မမျှတသော တိုက်ပွဲ
Vol. 11 Ch. 1065
နဂါးနှင့် ကျားများ ပေါ်ထွက်လာပြီးနောက် ရာသီဥတုမှာ စတင် ပြောင်းလဲလာ၏။ ကမ္ဘာ၏ ကောင်းကင် ဥပဒေသများသည် ကန့်သတ် ခံထားရသည့်တိုင် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်မှာ ဆယ်မိုင် ဧရိယာ အတွင်းရှိ ရာသီဥတုကို ထိန်းချုပ် နေနိုင်ဆဲ ဖြစ်သည်။ ယခု၌ ရွှေအမြုတေ အဆင့် တစ်ရာမှာ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာရာ ထိုအရာက မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။
"ဘုန်း…"
ပေါက်ကွဲမှု တစ်ခုနှင့် အတူ ကြီးမားသော အပေါက် တစ်ခုမှာ တိမ်များ အကြား၌ ဖြစ်ပေါ်လာ၏။ မုန်တိုင်းသည် တိုက်ခတ်နေကာ လျှပ်စီးများမှာ တဖျပ်ဖျပ် လက်နေ၏။ မိုးကြိုးများမှာလည်း တဂျိန်းဂျိန်း ပစ်ခတ်နေသည်။ ထိုအခိုက်၌ ရာသီဥတု လေးခု စလုံးကား တစ်ပြိုင်နက်တည်း ကျရောက်နေပုံ ပေါ်လေသည်။
"ဟူး… ဟူး…"
အမှောင် မျိုးနွယ် ရှစ်ခုမှ ရွှေအမြုတေ အဆင့် တစ်ရာသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းများကို မော့လျှက် ကောင်းကင်တွင် ရပ်တည် နေကြသည်။ သူတို့ အားလုံးသည် အနက်ရောင် သံချပ် သို့မဟုတ် ဝတ်စုံများကို ဝတ်ဆင် ထားကြသညါ။ သို့သော်လည်း သူတို့ထဲမှ မည်သူကမျှ စကား တစ်ခွန်းပင် မဆိုကြသေးချေ။
ပရိသတ်များမှာ ထိုမြင်ကွင်းကို ငေးမော ကြည့်နေမိကြ၏။
မိစ္ဆာ မျိူနွယ်မှ ကျင့်ကြံသူများမှာ အနက်ရောင် အကြေးခွံနှင့် ဦးချိုများကို ပိုင်ဆိုင် ထားကြသည်။ အလင်း မျိုးနွယ်ဝင်များမှာမူ အဖြူရောင် အတောင်ပံ တစ်စုံနှင့် မြင့်မြတ် တော်ဝင် လူသားများ အသွင် တည်ရှိ၏။
တစ်ချိန်တည်း၌ ရွှေရောင် ကလန်သားများမှာမူ ရွှေရောင် ခန္ဓာများကို ပိုင်ဆိုင် ထားကြသည်။ သွေးစုပ်ဖုတ်ကောင် တစ်ဖြစ်လည်း သွေးမျိုးဆက်များမှာမူ ဖြူဖပ် ဖြူရော် မျက်နှာနှင့် ရှည်လျားသော အစွယ်တစ်စုံကို ပိုင်ဆိုင် ထားကြ၏။
ထိုအခိုက်၌ တစ်ကမ္ဘာလုံးသည် တိတ်ဆိတ် နေ၏။ တိုက်ရိုက် ထုတ်လွှင့်မှုများမှ တစ်ဆင့် ကြည့်နေသည့် လူများမှာ အသက်ပင် ရဲရဲ မရှူဝံ့ကြတော့ချေ။
"ဘယ်လိုဖြစ်နိုင်မှာလဲ… ဘာလို့ သူတို့မှာ ဒီလောက်များတဲ့ ရွှေအမြုနေ အဆင့်တွေ ရှိနေရတာလဲ"
လူအချို့မှာ သွားချင်း ရိုက်သည် အထိ တုန်ရီ လာကြ၏။ ထိုအရာကား ရေခဲရေကို ခေါင်းထဲ သွန်လောင်းလိုက်သည့် အလား ကြောက်ရွံ့မှု ဖြစ်သည်။
