← Chapters

အားရှို့နှင့် တွေ့ဆုံခြင်း

Vol. 11 Ch. 1056

အားရှို့နှင့် တွေ့ဆုံခြင်း

Vol. 11 Ch. 1056

“ငါ သေသွားပြီလို့ ဘယ်သူပြောလဲ...”

ချန်းဖန်၏ အသံသည် မိုးကြိုးကဲ့သို့ ထစ်ချုန်း၍ ကြောက်မက်ဖွယ် စွမ်းအားကို သယ်‌ဆောင်ကာ ရောက်ရှိ လာသည်။

“ဘုန်း... ဘုန်း...”

လှိုင်းများသည် ရေကန် အတွင်း၌ ရုန်းကြွလာ၏။ တစ်ချိန်တည်း၌ များစွာသော မျိုးနွယ်ခြား ကျင့်ကြံသူများမှာလည်း ကောင်းကင်မှ ပြုတ်ကျ ကုန်ကြလေသည်။

“ဆရာ...”

ဆံပင်ဖြူ အဘွားအိုက တုန်တုန်ရီရီဖြင့် လှည့်ကြည့်လိုက်ရာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အနက်‌ရောင် မျက်လုံး၊ အနက်ရောင် ဆံပင် ပိုင်ရှင် လူငယ် တစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုလူငယ်မှာ သူမ၏ ဆရာ ချန်းပေ့ရွှမ်းမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။ သူကား လွန်ခဲ့သော ဆယ်နှစ်ကနှင့် အနည်းငယ်ပင် ခြားနား သွားခဲ့ခြင်း မရှိခဲ့ချေ။

“ချန်းပေ့ရွှမ်း အသက်ရှင် နေသေးတယ်... ဘယ်လို ဖြစ်နိုင်မှာလဲ”

မျိုးနယ်ခြား မူလ အဆင့်များမှာ ချန်းဖန်ကို ကြည့်ကာ ထိတ်လန့် တုန်လှုပ် သွားကြ၏။ သူတို့ကား သရဲတစ္ဆေ တစ်ကောင်ကို တွေ့မြင်ရသည့် အလား မယုံကြည်နိုင်မှုကို ခံစား နေကြရသည်။

“မင်းက ထျန်းဟောင်ဂြိုဟ်ကို သွားခဲ့တာ မဟုတ်ဘူးလား... ခွန်ရှုနယ်မြေနဲ့ မြောက်ပိုင်းချုံးက လူတွေ အဲဒါကို ကိုယ်တိုင် မြင်ခဲ့တာပါ... မင်း ဘယ်လိုလုပ်ပြီး အသက်ရှင်လျက် ပြန်‌ရောက်လာတာလဲ...”

“ထျန်းဟောင်ဂြိုဟ်က ငါ့အတွက် ဘာမှ မဟုတ်ဘူး... နောက်ပြီး ငါဘာသာငါ ဘယ်လို ပြန်ရောက် လာလာ မင်းတို့ အကြောင်း မပါဘူး”

ချန်းဖန်၏ မျက်လုံးများမှာ စူးရဲစွာ တောက်ပနေ၏။ သူ၏ နှလုံးသားသည်လည်း အားရှို့ကို ကြည့်ကာ အဆုံးတိုင် လောင်မြိုက်နေခဲ့ပြီ ဖြစ်သည်။

ထိုကလေးမကား သူ၏ အချစ်ဆုံး တပည့် ဖြစ်သည်။ ချန်းဖန် ကမ္ဘာမြေမှ မထွက်ခွာခင် အချိန်၌ အားရှို့သည် အသက် ၂၅ နှစ်မျှသာ ရှိသေးသည်။ သို့သော်လည်း ယခုတွင်မူ သူမကား အဘွားအို တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည့် အပြင် သူမသည် လူယုတ်မာ တစ်စု၏ ဝိုင်းဝန်း လှောင်ပြောင်ခြင်းကိုပါ ခံနေရသည်။

သို့ဖြစ်ရာ သူ မည်ကဲ့သို့ ဒေါသ မထွက်ပဲ နေနိုင်ပါမည်နည်း။

“ပြေးကြတော့...”

