အပိုလို နန်းတော်
Vol. 11 Ch. 1057
၂၀၂၀၊ ဒီဇင်ဘာ ၃၁...
ထိုနေ့တွင်ပင် သူသည် အရက် အလွန်အကျွံ သောက်ကာ အထပ်မြင့် အဆောက်အဦး တစ်ခု၏ ခေါင်မိုးပေါ်မှ ခုန်ချခဲ့ခြင်း ဖြစ်သည်။ ထိုနေ့တွင်ပင် ဆရာထန်ချင်သည် သူနှင့် ဖန့်ချုံးတို့ကို ကမ္ဘာမှ ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်သည်။
ချန်းဖန်သည် အဘယ်ကြောင့် ရဲ့ချင်စန်း၊ ဟွာရန်ဖန်းနှင့် ရှဲ့ရန်တို့ ခေါ်ဆောင်ခံသွားရသည်ကို နားလည်ပေသည်။ ဆရာ ထန်ချင်သည် ဂြိုဟ်တစ်ခုသို့ ရောက်တိုင်း ကျင့်ကြံခြင်း ပါရမီ မြင့်မားသူများကို အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း အတွက် ခေါ်ဆောင်သွားလေ့ ရှိသည်။
ရဲ့ချင်စန်းတို့မှာ ပင်ကိုယ်အားဖြင့် ပါရမီ အလွန် မြင့်မားသူများ ဖြစ်ကြသည်။ သူတို့သာ ကြယ်ပင်လယ် အတွင်းရှိ ကျင့်စဥ်များကိုသာ လေ့ကျင့်ခွင့် ရပါက ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကိုပင် အတားအဆီး မရှိ တက်လှမ်းနိုင်စွမ်း ရှိသည်။
သို့သော်လည်း ချန်းဖန်၏ မိဘ နှစ်ပါး၊ အမအန်နှင့် ရှုယုံဖေးတို့မှာမူ မည်သည့် ကျင့်ကြံခြင်း ပါရမီမျှ ပါရှိလာခြင်း မရှိချေ။ ဆရာ ထန်ချင်က အဘယ်ကြောင့် သူတို့ကို ခေါ်ဆောင် သွားရ သနည်း။
ရုတ်တရက် အတွေး တစ်ခုမှာ ချန်းဖန်၏ စိတ်အတွင်း ဝင်ရောက် လာခဲ့၏။
“နေဦး... သူတို့ ကျင့်ကြံတဲ့ ကျင့်စဥ်တွေ ကြောင့်လား...”
ရှုယုံဖေး၊ အမအန်၊ ဝမ်ရှောက်ယွင်နှင့် ချန်းကောရှင်းတို့သည် ပါရမီအားဖြင့် နိမ့်ကျလှသော်လည်း “အစစ်အမှန် သိုင်းနတ်ဘုရား ကျင့်စဥ်” ကို ကျင့်ကြံထားကြသည်။ ထိုအကြောင်းကြောင့် ဆိုလျှင် ထန်ချင် သူတို့ကို ခေါ်ဆောင် သွားခြင်းမှာ သဘာဝ ကျလှပေသည်။
ထိုအတွေးဖြင့် ချန်းဖန်မှာ အနည်းငယ် စိတ်သက်သာရ ရသွားခဲ့၏။ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကြီးမှာ အလွန်တရာ ကြီးမားကျယ်ပြန့်လှသည်နှင့် အမျှ သူတို့၏ တပည့်များစွာမှာ မိနစ်တိုင်းလိုလို သေဆုံးကာ အချိန်နှင့် အမျှ ပြန်လည် ဝင်စားနေလေ့ရှိသည်။
သူတို့သည် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ ကျင့်စဥ် ကျင့်ကြံနေသူများကို တွေ့ပါက သတ်ပစ်လေ့ မရှိကြချေ။ သူတို့က ထိုသူများမှ တစ်ဆင့် ဇစ်မြစ်ကို ခြေရာခံကာ ပြန်လည် ဝင်စားသူကို ရှာဖွေလေ့ ရှိကြသည်။ ချန်းဖန်အား တွေ့ရှိပြီးမှသာ အပြစ်ပေးသင့်၊ မပေးသင့် သူတို့ ဆုံးဖြတ်ပေလိမ့်မည်။
သို့သော်လည်း လတ်တလောတွင်မူ သူတို့သည် ဝမ်ရှောက်ယွင်တို့ကို အနီးကပ် စောင့်ကြည့်ထားလိမ့်ဦးမည် ဖြစ်ပေသည်။
“ဟူး... တော်သေးတာပေါ့... ငါ ဖုံးကွယ်ပြီး နေနေသမျှ ငါ့မိဘတွေကို သူတို့ ဘာမှ လုပ်ဦးမှာ မဟုတ်သေးဘူး... နောက်ပြီး ရှောင်ချုံးကလည်း ဂိုဏ်းရဲ့ အဓိက တပည့် တစ်ယောက် ဖြစ်နေပြီ ဆိုတော့ သူတို့ကို ကာကွယ်ပေးနိုင်မှာပါ”
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက ဆက်မေးလိုက်၏။
“အဲဒါပြီးတော့ ဘာဆက်ဖြစ်လဲ...”