အမှောင် မျိုးနွယ်များကား ချန်းပေ့ရွှမ်း တစ်ဦးတည်းကို ရင်ဆိုင်ရန် အတွက်ပင် ရွှေအမြုတေ အဆင့် တစ်ရာကို စေလွှတ် ခဲ့သည်။ အကယ်၍ လူသား မျိုးနွယ် တစ်ခုလုံးနှင့် ရင်ဆိုင်ရမည် ဆိုပါက ရွေအမြုတေ အဆင့် တစ်ထောင်ကို စေလွှတ်မလား မည်သူမျှ မပြောနိုင်ချေ။
လူအများမှာ တိုင်ချူ ဘုရားကျောင်း၊ နေနန်းတော်နှင့် ဝူကျိဂိုဏ်းတို့ကို ဆက်စပ်၍ တွေးလိုက်မိကြသည်။ ထိုဂိုဏ်းများသည် အမှောင် မျိုးနွယ်များကိုပင် လွှမ်းမိုးနိုင်သော ဂိုဏ်းများ ဖြစ်သည်။ ဤသို့ဆိုလျှင် သူတို့ကရော မည်မျှ အထိ ကြောက်မက်ဖွယ် ကောင်းသနည်း။
တန့်ယွမ်ချင်းမှာ ခေါင်းအား ခါယမ်း လိုက်မိ၏။ ကြည့်ရသည်က ကမ္ဘာ၏ နေ့ရက်ကောင်းများမှာ ပြီးဆုံးသွားခဲ့ပုံ ပေါ်သည်။ ချန်းပေ့ရွှမ်းကား သူတို့ အထဲ၌ ပထမဆုံး ရှင်းလင်း ခံရသူ ဖြစ်လာပေလိမ့်မည်။
"ဝမ်ရှင်း တန်ခိုးရှင်ချန်း… ခင်ဗျားသာ ခေါင်းမမာပဲ အခြေတည် ဝိညာဉ် အဆင့်ကို တက်လှမ်းခဲ့ရင် ဘယ်လောက် ကောင်းမလဲ"
တန့်ယွမ်ချင်းက ယွင်ဝူတောင် ရှိရာသို့ လှမ်းကြည့် လိုက်၏။ တစ်ချိန်တည်း၌ အခြားလူများမှာလည်း သက်ပြင်းချ နေကြသည်။
ပထမ၌ သူတို့သည် ရွှေအမြုတေ အဆင့် ဆယ်ယောက်လောက်ကို ချန်းဖန် လက်ရည်တူ တိုက်ခိုက် နိုင်လိမ့်မည်ဟု မျှော်လင့်ထား ခဲ့ကြသည်။ သို့သော်လည်း အမှောင် မျိုးနွယ်များက ရွှေအမြုတေ အဆင့် တစ်ရာကို စေလွှတ်ခဲ့သည်။ ထိုအရာက တိုက်ပွဲ၏ ချိန်ခွင်လျှာ ညီမျှမှုကို တစ်ဖက်စောင်းနင်း ဖြစ်အောင် ရိုက်ချိုး လိုက်ခြင်းပင်။
အန်တီထန်မှာ အသားထဲကို လက်သည်းစများ ဝင်သည် အထိ လက်သီးကို ဆုပ်လိုက်မိ၏။ သွေးများသည် လက်၌ စီးကျလာနေသည့်တိုင် သူမကား သတိမထားမိခဲ့ချေ။
ကျန်းဖေးဖေးမှာမူ တည်ငြိမ်စွာ ရပ်နေခဲ့သည်။ သူမသည် ချန်းဖန်အား မုန်းတီးနေသည့်တိုင် ယခု အချိန်တွင်မူ စိတ်မကောင်း ဖြစ်နေခဲ့မိ၏။
အမှောင် မျိုးနွယ်များသည် ယနေ့၌ ချန်းဖန်အား ဖျက်ဆီးပေလိမ့်မည်။
“နောက်ပြီး အဲဒီ ဂြိုဟ်သားမျိုးနွယ်တွေက သာမန် ရွှေအမြုတေ အဆင့်တွေ မဟုတ်ဘူး”
ရုတ်တရက် ပါးကျီဂိုဏ်း ဘိုးဘေးက ပြောလိုက်သည်။
သူသည် ချူကျိုးမြို့ထဲရှိ စတူဒီယို တစ်ခု၌ အထူး ဧည့်သည် အနေဖြင့် ရောက်ရှိနေခြင်း ဖြစ်သည်။ သူ၏ ဘေးတွင်မူ များစွာသော သတင်းထောက်များမှာ ဝန်းရံနေ၏။ သူကား မီဒီယာများနှင့် အင်တာဗျူးပေးသည့် တစ်ဦးတည်းသော ရွှေအမြုတေ အဆင့် ဖြစ်ပေသည်။
“ဝမ်ရှင်း တန်ခိုးရှင်လီ ဆိုလိုတာက...”