ဂျပန်၊ မြန်မာနှင့် အမေရိကန်တို့မှ မူလ အဆင့်များမှာ အလင်းတန်းများ အသွင် ပြောင်းလဲကာ ထွက်ပြေး ကြတော့သည်။

“ဟမ့်... မင်းတို့က ပြေးလို့ လွတ်မယ်လို့ ထင်နေလား”

ချန်းဖန်က လက်တစ်ဖက်အား ခါယမ်းလိုက်ရာ အမတေချီ၊ သစ်ပင်၊ ရေကန် အပါအဝင် ဆယ်မိုင် အတွင်းရှိ အရာရာမှာ အေးခဲ သွားသည်။ ထို့နောက် ချန်းဖန်က ခြေဖနှောင့်အား ညင်သာစွာ ပေါက်လိုက်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

ဆက်တိုက် ဆိုသလိုပင် မူလ အဆင့်များ၏ ခန္ဓာကိုယ်များမှာ ပေါက်ကွဲ ပျက်စီးသွားတော့သည်။ သွေးမိုးများသည် ကောင်းကင်၌ ရွာသွန်းနေကာ အရိုးများမှာ မြေပြင်တွင် ပြန့်ကျဲ နေ၏။ ချက်ချင်းပင် ရေကန်တစ်ဝိုက်မှာ အနိဠာရုံ အသွင် ပြောင်းလဲ သွားခဲ့လေသည်။

“ဝှစ်...”

ချန်းဖန်သည် ကောင်းကင်မှ မြေပြင်သို့ ဆင်းကာ အဘွားအိုထံ လျှောက်လှမ်းသွား၏။

“အားရှို့... ငါ နောက်ကျသွားတယ်...”

အားရှို့မှာ ဘာမှ မပြောချေ။ သို့သော်လည်း သူမ၏ အိုမင်းသော မျက်နှာမှာမူ မျက်ရည်များဖြင့် ပြည့်နှက် နေလေတော့၏။

***

“ဝှစ်... ဝှစ်...”

မကြာခင်မှာပင် ချူမင်ဟွေ့နှင့် တန့်ရီဖေးတို့မှာ ထိုနေရာသို့ ‌ရောက်ရှိလာသည်။ သို့သော်လည်း သူတို့သည် ချန်းဖန်အား မတွေ့ရတော့ချေ။ ထို့အစား ရေကန် အနီး၌ သန့်ရှင်းရေး လုပ်နေသည့် ချန်းယောင်ယောင်ကိုသာ တွေ့လိုက်ရသည်။

“ယောင်ယောင်... ဝမ်ရှင်း တန်ခိုးရှင်ချန်းနဲ့ နင့် အန်တီရှို့တို့ရော...”

ချူမင်ဟွေ့က မေးလိုက်သည်။

“မသိဘူးရှင့်... ဦးလေးက အန်တီရှို့ကို ဒဏ်ရာကုပေးမယ် ဆိုပြီး ဝါးအိမ်ထဲ ဝင်သွားတာပဲ...”

ချန်းယောင်ယောင်က ပြောလိုက်သည်။ သူမသည် ချန်းဖန် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိပြီးနောက် အလွန် ပျော်ရွှင် နေခဲ့သည်။

ထိုသူကား သူမ အလေးစားရဆုံး မြောက်ပိုင်းချုံး ဂိုဏ်းချုပ် ဖြစ်သည်။ သူမ၏ အစစ်အမှန်သိုင်း သုံးဆယ့် ခြောက်ကွက်ကို မျိုးစေ့ချပေးခဲ့သူ ဖြစ်ပေသည်။ ပို၍ ပျော်ရွှင်ဖွယ် ကောင်းသော အရာကား ထိုသူမှာ သူမ၏ ဦးလေး ဖြစ်နေခဲ့ခြင်းပင်။

“ဟမ့်... ဒီနေ့က စပြီး ငါ့မှာ ကျောထောက်နောက်ခံ ကောင်းကောင်း ရှိနေပြီ... ဘယ်သူက ငါ့ကို စော်ကားရဲဦးမလဲ ကြည့်ရသေးတာပေါ့”

ချန်းယောင်ယောင်က စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ သို့သော်လည်း သူမသည် အန်တီရှို့ အတွက် စိုးရိမ် နေမိဆဲ ဖြစ်၏။