“အဲဒီနောက်မှာ ကျွန်မ သူတို့ကို လိုက်ရှာဖို့ ကြိုးစားခဲ့တယ်... အမှောင် မျိုးနွယ်တွေနဲ့ ထိပ်တိုက် မတိုးခင်နေ့ အထိပေါ့... အဲဒီ တိုက်ပွဲမှာ အမှောင်မျိုးနွယ် မူလ အဆင့် တော်တော်များများကို သတ်ပစ်ခဲ့တဲ့ အတွက် သွေးမျိုးဆက် ဘိုးဘေးက ကျွန်မ ခန္ဓာကိုယ်ပေါ်မှာ ကျိန်စာ တစ်ခုကို ခင်းကျင်းခဲ့တယ်... နောက် ကျွန်မ မြောက်ပိုင်းချုံးဂိုဏ်းကို ပြန်ရောက်တဲ့ အချိန်မှာ အားလုံးက ပျက်စီးနေခဲ့ပြီ... တပည့်တွေလည်း သေနေပြီ... အရှေ့တောင် တစ်ခုလုံးနဲ့ မြောက်ပိုင်းချုံး နန်းတော်လည်း ဖျက်ဆီး ခံလိုက်ရပြီ”
စကားပြောနေစဥ် အားရှို့၏ မျက်နှာထက်၌ ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသည်ကို ချန်းဖန် သတိထား လိုက်မိ၏။
“မြောက်ပိုင်းချုံးကို တိုက်ခိုက်ခဲ့တဲ့ အထဲမှာ အမှောင်မျိုးနွယ်တွေ အပြင် လျှို့ဝှက်တဲ့ လူသား ကျင့်ကြံသူတွေလည်း ပါတယ်...”
“သူတို့ အားလုံးက အရမ်းကို အစွမ်းထက်ကြတယ်... သူတို့အထဲမှာ ရွှေအမြုတေ အဆင့် ကျင့်ကြံသူတွေတောင် မနည်းမနော ပါတယ်... သူတို့ကြောင့်သာ မဟုတ်ရင် မြောက်ပိုင်းချုံးရဲ့ အကာအကွယ် အစီအရင်က ဖျက်ဆီး ခံရမှာ မဟုတ်ဘူး”
“အဲဒါနဲ့ ကျွန်မလည်း ချန်းယောင်ယောင်ကို ခေါ်ပြီး ဒီနေရာအထိ ထွက်ပြေးခဲ့တယ်... ဒီနှစ်တွေ အတွင်းမှာ မြောက်ပိုင်းချုံးကို တိုက်ခိုက်ခဲ့တဲ့ အမှောင်မျိုးနွယ်တွေကို အတည်ပြုနိုင်ခဲ့ပေမဲ့ လူသား ကျင့်ကြံသူတွေရဲ့ ဇစ်မြစ်ကိုတော့ ခုထိ မဖော်ထုတ်နိုင်သေးဘူး”
“သူတို့က ခရစ်ယာန် ဘုရားကျောင်းတို့၊ ကျားနဂါးတောင်တို့လို အင်အားစုတွေက အရှင်သခင်တွေ များလား...”
တန့်ရီဖေးက မေးလိုက်သည်။
“မဖြစ်နိုင်ဘူး... ကမ္ဘာပေါ်မှာ မူ အဆင့်တောင် ဒီလောက်များများ မရှိတာ... သူတို့တွေက အရမ်းကို အစွမ်းထက်တဲ့ ရွှေအမြုတေ အဆင့် ကျင့်ကြံသူတွေ... နောက်ပြီး သူတို့ ဝတ်ဆင်ထားတဲ့ အဝတ်တွေကလည်း ကမ္ဘာပေါ်က ဟာတွေနဲ့ မတူဘူး... ကြည့်ရတာ အခြားဂြိုဟ်တွေကပဲ ဖြစ်နိုင်တယ်”
အားရှို့က ခေါင်းအား ခါယမ်းရင်း ဆိုလိုက်သည်။
“ဒါဆို တိုင်ချူ ဘုရားကျောင်းများလား...”
