← Chapters

တန့်ယွမ်ချင်းနှင့် တွေ့ဆုံခြင်း

Vol. 11 Ch. 1060

တန့်ယွမ်ချင်းနှင့် တွေ့ဆုံခြင်း

Vol. 11 Ch. 1060

ကျန်းဟိုင်ရှန်း...

ထိုလူကား ချူကျိုးမြို့၊ မြို့တော်ဝန်ရုံး၏ လက်ထောက် ဒါရိုက်တာ ဖြစ်သည်။ သေးသိမ်သော သဘောထားနှင့် အခြားသူကို နှိမ့်ချ အထင်သေး တတ်သည့် စိတ်ဓာတ်ကြောင့် ချန်းဖန်သည် သူ့အား သိပ် သဘောမကျချေ။ ချန်းဖန်၏ သူ့အပေါ် သဘောမကျခြင်းမှာ ကျန်းချူရန်ကို မနှစ်သက်ခြင်းထက် ပိုပေသည်။

ယခုအချိန်၌ ကျန်းမိသားစုမှာ ကျန်းချူရန်၏ မြင့်တက်လာမှုနှင့် အတူ တရုတ်၏ အင်အားကြီး မိသားစု တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။  ကျန်းဟိုင်ရှန်းဆိုလျှင် တိုင်ချူ ဘုရားကျောင်း၏ ကိုယ်စားလှယ် တစ်ယောက် အနေဖြင့် နိုင်ငံ ခေါင်းဆောင်များနှင့်ပင် ပခုံးချင်း ယှဥ်နိုင်သူ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ချန်းဖန်မှာ သူ့အား အထင်မကြီးချေ။ ကျန်းဟိုင်ရှင်းသည် တိုင်ချူ ဘုရားကျောင်း ကိုယ်စားလှယ် ဟု နာမည် ခံထားသော်လည်း အမှန်တကယ်တွင်မူ အစေခံ တစ်ယောက်သာသာ သာလျှင် ဖြစ်ပေသည်။ တိုင်ချူ ဘုရားကျောင်း၏ ကျင့်ကြံသူများသည် သူ့ကဲ့သို့ သေမျိုး တစ်ယောက်ကို ဘယ်တော့မှ သူတို့နှင့် တန်းတူ သတ်မှတ်လိမ့်မည် မဟုတ်ချေ။

အန်တီထန်မှာလည်း ထိုအရာကို သိရှိ နားလည်ထား၏။ သူမသည် ချန်းဖန်၏ ရှေ့၌ သူမ၏ ခင်ပွန်း အကြောင်းကို ထုတ်ဖော် ပြောဆိုသည့် အချိန်တိုင်း ဂုဏ်ယူခြင်း အစား ရှက်ရွံ့မှုကိုသာ ခံစားခဲ့ရလေသည်။

“သားမသွားလည်း ဘာမှ မဖြစ်ဘူးနော်... အန်တီက ပြောရုံပဲ ပြောပြတာပါ”

အန်တီထန်က ပြောလိုက်သည်။

“ကိစ္စ မရှိပါဘူး... ကျွန်တော်လည်း အနှေးနဲ့ အမြန် ရန်ကျင်းကို သွားဖို့ အစောတည်းက စဥ်းစားထားတာပါ”

ချန်းဖန်က အပြုံးဖြင့် ဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။

ထို့နောက် သူတို့ အဖွဲ့သည် ညတွင်းချင်းပင် အမှောင်၏ အကာအကွယ်ကို ယူကာ ချူကျိုးမြို့သို့ ပြန်လာခဲ့သည်။ သို့သော်လည်း မြောက်ပိုင်းချုံး ဂိုဏ်းချုပ်၏ သတင်းကို မည်သည့် နည်းလမ်းက ဖုံးကွယ်နိုင်ပါမည်နည်း။