“ဦးလေးက အန်တီရှို့ကို ကယ်နိုင်ပါ့ မလား မသိဘူး... အန်တီရှို့ ကိုယ်ထဲမှာ ရှိနေတဲ့ ကျိန်စာက ပေါ့သေးသေး မဟုတ်ဘူး... သူ့ နေရာမှာ အခြားလူသာ ဆိုရင် သေနေတာ ကြာလောက်ပြီ”

မိန်းကလေးမှာ ငယ်ရွယ်သေးသည့်တိုင် အားရှို့၏ ခန္ဓာကိုယ် အတွင်း ကျိန်စာ တစ်ခု ရှိနေသည်ကို သိရှိ ထားပြီး ဖြစ်သည်။ ထိုကျိန်စာကြောင့်ပင် သူမ၏ အန်တီရှို့မှာ အသက်အရွယ်နှင့် မလိုက် အိုမင်း နေခဲ့ခြင်း ဖြစ်ပေသည်။

ချန်းယောင်ယောင် သာလျှင်မက ချူမင်ဟွေ့နှင့် တန့်ရီဖေးတို့မှာလည်း ထိုအကြောင်းကို သိရှိထားကြသည်။ ထိုအရာကား ဒေါက်တာများ၊ ဆေးပညာရှင်များ ကုသရန် မတတ်နိုင်သော ဝေဒနာ ဖြစ်ပေသည်။

ထိုကျိန်စာကို ခင်းကျင်းခဲ့သည့် သွေးဘိုးဘေးမှာ အနည်းဆုံး ရွှေအမြုတေ ထိပ်ဆုံး အဆင့်၌ပင် ရှိနေနိုင်သည်။ ထိုကဲ့သို့ အရှင်သခင် တစ်ပါး၏ ကျိန်စာကို ချန်းဖန် ဖြေနိုင်မည်လား မည်သူမျှ မသေချာချေ။

“ငါက တို့ ဝမ်ရှင်း တန်ခိုးရှင်ချန်းကို တားလိုက်သင့်တာ... ဒါပေမဲ့ သူက အရမ်းကို မြန်လွန်းတယ်”

တန့်ရီဖေးက မြေပြင်၌ ကြဲပြန့်နေသော ခန္ဓာကိုယ် အပိုင်းအစ အချို့ကို ကြည့်ကာ ဖြူရော်စွာ ပြုံးလိုက်သည်။ ကြည့်ရသည်က ချန်းဖန်၏ လက်၌ မျိုးနွယ်ခြား ကျင့်ကြံသူများသာမက ဂျပန်၊ မြန်မာနှင့် အမေရိကန်တို့ ကဲ့သို့သော နိုင်ငံများမှ ကျင့်ကြံသူများပါ အသတ်ခံလိုက်ရပုံ ပေါ်သည်။

ချူမင်ဟွေ့မှာလည်း အနည်းငယ် စိုးရိမ်နေပုံ ပေါ်၏။ ချန်းဖန်ကား အမှန်ပင် စိတ်ထင်ရာ လုပ်တတ်လွန်းသည်။ သူသည် ကမ္ဘာကြီး မည်သို့ လည်ပတ်နေသည်ကို သိပုံ မရချေ။ ယခင်တုန်းက အတိုင်း တစ်ကမ္ဘာလုံးကို တစ်ယောက်တည်း လွှမ်းမိုးနိုင်မည် ထင်နေပုံ ရသည်။

“အခွင့်အရေးရရင် ဝမ်ရှင်း တန်ခိုးရှင်ချန်းကို သတိပေးမှ ဖြစ်မယ်... ”

တန့်ရီဖေးက တီးတိုး ရေရွတ် လိုက်၏။ သို့သော်လည်း စကားဆုံးသည်မြင့် သူမ၏ မျက်နှာက ကြောက်လန့်မှုဖြင့် ပြည့်နှက်သွားကာ ကောင်းကင်သို့ မော့ကြည့် လိုက်သည်။

“ဒါက...”

ချူမင်ဟွေ့မှာလည်း အမူအရာ ပြောင်းလဲ သွားသည်။

“မိုးကြိုးကပ်ဘေး...”

