သူ ရှုံးလို့ မရဘူး
Vol. 11 Ch. 1063
ယခုတစ်ပတ်ကား ကမ္ဘာသားတို့ အတွက် စိတ်လှုပ်ရှားရသော ရက်သတ္တပတ် ဖြစ်သည်။
ရွှေအမြုတေ အဆင့်တို့၏ တိုက်ပွဲများမှာ များစွာသော သာမန် လူများ အတွက် အလွန် ရှားပါးကာ မြင်တွေ့ရခဲသည်။ အင်တာနက် ပလက်ဖောင်းများ၊ တယ်လီဗေးရှင်း စတေရှင်များနှင့် မီဒီယာများမှ တင်ဆက်သူများသည် ချူကျိုးတွင် လာရောက် စုစည်းနေကြ၏။
သူတို့သည် လိုအပ်သော စက်ကိရိယာများ၊ ဒရုံးများကို ယွင်ဝူတောင်ထိပ် တစ်ဝိုက်၌ တပ်ဆင်ကာ အလန်းစား ထုတ်လွှင့်မှုကို ပြင်ဆင် နေကြသည်။ တိုက်ပွဲအတွင်း ထုတ်လွှင့်မည့် ကြော်ညာကို ဝိညာဥ်ဆေးဝါး ကုမ္ပဏီက ယွမ် နှစ်ဘီလျံဖြင့် ဝယ်ယူထား၏။
များစွာသော လူငယ်များသည် အင်တာနက်ထက်၌ ဆွေးနွေး နေကြသည်။ သူတို့သည် မျိုးနွယ် ရှစ်ခုနှင့် ရွှေအမြုတေ အဆင့်များ အကြောင်းကို သိပ်မသိသော်လည်း ချန်းဖန် မနိုင်နိုင်ဟု ခန့်မှန်း ပြောဆိုကြသည်။ မည်သို့ပင် ဆိုစေ ချန်းဖန်မှာ တစ်ကိုယ်တည်း သမား ဖြစ်၍ မျိုးနွယ် ရှစ်ခုမှာ အရေအတွက် ထောင်သောင်းချီသည် မဟုတ်ပါလား။ သူတို့ မျှော်လင့်သည့် တစ်ခုတည်းသော အရာက ပွဲစစချင်း ချန်းဖန် မသေသွားဖို့ပင်။
အခြား တစ်ဖက်၌ ကျင့်ကြံခြင်း လောက၏ အကြီးအကဲများမှာမူ တိုက်ပွဲ၏ ဖိအားကို ခံစားနေမိကြသည်။ ထိုအရာက ရွှေအမြုတေ အဆင့်တို့၏ တိုက်ပွဲသက်သက် မဟုတ်ပါချေ။ ကမ္ဘာ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် တိုက်ပွဲ တစ်ခု ဖြစ်ပေသည်။
မျိုးနွယ်စု ရှစ်ခုသည် အမှောင် မျိုးနွယ်များ အကြား၌ အဓိက အင်အားစုများဟု ဆိုနိုင်ပေသည်။ သူတို့သည် အလွန် ကမ္ဘာစွမ်းထက်ကြကာ ကမ္ဘာအား အရိပ်များထဲမှ ထိန်းချုပ်ထားကြသည်။ သူတို့သည် လွန်ခဲ့သော ခြောက်နှစ် အတွင်း၌ ပေါ်ထွက်ခဲပြီး လူများမှာ သူတို့ အကြောင်းကို အနည်းငယ်သာ သိခဲ့ရသည်။
သို့သော်လည်း ထိုနေ့တွင်မူ သူတို့သည် ချန်းဖန်အား သတ်ဖြတ်ရန် အတွက် ဘီလျံနှင့်ချီသော လူများ အရှေ့၌ ပေါ်ထွက် လာတော့မည် ဖြစ်ပေသည်။
သူတို့ ရုပ်လုံးထွက်ပြသည့် ရည်ရွယ်ချက်က ချန်းဖန်အား သတ်ဖြတ်ရန် တစ်ခုတည်းသာ မဟုတ်ချေ။ ကမ္ဘာအား ပေါ်တင် စိုးမိုးရန် အတွက် စဦး ခြေလှမ်း တစ်ခုကို လှမ်းလိုက်ခြင်း ဖြစ်သည်။
“အဲဒါကြောင့်ပဲ ချန်းပေ့ရွှမ်း မနိုင်လို့ မရဘူးလို့ ငါပြောတာ...”
