မျိုးနွယ်ခြားများ၏ တုန့်ပြန်မှု
Vol. 11 Ch. 1059
အင်တာနက်...
ယနေ့ခေတ်၌ အင်တာနက်ကား ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများ စုဝေးရာ ရပ်ဝန်းတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ စီအိုင်အေနှင့် အခြား ကျင့်ကြံခြင်း အဖွဲ့အစည်းများသည် အတူတကွ စုပေါင်းကာ အဆင့် ဇယားများကို မကြာခဏ ထုတ်ပြန်လေ့ရှိသည်။
ထိုဇယား၌ ကျင့်ကြံသူများကို ယေဘုယျ အားဖြင့် A, B, C, D ဟု level (လယ်ဗယ်) လေးခု ခွဲခြားထားသည်။ D level ကျင့်ကြံသူများမှာ သာမန် သိုင်းပညာရှင်များ ဖြစ်သည်။ C level မှာ အခြေခံ တည်ဆောက်ခြင်း အဆင့်များ ဖြစ်ပြီး B level တွင်မူ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်များ ပါရှိ၏။ ဝိညာဥ် ပင်လယ် အဆင့် ကျင့်ကြံသူများ (တန်ခိုးရှင်များ) ကိုမူ A level တွင် ထည့်သွင်း ထားကြသည်။
A level ၏ အထက်တွက်မူ S level အဆင့် မူလ အဆင့်များနှင့် X level အဆင့် ရွှေအမြုတေ အဆင့်များ တည်ရှိပေသည်။
ယနေ့ အင်တာနက် ဖိုရမ်များထက်၌ လူအများ ဆွေးနွေးနေသည့် အဓိက အကြောင်းအရာမှာ ချန်းဖန် S level နှင့် X level မည်သည့် အဆင့်၌ ရှိနေမည်နည်း ဆိုသော မေးခွန်းပင်။
မြောက်ဥရောပ နဂါးသွေး မိသားစု ခေါင်းဆောင်က ယခုကဲ့သို့ ဆို၏။
“ပြောဖို့တော့ ခက်သားဗျ... သူက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တည်းက အနူးဘစ်ကို သတ်ခဲ့တဲ့ အပြင် မာယာ စစ်တပ်ကိုပါ ဖျက်ဆီးနိုင်ခဲ့တာ... ရွှေအမြုတေ အဆင့်လောက်ကိုတော့ ရောက်နေပြီ လို့ ထင်တာပဲ”
“ဟက်ဟက်... ခင်ဗျားဟာက သေချာလှချည်လား... သူက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကထက် ဆုတ်ယုတ်ကောင်း ဆုတ်ယုတ်သွားနိုင်တာပဲလေ...”
ဂျပန် အရှင်သခင် တစ်ယောက်က ခနဲ့တဲ့တဲ့ ပြောသည်။
“ချန်းပေ့ရွှမ်းက ကမ္ဘာရဲ့ ကျင့်ကြံခြင်း ရွှေခေတ် မရောက်ခင်လေးမှာ ပျောက်သွားခဲ့တာ... ကျုပ်အထင် ရဲ့နန်ထင်းနဲ့ နဂါးအိုကြီးတို့က သူ့ထက် ပိုသာနေလောက်ပြီ ထင်တာပဲ”
တရုတ် လူမျိုး ကျင့်ကြံသူ တစ်ယောက်က ပြောသည်။ များစွာသော လူများမှာ သူ၏ စကားကို သဘောတူကြ၏။ ချန်းပေ့ရွှမ်းကား လွန်ခဲ့သော ဆယ်နှစ် မတိုင်ခင် ကတည်းက ပျောက်ကွယ် သွားခဲ့ခြင်း ဖြစ်သည်။
စကြဝဠာ အတွင်း၌ ယနေ့ခေတ် မော်ဒန်ကမ္ဘာထက် ပိုမို ကောင်းမွန်သည့် ကျင့်ကြံခြင်း ပတ်ဝန်းကျင်မျိုး ရှိလိမ့်မည် မထင်ချေ။ ထို့ကြောင့်ပင် ချန်းပေ့ရွှမ်း၏ တိုးတက်မှုမှာ ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများထက် ပို၍ နှေးကွေးနိုင်ပေသည်။
“ချန်းပေ့ရွှမ်းသာ ဘယ်ကိုမှ ထွက်မသွားပဲ ကမ္ဘာမှာ ဆက်နေခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ... အဲဒါဆိုရင် သူ ရွှေအမြုတေ ထိပ်ဆုံး အဆင့် လောက်ကို ရောက်နေလောက်ပြီ... နောက်ပြီး သူသာ အခြေတည် ဝိညာဥ် အဆင့်ကို ချိုးဖျက်နိုင်ခဲ့ရင်...”