ကျန်းဟွာက မေးလိုက်၏။ Mango live သာလျှင် မက တယ်လီဗေးရှင်းနှင့် အင်တာနက် ပလက်ဖောင်း အစီအစဥ် တင်ဆက်သူ အားလုံး နီးပါးမှာ ထျန်ရှန် အဆောက်အဦး ထိပ်ဆုံးလွှာတွင် တည်ရှိသည့် စတူဒီယို ခန်းမ အတွင်း ရောက်ရှိနေကြခြင်း ဖြစ်သည်။ ထိုနေရာကား ချူကျိုး၏ အမြင့်ဆုံး နေရာ ဖြစ်ရာ တစ်မြို့လုံးကို အထက်စီးမှ ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေသည်။ ထျန်ရှန်း ကော်ပိုရေးရှင်း၏ ဥက္ကဌ ရန်ချိုးနှင့် ဇနီး ကျန့်ယွီမုန့်တို့မှာလည်း ထိုနေရာတွင် ရှိနေကြ၏။ သူတို့ အားလုံးသည် ဝမ်ရှင်း တန်ခိုးရှင်လီ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေခဲ့ကြလေသည်။
“အဟမ်း... ရွှေအမြုတေတွေကို အဆင့်ကိုးခု ခွဲထားတယ်... အဲဒီ ကိုးခုကိုပဲ သုံးခုစီ ထပ်ခွဲပြီး အဆင့်နိမ့် အမြုတေ၊ အလယ်ဆင့် အမြုတေနဲ့ အဆင့်မြင့် အမြုတေရယ်လို့ လွယ်လွယ်ကူကူ ခေါ်ကြတယ်... အနိမ့်ဆုံးက ပထမ အဆင့် ဖြစ်ပြီးတော့ အမြင့်ဆုံးကတော့ နဝမ အဆင့်ပေါ့... အရှင်းဆုံး နားလည်အောင် ပြောရရင် နဝမ အဆင့် အမြုတေတွေဟာ ပထမ အဆင့် အမြုတေ တွေထက် ကိုးဆ ပိုပြီး အစွမ်းထက်ပါတယ်”
ဝမ်ရှင်း တန်ခိုးရှင်လီက ချောင်းတစ်ချက် ဟန့်ကာ ရှင်းပြလိုက်သည်။
“ဒါဆိုရင် အမှောင်မျိုးနွယ်တွေ အားလုံးက ပထမ အဆင့် အမြုတေကိုပဲ ပိုင်ထားပြီး ဝမ်ရှင်း တန်ခိုးရှင်ချန်းက နဝမ အဆင့် အမြုတေကို ပိုင်ထားမယ် ဆိုရင် ကျွန်မတို့မှာ မျှော်လင့်ချက် ရှိသေးတယ်ပေါ့... ဟုတ်ပါသလားရှင်”
ကျန်းဟွာက တုန်တုန်ရီရီဖြင့် မေးလိုက်၏။ မရေမတွက်နိုင်သော လူများမှာလည်း စိတ်လှုပ်ရှား သွားကြသည်။
သို့သော်လည်း ဝမ်ရှင်း တန်ခိုးရှင်လီ ဖြေလိုက်သော အဖြေက အားလုံး၏ စိတ်ကူးယဥ် သာယာမှုကို တစ်စစီ ချိုးဖဲ့ ဖျက်ဆီးသွား၏။
“ဝမ်ရှင်း တန်ခိုးရှင်ချန်းက ဘယ်လို ရွှေအမြုတေမျိုး ပိုင်ထားတယ် ဆိုတာတော့ ငါမသိဘူး... ဒါပေမဲ့ အမှောင်မျိုးနွယ်တွေကတော့ အလယ်ဆင့် အမြုတေနဲ့ အဆင့်မြင့် အမြုတေကို ပိုင်ဆိုင်ထားကြတဲ့ လူတွေချည်းပဲ”
“ကမ္ဘာပေါ်မှာ ဆိုရင် ဗိုလ်ချုပ်ရဲ့ တစ်ယောက်ပဲ အဆင့်မြင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့တာ... အခြားလူတွေ အကုန်လုံးက အများဆုံး အလယ်ဆင့် ရွှေအမြုတေကိုပဲ ဖွဲ့စည်းနိုင်ခဲ့တယ်လေ... ငါ အပါအဝင် ဝမ်ရှင်း တန်ခိုးရှင် အများစုကတော့ အဆင့်နိမ့် ရွှေအမြုတေကိုပဲ ပိုင်ဆိုင် နိုင်ခဲ့ကြတယ်”
ဝမ်ရှင်း တန်ခိုးရှင်လီ၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ကမ္ဘာပေါ်ရှိ ဘီလျံချီသော လူများမှာ စိတ်ဓာတ်များ ကျဆင်း သွားကြသည်။ ကမ္ဘာပေါ်၌ အဆင့်မြင့် ရွှေအမြုတေနှင့် အလယ်ဆင့် ရွှေအမြုတေကို ပိုင်ဆိုင်ထားသူ ဟူ၍ လက်တစ်ဆုပ်စာသာ ရှိသည်။ သို့သော်လည်း အမှောင် မျိုးနွယ်များကမူ အရေအတွက် တစ်ရာ အထိကို စေလွှတ်ခဲ့သည်။ ထိုအရာက ကမ္ဘာနှင့် ချန်းပေ့ရွှမ်း၏ ကံကြမ္မာမှာ သေဆုံးသွားပြီဟု ဆိုလိုခြင်း မဟုတ်ပါလား။
