ရည်မှန်းချက် အပြည့်နှင့် ပေ့ကုန်းအော့
Vol. 020 Ch. 1920
တန်ခိုးရှင်များအားလုံးက ကမ်းပါး၏ပျက်စီးခြင်းကို မြင်တွေ့ရကာ ဆွံ့အရသည်။
မဟာလမ်းစဉ်၏အခွင့်အလမ်းတစ်ခုကား ထိုနည်းဖြင့် ပျက်စီးသွားရ၏။ တခြားလူများက ဆက်လက်၍ ကျင့်ကြံမရနိုင်တော့ပေ။
ဆိုလိုသည်က ရီဖူရှင်းသည် ၄င်းအခွင့်အလမ်းကို အပြည့်အဝ ဆက်ခံရယူသွားခြင်းပင်။
စန့်ကွမ်းချိုးရယ်သည် ကမ်းပါး ပျောက်ကွယ်သွားသည်ကိုကြည့်ကာ တနည်းအားဖြင့် စိတ်ဓာတ်ကျသွားသည်။ သူမက ကမ်းပါးထံမှ ဉာဏ်အလင်းများ ရနေခဲ့ကာ သူမ၏လမ်းစဉ်မှာလည်း ပိုမိုခိုင်မာလာခဲ့၏။ ယခု ရီဖူရှင်းက အရာအားလုံးကို စုပ်ယူဝါးမျိုသွားခဲ့သည်။
“မဟာလမ်းစဉ်ရဲ့အခွင့်အလမ်းကို တစ်ယောက်တည်း မောင်ပိုင်စီးတယ်။ မဆိုးဘူး” အသံတစ်သံကို ကြားကြရသည်။ ပြောလိုက်သူကား ယွင်ကျိန်းဖြစ်သည်။ သူကား လေထဲတွင်ရပ်ကာ ဖြစ်ပျက်နေသည်များကို ငြိမ်သက်စွာ ကြည့်နေ၏။
ကမ်းပါးကား ပျောက်ကွယ်သွားပြီဖြစ်သည်။ ဆိုလိုသည်က ရီဖူရှင်းသည် ကမ်းပါး၏အကူအညီကို ယူ၍ တိုက်ခိုက်ခြင်း မပြုနိုင်တော့။
ကျွင်းချိုးယွင်နှင့် သူ့လူများကလည်း ထိုသို့တွေးမိဟန်ရကာ ရှေ့ကို တက်လာကြသည်။ သူတို့က ဤသို့ အခွင့်အရေးကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း။
ကြီးမားသော ဖိအားသည် ချက်ချင်း ဆင်းသက်လာသည်။ ရီဖူရှင်းအနီးမှ လူများက မျက်မှောင်ကြုတ်လိုက်ကြ၏။
မကြာခင် ကျွင်းချိုးယွင်တို့ မလှမ်းမကမ်းသို့ ရောက်လာကြသည်။ သို့သော်လည်း ရီဖူရှင်းကား ကမ်းပါးကို မျက်နှာမူကာ ငြိမ်သက်စာ ထိုင်နေဆဲဖြစ်သည်။ သူက ရရှိခဲ့သော ဉာဏ်အလင်းများကို ပြန်လည်သုံ့သနေဟန်ရ၏။
ကျွင်းချိုးယွင်က စန့်ကွမ်းချိုးရယ်ကို လှမ်းကြည့်လျှင် သူမကလည်း ရီဖူရှင်းကို ကြည့်သည်။ သူမက ရီဖူရှင်းအား စိတ်ဖြင့် လှမ်းပြောသည် “ရှင် အကူအညီလိုလား”
သူမကား ရီဖူရှင်းကို ကူညီလိုနေဆဲဖြစ်သည်။ ရီဖူရှင်းက သူ၏မာနကို လျှော့ချလိုသရွေ့ သူမက သူ့အား ကူညီရန် ဆန္ဒရှိသည်။
ရီဖူရှင်းကား တိတ်ဆိတ်နေသည်။ သူကား မဟာလမ်းစဉ်များ စီးဆင်းလျှက် ဆက်လက် ကျင့်ကြံနေဆဲဖြစ်ဟန်ရသည်။
တိတ်ဆိတ်နေသည်လား။
ကြည့်ရသည်မှာ မာနကြီးသော သည်လူသည် ဤသို့သော အချိန်တွင်ပင် အကူအညီ ရယူလိုဟန်မတူ။
ထိုစဉ်မှာပင် ရီဖူရှင်းသည် နောက်သို့ ဖြေးလေးစွာ လှည့်ကာ သူမအား စိတ်ဖြင့် ပြောသည် “မလိုဘူး”
“…”
စန့်ကွမ်းချိုးရယ်ကား တခဏမျှ မင်တက်သွားသည်။ သူမ၏လှပသော မျက်လုံးများက ရီဖူရှင်းကို ကြည့်နေ၏။ သည်ခွေးကောင်...။