များစွာသော လူများမှာ နှမြောတသစွာ ရေရွတ် လိုက်မိကြ၏။ အကယ်၍ ချန်းပေ့ရွှမ်းသာ အခြေတည် ဝိညာဥ် အဆင့် ကောင်းကင်အရှင် တစ်ယောက် ဖြစ်လာပါက ဂြိုဟ်သားများ၏ ကျူးကျော်မှုကို တားဆီးနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကမ္ဘာသားများမှာ ကမ္ဘာအား ပြန်လည် ပိုင်စိုး နိုင်ပေလိမ့်မည်။
“နောက်ကျသွားခဲ့ပြီ... သူက အခွင့်အရေးကောင်းကို လွဲချော် သွားခဲ့တာပဲ...”
အဇူရာ နဂါးက ခေါင်းအား လေးပင်စွာ ခါယမ်းလိုက်၏။ သူသည် ချန်းဖန်ကို အလွန် အထင်ကြီးသည့်တိုင် ဆယ်နှစ်အတွင်း ချန်းဖန် အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ရှိနေလိမ့်မည် ဟု မထင်ချေ။
အဇူရာ နဂါးသည် ရွှေအမြုတေ အဆင့်ကို ရောက်ရှိပြီးနောက်၌ အဆင့် ချိုးဖျက်မှုများ အပေါ် နားလည်မှု အချို့အဝက် ရရှိခဲ့သည်။ ထို့ကြောင့်ပင် သူသည် အခြေတည် ဝိညာဥ် အဆင့်ကို ဝင်ရောက်ရန် မည်မျှ ခက်ခဲကြောင်း တစ်စွန်းတစ်စ သိမြင်ထားသည်။ အကယ်၍ ချန်းဖန် အနေဖြင့် နောက် နှစ်ပေါင်း နှစ်ဆယ် ထပ်မံ လေ့ကျင့်လျှင်ပင် အခြေတည် ဝိညာဥ် အဆင့်ကို ဝင်ရောက် လွယ်ကူလိမ့်မည် မဟုတ်ချေ။
“ကျုပ်တို့ ဝမ်ရှင်း တန်ခိုးရှင်ချန်းနဲ့ အဆက်အသွယ် ဖြတ်သင့်လား...”
ခွန်းလွန်၏ တပည့် တစ်ယောက်က မေးလိုက်သည်။
“ဘာလို့ ဖြတ်ရမှာလဲ... မြောက်ပိုင်းချုံးနဲ့ ဝမ်ရှင်း တန်ခိုးရှင်ချန်း ဆိုတာ ငါတို့ လူသား မျိုးနွယ် တစ်ခုလုံးရဲ့ ကျောရိုးပဲလေ”
အဇူရာ နဂါးက ပြောလိုက်သည်။
ထိုကဲ့သို့ စကားဝိုင်းများမှာ ကျားနဂါးတောင်၊ တန်ဒြာ ဗုဒ္ဓ ဘုရားကျောင်း၊ ထိုက်ကျိဂိုဏ်း၊ သတ်ဖြတ်ခြင်း ခုနစ်ပါးဂိုဏ်း... စသည့်ဖြင့် နေရာများစွာ၌ ဖြစ်ပျက် နေခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ချန်းဖန်၏ အခွင့်အရေး လွဲချော်မှု အတွက် အားမလို၊ အားမရ ဖြစ်နေကြသည့်တိုင် ချန်းဖန် အပေါ် လေးစားမှုမှာမူ နက်ရှိုင်းနေဆဲ ဖြစ်၏။
ရိုမေးနီးယား၊ အမှောင်တောအုပ် အလယ်၌ မဟူရာ ရဲတိုက်ကြီး တစ်ခုသည် ခန့်ညား ထည်ဝါစွာ ထီးထီး တည်ရှိ၏။ သွေးတောင် တိမ်တိုက်များမှာ ကောင်းကင်၌ မင်းမူနေကာ သရဲတစ္ဆေများက ထိုနားတစ်ဝိုက်တွင် ပျော်ပါး ကူးခပ် နေကြသည်။
အနက်ရောင် အပေါ်ဝတ်ရုံ ဝတ်ဆင်ထားသော သွေးမျိုးဆက် ကျင့်ကြံသူ တစ်ဒါဇင်သည် စားပွဲ တစ်ခု၌ ဝိုင်းဖွဲ့၍ ထိုင်နေကြသည်။ သူတို့သည် အနည်းဆုံး မူလ အဆင့်များ ဖြစ်ကာ အချို့ဆိုလျှင် ရွှေအမြုတေ အဆင့်သို့ ရောက်ရှိ နေကြသည်။ များစွာသော အစေခံများသည် သူတို့၏ ပတ်လည်တွင် ဝန်းရံကာ အရာသာ ရှိသော စားသောက်ဖွယ်ရာများကို ခင်းကျင်း နေကြသည်။
ရုတ်တရက်...