ထိုအမှောင် မျိုးနွယ်များကား အခြေတည် ဝိညာဥ် အဆင့် ဘိုးဘေးများနှင့် အတူ ကောင်းကင် လမ်းကြောင်းများကို ဖြတ်သန်း၍ ကမ္ဘာသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ အားနည်းသော လူများ၊ လုံလောက်စွာ အစွမ်း မထက်သူများမှာ လမ်းတွင်ပင် သေဆုံး သွားလောက်ပြီ ဖြစ်သည်။ ကမ္ဘာပေါ်သို့ ရောက်ရှိအောင် လာနိုင်ကြသူများမှာ အလယ်ဆင့်နှင့် အဆင့်မြင့် ရွှေအမြုတေ ပိုင်ရှင်များသာ ဖြစ်သည်။ သူတို့ထဲမှ အချို့ဆိုလျှင် ရွှေအမြုတေ ထိပ်ဆုံး အဆင့်များ ဖြစ်ကြကာ အခြေတည် ဝိညာဥ် အဆင့်သို့ ရောက်ရန်ပင် ခြေတစ်လှမ်းသာ လိုကြတော့ပေသည်။
သူတို့ အထဲမှ တစ်ယောက်ချင်းစီမှာ ကမ္ဘာကို တစ်ကိုယ်တော် လွှမ်းမိုးနိုင်ကြသူများ ဖြစ်သည်။ ဝမ်ရှင်း တန်ခိုးရှင်လီနှင့် အထွတ်အမြတ် မျက်လုံးတို့ ပင်လျှင် သူတို့အား လုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ကမ္ဘာပေါ်ရှိ လူသားများမှာ ထိုအကြောင်းကို မသိထားကြချေ။ သူတို့ သိသမျှမှာ အမှောင် မျိုးနွယ်များမှာ အင်အားကြီးသည် ဟူ၍သာ ဖြစ်သည်။
သို့သော်လည်း ယခု အခိုက်အတန့်တွင်မူ သူတို့ကား အမှောင် မျိုးနွယ်များ မည်မျှ အင်အားကြီးကြောင်း သိရှိ သွားကြပြီ ဖြစ်သည်။ သူတို့၏ စိတ်မှာ ဗလာဟင်းလင်း ဖြစ်နေခဲ့၏။
ရွှေအမြုတေ အဆင့် တစ်ယောက် ပင်လျှင် ကမ္ဘာအား လွှမ်းမိုးနိုင်သော အစွမ်းအစကို ပိုင်ဆိုင်ထားသည်။ ယခု အယောက်တစ်ရာကို သူတို့ မည်ကဲ့သို့ ခုခံနိုင်မည်နည်း။
ချန်းပေ့ရွှမ်း မည်မျှ အစွမ်းထက်စေကာမူ သူကား တစ်ကိုယ်တော် သမား ဖြစ်သည်။ လူအများမှာ ချန်းဖန် အခြေတည် ဝိညာဥ် အဆင့်ကို တက်လှမ်းခဲ့လျှင်ပင် အမှောင် မျိုးနွယ်များ၏ သတ်ဖြတ်မှုကို ခံရလိမ့်မည်ဟု တွေးတော လိုက်မိကြတော့သည်။
ထိုအခိုက်အတန့်မှ စ၍ လူတိုင်းကား ချန်းဖန် အနိုင်ရရန် မျှော်လင့်ချက်ကို စွန့်လွှတ် လိုက်ကြပြီ ဖြစ်သည်။ မြောက်ပိုင်းချုံး၏ သစ္စာရှိ တပည့်များ ပင်လျှင် စိတ်ပျက်အားငယ်မှုကို စတင် ခံစား လာခဲ့ရ၏။
“ဝမ်ရှင်း တန်ခိုးရှင်ချန်း...”
အဇူရာ နဂါးသည် ချန်းဖန်အား ငေးကြည့်နေ၏။ သူသည် မည်သူမျှ ထင်မှတ် မထားသည့် အပြောင်းအလဲ တစ်ခုကို ချန်းဖန် လုပ်ပြနိုင်ရန် မျှော်လင့်နေဆဲ ဖြစ်သည်။ သို့သော်လည်း ကောင်းကင်ထက်ရှိ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများက သူ၏ မျှော်လင့်ချက်ကို ဝါးမျိုကာ အဆုံးထိ မှေးမှိန်အောင် တိုက်စားနေခဲ့လေ၏။
ထိုအရာကား လုံးဝ မမျှတသော တိုက်ပွဲ ဖြစ်ပေသည်။
***