အချိန်ကျပြီ
Vol. 11 Ch. 1062
လူအများ၏ စိုးရိမ်ကြောင့်ကြမှုနှင့် ခြားနားစွာပင် ချန်းဖန်မှာမူ စိတ်အေးလက်အေးပင် အနားယူနေခဲ့၏။ သူသည် လှပသည့် တန်ဖိုးကြီး ရှေးဟောင်း ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။ အားရှို့က သူ၏ ဆံပင်ကို ကျောက်စိမ်း ဆံထိုး တစ်ခုဖြင့် နောက်၌ ချည်နှောင် ထုံးဖွဲ့ ပေးထားသည်။ သို့ဖြစ်ရာ သူ၏ အသွင်သဏ္ဌာန်မှာ ကျောင်းတော်သား သခင်လေး တစ်ယောက်အလား ကျော့မော့ နေခဲ့လေသည်။
ချန်းဖန်သည် လှေတစ်စင်းဖြင့် ရန်ဝူတောင်ခြေ ရန်ကွေ့ ရေကန်၌ လည်ပတ် နေ၏။ နေအလင်း၏ အောက်၌ ရွှေရောင် လှိုင်းများသည် ရေမျက်နှာပြင် တစ်လျှောက် တလက်လက် တောက်ပနေသည်။
ရန်ကွေ့ရေကန်မှာ ချူကျိုးမြို့၏ အမှတ်သညာ တစ်ခု ဖြစ်ကာ နှစ်စဥ်နှစ်တိုင်း နိုင်ငံခြားသားများစွာ လာရောက် လည်ပတ်တတ်သည်။ ချူကျိုးမြို့၏ ဒေသခံများမှာလည်း မိသားစုနှင့် အတူ ထိုနေရာသို့ သွားကာ လှေငယ်တစ်စင်းဖြင့် နေပူစာ လှုံတတ်ကြသည်။
သို့သော်လည်း ယနေ့တွင်မူ ရန်ကွေ့ ရန်ကန်ရော၊ ချူကျိုး တစ်မြို့လုံးပါ တိတ်ဆိတ်နေ၏။ များစွာသော လူများမှာ မုန်တိုင်းတစ်ခုကို ကြောက်ရွံ့သည့် အလား ချူကျိုးမြို့မှ တိမ်းရှောင် သွားကြပြီ ဖြစ်သည်။ ရက်အနည်းငယ် အတွင်းမှာပင် ချူကျိုးမြို့မှာ လူသူ ကင်းမဲ့လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
သို့သော်လည်း ဆန့်ကျင်စွာပင် တရုတ်နိုင်ငံတွင်းနှင့် ကမ္ဘာတစ်လွှားမှ ကျင့်ကြံသူများမှာမူ ချူကျိုးမြို့သို့ ဦးတည် နေခဲ့ကြလေသည်။
အန်တီထန်တို့နှင့် ချန်းယောင်ယောင်တို့သည် ငါးတစ်ကောင်ကို ကင်နေကြ၏။ ၎င်းသည် လူကြီး တစ်ယောက်၏ လက်မောင်း အရွယ် ရှိကာ ရွှေရောင် အကြေးခွံများကို ပိုင်ဆိုင်ထားသည်။ ထိုငါးသည် မွန်းစတား ပေါက်စ တစ်ကောင် ဖြစ်သော်လည်း ချန်းဖန်က သက်တောင့်သက်သာပင် ဖမ်းယူ နိုင်ခဲ့ခြင်း ဖြစ်သည်။
“အနံ့က မွှေးနေပါလား... အန်တီထန်က အမေ့ထက် ပိုပြီး အချက်အပြုတ် ကောင်းတာပဲ”
ချန်းဖန်က ပြောလိုက်သည်။
အန်တီထန်က ဘာမှ ပြန်မပြောပဲ ပြုံးရုံသာ ပြုံးနေခဲ့၏။ သူမ၏ မျက်လုံးအတွင်းတွင်မူ စိုးရိမ်ခြင်းများက နေရာယူနေသည်။
တိုက်ပွဲ ဖြစ်ပွားမည့် အချိန်ကား နီးသထက် နီးကပ် လာနေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်က ထိုအရာကို အနည်းငယ်ပင် ဂရုစိုက်ပုံ မရသော်လည်း အန်တီထန်မှာမူ ကမ္ဘာ တစ်ခုလုံးကို ထမ်းပိုးထားရသည့် အလား ဖိအားများကို ခံစားနေခဲ့ရလေသည်။
“ရှောင်ဖန် ဒီတိုက်ပွဲကို နိုင်ပါ့မလား...”