ချူမင်ဟွေ့က ထိတ်လန့် တုန်လှုပ်ဟန်ဖြင့် ရေရွတ် လိုက်သည်။
လူတိုင်းမှာ မျက်စိမျက်နှာပျက် သွားကြ၏။ တိုင်ချူ ဘုရားကျောင်း၊ ဝူကျိဂိုဏ်း၊ နေနန်းတော်နှင့် ရွှမ်ကုန်းဂိုဏ်းတို့မှာ ယနေ့ခေတ် ကမ္ဘာကို စိုးမိုးထားသည့် ဂိုဏ်းကြီးများ ဖြစ်သည်။ မဟာ အင်အားကြီး နိုင်ငံများပင် သူတို့အား မစော်ကားဝံ့ချေ။ အကယ်၍ ထိုအချင်းအရာကို သူတို့ လုပ်သည်ဆိုပါက မြောက်ပိုင်းချုံး အနေဖြင့် လက်တုန့်ပြန်ရန် ခက်ခဲ သွားပေလိမ့်မည်။
အားရှို့ပင်လျှင် စိတ်အားငယ် သွားဟန် ရ၏။
“အဲဒီဂိုဏ်းတွေကို သွားကြည့်ပြီးတဲ့ အချိန်ကျရင်တော့ အဖြစ်မှန်ကို သိရမှာပါ...”
ချန်းဖန်မှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် ကြယ်ပင်လယ် အတွင်းရှိ ကျင့်ကြံသူများစွာ ကမ္ဘာသို့ ရောက်ရှိနေကြောင်းကို သိရှိထားသည်။ တိုင်ချူ ဘုရားကျောင်း၊ ဝူကျိဂိုဏ်းနှင့် နေနန်းတော်တို့ကို ထိန်းချုပ်ထားသူများမှာ ထိုလူများနှင့် တစ်နည်းတစ်ဖုံး ဆက်စပ်နေမည်မှာ သေချာလှပေသည်။
“မလုပ်နဲ့ ဗိုလ်ချုပ်... ဗိုလ်ချုပ်က ခုမှ ကမ္ဘာကို ပြန်ရောက်လာတာ... ဒီမှာ ဘယ်လို အခြေအနေရှိတာ ဗိုလ်ချုပ် မသိသေးဘူး”
ချူမင်ဟွေ့က အထိတ်တလန့်ဖြင့် တားဆီး လိုက်သည်။
“ငါ ဆုံးဖြတ်ပြီးပြီ... မင်းတို့ ပြောစရာ မရှိတော့ဘူး ဆိုရင် ပြန်ကြတော့လေ...”
ချန်းဖန်က ပြောလိုက်သည်။ ချူမင်ဟွေ့တို့မှာ ဆက်လက် ဖျောင်းဖြချင်နေသော်လည်း ချန်းဖန်၏ အေးစက်သော မျက်နှာထားကြောင့် ချက်ချင်းပင် ထွက်ခွာ သွားကြလေ၏။
အဆောက်အဦ အပြင်သို့ ရောက်သည်နှင့် ချူမင်ဟွေ့က သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဝမ်ရှင်း တန်ခိုးရှင်ချန်းက ဒေါသကြောင့် စဥ်းစား ဆင်ခြင်နိုင်စွမ်း ကင်းမဲ့နေပြီ... တိုင်ချူ ဘုရားကျောင်းနဲ့ အမှောင်မျိုးနွယ်တွေ ဘယ်လောက် ကြောက်ဖို့ကောင်းလဲ ဆိုတာ သူမသိသေးဘူး... ကမ္ဘာက အရင်တုန်းကလိုမျိုး မဟုတ်တော့ဘူး... မဟာ အင်အားကြီး နိုင်ငံတွေက ခုချိန်မှာ နယ်ရုပ်သာသာပဲ... အဲဒီ လူတွေက သာမန်လူ မပြောနဲ့ အမေရိကန် သမ္မတနဲ့ ဥရောပ ယူနီယံရဲ့ ဝန်ကြီးချုပ်တွေကိုတောင် သတ်ရဲကြတယ်”
တန့်ရီဖေးမှာမူ စိတ်ပူနေဟန် ရသော်လည်း ခေါင်းကိုသာ ခါယမ်း လိုက်သည်။
