မြောက်ပိုင်းချုံး၏ အဆုံးသတ်
Vol. 11 Ch. 1058
တောင်ပိုင်း ဒေသငယ်...
ထိုနေရာကား ချန်ရှန်းဂိုဏ်း၊ နတ်ဘုရား သားရဲဂိုဏ်း၊ မိစ္ဆာနေ နန်းတော်တို့ တည်ရှိရာ ဒေသ ဖြစ်ပေသည်။ ၎င်း၏ နာမည် အပြည့်အစုံမှာ “သေးငယ်သော တောင်ပိုင်း ကောင်းကင် ဂလက်စီ အစုအဝေး” ဖြစ်ပေသည်။ ၎င်းသည် စကြဝဠာ၏ တောင်ပိုင်း အစွန်အဖျားတွင် တည်ရှိကာ ဗဟို ဂလက်စီနှင့် အလှမ်းကွာဝေး လွန်းလှပေသည်။ ထို့ကြောင့်ပင် ၎င်းအား တောင်ပိုင်း ဒေသငယ် ဟု အမည် ခေါ်တွင်ကြခြင်း ဖြစ်၏။
ချန်ရှန်းဂိုဏ်း အုပ်စိုးရာ နန်လီဂြိုဟ်နယ်မြေနှင့် ချီယွင်ဂိုဏ်း အခြေစိုက်ရာ ရှန်းယန်ဂြိုဟ်နယ်မြေတို့မှာ တောင်ပိုင်း ဒေသငယ်တွင် တည်ရှိကြခြင်း ဖြစ်သည်။ ချန်းဖန်သည် ထိုဒေသငယ်ရှိ ဂြိုဟ်များ အကြောင်းကို သိပ်မသိသော်လည်း ထိုနေရာ၌ များစွာသော ထာဝရဂိုဏ်းများ၊ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်မျာ တည်ရှိနေကြောင်းကိုမူ သိရှိ ထားပေသည်။
အပိုလို နန်းတော်ကား ထိုကဲ့သို့သော နေရာတွင်ပင် ထိပ်ဆုံး နေရာ၌ ရပ်တည်နေသည့် ဂိုဏ်းကြီး ဖြစ်သည်။ သူတို့ အလွန်အမင်း အစွမ်းထက်သည်က သံသယ ရှိစရာ မလိုချေ။
“အားရှို.. အနားယူလိုက်ဦးနော်... အဲဒီ နတ်ဘုရား ဗိုလ်ချုပ်ဆိုတာ ဘယ်လိုမျိုးလဲ ဆရာ ကြည့်လိုက်ဦးမယ်”
ချန်းဖန်က ညင်သာစွာ ပြောရင်း အားရှို့၏ နဖူးကို ညင်သာစွာ တို့ထိ လိုက်၏။ သူမ မျက်လုံးမှိတ်ကာ အိပ်ပျော်သွားသည့် အချိန်သို့ ရောက်မှ ခသူက အစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။
“ဝှစ်...”
သူ၏ နတ်ဘုရား စိတ်အာရုံသည် အားရှို့၏ စိတ်အတွင်း တိုးဝင် သွား၏။ မရေမတွက်နိုင်သော မှတ်ဉာဏ်များကို ဖြတ်သန်းပြီးနောက် လွန်ခဲ့သော ခြောက်နှစ် မြောက်ပိုင်းချုံး ရှင်းလင်းခံရသည့် မြင်ကွင်းမှာ ပေါ်လာခဲ့လေသည်။
“ဘုန်း...”