“ကမ်းပါးရဲ့စွမ်းအားမရှိဘဲ ရှင်က ကျွင်းချိုးယွင်ကို ဘယ်လိုတိုက်ခိုက်မလဲ။ ပြီးတော့ ယွင်ကျိန်းကလည်း ဘေးကနေ ကြည့်နေတယ်။ အခြေအနေမဟန်ရင် သူလည်း ဝင်တိုက်ခိုက်မှာပဲ” စန့်ကွမ်းချိုးရယ်က အေးစက်စွာ ပြောသည်။
ရီဖူရှင်းက သူမအား ထူးဆန်းစွာကြည့်သည်။ သူမက ဘာဖြစ်ချင်နေသနည်း။
သူမက ထိုမျှပင် အကူအညီ ပေးလိုနေသည်လား။
“ဂရုစိုက်စရာမလိုဘူး” ရီဖူရှင်းက ပြောလျှင် စန့်ကွမ်းချိုးရယ် ဆွံ့အရသည်။ သူမ၏မျက်လုံးများထဲတွင် ဒေါသ၏အငွေ့အသက်တချို့ကို တွေ့ရ၏။ သူမက ရီဖူရှင်း၏ထူးခြားသော ပါရမီကို မြင်တွေ့ရကာ သူ့အား စန့်ကွမ်းမိသားစု၏မိတ်ဆွေတစ်ဦးအဖြစ် ဆွဲခေါ်လိုသည်။ သို့သော်လည်း ရီဖူရှင်းက သူမ၏တည်ရှိခြင်းကို လုံးဝ လျစ်လျူရှုမည်ဟု မထင်ထား။
“ကြည့်ရတာ ကျွန်မက စိုးရိမ်လွန်သွားပြီ” စန့်ကွမ်းချိုးရယ်က အေးစက်စွာ ပြောသည်။ ထို့နောက် သူမက ထပ်မပြောတော့ဘဲ ဘေးမှသာ ကြည့်နေလိုက်တော့သည်။
ရီဖူရှင်းက မည်သို့ ဖြေရှင်းမည်ကို သူမ သိလိုသည်။
ရီဖူရှင်းက ရှေ့ကို တက်သွားသည်။ သူမက ခေါင်းမော့ကာ ကျွင်းချိုးယွင်ခေါ်လာသော အဆင့်မြင့်ရန်ဟောင်များအား ကြည့်သည်။ မဟာလမ်းစဉ်၏ဖိအားသည် ထိုနေရာကို လွှမ်းခြုံထား၏။
ဘေးပတ်လည်မှ တခြားသော တန်ခိုးရှင်များအားလုံး နောက်ကို ဆုတ်သွားကြသည်။ တိုက်ပွဲဖြစ်တော့မည်ကို သူတို့အားလုံး သိကြ၏။
ကျွင်းချိုးယွင်က အေးစက်စွာပြောသည် “မင်း ကျင့်ကြံလို့ ပြီးပြီလား...”
“ဟုတ်တယ်...” ရီဖူရှင်းက ခေါင်းညိတ်သည်။
“အခု ကမ်းပါးလည်း မရှိတော့ဘူး။ မင်းက ဘယ်လိုလုပ် ငါ့ကို ရင်ဆိုင်တော့မလဲ” ကျွင်းချိုးယွင်က မေးသည်။
“ငါက မင်းကို သတ်ဖို့ ပြင်ပ အကူအညီလိုသေးလို့လား” ရီဖူရှင်းက ပြန်ပြောသည်။
ကျွင်းချိုးယွင်က ရီဖူရှင်းအား ကြည့်နေသည်။ သူက ရီဖူရှင်း၏စကားကို လျစ်လျူရှုကာ အေးစက်စွာ ပြောသည် “မင်းက ဒီနေ့ ဖန်းလိုင်ကုန်းမြေကနေ အသက်ရှင်ရက် ထွက်သွားဖို့ မရှိတော့ဘူး”
ရီဖူရှင်းက စကားမပြောပေ။ သူ့ခန္ဓာကိုယ်မှ မဟာလမ်းစဉ်၏စွမ်းအားများ စီးဆင်းလာသည်။ ကောင်းကင်နှင့်မြေပြင်အကြား ဗုဒ္ဓပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ အသံလှိုင်းများ စတင်ပျံ့လွင့်လာ၏။ ဗုဒ္ဓ၏ရောင်ဝါကား ထည်ဝါကာ ဖိအားပြင်းသည်။
ကြောက်မက်ဖွယ်ကောင်းကာ ထက်ရှသော ဓားစွမ်းအားတစ်ခုသည်လည်း မထင်မရှား ဖြစ်ပေါ်လာ၏။
“ကြည့်ရတာ မင်းမှာ အသက်ရှင်ဖို့ အစီအစဉ် မရှိဘူးပဲ” ကျွင်းချိုးယွင်က အေးစက်စွာ ပြောသည် “သတ်...”