“ဘာဖြစ်ဖြစ် ထားလိုက်ပါ... ငါတို့ပြောလည်း သူက နားထောင်မှာမှ မဟုတ်တာ... ငါ့အဖေနဲ့ အဇူရာ နဂါးတို့ပဲ သူ့ကို ဖျောင်းဖြနိုင်မှာ... နောက်ပြီးတော့ သူက သူ ဘာလုပ်နေလဲ ဆိုတာ သိတဲ့သူပါ... ဘယ်တုန်းကမှ တဇွတ်ထိုး လုပ်တတ်တဲ့သူ မဟုတ်ဘူး”
ချူမင်ဟွေ့တို့ ထွက်ခွာသွားပြီးနောက် ချန်းယောင်ယောင်ကလည်း လက်ဘက်ရည် ဖျော်ရန်ဟု ဆိုကာ အပြင်သို့ ထွက်သွားသည်။ နောက်ဆုံး နှစ်ယောက်တည်း ကျန်တော့သည့် အချိန်သို့ အရောက်၌ ချန်းဖန်က အဆောက်အဦး တစ်ခုလုံးကို အဇူရာ အလင်းဖြင့် ဖုံးအုပ်လိုက်၏။
“အားရှို့... နင် ထိန်ချန်ထားခဲ့တာတွေ ရှိတယ် ဆိုတာ ငါ သိပါတယ်... အခု ဘယ်သူမှ မရှိတော့ဘူး... နင်ပြောချင်တာ ပြောလို့ရပြီ”
အားရှို့က ခေါင်းညိတ် လိုက်သည်။
“ဆရာ... ကျွန်မ လိမ်ပြောခဲ့တာ... တကယ်တမ်း ကျွန်မ ကျိန်စာတိုက်ခံရတဲ့ အချိန်က မြောက်ပိုင်းချုံးကို ပြန်ရောက်ပြီးမှပါ...”
ချန်းဖန်မှာ ငြိမ်သက်စွာပင် နားထောင်နေ၏။
“ကျွန်မ မြောက်ပိုင်းချုံးကို ပြန်ရောက်တဲ့ အချိန်မှာ အမှောင်မျိုးနွယ်တွေ အပြင် အခြားဂြိုဟ်က ကျင့်ကြံသူတွေကိုပါ တွေ့မြင်ခဲ့ရပါတယ်... သူတို့ရဲ့ ခေါင်းဆောင်က ကောင်းကင်မှာ နေတစ်စင်းလို ရပ်တည်နေတဲ့ ယောက်ျား တစ်ယောက်ပါ... သူရဲ့ အကြည့်တစ်ချက်နဲ့တင် ကျွန်မ ဒဏ်ရာ အကြီးအကျယ် ရသွားခဲ့ပါတယ်... ဆရာ ကျွန်မကို သင်ပေးထားခဲ့တဲ့ ကျင့်စဥ်တွေတောင် သူနဲ့ ရင်ဆိုင်တဲ့ အခါမှာ ဘာမှ အသုံးမဝင်ခဲ့ဘူး... အဲဒီနောက်မှာမှ သွေးဘိုးဘေးက ကျွန်မ ဒဏ်ရာရနေတာကို အခွင့်အရေး ယူပြီး ကျိန်စာ ခတ်ခဲ့တာပါ”
အားရှို့မှာ ယခုထိ အကြောက် မပြေသေးပုံပင်။
“အဲဒီလူက အရမ်းကို အစွမ်းထက်တယ်... သူက အဘိုး ချန်းဟွိုက်အန်းထက်တောင် အဆ တစ်ထောင် ပိုစွမ်းတယ်... အခု မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးတဲ့ အခြေအနေမှာတောင် သူနဲ့ ယှဥ်တိုက်ခိုက်ဖို့ ကျွန်မမှာ ယုံကြည်ချက် မရှိသေးဘူး... သူက ရွှေအမြုတေ အဆင့်တောင် မဟုတ်နိုင်ဘူး... ဆရာ ပြောတဲ့ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ပဲ ဖြစ်လိမ့်မယ်”
အခြေတည် ဝိညာဥ် အဆင့် ဟူသော စကားအရောက်၌ အားရှို့၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါ သွား၏။
အခြေတည် ဝိညာဥ် အဆင့် ကောင်းကင်အရှင်...