အန်တီထန်မှာ မသေချာချေ။ ကျန်းဖေးဖေးမှာမူ အေးအေးဆေးဆေးပင် ချန်းဖန် သေဆုံးမည့် အချိန်ကို လက်ချိုး ရေတွက်နေခဲ့၏။
အားလုံးထဲ၌ အားရှို့ တစ်ယောက်သာလျှင် ချန်းဖန်ကို ကောင်းကောင်း သိပေသည်။ သူသည် လှေပေါ်၌ အနားယူနေပုံ ပေါ်သည့်တိုင် အမှန်တကယ်တွင်မူ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကာ ချူကျိုး တစ်မြို့လုံးကို လွှမ်းခြုံကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။
ရွှေရောင် သင်္ကေတ တစ်ခုသည် ချန်းဖန်၏ မျက်လုံးအတွင်း၌ စက္ကန့်မလပ် လင်းလက် နေ၏။ အားရှို့သည် သူတို့ နံဘေးရှိ လေထုမှာ ပြောင်းလဲနေသလို ခံစားနေရသည်။ အမတေချီ၊ စွမ်းအင်နှင့် ဥပဒေသတို့သည် မြို့တစ်မြို့လုံးကို လွှမ်းခြုံသော ထောင်ချောက် တစ်ခုအား ဖွဲ့စည်းနေသည့်ပုံ ပေါ်သည်။
“ဆရာက အစီအရင် တစ်ခုကို ဖန်တီးနေတာ...”
အာရှို့က အတည်ပြု လိုက်သည်။ သို့သော်လည်း သူမသည် ချန်းဖန် မည်သည့် အစီအရင်မျိုးကို ဖန်တီးနေကြောင်း စဥ်းစား၍ မရချေ။ အားရှို့မှာ ချန်းဖန်၏ နည်းလမ်းကို စိတ်ထဲမှ ကြိတ်ကာ အံ့အားသင့် နေခဲ့မိ၏။
မှန်ပေသည်။ ချန်းဖန်ကား အမှန်တကယ်ပင် အစီအရင် တစ်ခုကို ဖန်တီး နေခဲ့ခြင်း ဖြစ်၏။ သူသည် မျိုးနွယ် ရှစ်ခုကို လုံးဝ ဂရုမစိုက်သော်လည်း တိုက်ပွဲ၏ အရှိန်ကြောင့် အန်တီထန်၊ စုမိသားစုနှင့် အခြား သာမန်လူများ တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေသည်။
အမှောင်မျိုးနွယ်များမှာ အရည်အချင်း သိပ်မရှိသည့်တိုင် အရေအတွက်မှာမူ များပြား လွန်းလှသည်။ထို့အပြင် တိုင်ချူ ဘုရားကျောင်း၊ အပိုလို နန်းတော်၊ နေနန်းတော်တို့၏ ခြိမ်းခြောက်မှုကလည်း ရှိသေးသည်။ ထို့ကြောင့်ပင် ချန်းဖန်သည် မြောက်ပိုင်းချုံး အတွက် အခြေစိုက် စခန်း တစ်ခု တည်ဆောက်ရန် အစီအစဥ်ဆွဲ နေခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ ချန်းဖန်သည် ကျင်းမြို့တော် အရှေ့တောင် အစား ယွင်ဝူတောင်ကို အခြေစိုက် စခန်း အဖြစ် အသုံးပြုရန် အစီအစဥ်ဆွဲထား၏။
ထိုနေရာကား ကျန်းပေ့ တစ်နယ်လုံးရှိ ဝိညာဥ်ကြောများ စုစည်းရာ နေရာ ဖြစ်သည်။ ထိုအခိုက်အတန့်၌ ချန်းဖန်သည် ကျန်းပေ့နယ် အပြင် အခြားနယ်များရှိ ဝိညာဥ်ကြောများကိုပါ ထိုနေရာသို့ ဆွဲစုရန် လုပ်နေခဲ့ခြင်း ဖြစ်၏။
“ဟူး... ဟူး...”