ထိုအရာကား ရွှေအမြုတေ အဆင့် မိုးကြိုးကပ်ဘေးပင် ဖြစ်လေသည်။ ကောင်းကင်၏ မိုင်သုံးရာ ပတ်လည်သည် တိမ်တိုက်ပင်လယ် အသွင် ပြောင်းလဲနေ၏။ မ‌ရေမတွက်နိုင်သော လျှပ်စီးနှင့် မိုးကြိုးများသည် အဇူရာ နဂါးများ အသွင် ပြောင်းလဲကာ တိမ်တိုက်များ အကြား၌ ပျော်မြူး နေကြလေသည်။ မည်သူက ရွှေအမြုတေ အဆင့်ကို တက်လှမ်းတော့မည်နည်း။

“ဦးလေးက ရွှေအမြုတေ အဆင့်ကို တက်တော့မှာလား...”

ချန်းယောင်ယောင်က ရေရွတ်လိုက်သည်။

“မဟုတ်ဘူး... အဲဒါ နင့်အန်တီရှို့ ပဲ...”

တန့်ရီဖေးက ပြောရင်း ချူမင်ဟွေ့အား ကြည့်လိုက်သည်။ သူတို့ နှစ်ယောက် စလုံးသည် အံ့အားသင့် နေကြလေ၏။

ချန်းဖန်တို့ ဝါးအိမ်အတွင်း ဝင်ရောက်သွားသည်မှာ မိနစ်ပိုင်းမျှသာ ရှိပေသေးသည်။ သို့သော်လည်း ထိုအချိန်လေး အတွင်းမှာပင် အားရှို့မှာ ဒဏ်ရာများမှ သက်သာလာသည့် အပြင် ရွှေအမြုတေ အဆင့်ကိုပါ တက်လှမ်းပေတော့မည်။ ထိုအရာက အံ့အားသင့်ဖွယ် ကောင်းလွန်း လှ၏။

“ဘုန်း... ဘုန်း... ဘုန်း...”

ထို့နေ့၌ အားရှို့သည် မိုးကြိုး ကပ်ဘေး ကိုးခုကို ဖြတ်ကျော်ကာ အဆင့်ကိုး ရွှေအမြုတေကို ဖွဲ့စည်း နိုင်ခဲ့လေသည်။ သူမသည် ကောင်းကင် မိုးကြိုးကိုပင် ဆင့်ခေါ်နိုင်လု နီးပါး အထိ ဖြစ်ခဲ့သော်လည်း ကောင်းကင် အမြုတေကိုမူ မအောင်မြင်ခဲ့ချေ။

သို့တိုင်အောင် အားရှို့မှာ ကျေနပ် နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာမှာ ပျက်ပြယ် သွားခဲ့ပြီ ဖြစ်သည့်အပြင် မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်ကာ ရွှေအမြုတေ အဆင့်ကို တက်လှမ်း နိုင်ခဲ့သည်။ ပို၍ ကျေနပ်စရာကောင်းသည်ကား သူမ၏ ရုပ်ရည်မှာ အသက် ၁၇ နှစ် အရွယ်သို့ ပြန်လည် ပြောင်းလဲ သွားခဲ့ခြင်းပင်။

အားရှို့အား ကုသခြင်း ဖြစ်စဥ် ပြီးပြီးနောက် ချန်းဖန်က အပြင်၌ ရောက်ရှိနေသော သုံးယောက်ကို အထဲသို့ ဝင်ခိုင်းလိုက်၏။ ထို့နောက် သူက အားရှို့အား မေးလိုက်၏။

“အားရှို့... မြောက်ပိုင်းချုံးမှာ ဘာတွေ ဖြစ်ခဲ့တာလဲ... ဘာလို့ ရှောင်ချုံးနဲ့ ငါ့မိဘတွေ ပျောက်သွားရတာလဲ... နောက်ပြီး ယူကီရှီရိုဆာရော... ဒီမှာ နင်တစ်ယောက်ပဲ ကျန်ခဲ့တာလား”

“ဒီလိုပါ ဆရာ...”