အဆင့်နိမ့် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ကမ္ဘာပေါ်၌ ပြိုင်ဘက်ကင်း နေခဲ့ပြီ ဖြစ်သည်။ အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူ ဆိုလျှင် မည်မျှ အထိ အစွမ်းထက်မည်နည်း။ ထိုအရာကား စိတ်ကူးဖြင့်ပင် ရူးလောက်သော အတွေး ဖြစ်ပေသည်။
“သူ ဘယ်က လာတာလဲ ဆိုတာ နင်သိလား...”
ချန်းဖန်က မေးလိုက်သည်။
“မသိပါဘူး ဆရာ... သူ့ အကြည့်တစ်ချက်နဲ့တင် ကျွန်မ ဒဏ်ရာ ရသွားခဲ့တာ... ဒါပေမဲ့ လူတွေက သူ့ကို နတ်ဘုရား ဗိုလ်ချုပ် လို့ ခေါ်တာ ကြားလိုက်တယ်... နောက်ပြီး သူက အပိုလို နန်းတော်ရဲ့ နတ်ဘုရား မင်းသားနဲ့ အတူ မဟာ အခွင့်အရေးကို ရှာဖို့ ရောက်လာတာ ဆိုလား... အဲဒါကြောင့်ပဲ သူတို့က မြောက်ပိုင်းချုံး နန်းတော်ကို တိုက်ခိုက်ခဲ့ကြတာ တဲ့... ဒါပေမဲ့ သူတို့ ဘာကိုမှ ရှာတွေ့သွားပုံ မရဘူး”
အားရှို့က ချန်းဖန်၏ အနားသို့ လာထိုင်ကာ လက်မောင်းအား ဖက်လိုက်သည်။
“ဆရာ... သူတို့ကို လက်စားချေဖို့ စဥ်းတောင် မစဥ်းစားပါနဲ့နော်... အဲဒီ နတ်ဘုရား ဗိုလ်ချုပ်က အခြေတည် ဝိညာဥ် အဆင့်မှာ ရှိနေတဲ့ အပြင် အပိုလို နန်းတော် နတ်ဘုရား မင်းသားရဲ့ ထောက်ပံ့မှုကို ရထားတာ.... ကျွန်မတို့ သူတို့လို လူမျိုးနဲ့ ဖက်ပြီး ရန်ဖြစ်နေလို့ မရဘူး... မြောက်ပိုင်းချုံးရဲ့ ဘယ်တပည့်မှ ဆရာ အန္တရာယ် ဖြစ်မှာကို မလိုလားဘူး... နောက်ပြီး ဆရာက မြောက်ပိုင်းချုံးရဲ့ နောက်ဆုံး မျှော်လင့်ချက်... ဆရာ တစ်ခုခု ဖြစ်ရင် မြောက်ပိုင်းချုံးလည်း ဘယ်တော့မှ နလန်ထူတော့မှာ မဟုတ်ဘူး”
ချန်းဖန်မှာ မိန်းကလေးကို ကြည့်ကာ စိတ်ကြည်နူးမှုကို ခံစားလိုက်ရ၏။ သူမကား သူ့အပေါ် စိတ်ရင်းဖြင့် ဂရုစိုက်သည့် လူအနည်းငယ်ထဲမှ တစ်ယောက် ဖြစ်ပေသည်။
“ဘာမှ မစိုးရိမ်ပါနဲ့... နင့်ဆရာက နင် ထင်ထားတာထက် အများကြီး ပိုပြီး အစွမ်းထက်နေပါပြီ...”
ချန်းဖန်က မိန်းကလေး၏ ဆံနွယ်စများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သို့သော်လည်း အပိုလို နန်းတော် အကြောင်း တွေးမိသော အခါတွင်မူ ချန်းဖန်၏ မျက်လုံးများက အေးစက်သွားလေ၏။
“အပိုလို နန်းတော်... နာမည်ကတော့ အစွမ်းထက်မယ့်ပုံပဲ”
ချန်းဖန်သည် ထိုနာမည်ကို နဂါးအရှင်၊ လော့ချန်ရှန်းနှင့် လင်းဟယ်တို့ထံမှ ကြားခဲ့ဖူးသည်။ ၎င်းကား တောင်ပိုင်း ဒေသငယ်မှ ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ပေသည်။
***