျှ လူတို့သည် မှန်သောစကား ဆိုရမှာကို ကြောက်ရွံ့ခြင်း မရှိကြတော့ချေ။
အခြေအနေက ယခုကဲ့သို့ ဖြစ်လာပြီ ဖြစ်သဖြင့် ဖန်းတောက်ဇူလည်း သူ့ ကံကြမ္မာသူ လက်ခံလိုက်ပြီ ဖြစ်သည်။
“ ခင်များရဲ့ လေသံကတဆင့် အသိအမှတ်ပြုထိုက်တဲ့ လူတစ်ယောက်ဆိုတာ ကျုပ် ပြောနိုင်တယ် လူကြီးမင်းဖန်း …”
“ ဟားဟား …” ဖန်းတောက်ဇူ ရယ်မောလိုက်၏။ ၎င်း၏ လေသံက သူ့ကိုယ်သူ မချိတင်ကဲ ဖြစ်စွာဖြင့် လှောင်ပြောရယ်မောနေဟန်ပင်။
“ ဒီအခြေအနေရောက်မှတော့ ငါက ဘာများ ပြောနိုင်ဦးမှာ … မင်း လုပ်စရာရှိတာ လုပ်လိုက်တော့ ….”
“ စိတ်ချ … ခင်များသေမှာ … ခင်များတို့ သူ့ကို ပစ်မှတ်ထားဖို့ ဆုံးဖြတ်လိုက်ပြီးကတည်းက ဒီလိုနေ့မျိုးကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး ….” လင်းရီ ပြောလိုက်သည်။ “ ဒါပေမယ့် ဟွာရှရဲ့ လက်အောက်ခံ နိုင်ငံသားတစ်ယောက်အနေနဲ့ ခင်များ ပြန်ပြီး သုံးသပ်ဖို့ကို ကျုပ် အကြံပေးချင်တယ်… စီ အဆင့် သွေးရည်ကြည်က ဘာကို ကိုယ်စားပြုတယ်ဆိုတာ ကျုပ်ထက် အများကြီး ခင်များ ပိုသိမှာပါ … ခင်များအနောက်ကလူကို ဖော်ထုတ်မယ်ဆိုရင် ခင်များရဲ့ မိသားစု သက်တမ်းစေ့တဲ့ အထိ အေးအေးချမ်းချမ်း နေသွားနိုင်ဖို့ ကျုပ် ကတိပေးတယ်…”
ဖန်းတောက်ဇူ၏ အမူအရာမှာ ရိပ်ခနဲ လှုပ်ရှားသွားသည်။ လင်းရီ မည်သည်ကို ရည်ညွှန်းနေလဲဆိုတာ သူ ကောင်းကောင်းကြီး နားလည်သည်။
သို့ပေမယ့် အမှန်တရားကို ဖော်ထုတ်လှစ်ဟာလိုက်သည့် အချိန်၌ မည်သည့်အရာတို့ ဖြစ်ပျက်လာမည်လဲဆိုတာကိုလည်း သူ နားလည်နေခဲ့၏။
“ လုံးဝ မဖြစ်နိုင်ဘူး …” ဖန်းတောက်ဇူ ပြောလိုက်ပြီး “ မင်းတောင် ငါ့မိသားစုရဲ့ လုံခြုံရေးကို အာမခံပေးနိုင်မှတော့ တခြားသူတွေကရော ဘာလို့ အာမ မခံပေးနိုင်ရမှာ … မင်းသာ ဆန္ဒရှိရင် ငါ မင်းကို သတင်းအချက်အလက်တချို့ ပေးလိုက်လို့ရတယ်… မဟုတ်ဘူးဆိုလည်း လုပ်လိုက်တော့ … ဘာမှ ဆက်ပြီး ဆွေးနွေးနေစရာ အကြောင်းမရှိဘူး …”
ဖန်းတောက်ဇူ၏ ခိုင်မာမြဲမြံသည့် ရပ်တည်ချက်က လင်းရီကို အတော်လေး အံ့အားသင့်သွားစေခဲ့သည်။ “ ဒါဆိုလည်း တမလွန်ကို သွားပြီး ခင်များသားနဲ့သာ သွားတွေ့လိုက်တော့ …”
စကေဘာက ဆွစ်ခနဲလှုပ်ရှားသွားခဲ့ပြီး ဖန်းတောက်ဇူ၏ နှလုံးတည့်တည့်သို့ ထိုးစိုက်သွားခဲ့သည်။