အရှေ့တောင်၌ ကြောက်မက်ဖွယ် မီးနှင့် စွမ်းအင်များသည် ပြင်းထန်စွာ ပေါက်ကွဲနေသည်။ မျိုးနွယ်ခြား ကျင့်ကြံသူတို့၏ တိုက်ခိုက်မှု အောက်၌ မြောက်ပိုင်းချုံး၏ အစီအရင်များမှာ တစ်ခုပြီး တစ်ခု ကျိုးပျက် နေ၏။
မြောက်ပိုင်းချုံးကား ကမ္ဘာ၏ အတိုင်းအတာ အားဖြင့် အလွန် အင်အားကြီးခဲ့သော ဂိုဏ်းတစ်ခု ဖြစ်ပေသည်။ စီနီယာ ကျင့်ကြံသူများ ပျောက်ဆုံးသွားပြီး နောက်တွင်ပင် ဂိုဏ်းအတွင်း၌ မူလ အဆင့် ကျင့်ကြံသူများစွာ ကျန်ရှိနေသေးသည်။ တန်ခိုးရှင် အဆင့်၊ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်များ ဆိုလျှင် ထောင်ချီသည် အထိ ရှိခဲ့သည်။
ထိုကဲ့သို့သော အင်အားစုကား ကမ္ဘာ တစ်ခုလုံးကိုပင် ကောင်းစွာ လွှမ်းမိုးရန် လုံလောက်ပေသည်။ သို့သော်လည်း မျိုးနွယ်ခြား ကျူးကျော်သူတို့၏ ရှေ့မှောက်တွင်မူ မြောက်ပိုင်းချုံးမှာ စက္ကူတစ်စ အလား ချိုးဖျက် ခံနေရ၏။
“ဝှစ်...”
ရေနေ လူသား မျိုးနွယ် မူလ အဆင့်များသည် အတူအကွ စုပေါင်း၍ ရေဒြပ်စင် ဓမ္မ အစီအရင် တစ်ခုကို ခင်းကျင်းကာ ပေတစ်ရာ မြင့်မားသော အပြာရောင်ဓားကြီး တစ်ခုကို ဆင့်ခေါ် လိုက်သည်။ ထိုဓား၏ ခုတ်ပိုင်းမှု အောက်၌ အရှေ့တောင်မှာ ထက်ပိုင်းပြတ်ကာ မြောက်ပိုင်းချုံး၏ တန်ခိုးရှင် အဆင့် ရှစ်ယောက်မှာလည်း သေဆုံး သွားကြလေသည်။ မရေမတွက်နိုင်သော သွေးမိုးများသည် ကောင်းကင်မှ နေ၍ မြေပြင်ပေါ် တပေါက်ပေါက် ကျဆင်းနေ၏။
“မြောက်ပိုင်းချုံးက ဘယ်တော့မှ အညံ့မခံဘူးကွ...”
မူလ အဆင့်၌ ရှိနေသေ အကြီးအကဲများမှာ ကောင်းကင်သို့ ပျံတက် လာကြ၏။ သို့သော်လည်း ဒါဇင်ပေါင်း များစွာသော မျိုးနွယ်ခြား မူလ အဆင့်များ၏ ဝိုင်းဝန်း တိုက်ခိုက်မှု အောက်၌ ထိုအကြီးအကဲများမှာ ချက်ချင်းပင် အသတ်ခံလိုက်ရပြန်သည်။
ချန်းဖန်၏ မျက်လုံးများမှ ပို၍ အေးစက်လာ၏။
“ဟူး...”
အနီရောင် ဝတ်ရုံရှည်နှင့် ရွှေရောင် သံချပ်ကာကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ရွှေအမြုတေ အဆင့် လူသား ကျင့်ကြံသူ ရှစ်ယောက်ကို ဝန်းရံကာ ကောင်းကင်၌ ရပ်နေခဲ့သည်။ ထိုလူသည် ရပ်ရုံသာ ရပ်နေခြင်း ဖြစ်သည့်တိုင် သူ၏ စွမ်းအားမှာမူ မိုင်တစ်ရာ ဧရိယာကို လွှမ်းခြုံထားသည်။ သူ၏ ခန္ဓာကိုယ်သည် နေတစ်စင်း အလား ကြောက်မက်ဖွယ် စွမ်းအင်များကို ထုတ်လွှတ်နေ၏။
“နတ်ဘုရား ဗိုလ်ချုပ် နရန်... ကျုပ်တို့ မြောက်ပိုင်းချုံး တစ်ခုလုံးကို ရှာပြီးပြီ.. ဒါပေမဲ့ ဘာ ကျင့်စဥ်၊ ဘာရတနာမှ မရှိဘူး... မဟာ အခွင့်အရေးက ဒီနေရာမှာ မရှိနိုင်ဘူး”
ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်က ကောင်းကင်သို့ ပျံတက်လာကာ လေးစားစွာ ပြောလိုက်သည်။
“ဒါဆိုလည်း အခြား နေရာ ထပ်သွားရှာကြတာပေါ့... ဒီအရှေ့ဂြိုဟ်ပေါ်က မဟာ အခွင့်အရေးကို အပိုလို နန်းတော်ပဲ ရရမယ်လို့ နတ်ဘုရား မင်းသားက အမိန့်ထုတ် ထားတယ်”
နတ်ဘုရား ဗိုလ်ချုပ် နရန်က ပြောလိုက်သည်။
“ဟမ်... တစ်ယောက်ယောက် ရှိနေတယ်”
ထို့နောက် သူက အားရှို့ကို သတိထားမိသွားကာ လှမ်းကြည့်လိုက်၏။ ရွှေရောင် အလင်းတန်း နှစ်ခုမှာ ကောင်းကင်ဓားများ အလား သူ၏ မျက်လုံးမှ ထွက်ပေါ်လာကာ အားရှို့အား ထိသည်။ ထို့နောက် မှတ်ဉာဏ် ပုံရိပ် တစ်ခုလုံးမှာ ပေါက်ကွဲကာ ပျက်ပြယ် သွား၏။
“အခြေတည် ဝိညာဥ် အဆင့်... တကယ်ပဲ အခြေတည် ဝိညာဥ် အဆင့် ဖြစ်နေတာပဲ... သူက အပိုလို နန်းတော်ရဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်ရမယ်... ကြည့်ရတာ သူက တောင်တန်း အင်ပါယာရဲ့ နတ်ဘုရား ဗိုလ်ချုပ် မင်ယာထက်တောင် ပိုပြီး အစွမ်းထက် နေပုံပဲ”
ချန်းဖန်က အတွေးဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထိုအချိန်မှာပင် အားရှို့မှာ အိပ်မောကျ နေရာမှ ပြန်လည် နိုးထလာ၏။
“ဆရာ... ဘာဖြစ်သွားတာလဲ...”
“အားရှို့ နင်ပြောတာ မှန်တယ်... အဲဒီ နတ်ဘုရား ဗိုလ်ချုပ် နရန်က တကယ့်ကို အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ပဲ”
ချန်းဖန်က ပြောလိုက်သည်။
“ဆရာ... အဲဒါဆို ခုချက်ချင်း လက်စား မချေသေးလို့ ရမလား... နောင် အနှစ်နှစ်ဆယ်လောက်ဆို ဆရာလည်း အခြေတည် ဝိညာဥ် အဆင့်ကို ဝင်လောက်ပြီ... အဲဒီ အခါကျရင် လက်စားချေဖို့က ပိုပြီး လွယ်ကူသွားလိမ့်မယ်...”
အားရှို့က စိတ်ပူစွာဖြင့် ပြောလိုက်သည်။ ရွှေအမြုတေ အဆင့်ကို ဝင်ရောက်ပြီးနောက်၌ သူမသည် ချန်းဖန်၏ စွမ်းအားကို မြင်တွေ့လာရသည်။
သူကား ရွှေအမြုတေ ထိပ်ဆုံး အဆင့်သို့ ရောက်ရှိနေရာ သူမထက် အဆများစွာ ပိုမို အစွမ်းထက်သည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း နတ်ဘုရား ဗိုလ်ချုပ် နရန် ကဲ့သို့သော အခြေတည် ဝိညာဥ် အဆင့်များနှင့် တိုက်ခိုက်ရန် အတွက်မူ စောလွန်းနေသေးသည်။
“ဟား ဟား... အရူးမလေး... ငါ ဘယ်ကိုသွားပြီး ဘယ်ကနေ ပြန်လာတယ် ဆိုတာ နင်မမေးတော့ဘူးလား...”
ချန်းဖန်က ရယ်မောလိုက်ရာ ဝါးအိမ်ငယ်လေး၏ အမိုးမှာ တဆတ်ဆတ် တုန်ရီသွား၏။
“အဲဒါက...”