ယွင်ဝူတောင်နှင့် ချူကျိုးမြို့ရှိ ဝိညာဥ်ချီမှာ စက္ကန့်မလပ် ပိုမို ထူထပ် လာနေခဲ့၏။ သိုသော်လည်း မည်သူမျှ ထိုအရာကို သတိ မထားမိကြချေ။ ကျင့်ကြံသူများမှာမူ သူတို့၏ တိုးတက်မှုနှုန်းမှာ အနည်းငယ် ပိုမို မြန်ဆန် လာနေကြောင်း ရေးတေးတေး သတိထားမိနေကြသည်။
“ဝှစ်... ဝှစ်...”
ချန်းဖန် ယွင်ဝူတောင်၊ ရန်ကွေ့ ရေကန်နှင့် ချူကျိုးမြို့ တစ်ဝိုက်၌ အစီအရင် ရတနာ အဖြစ် ဌာပနာရန် နတ်ဘုရား ရတနာ အချို့ကို ထုတ်ယူ လိုက်၏။
သူသည် ထာဝရဂိုဏ်းကြီး ခြောက်ခုကို ရှင်းလင်းခဲ့သည့် အပြင် ဒါဇင်နှင့်ချီသော ဂြိုဟ်များကိုပါ သွားရောက်ခဲ့သေးရာ သူ၏ ဓားအားဖြည့် ကျောက်မျက် တစ်ဝက် နီးပါးမှာ ရတနာများဖြင့် ပြည့်နှက်နေခဲ့သည်။
“ရွှေအမတေ သလင်းကျောက်၊ အဝါရောင် မြေကမ္ဘာ အမတေ၊ ရေခဲကျောင်တိုင် တစ်ထောင်၊ နဂါး နတ်ဘုရား ကျောက်တုံး...”
တစ်ဝက်တစ်ပျက် နတ်ဘုရား ရတနာများသည် ယွင်ဝူတောင် တစ်ခုလုံးရှိ ဝိညာဥ်ကြောများကို စုစည်းကာ ကြီးမားသော အစီအရင် တစ်ခုကို ဖွဲ့စည်းကြသည်။ ထိုအစီအရင်သည် ချူကျိုး၊ ရန်ကွေ့ ရေကန်နှင့် ယွင်ဝူတောင်တို့ကို ဗဟိုပြုကာ မိုင်တစ်ရာ ဧရိယာကို လွှမ်းခြုံထား၏။ ရွှေအမြုတေ အဆင့် မဆိုထားနှင့် အခြတည် ဝိညာဥ် အဆင့်ပင်လျှင် ချန်းဖန်၏ ခွင့်ပြုချက် မရှိပါက ထိုဧရိယာ အတွင်း ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။
“မလုံလောက်သေးဘူး...”
ချန်းဖန်မှာ ကျေနပ်ခြင်း မရှိသေးချေ။ ထိုအစီအရင်မှာ ခုခံခြင်းအတွက် ပြည့်စုံသော်လည်း တိုက်ခိုက်ခြင်း အတွက်မူ လုံလောက်ခြင်း မရှိသေးချေ။
“ဝှစ်...”
ချန်းဖန်က ဓားအားဖြည့် ကျောက်မျက်ကို ထုတ်ယူလိုက်၏။
၎င်းသည် ဝိညာဥ် ရတနာ တစ်ခု ဖြစ်ကာ ချန်းဖန် နိမ့်ကျစဥ် အချိန်ကတည်းက အတူ ရှိခဲ့သော အရာ တစ်ခု ဖြစ်ပေသည်။ ချန်းဖန်သည် ပိုမို သန်မာလာသည်နှင့် အမျှ ထိုကျောက်မျက်ကို ပိုမို ကောင်းမွန်အောင် သန့်စင်ခဲ့သည်။ ယခုအချိန်၌ ၎င်းသည် ချန်းဖန် ပိုင်ဆိုင်ထား သမျှ ဓမ္မ ရတနာများ အနက် အကောင်းဆုံး တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“မိတ်ဆွေကြီး... ကမ္ဘာကို ကာကွယ်ဖို့ အတွက် ငါ့ကို ကူညီပေးပါ”
ချန်းဖန်က ဓားအားဖြည့် ကျောက်မျက်ကို ညင်သာစွာ တို့ထိရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဘုန်း... ဘုန်း...”