အဆင့်မြင့် ချီသန့်စင်ခြင်း ကျင့်ကြံသူ တစ်ယောက်က ပြောသည်။
သို့သော်လည်း ပြောရသည်ကား လွယ်၏။ မျိုးနွယ်စု ရှစ်ခု၌ ရွှေအမြုတေ အဆင့် အရေအတွက် မည်မျှ ရှိနေကြောင်း မည်သူမျှ မသိချေ။ သူတို့၏ နောက်ကွယ်၌ အခြေတည် ဝိညာဥ် အဆင့်များပင် ရှိနိုင်ချေများသည်။ အကယ်၍ အခြေတည် ဝိညာဥ် အဆင့်များသာ တိုက်ပွဲ အတွင်း ဝင်ရောက်လာပါက ယွင်ဝူတောင်မှာ ချက်ချင်းပင် လဲပြိုသွားပေလိမ့်မည်။
“ချူကျိုးကို သွားကြစို့... ငါတို့ အနေနဲ့ ချန်းပေ့ရွှမ်းကို မကူညီနိုင်ရင်တောင် အနည်းဆုံးသော သူ အားတက်အောင် အားပေလို့ ရသေးတာပဲ”
ကူမိသားစု၊ ကျားနဂါးတောင်၊ ထိုက်ကျိဂိုဏ်းနှင့် ပါးကျီဂိုဏ်းတို့မှ ဘိုးဘေးများမှာ တပည့်များကို ခေါ်ဆောင်ကာ ချူကျိုးမြို့သို့ ချီတက် လာကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ချူကျိုး တစ်မြို့လုံးမှာ မရေမတွက်နိုင်သော ထိပ်တန်း ကျင့်ကြံသူများဖြင့် ပြည့်နှက် သွား၏။
အစီအစဥ် တင်ဆက်သူများမှာ သူတို့၏ ကင်မရာများကို ကောင်းကင်သို့ ထိုးချိန် ထားကြသည်။ လေထဲတွင်မူ များစွာသော အလင်းတန်းများမှာ ပျံသန်းနေကြ၏။ သူတို့ကား မူလ အဆင့်နှင့် အထက် ကျင့်ကြံသူများပင် ဖြစ်ကြသည်။
“ကျန်းယန်ဂိုဏ်းက လျူစွန်းနဲ့ သူ့တပည့် သုံးယောက်ပါလား... သူတို့ဂိုဏ်းက စီချွမ်းနယ်မှာ ကျော်ကြားတဲ့ ဂိုဏ်းတစ်ခုပဲ”
“ပါးကျီဂိုဏ်း ဘိုးဘေးက မူလ အဆင့် လေးယောက် အပြင် ကောပိုင်ရှင်းတို့လို ထိပ်သီး လူငယ်တွေကိုပါ ခေါ်လာတာပဲ”
“ထိုက်ကျိ ဂိုဏ်းချုပ်ကတော့ ကိုယ်တိုင် ရောက်မလာဘူး... သူက ချန်းချူရန် နဲ့ မူလ အဆင့် ငါးယောက် ကိုပဲ လွှတ်လိုက်တယ်”
“နေဦး... ဟိုဟာက ကျားနဂါးတော်က ကျင့်ကြံသူတွေ မလား... ကျန်းမိသားစုရဲ့ ဘိုးဘေးတွေလည်း လာတယ်... ဘုရားရေ ဒီတိုက်ပွဲကတော့”