ရင်ဘက်ကို ဖိနှိပ်ထားရင်း … ဖန်းတောက်ဇူ ကြမ်းပြင်သို့ လဲကျသွားခဲ့၏။ သူ၏ အမူအရာမှာ သေခြင်းနှင့် ရှင်ခြင်း အမျှင်တန်းလေးကြား၌ ကြိုးစား ရုန်းကန်နေလျက်ရှိပြီး … အဆုံး၌ မိနစ် အနည်းငယ် ကြာပြီးနောက်တွင် သေဆုံးသွားခဲ့တော့သည်။
လင်းရီ တစ်သျှူးတစ်ရွက်ကို ဆွဲယူ၍ စကေဘာထက်ရှိ သွေးများအား သုတ်ပစ်လိုက်သည်။ ထို့နောက် ကိုယ်ယောင်ဖျောက်၍ ဗီလာထဲက ထွက်လာခဲ့ကာ ကားအတွင်းသို့ ပြန်ဝင်လာသည်။
လင်းရီ ထွက်ခွာသွားခဲ့သည်ကို အပြင်ဘက်ရှိ မည်သူကမျှ သတိမမူမိလိုက်ကြချေ။
“ သေစမ်း ….” ကားကို တောင်အောက်သို့ မောင်းနှင်လာပြီး လူပြတ်သည့် နေရာသို့ ရောက်တော့ ကားကို ထိုးရပ်လိုက်သည်။
“ မြန်မြန် … ကားကို မင်းမောင်းလိုက်တော့ … ငါ့ အရိုးတွေ ကျိုးကြေလုမတတ်ဘဲ …”
“ ဘာဖြစ်လို့လဲ အစ်ကိုရီ … ရှင် ဒဏ်ရာရထားတာလား …” လော့ချီ မေးမြန်းလိုက်သည်။
“ ဖန်းတောက်ဇူနားမှာ ဘော်ဒီဂတ်တစ်ယောက် ရှိတယ်… သူ့ရဲ့ ခွန်အားက စီအဆင့် အထွတ်အထိပ်မှာ … သူ့ကိုသတ်ဖို့ ငါအတော်လေး အားထုတ်လိုက်ရတယ်… ငါ့အရိုးတွေတော့ ကျိုးကြေသွားပြီလား မသိပါဘူး …”
ကျန်းချောင်ယွဲ့ ကားထဲက ထွက်ပြီး လင်းရီကို အနောက်ခုံသို့ တွဲပို့ပေးလိုက်သည်။
လော့ချီက လင်းရီ၏ အင်္ကျီ အဝတ်အစားကို စုတ်ဖြဲပြီး ဖွင့်ကြည့်လိုက်တော့ အတွင်း၌ အညိုမည်းကွက်မျိုးစုံ ဖြစ်ပေါ်နေသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရလေသည်။
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြ၏။ “ အဲ့လူကြီးက တကယ် မခေမယ့်ပုံပဲ … အစ်ကိုရီတောင် ဒီလို အခြေအနေမျိုး ရောက်သွားရတယ် ….”
“ စီ အဆင့် အထွတ်အထိပ် ဖိုက်တာ တစ်ယောက်ရဲ့ ခွန်အားက ဟာသမှမဟုတ်တာ … ငါတောင် ကံကောင်းပြီး အနိုင်ရခဲ့လို့ပေါ့ …”
“ အစ်ကိုရီ .. တောင့်ထားဦး … ကျွန်မ ခဏနေကျရင် ဆေးဝယ်ပေးမယ်… ဆေးလိမ်းပြီးရင် သက်သာသွားလိမ့်မယ် …”
အုပ်စုမှာ ဟိုတယ်သို့ ပြန်ရောက်လာခဲ့ကြပြီး လော့ချီက အကိုက်အခဲ ပျောက်ဆုံးနှင့် လိမ်းဆေးတချို့ သွားဝယ်လိုက်သည်။ ယွီစီယင်နှင့် ရှောင်ပင်းတို့၏ အကူအညီဖြင့် သူမတို့နှစ်ဦးမှာ လင်းရီကို ဆေးလိမ်းပေးပြီး နှိပ်နယ်ပေးနေကြလေသည်။
“ ကျစ် ကျစ် ကျစ် … ငါ အစ်ကိုရီရဲ့ ခန္ဓာကိုယ်ကို မျက်စိကျနေတာ အတော်ကြာပြီ … ဒီနေ့တော့ ထိနိုင်လိုက်ပြီ ခစ်ခစ်ခစ် …”
“ မင်း ထိချင်သလိုထိ… ဒါပေမယ့် သွားရည်တွေတော့ ငါ့ကိုယ်ပေါ် မထိစေနဲ့ ….”