“ဟီး ဟီး... လာစမ်း...”
သွေးမျိုးဆက် ကျင့်ကြံသူ တစ်ယောက်က သူ၏ ဘေးနားရှိ အစေခံ မိန်းကလေးကို ဖမ်းယူလိုက်ကာ သွေးများ ခြောက်ကပ်သည် အထိ စုပ်ယူ ပစ်လိုက်သည်။ ထို့နောက် သူက လျှာကို သပ်ကာ ပြန်လည် ငြိမ်သက် သွားလေ၏။
အခြား အစေခံလေးများမှာ ထိတ်လန့် ကြောက်ရွံ့နေကြသည့်တိုင် တုန်တုန်ရီရီဖြင့် ဆက်လက် တာဝန် ထမ်းဆောင်နေရဆဲ ဖြစ်သည်။
“ချန်းပေ့ရွှမ်း ဟုတ်လား... သူက အရှေ့ဂြိုဟ်က ငါတို့ မျိုးနွယ်တွေကို ရှင်းပစ်ခဲ့တဲ့ တစ်ယောက် မလား”
အတန်ကြာ တိတ်ဆိတ်မှု အပြီး၌ စားပွဲ၏ ထိပ်ဆုံးနေရာ၌ ထိုင်နေသော အကြီးအကဲက ခြောက်ကပ်စွာ မေးလိုက်၏။
“ဟုတ်တယ် သူပဲ... သူ ကမ္ဘာကနေ ထွက်သွားခဲ့တာ ဆယ်စုနှစ် တစ်ခုလောက် ရှိပြီ... ဒီနေ့မှ ရုတ်တရက် ပြန်ပေါ်လာခဲ့တာ”
သွေးမျိုးဆက် ကျင့်ကြံသူ တစ်ယောက်က လေးစားသော အမူအရာဖြင့် ဖြေသည်။
အကြီးအကဲ တစ်ယောက်က နှာခေါင်းရှုံ့ လိုက်၏။
“ဟမ့်... သူက ရွှေအမြုတေ အဆင့်မှာပဲ ရှိတာပါ... သူ့ကို ရင်ဆိုင်ဖို့ သွေးအစောင့်တွေ လွှတ်လိုက်ရုံပဲ... ငါတို့မှာ သူ့ထက် ပိုအရေးကြီးတာတွေ အများကြီး ရှိတယ်”
“အမှန်ပဲ...”
အခြား အကြီးအကဲ ခြောက်ယောက်က ခေါင်းညိတ် လိုက်ကြသည်။
သွေးအစောင့် တပ်ဖွဲ့မှာ ရွှေအမြုတေ အဆင့် သုံးယောက် အပါအဝင် သွေးမျိုးဆက် ကျင့်ကြံသူ တစ်ရာကျော်ဖြင့် ဖွဲ့စည်းထားသော တပ်ဖွဲ့ တစ်ခု ဖြစ်သည်။ ရွှေအမြုတေ အဆင့် တစ်ယောက်က ရင်ဆိုင်ရန် အတွက် သွေးအစောင့် တပ်ဖွဲ့မှာ လုံလောက်ပေသည်။
တစ်ချိန်တည်း၌ အခြား မျိုးနွယ်များမှာလည်း ချန်းဖန်အား သတ်ဖြတ်ရန် အစီအစဥ်များ ဆွဲနေကြသည်။ သူတို့သည် တောင်အမေရိက ရွှေရောင် ကလန်၊ ချန်းပေ့ နဂါးရေကန်မှ မွန်းစတားများနှင့် ဆိုက်ဘေးရီးယားမှ အမှောင် ဝံပုလွေများ ဖြစ်ကြ၏။
ထိုမျိုးနွယ်များသည် အခြားဂြိုဟ်များမှ ရောက်လာကာ ကမ္ဘာ၏ အရင်းအမြစ်များကို သိမ်းပိုက်ထားကြသည်။ သူတို့က လူသားများကိုပါ အတင်းအကြပ် ဖမ်းဆီးကာ တိရစ္ဆာန်များ သဖွယ် စေခိုင်းကြသည်။ သို့ဖြစ်ရာ သူတို့သည် ချန်းဖန် သူတို့၏ လုပ်ရပ်များအား ခြိမ်းခြောက်လာမည်ကို မလိုလားကြချေ။
ထိုအချိန် တိုင်ချူ ဘုရားကျောင်း၊ နေနန်းတော်နှင့် ဝူကျိဂိုဏ်းတို့၏ အစည်းအဝေး ခန်းမများမှာ ဒေါသ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
“ဟမ့်... သေမျိုးတစ်ယောက်ကများ ငါတို့ကို စိန်ခေါ်ရဲတယ်ပေါ့... သူတို့က ငါတို့ရဲ့ နည်းလမ်းတွေကို မေ့သွားပြီ ထင်တယ်”
အကြီးအကဲ တစ်ယောက်က နှာခေါင်းရှုံ့ လိုက်သည်။
“သူ ငါတို့နဲ့ ပူးပေါင်းမလား အရင်ဆုံး စောင့်ကြည့်ကြသေးတာပေါ့... ငါတို့ဘက်က အခွင့်အရေး ပေးတာတောင် သူ့ဘက်ကနေ ဆက်ပြီး ခေါင်းမာနေဦးမယ် ဆိုရင်တော့ ကျန်းချူရန်ကို လွှတ်လိုက်မယ်လေ... အဲဒီ ကလေးမက မကြာခင် ရွှေအမြုတေ အဆင့်ကို တက်လှမ်းနိုင်တော့မှာ... သူ့ရဲ့ စွမ်းအားအသစ်ကို ဟိုကောင်လေးနဲ့ စမ်းသပ်ခိုင်းရမယ်”
ပိန်ရှည်ရှည် အကြီးအကဲက အနည်းငယ် စဥ်စားရင်း ဆိုလိုက်၏။
“အဲဒီ အကြံ မဆိုးဘူး...”