အားရှို့က ချန်းဖန်အား စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်၏။
“သူတို့ ပြောတာတော့ ဆရာက အခြေတည် ဝိညာဥ် အဆင့်တွေ အများကြီး ရှိနေတဲ့ ထျန်းဟောင်ဂြိုဟ်ကို သွားတာဆို... ဆရာ တကယ်ပဲ အဲဒီကို သွားခဲ့တာလား... အခြေတည် ဝိညာဥ် အဆင့် ကောင်းကင် အရှင်တွေကို တွေ့ခဲ့ရသေးလား”
အားရှို့ အတွက် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ပင်လျှင် အလွန် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။ အားရှို့မှာ သူမ၏ ဆရာ ထျန်းဟောင်ဂြိုဟ်တွင် ပြုလုပ်ခဲ့သည့် အရာ အားလုံးကိုသာ သိပါက ရူးသွပ်၍ပင် သွားလောက်သည်။
“တွေ့ရုံတင် မကဘူး... ဆရာ သူတို့ကို သတ်တောင် သတ်ခဲ့သေးတယ်”
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ရယ်မောကာ ဆိုလိုက်၏။
ထိုကဲ့သို့ ချန်းဖန်တို့ ဆရာ တပည့် နှစ်ယောက် စကားပြောနေသည့် တစ်ချိန်တည်းတွင်ပင် အပြင် ကမ္ဘာ တစ်ခုလုံးမှာ ဆူညံ ပွက်လောရိုက် နေခဲ့လေ၏။ မြောက်ပိုင်းချုံး ဂိုဏ်းချုပ် ပြန်လည် ပေါ်ထွက်လာသည် ဆိုသော သတင်းကား ကမ္ဘာအတွက် အကြီးမားဆုံး သတင်းတစ်ပုဒ် ဖြစ်ပေသည်။
“ချန်းပေ့ရွှမ်းက တကယ့်ကို မစဥ်းစားတာပဲ... သူက ထောင်ချောက်ထဲကို တန်းတန်းမတ်မတ်ကို ဝင်လာတာပဲ... အမှောင်မျိုးနွယ်တွေ ဘယ်လောက် အင်အားတောင့်တင်း နေသလဲ ဆိုတာ သူမသိဘူး”
“ဟမ့်... ဒီလိုဆို သူက သေမှာကို ထိုင်ပြီး စောင့်နေရမှာလား... မြောက်ပိုင်းချုံးဂိုဏ်း ကျဆင်းခဲ့ရတာ အမှောင် မျိုးနွယ်တွေကြောင့် ဆိုတာ မမေ့နဲ့”
“ဟဟ... အမှောင်မျိုးနွယ်တွေလောက်က ဒိုးစမ်းပါကွာ... ချန်းပေ့ရွှမ်းက အရှင်ရှင်းကိုတောင် တိုက်ခိုက်ခဲ့တာနော်... သူက နေနန်းတော်ကိုတောင် သောက်ဂရုမစိုက်တဲ့သူ”
လက်ရှိခေတ် ကမ္ဘာ၌ အမှောင်မျိုးနွယ်များ အင်အားကြီးသည်မှာ အမှန် ဖြစ်သည်။ သို့သော်လည်း ဝူကျိဂိုဏ်း၊ တိုင်ချူ ဘုရားကျောင်းတို့ ကဲ့သို့သော ကျင့်ကြံခြင်း အထွတ်အမြတ်မြေများမှာ သူတို့ထက် အဆ တစ်ရာ၊ တစ်ထောင် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။
ချန်းပေ့ရွှမ်းကား ထိုကဲ့သို့သော အထွတ်အမြတ်မြေများထဲမှ တစ်ခုဖြစ်သည့် နေနန်းတော်၏ အကြီးအကဲ တစ်ယောက်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သူ့ကဲ့သို့ သတ္တိကောင်းသည့် လူမျိုး ကမ္ဘာပေါ်၌ နောက်တစ်ယောက် မရှိနိုင်ချေ။
“နေနန်းတော်ကို စိန်ခေါ်လိုက်တာက ချန်းပေ့ရွှမ်းရဲ့ အကြီးဆုံး အမှားပဲ... အရှင်ရှင်း ဆိုတာက နေနန်းတော်ရဲ့ အပေါက်စောင့် သာသာပဲ ရှိတာ... သူတို့က လွန်ခဲ့တဲ့ ဆယ်နှစ် မြောက်ပိုင်းချုံးထက်တောင် အများကြီး ပိုပြီး အစွမ်း ထက်တယ်”
မရေမတွက်နိုင်သော လူများမှာ လေးပင်စွာ သက်ပြင်းချ လိုက်မိကြလေသည်။