“ သိပါတယ်နော်…..”
“ ခေါင်းဆောင် … ဖန်းသားအဖလည်း သေပြီဆိုတော့ နောက် ဘာဆက်လုပ်ဦးမလဲ …” ရှောင်ပင်း မေးမြန်းလာခဲ့သည်။
လင်းရီ စက္ကန့်အနည်းငယ်ကြာ အတွေးနက်သွားခဲ့ပြီး “ ကျန်တဲ့ မင်းတို့တွေ ငါနဲ့ ပြန်လိုက်ခဲ့ … စီယင်နဲ့ ချောင်ယွဲ့က ဒီမှာနေပြီး ဗီလာက အခြေအနေကို ဆက်ပြီး စောင့်ကြည့်နေလိုက် …”
“ ဆက်ပြီး စောင့်ကြည့်နေရမယ် ဟုတ်လား …. လိုသေးလို့လား .... ”
ကျန်သူများ၏ အတွေးကို ရှောင်ပင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ဤနည်းလမ်းက အသုံးမဝင်ဟု သူမတို့အားလုံး ခံစားနေရလေသည်။
“ ဖန်းသားအဖ သေသွားတဲ့ သတင်းက သိပ်မကြာခင် ပျံ့နှံ့သွားမှာပဲ … ပြီးတော့ ဒီကိစ္စကို ဖြေရှင်းဖို့ ကျိန်းသေပေါက် တစ်ယောက်ယောက် ရောက်လာမှာဟုတ်တယ်…” ရှောင်ပင်း ပြောလိုက်ပြီး “ တကယ်လို့ ရောက်လာရင်တောင် အဲ့တာက ဖန်းမိသားစုထဲက တစ်စုံတစ်ယောက်ပဲ ဖြစ်မှာ သေချာတယ်…. ကျွန်မတို့ သိထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ဖန်းတောက်ဇူရဲ့ ဇနီးနဲ့ တခြား ဆွေမျိုးတွေ အကုန်လုံးက စီးပွားရေးသမားတွေချည်းပဲ … သူတို့ကို စောင့်ကြည့်တာက အသုံးမဝင်လောက်ပါဘူးနော် ခေါင်းဆောင် …”
“ ငါစောင့်နေတာ သူတို့ကို မဟုတ်ဘူး …” လင်းရီ ပြန်ဖြေလိုက်ပြီး “ ငါက ကန့်လန်ကာ နောက်ကွယ်မှာ ရှိတဲ့ အဖွဲ့အစည်းကို စောင့်နေတာ … ဟုန်မန်က အာရှမှာ ရှိတဲ့ သူတို့ရဲ့ ပွန်းရုပ် … အခု သူတို့ရဲ့ ပွန်းရုပ် မရှိတော့ဘူးဆိုတော့ ဆန်းကြယ်တဲ့ အဖွဲ့အစည်းက လူတွေ ဟုန်မန်ဂိုဏ်းအရေးကို ကိုင်တွယ်ဖို့ ရောက်လာမှာ ကျိန်းသေတယ်… ဒီက အခြေအနေတွေကို စောင့်ကြည့်ဖို့က လူနှစ်ယောက်နဲ့တင် လုံလောက်ပြီ … တချို့ အသုံးဝင်တဲ့ သတင်းတွေ ရရင်လည်း ရလာနိုင်တာပေါ့ ….”