ထိုစကားနှင့်အတူ ကျွင်းချိုးယွင်ဘေးမှ တန်ခိုးရှင်များက စွမ်းအားများကို ထုတ်ကာ ရီဖူရှင်းကို တိုက်ခိုက်ကြ၏။ ချက်ချင်းပင် မျိုးစုံသော စွမ်းအားများသည် လေထု၌ ပြည့်နှက်သွားတော့သည်။
ထိုအခိုက်တွင် ဗုဒ္ဓ၏တရားသံသည် ကောင်းကင်နှင့်မြေပြင်အကြား ဖြစ်ပေါ်လာကာ တန်ခိုးရှင်များ၏စိတ်နယ်ပယ်ကို တိုက်ခိုက်၏။ တချို့သော အလယ်အလတ်ရန်ဟောင်များသည်ပင် သူတို့၏စိတ်ဝိညာဉ်များ ဖိနှိပ်ခြင်းကို ခံရသည်။ ကျွင်းချိုးယွင်ကလည်း ဖိအားကို ခံစားမိသည်တွင် နောက်ဆုတ်သည်။ အဆင့်ရှစ်ရန်ဟောင်တစ်ပါးက အလစ်တိုက်ခိုက်ခြင်းကို ကာကွယ်ရန် သူ့ဘေးတွင် နေပေး၏။
“စီနီယာပေ့ကုန်း... ကျေးဇူးပြုပြီး...” ရီဖူရှင်းက ပြောလျှင် ပေ့ကုန်းအော့ လေထဲ တက်လာသည်။ သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးများဖြစ်ပေါ်လာသည်။
အင်ပါယာဟယ်လျန်ကား ရှားရှင်းယွန်နှင့် တခြားလူများကို ကာကွယ်ပေးနေသည်။ ရီဖူရှင်းက စန့်ကွမ်းချိုးရယ်ကို ကြည့်ကာ ပြောသည် “မင်း ကူညီချင်တယ်ဆိုရင် သူတို့ကို ငါ့အတွက် ဂရုစိုက်ပေး”
အင်ပါယာဟယ်လျန်က သူတို့အား ကာကွယ်ပေးနေသော်လည်း တစ်ဘက်လူများက အင်အားမျာ၏။
စန့်ကွမ်းချိုးရယ်ကား မှင်တက်သွားသည်။ ရီဖူရှင်းက တစ်ဘက်ရန်သူမျာအားလုံးကို သူနှင့်ပေ့ကုန်းအော့နှစ်ယောက်တည်းဖြင့် ရင်ဆိုင်လိုသည်လား။
သည်လူ ရူးနေသည်လား။
ထို့အပြင် သူက အကူအညီတောင်းသည့် ပုံစံကရော...။
စန့်ကွမ်းချိုးရယ်က ရီဖူရှင်းကို အေးစက်စွာကြည့်လျှင် သူက တစ်ဘက်သို့ လှည့်သွားသည်ကိုမြင်ကာ ပြောသည် “ကောင်းပြီ...”
သူမက ထိုသို့ပြောပြီးသည်နှင့် စိတ်ဓာတ်ကျသွားသည်။ သူမက အဘယ်ကြောင့် ထိုသို့ အလွယ်တကူ လက်ခံလိုက်ရသနည်း။
ဝုန်း...
မိုးကြိုးလျှပ်စီးများသည် နေရာတိုင်းတွင် ရှိနေကာ ပေ့ကုန်းအော့သည် ကောင်းကင်၌ ဝင့်ကြွားစွာ ရပ်နေသည်။ သူကား ဤသို့ တစ်ကြိမ်တစ်ခါမှ စိတ်လှုပ်ရှားတက်ကြွခြင်း မရှိဖူးပေ။
ရီဖူရှင်းက တိုက်ပွဲတွင် သူ့အား ပါဝင်ရန် တောင်းဆိုခြင်းက သူ့အပေါ် မည်မျှ ယုံကြည်ထားသည်ကို ပြသနေသည်။ တချိန်တည်းတွင် သူကိုယ်တိုင်ကလည်း သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်ရန် လက်ယားနေပြီဖြစ်သည်။
ထိုစဉ် ဗုဒ္ဓ၏အသံလှိုင်းတစ်ခု ရိုက်ခတ်သွား၏။ ရီဖူရှင်းက ဦးဆုံး လှုပ်ရှားလိုက်ခြင်းဖြစ်သည်။ ထိုအခိုက်တွင် တစ်ဘက်မှ တိုက်ခိုက်ရန် ဟန်ပြင်နေကြသော ရန်ဟောင်များသည် တချို့မှာ အသတ်ခံရပြီး တချို့မှာ သွေးများအန်ကာ နောက်ဆုတ်သွားရ၏။
“ဒါ...” ပေ့ကုန်းအော့က ၄င်းမြင်ကွင်းကိုကြည့်ကာ ဆွံ့အရသည်။ သူက တိုက်ခိုက်ရန်ပင် မပြင်ရသေးပေ။
***