အခြား အကြီးအကဲများမှာ ခေါင်းညိတ် လိုက်ကြလေသည်။
တိုင်ချူ ဘုရားကျောင်း၏ ကျင့်ကြံခြင်း ခန်းမ အတွင်း၌ ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လှပသော မိန်းကလေး တစ်ယောက်သည် တိတ်ဆိတ်စွာ ကျင့်ကြံနေ၏။
သူမ၏ မျက်ခုံးမွေး နှစ်ခုသည် ထိစပ်လု မတတ် တွန့်ကွေးနေရာ အရေးကြီးသော အခိုက်အတန့် တစ်ခုကို ဖြတ်ကျော်နေရကြောင်း သိသာစေသည်။ မှန်ပေသည်။ သူမကား ရွှေအမြုတေ အဆင့်ကို တက်လှမ်းနေခြင်း ဖြစ်တော့၏။
ထိုအချိန်၌ ချန်းဖန်ကမူ ချန်းယောင်ယောင်၊ အားရှို့တို့နှင့် အတူ ချင်းယန် စီရင်စု အတွင်သို့ ပြန်လည် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
“ရှောင်ဖန်... သား အဆင်ပြေရဲ့လား”
အန်တီထန်က မေးလိုက်၏။ သူမ၏ အသံက စိုးရိမ်ခြင်းများဖြင့် ပြည့်နှက်နေသည်။
“ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ဖေးဖေး အန်တီကို ပြောပြတယ်... သူက သားကိုတောင် သေခန်း ဖြတ်ခဲ့တယ်ဆို... အဲဒီ ကိစ္စ အတွက် အန်တီ သူ့ကို ကောင်းကောင်း ဆူပြီးပြီ... နောက်ပြီး သားကို တောင်းပန်ဖို့”
“ကိစ္စ မရှိပါဘူး အန်တီ...”
ချန်းဖန်က ကြားမှ ဖြတ်ကာ ဆိုလိုက်သည်။
“ဖေးဖေးက ကလေး ဆိုတော့ သူငယ်ချင်းတွေ စကားကို နားယောင်နေတာပါ... သူ့ကို အတင်းအကြပ်ကြီး တွန်းအား မပေးပါနဲ့”
အန်တီထန်မှာ ချန်းဖန်၏ လေသံကြောင့် အနည်းငယ် စိတ်ပျက် သွားမိ၏။ သူမသည် ချန်းဖန်အား ဖေးဖေးကို တပည့် တစ်ယောက် အနေဖြင့် လက်ခံစေလိုသည်။ သို့သော်လည်း ယခု အခြေအနေကို ကြည့်ရသည်က သူမ၏ ဆန္ဒအတိုင်း ဖြစ်လာတော့မည် မဟုတ်ချေ။
“ထားလိုက်ပါလေ...”
အန်တီထန်က ခေါင်းအား ခါယမ်းလိုက်၏။ ထို့နောက် သူက အခြား အကြောင်းအရာ တစ်ခုကို လွှဲကာ ပြောလိုက်သည်။
“ဪ... ဒါနဲ့ ရှောင်ဖန်... သား အန်ကယ်ကျန်းက သားကို ရန်ကျင်း လာဖို့ ဖိတ်နေတယ်... သူက သားနဲ့ အရေးကြီးတာ တစ်ခုခု ဆွေးနွေးစရာ ရှိနေတယ် တဲ့”
“ကျန်းဟိုင်ရှန်းလား...”
ချန်းဖန်၏ မျက်နှာရှိ အပြုံးမှာ ပျောက်ကွယ်သွာ၏။
***