နောက်တစ်နေ့ နံနက်သို့ အရောက်၌ ချူကျိုးမြို့နှင့် ကျန်းနန်နယ် တစ်ခုလုံးရှိ ကျင့်ကြံသူများသည် ယွင်ဝူတောင် ရှိရာသို့ တဖွဲဖွဲ ရောက်ရှိ လာကြတော့သည်။ သို့သော်လည်း သူတို့သည် အာရှို့၏ တားဆီးမှုကို ခံကြရ၏။ အတင်းအကြပ် ဝင်ရန် ကြိုးစားကြသူများမှာ အားရှို့၏ ပြင်းထန်စွာ ရိုက်နှက်ခြင်းကို ခံကြရလေသည်။ နောက်ဆုံး၌ များစွာသော လူများမှာ လက်ဆောင်များကို ထားခဲ့ကာ ပြန်လည် ထွက်ခွာ သွားကြတော့သည်။

ကျန်းဖေဖေးသည် စံအိမ် အပြင်ဘက်၌ ရပ်ကာ အဖြစ်အပျက် အလုံးစုံကို ကြည့်နေခဲ့သည်။ သူမသည် စိတ်ရှုပ်ထွေးမှုကို ခံစားနေရ၏။

“နင်က ကျန်းချူရန်ရဲ့ ညီမလား...”

အားရှို့က လှည့်ကြည့်ရင်း မေးလိုက်သည်။

“ဟုတ်ပါတယ်... အမရှို့...”

ကျန်းဖေးဖေးက ခေါင်းငုံ့ရင်း ပြောလိုက်သည်။သူမသည် အားရှို့မှာ အနိမ့်ဆုံး မူလ အဆင့်လောက်တွင် ရှိနေကြောင်း သိရှိထား၏။

“နင့်ရဲ့ ပါရမီက သိပ်မဆိုးပါဘူး... ဒါပေမဲ့ ငါ့ဆရာရဲ့ တပည့် ဖြစ်ခွင့်ရမယ့် အခွင့်အရေးကို နင် လွဲချော် သွားခဲ့တာပဲ... နင့်အနေနဲ့ လက်ကျန် ဘဝမှာ အမြင့်ဆုံး မူလ အဆင့်ကိုပဲ ရောက်နိုင်လိမ့်မယ်”

အားရှို့က ကျန်းဖေးဖေးကို ကြည့်ကာ ခေါင်းအား ခါယမ်း လိုက်သည်။

ကျန်းဖေးဖေးက လက်သီးအား တင်းတင်းဆုပ် လိုက်သည်။

“အမရှို့... ကျွန်မ အခွင့်အ‌‌ရေးကောင်းကို လွဲချော်ခဲ့တယ် ဆိုတာတော့ ဝန်ခံတယ်... ဒါပေမဲ့ မူလ အဆင့်ကိုပဲ ရောက်နိုင်တယ် ဆိုတာကတော့ အဓိပ္ပာယ် မရှိဘူး... ဝမ်ရှင်း တန်ခိုးရှင်ချန်းတောင် ရွှေအမြုတေ အဆင့်မှာပဲ ရှိနေတာ... သူနဲ့ ကျင့်ကြံခြင်း အဆင့်တူတဲ့လူတွေမှ အများကြီးပဲ... ကျွန်မရဲ့ အမဝမ်းကွဲတောင် မကြာခင်မှာ ရွှေအမြုတေ အဆင့်ကို ရောက်တော့မှာ... တကယ်လို့ ကျွန်မသာ အမ နေရာမှာ ဆိုရင် ဂျူနီယာ တစ်ယောက်ကို ဝေဖန်နေမယ့် အစား ကိုယ့်ဆရာရဲ့ ခေါင်း အမှောင်မျိုးနွယ်တွေဆီ ဘယ်အချိန် ပါသွားမလဲ ဆိုတာကိုပဲ တွေးပူနေမှာ”

ကျန်းဖေးဖေး၏ အမြင်အရ ဆိုလျှင် ချန်းဖန်မှာ ရွှေအမြုတေ အဆင့် တစ်ယောက်သာ ဖြစ်သည်။ မသေမျိုး တန်ခိုးရှင်များ တည်ရှိနေသည့် တိုင်ချူ ဘုရားကျောင်းနှင့် နှိုင်းယှဥ်ပါက ထိုမောက်မာသောကောင်မှာ ပုရွက်ဆိတ်လောက်သာ ရှိပေသည်။

“အမှောင်မျိုးနွယ်တွေ ဟုတ်လား...”