အားရှို့က ပင့်သက်တစ်ချက် ရှိုက်ကာ ချန်းဖန်အား စတင် ရှင်းပြ လိုက်၏။

သူမ၏ စကားများအရ ဆိုလျှင် ချန်းဖန် ထွက်သွားပြီး‌နောက်၌ ကမ္ဘာကြီး၏ ဝိညာဥ်ချီမှာ အရှိန်ပြင်းစွာဖြင့် ထူထပ် လာခဲ့၏။ မြောက်ပိုင်းချုံး အကြီးအကဲပိုင်းနှင့် ခွန်ရှုနယ်၏ နတ်ဘုရားများမှာ တစ်ခုခု မှားယွင်းနေကြောင်း သတိထား လာမိကြသည်။

ချန်းဖန်၏ အဘိုး ချန်းဟွိုက်အန်းသည် “မိုးကြိုးဝိညာဥ် သန့်စင်ခြင်း ကျင့်စဥ်”၏ အကူအညီဖြင့် ကမ္ဘာကြီး၌ အန္တရာယ် တစ်ခု ကျရောက်လာ‌တော့မည် ဖြစ်ကြောင်း ဟောကိန်း ထုတ်ခဲ့သည်။ သူက ချန်းမိသားစုဝင် အများစုနှင့် ဖန့်ချုံး၏ မိဘများ အပါအဝင် မြောက်ပိုင်းချုံးနှင့် ဆက်စပ်နေသည့် သာမန်လူများကို လုယန်ရွယ်၏ စောင့်ရှောက်မှုဖြင့် ခွန်ရှုနယ်မြေသို့ စေလွှတ် နေထိုင်စေခဲ့သည်။

ချန်းဟွိုက်အန်းမှာ မာယာမျိုးနွယ် ကဲ့သို့သော အခြားကမ္ဘာများမှ မျိုးနွယ်များ မကြာခင် ရောက်ရှိ လာလိမ့်မည်ဟု ထင်ထားခဲ့သည်။ ချန်းဟွိုက်အန်း၊ ဖန့်ချုံးနှင့် အားရှို့တို့မှာ ထိုအတွက် သေချာ ပြင်ဆင် ခဲ့ကြ၏။ အကယ်၍ သူတို့ အနေဖြင့် ရန်သူများထံ ရှုံးနိမ့်ခဲ့ရလျှင်ပင် ခွန်ရှုနယ်မြေသို့ ပြောင်းရွှေ့ရန် အဆင်သင့် ပြင်ထားခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ချန်းဟွိုက်အန်း၊ ဖန့်ချုံး၊ ချန်းဖန်၏ မိဘ နှစ်ပါး၊ ယူကီရှိရိုဆာ၊ ဟွာရန်ဖန်း၊ ရှဲ့ရှန်၊ ယုဝမ်ကျင်းတို့ အပါအဝင် မြောက်ပိုင်းချုံး၏ စီနီပါ အားလုံး နီးပါးမှု ရုတ်တရက် ပျောက်ကွယ် သွားခဲ့၏။ သူတို့ကား ကမ္ဘာ၌ တစ်ခါမျှ မရှိခဲ့ဖူးသည့် အလား ခြေရာလက်ရာပင် ကျန်ရစ်ခဲ့ခြင်း မရှိခဲ့ချေ။

“ပထမတော့ ရန်သူမျိုးနွယ်တွေက လာတိုက်ခိုက်ပြီး ဖမ်း‌ခေါ်သွားတာလား လို့ တွေးမိခဲ့သေးတယ်... ဒါပေမဲ့ အဲဒီ အတွေး ဘယ်လိုမှ မဖြစ်နိုင်ပါဘူး... တစ်ယောက်ယောက်က တိုက်ခိုက်လာတယ် ဆိုရင် ဆရာ ထားခဲ့တဲ့ အစီအရင်က အချက်ပြရမယ် ဟုတ်တယ်မလား... အခုဟာက ဘာမှကို ပြောင်းလဲ မသွားခဲ့တာ”

အာရှို့မှာ ယခုတိုင် အံ့အားသင့်နေဆဲ ဖြစ်ဟန် ရသည်။ သူမ၏ အဆိုအရ ဆိုလျှင် မြောက်ပိုင်းချုံး စီနီယာများသာလျှင် မက ရဲ့ချင်စန်း တို့ကဲ့သို့သော ထိပ်တန်းဂိုဏ်းများမှ အကြီးအကဲများပါ တစ်ချိန်တည်း၌ ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်သည်။

“အဲဒါတွေ အားလုံးက ၂၀၂၀ ခုနစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ဖြစ်ခဲ့တာ...”

အားရှို့က သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဆရာ ထန်ချင်...”

ချန်းဖန်က ခပ်တိုးတိုး ရေရွတ်ရင်း ခေါင်းအား ငုံ့လိုက်လေသည်။

***

All Chapters