များစွာသော လူများမှာ အံ့အားသင့် နေကြ၏။ သူတို့ကား ဝိညာဥ်ချီ ပြန်လည် သိပ်သည်းလာသည့် ခေတ်၌ နေထိုင်ကြသော လူများ ဖြစ်ရာ ကျင့်ကြံသူများကို ရုပ်ရှင် စတားများ ကဲ့သို့ ရှု့မြင်ကြသည်။ ယနေ့ခေတ်၌ ကျင်ကြံသူများမှာ မည်သို့ နေရာသို့ သွားသွား လူအများ၏ အာရုံစူးစိုက်မှုကို ရရှိကြသည်။
“ဒီတိုက်ပွဲက ချန်းပေ့ရွှမ်းနဲ့ အမှောင်မျိုးနွယ်တွေကြားက တိုက်ပွဲ မဟုတ်ဘူးလား... အဲဒီ အစွမ်းထက် ကျင့်ကြံသူတွေက ဘာလို့ ရောက်လာကြတာလဲ”
အင်တာနက် ပေါ်ရှိ လူငယ်များမှာ ထိုအရာကို နားမလည်ကြချေ။ သို့သော်လည်း နာမည်ကျော် ကျင့်ကြံသူတို့၏ စုစည်းမှုကို ကြည့်၍ ထိုတိုက်ပွဲ၏ ဖိအားကိုမူ သူတို့ ရေးတေးတေး ခန့်မှန်း လိုက်မိကြသည်။
“ဆရာ... အဇူရာ နဂါး ရောက်လာတယ်”
ချန်းဖန်သည် ယွင်ဝူတောင်ထိပ်ရှိ ခြောက်ကမ်းပါး တစ်ခု၌ ထိုင်နေခဲ့၏။ သူသည် ဘာမှ မစားမသောက်ပဲ နှစ်ရက်တိုင်တိုင် ထိုနေရာတွင် ထိုင်နေခဲ့ခြင်း ဖြစ်သည်။
“သူ့ကို ခေါ်လာခဲ့လိုက်...”
ချန်းဖန်က ခေါင်းညိတ် လိုက်သည်။
“ဝှစ်... ဝှစ်...”
အဇူရာ နဂါးနှင့် ပျံလွှားနီလေးတို့သည် လူအုပ်စု တစ်ခုနှင့် အတူ ရောက်ရှိ လာသည်။ ချန်းဖန်သည် ထိုလူအုပ်စု အတွင်း မူလ အဆင့် ကျင့်ကြံသူ ရှစ်ယောက် ပါဝင်နေကြောင်း ချက်ချင်းပင် အာရုံခံလိုက်မိသည်။ ထိုအထဲ၌ ခွန်းလွန်၏ ထိပ်တန်း ဗိုလ်ချုပ် အားလုံးနီးပါး အပြင် တန့်ယွမ်ချင်း၊ ပါးကျီဂိုဏ်း ဘိုးဘေးနှင့် ချန်းချူရန်တို့ပါ ပါဝင်နေသည်။
အဇူရာ နဂါးကား တရုတ်၏ အင်အား တစ်ဝက်ကို ခေါ်ဆောင်ကာ ရောက်ရှိ လာခဲ့ခြင်း ဖြစ်ပေသည်။
“မိတ်ဆွေလေး... ဘာလို့ ခုလို လုပ်ရတာလဲ”
အဇူရာ နဂါးက ချန်းဖန်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။
“ဟဟ...”