အားရှို့က အေးစက်စက် နှာခေါင်းရှုံ့ လိုက်သည်။

“ငါ့ဆရာ အတွက် သူတို့က ဘာမှ မဟုတ်ဘူး... ကောင်မလေး... နင် ပြောခဲ့တာတွေ အတွက် မကြာခင် နောင်တ ရလိမ့်မယ် ဆိုတာ ငါပြောရဲတယ်

ချန်းဖန်ကား ထျန်းဟောင်ဂြိုဟ်ပေါ်ရှိ မရေမတွက်နိုင်သော အခြေတည် ဝိညာဥ် အဆင့်များကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။ အမှောင်မျိုးနွယ်များကို ရင်ဆိုင်ရခြင်းလောက်က သူ့အတွက် ထမင်းစား ရေသောက်ထက် မပိုချေ။

အားရှို့က ခေါင်းခါကာ စံအိမ် အတွင်း ပြန်ဝင်လာခဲ့သည်။

“ကျွန်မ ကျန်းဖေးဖေးက ဘယ်တော့မှ နောင်တရတဲ့ လူစားမျိုး မဟုတ်ဘူး...”

မိန်းကလေး၏ အသံက နောက်မှ လွင့်ပျံ လာခဲ့၏။

နောက်ရက်များ အတွင်း၌ မရေမတွက်နိုင်သော လူများမှာ ယွင်ဝူတောင်သို့ ရောက်ရှိ လာခဲ့ကြပြန်သည်။ သို့သော်လည်း တန့်ယွမ်ချင်း တစ်ယောက် သာလျှင် ချန်းဖန်၏ စံအိမ်အတွင်း ဝင်ခွင့် ရရှိခဲ့၏။

“ဝမ်ရှင်း တန်ခိုးရှင်ချန်း... ခုလို အန္တရာယ် ကင်းကင်းနဲ့ ပြန်တွေ့ရတာ ဝမ်းသာပါတယ်”

တန့်ယွမ်ချင်းနှင့် တန့်ရီဖေး နှစ်ယောက်စလုံးက ချန်းဖန်အား ဦးညွှတ် လိုက်ကြသည်။

“ခင်ဗျားလည်း တော်တော် တိုးတက်လာတာပဲ... ဒီအတိုင်းသာ ဆက်တိုးတက်မယ် ဆိုရင် အခြေတည် ဝိညာဥ် အဆင့်ကိုတောင် ရောက်နိုင်တယ်”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

“ဝမ်ရှင်း တန်ခိုးရှင်ချန်းလည်း အခြေတည် ဝိညာဥ် အဆင့် အကြောင်းကို သိထားတာလား...”

တန့်ယွမ်ချင်းမှာ အံ့အားသင့်သွားဟန် ရ၏။

“ဒါပေါ့... ဘာလို့ မသိရမှာလဲ”

ချန်းဖန်က တစ်ချက် ပြုံးလိုက်သည်။

“ဒါဆိုလည်း ကျွန်တော် လိုရင်းကိုပဲ ပြောပါတော့မယ်... ခု ကမ္ဘာကို ရောက်နေတဲ့ အမှောင်မျိုးနွယ်တွေက အရင်က ကမ္ဘာ ရှိခဲ့တဲ့ မျိုးနွယ်တွေနဲ့ လုံးဝ ခြားနားတယ်... သူတို့ထဲက အများစုက ရွှေအမြုတေ အဆင့်တွေ... အချို့ ခေါင်းဆောင်တွေ ဆိုရင် အခြေတည် ဝိညာဥ် အဆင့်ကိုတောင်‌ ရောက်နေကြတာတဲ့”

တန့်ယွမ်ချင်းက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။

“အခြေတည် ဝိညာဥ် အဆင့်...”

အန်တီထန်မှာ ဘေးမှ နားထောင်ရင်း ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့၏။

“ဒီတော့ ဘာဖြစ်လဲ...”