ဓားအားဖြည့် ကျောက်မျက်မှာ ခေါင်းညိတ်သည့် အလား လေထဲတွင် တုန်ခါသွား၏။
ထို့နောက်တွင် ချန်းဖန်က အစီအရင် တစ်ခုကို ခင်းကျင်းကာ ရွှေရောင် အဆောင်များကို ထုတ်ဖော် လိုက်သည်။ သူသည် မိုင်တစ်ထောင် အတွင်းရှိ ဝိညာဥ်ကြော အားလုံးကို ဆွဲယူကာ ဓားအားဖြည့် ကျောက်မျက်နှင့် ချိတ်ဆက် လိုက်သည်။
“ကလန့်... ကလန့်...”
ဓားအားဖြည့် ကျောက်မျက်၏ အစိမ်းရောင် ကိုယ်ထည်မှာ တုန်ခါသွားကာ ဓားများ ရှေ့နောက် လွန်းထိုး ရွေ့လျား သကဲ့သို့ အသံများ ထွက်ပေါ်လာသည်။
“ဝှစ်...”
ထို့နောက် ချန်းဖန်က ဓားအားဖြည့် ကျောက်မျက်ကို ယွင်ဝူတောင်ထဲ၌ ဌာပနာလိုက်၏။ ထိုအခိုက်၌ ယွင်ဝူတောင်မှာ သာမန် တောင်တစ်လုံး အရှိန်အဝါမှ အိပ်ပျော်နေသော နဂါးတစ်ကောင်နှယ် ပြောင်းလဲ သွားသည်။ ကြီးမားသော အန္တရာယ် တစ်ခုသည် ၎င်း၌ ခိုအောင်းနေဟန် ရ၏။
ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ဓားအားဖြည့် ကျောက်မျက်ကား အစီအရင် တစ်ခုလုံး၏ စွမ်းအားကို သယ်ဆောင်ထားသည့် အမြုတေ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
“ဓားအားဖြည့်ကျောက်မျက်က နှစ်ပေါင်းများစွာ ငါနဲ့အတူ ရှိခဲ့တယ်... ငါ ဒီကမ္ဘာကနေ ထွက်ခွာသွားတဲ့ နောက်ပိုင်းမှာ သူက ကမ္ဘာကို ဆက်ပြီး ကာကွယ်ပေးလိမ့်မယ်”
ချန်းဖန်မှာ လေထဲသို့ ငေးကြည့်နေ၏။ ဓားအားဖြည့် ကျောက်မျက်၏ အဓိက အမြုတေမှာ ဓားအားဖြည့်ခြင်း လုပ်ဆောင်ချက် ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခု အတွင်း ချန်းဖန်သည် မူလ အဆင့်၊ ရွှေအမြုတေ အဆင့်နှင့် အခြေတည် ဝိညာဥ် အဆင့်များ အပါအဝင် သန်းနှင့်ချီသော ရန်သူများကို သတ်ဖြတ်ခဲ့သည်။ အချို့ လက်နက်များ၊ ဓမ္မ ရတနာများ ကျိုးပဲ့နေလျှင်ပင် ချန်းဖန်သည် ၎င်းတို့ကို စုစည်းကာ ဓားအားဖြည့် ကျောက်မျက် အတွင်း သိမ်းဆည်း ထားခဲ့သည်။ မရေမတွက်နိုင်သော ဝိညာဥ် ရတနာများ၊ လက်နက်များ၊ ကောင်းကင် ရတနာများ၏ အားဖြည့်မှုတွင် ဓားအားဖြည့် ကျောက်မျက်သည် ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်း ရတနာ တစ်ခု အဖြစ် ပြောင်းလဲ နေခဲ့ပြီ ဖြစ်သည်။
ဓားလျှို့ဝှက်ချက်၏ ဓားပျံကိုးစင်း၊ ဓားနန်းတော်မှ ကြယ်ဓား အစီအရင်၊ ကောင်းကင် ကျောက်စိမ်း မင်းသားလေး လီချန်း၏ ဝမ်းဝူဓား၊ ကောင်းကင် ညီမျှခြင်း၏ ဓားကျိုး၊ တောင်တန်း အင်ပါယာ အကြီးအကဲများ၏ ပုံရိပ်ယောင် ခြောက်ပါး ဓားအစီအရင်...