ချန်းဖန်က အေးဆေးစွာပင် ပြုံးလိုက်သည်။
“ခင်ဗျားရဲ့ ဒဏ်ရာက ခုထိ မသက်သာသေးပါလား... ဘာလို့ ဒီကို လာရတာလဲ... အမှောင် မျိုးနွယ်တွေလောက်ကတော့ ကျုပ် တစ်ချောင်းတည်းနဲ့တောင် အနိုင်ယူနိုင်ပါတယ်... ဒါနဲ့ တိုင်ချူ ဘုရားကျောင်း၊ ဝူကျိဂိုဏ်းနဲ့ နေနန်းတော်တို့ အကြောင်း ခင်ဗျား ဘာသိထားလဲ”
“ဝမ်ရှင်း တန်ခိုးရှင်ချန်းကတော့ တကယ်ပါပဲဗျာ... ဆယ်နှစ်ကြာပြီးတာတောင် ကျုပ် အနေနဲ့ ခင်ဗျားကို လိုက်မှီဖို့ အလှမ်း ကွာဝေးနေတုန်းပဲ... တစ်ချက် ကြည့်ရုံနဲ့တင် ကျုပ် ဒဏ်ရာရနေတယ် ဆိုတာ အကဲခတ်နိုင်ခဲ့တယ်”
အဇူရာ နဂါးက ရယ်မောလိုက်၏။ သို့သော်လည်းသူ၏ မျက်လုံးထဲတွင်မူ ကြောက်ရွံ ထိတ်လန့်မှု တစ်ခုက နေရာယူ နေသည်။
ထို့နောက် သူက ဆက်ပြောလိုက်၏။
“ဝမ်ရှင်း တန်ခိုးရှင်ချန်း မေးတဲ့ အထွတ်အမြတ်မြေတွေ အကြောင်းကို ပြောရရင် သူတို့က အခြားဂြိုဟ်တွေကလာတဲ့ နတ်ဘုရားတွေရဲ့ ထောက်ပံ့မှုကို ရထားတာပါ... အဲဒီ နတ်ဘုရားတွေက ဘယ်သူလဲ ဆိုတာ ကျုပ် အတိအကျ မသိပေမဲ့ သူတို့က မဟာ အခွင့်အရေး ဆိုတာကို လိုက်ရှာနေကြတယ် လို့တော့ ကြားတယ်”
အဇူရာ နဂါးက ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။
“သူတို့တွေ အဲဒီ ကိစ္စကို အာရုံရောက်နေတာကြောင့်ပဲ ကျုပ်တို့က ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်း ထားနိုင်ခဲ့တာပါ... ဒါပေမဲ့ အဲဒီ အတောအတွင်းမှာ အမှောင်မျိုးနွယ်တွေက ပိုပြီး ဆိုးရွားလာကြတယ်... နန်ထင်းက အခုမှ ရွှေအမြုတေ အလယ်ဆင့်ကိုပဲ ရောက်သေးတယ်... သူတို့နဲ့ တိုက်ခိုက်ဖို့ ဆိုတာ အရမ်းကို အလှမ်းကွာနေတုန်းပဲ”
“ဝမ်ရှင်း တန်ခိုးရှင်ချန်း... ကမ္ဘာက အခု အန္တရာယ်တောထဲကို ရောက်နေတာပါ... ကျေးဇူးပြုပြီး ခင်ဗျား အခြေတည် ဝိညာဥ် အဆင့်ကို ဘယ်တော့ ရောက်မလဲ ဆိုတာ ပြောပါ... တကယ်လို့ ငါးနှစ် အတွင်း ဆိုရင် ကျုပ် ခင်ဗျားကို ကူညီပေးဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်”
အဇူရာ နဂါး၏ မျက်ဝန်းများမှာ ဆုံးဖြတ်ချက် ပြတ်သားခြင်းများဖြင့် ပြည့်နှက်နေ၏။ သူ့အတွက် ချန်းဖန်မှာ အခြေတည် ဝိညာဥ် အဆင့်ကို အမြန်ဆုံး ရောက်နိုင်ချေရှိသူ ဖြစ်သည်။ သူသည် ရဲ့နနန်ထင်းထက် ချန်းဖန် ကိုသာ ပိုမို မျှော်လင့်ထား၏။
လူများမှာ အဇူရာ နဂါးကို ကြည့်ကာ ပင့်သက်ရှိုက် လိုက်မိကြသည်။ သူတို့သည် အဇူရာ နဂါး ချန်းဖန်အပေါ် ထိုမျှ အထိ ယုံကြည်မှု ရှိလိမ့်မည်ဟု မျှော်လင့် မထားခဲ့ကြချေ။
လူများမှာ ချန်းဖန်ကို မျှော်လင့်တကြီး ကြည့်လိုက်ကြ၏။ အကယ်၍ ထိုကောင်လေးသာ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်လာပါက ပြဿနာ အားလုံးမှာ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည် ဖြစ်သည်။ အမှောင်မျိုးနွယ်မျာနှင့် တိုင်ချူ ဘုရားကျောင်းတို့မှာ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ရှိနေသော အင်အားစုကို ရန်စဝံ့မည် မထင်ချေ။
***