ချန်းဖန်က အပြုံးမပျက်ပင် မေးလိုက်သည်။

“အဲဒီ အခြေတည် ဝိညာဥ် အဆင့်တွေက အခု လောလောဆယ် ပုန်းအောင်း နေကြတယ် ဆိုပေမဲ့ အနှေးနဲ့ အမြန် ထွက်ပေါ် လာကြမှာ... ထားလိုက် သူတို့ ထည့်မတွက်နဲ့ဦး...  အမှောင်မျိုးနွယ် တစ်ခုကို ရွှေအမြုတေ အဆင့်တင် ဆယ်ယောက်ထက် မနည်း ရှိတယ်... သူတို့ အကုန်လုံး စုပေါင်းလိုက်တဲ့ အခါမှာ မရေအတွက်က ရာချီနေပြီ... အဲဒီလို အင်အားစုနဲ့ ထိပ်တိုက် တိုးတာ ဉာဏ်ရှိတဲ့ လုပ်ရပ် မဟုတ်ဘူး... လက်စားချေတာက စောင့်လို့ရပါတယ် ဝမ်ရှင်း တန်ခိုးရှင်ချန်း”

တန့်ယွမ်ချင်းက ဆိုလိုက်သည်။ အန်တီထန်၊ ချန်းယောင်ယောင်နှင့် တန့်ရီဖေးတို့က သဘောတူစွာ ခေါင်းညိတ် လိုက်ကြသည်။

အားလုံး တဒင်္ဂ တိတ်ဆိတ်သွားစဥ်မှာပင် အလွန် ဆွဲဆောင်မှု ရှိသော မိန်းကလေး တစ်ယောက်မှာ အခန်းအတွင်း ဝင်ရောက်လာ၏။ သူမက ခန္ဓာကိုယ်ကို ကိုင်းညွှတ်ရင်း လက်သီး နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက် ဂါရဝ ပြုလိုက်သည်။

“ကောင်းကင် တန်ခိုးရှင်တန့်က တကယ် အမျှော်အမြင် ရှိတဲ့လူပဲ... ကျွန်မ ရှင့်အကြံကို သဘောကျတယ်”

“ပျံလွှားနီလေး...”

ချန်းဖန်က နွေးထွေးသော အပြုံးဖြင့် နှုတ်ဆက် လိုက်သည်။

ထိုမိန်းကလေးကား ခွန်းလွန်၏ ဗိုလ်ချုပ် တစ်ယောက် ဖြစ်သည့် ပျံလွှားနီလေးပင် ဖြစ်ပေသည်။ သူမသည် ဆယ်နှစ် ကြာမြင့်ပြီးသည့်တိုင် ယခင်က အတိုင်း မပြောင်းမလဲ ဆွဲဆောင်မှု ရှိရှိ လှပနေဆဲ ဖြစ်၏။

“ကြည့်ရတာ ခွန်းလွန်နဲ့ အဇူရာ နဂါးတို့က ငါ့ကို တားဖို့ နင့်ကို လွှတ်လိုက်ပုံပဲ...”

“အမှန်ပါပဲ.. ဆရာက ရှင့်ကို ဘာမှ မလှုပ်ရှားခင် ဆယ်နှစ်လောက် တံခါးပိတ် ကျင့်ကြံစေချင်နေတယ်”

ပျံလွှားနီလေးက အတည်ပြု လိုက်သည်။

ချူမင်ဟွေ့ကလည်း ဦးထုပ်ကို ချွတ်ကာ ပိုက်လိုက်ရင်း...

“ဗိုလ်ချုပ်... ခုရက်ပိုင်းမှာပဲ အမှောင်မျိုးနွယ် ရှစ်ခုက မဟာမိတ် ဖွဲ့လိုက်ပြီ... သူတို့က ဗိုလ်ချုပ်ကို အညံ့ခံဖို့ ဆိုပြီး ရာဇသံ ပေးထားတယ်...မဟုတ်ရင် ချူကျိုးမြို့ တစ်ခုလုံးကို ရှင်းလင်းပစ်မယ်တဲ့”

“လုပ်ရဲရင် လုပ်ပါစေပေါ့...”

အသံနှင့် အတူ အေးစက်မှု တစ်ခုမှာ ချန်းဖန်၏ ခန္ဓာကိုယ်မှ ပျံ့လွင့်လာ၏။ ချက်ချင်းပင် စံအိမ် တစ်ခုလုံးမှာ ရေခဲမှတ် ရောက်သည့်အလား အေးစက်မှုများဖြင့် ပြည့်နှက် သွားခဲ့လေသည်။

***

All Chapters