စသည်ဖြင့် များစွာသော နာမည်ကျော် ဓားပျံများသည် ဓားအားဖြည့် ကျောက်မျက် အတွင်း ဌာပနာ အဖြစ် တည်ရှိနေသည်။ ထို့အပြင် ချန်းဖန်သည် ကောင်းကင် ရတနာများ၊ နတ်ဘုရား ရတနာများကိုပါ ထပ်မံ ထည့်သွင်းထားရာ ဓားအားဖြည့် ကျောက်မျက်၏ တိုက်ခိုက်ရေး စွမ်းအားမှာ မခန့်မှန်းနိုင်သော အဆင့် တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
နောက်ဆုံး၌ ချန်းဖန်က အနိမ့်ဆုံး ဝိညာဥ် လက်နက် အဆင့်သို့ ရောက်ရှိနေသာ ဓားပျံ ၉၉၉၉ စင်းကို ရွေးချယ် လိုက်သည်။ ထိုအထဲမှ ဓားပျံ ၉၉၀ စင်းသည် ဝိညာဥ် ရတနာ အဆင့်သို့ ရောက်နေကြကာ ၉ စင်းမှာမူ ကောင်းကင် ရတနာများ ဖြစ်ကြသည်။
ထိုနေ့မှာပင် ချန်းဖန်သည် အစီအရင် တစ်ခုကို ခင်းကျင်းကာ အော်ဟစ် လိုက်၏။
“မြင့်တက်စမ်း...”
“ဝှစ်...”
အလင်းတန်း ၉၉၉ ခုမှာ ကောင်းကင်သို့ မြင့်တက်လာကာ ကြယ်များ အသွင် ပြောင်းလဲ သွားကြ၏။ ဓားပျံ တစ်စင်းချင်းစီမှာ ရွှေ၊ မီး၊ ထက်ရှခြင်း၊ လေးပင်ခြင်း၊ အဆိပ်၊ အေးစက်ခြင်း စသည်ဖြင့် မတူ ကွဲပြားသော အမှတ်သညာများကို ပိုင်ဆိုင်ထားကြ၏။
၎င်းတို့ တစ်စင်းခြင်းစီမှာ မူလ အဆင့်ကို လွယ်ကူစွာ သတ်ဖြတ်နိုင်သည် အထိ အစွမ်းထက်ကြသည်။ ဆယ်ဂဏန်းခန့် ပေါင်းစည်းလျှင်မူ ရွှေအမြုတေ အဆင့်ကိုပင် သတ်ဖြတ် လာနိုင်ကြသည်။ ၉၉၉၉ ခု စလုံး ပေါင်းစည်းသော အခါတွင်မူ ချန်းဖန် ကိုယ်တိုင်ပင် ကြောက်ရွံ့ရ၏။
“ဟား ဟား... ပြီးပြီဟေ့”
ချန်းဖန်က အော်ဟစ် ရယ်မောလိုက်၏။ အစီအရင်ကား ဖွဲ့စည်းပြီးသွားခဲ့ပြီ ဖြစ်ရာ ယွင်ဝူတောင်နှင့် ချူကျိုးမြို့မှာ သီးသန့်မြေ တစ်ခု အသွင် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ အခြေတည် ဝိညာဥ် အဆင့် ပင်လျှင် ထွက်ခွာနိုင်တော့မည် မဟုတ်ချေ။
“ဒီအစီအရင်က ကောင်းကင်ကို ဖုံးအုပ်ပြီး ဓားတွေနဲ့ အတူ စကြဝဠာ တစ်ခုကို ဖွဲ့စည်းထားတာ ဆိုတော့... ကောင်းကင် စကြဝဠာ အစီအရင်လို့ ခေါ်ရမယ်... မျိုးနွယ် ရှစ်ခုနဲ့ အခြားသူတွေသာ ဒီအစီအရင်ကို တွေ့ရင် ဘယ်လောက်တောင် အံ့အားသင့် သွားလိုက်မလဲ
ချန်းဖန်က ကောင်းကင်သို့ မော့ကြည့်ရင်း တွေးလိုက်မိ၏။ သူ့အနေဖြင့် ဘာမှ ထွေထွေထူးထူး စိတ်ပူနေစရာ မလိုတော့ချေ။ ဧည့်သည်များ ရောက်လာမည့် အချိန်ကို ထိုင်စောင့်နေရုံသာ ကျန်ရစ်ပေတော့သည်။
တစ်ရက်...
နှစ်ရက်...
သုံးရက်...
နေသည် မိုးကုပ်စက်ဝိုင်းတွင် တဖြည်းဖြည်း မြင့်တက်လာ၏။ ထိုအရာကား ခြောက်ရက်မြောက်နေ့ ဖြစ်သည်။ တိုက်ပွဲ ဖြစ်ပွားရန် အချိန်ကား မကြာခင် ရောက်ရှိလာတော့မည် ဖြစ်ပေသည်။
***