← Chapters

ပြိုင်ဘက်ကင်း

Vol. 11 Ch. 1066

ပြိုင်ဘက်ကင်း

Vol. 11 Ch. 1066

“ဟူး... ဟူး...”

လူအများ စိတ်ပျက် အားလျော့နေကြသော အချိန်တွင်ပင် တောင်ထိပ် ပတ်လည်ရှိ မြူများမှာ တဖြည်းဖြည်း ပါးသွားကာ ချန်းဖန် ထွက်ပေါ် လာခဲ့သည်။

သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ လှံတံ တစ်စင်း အလား မားမားမတ်မတ် ရပ်နေခဲ့၏။ သူ၏ မျက်လုံးများသည် ဓားများ အလား ထက်ရှနေသည်။ သူကား ပြိုင်ဘက်ကင်းခြင်း၏ ပြယုဒ် တစ်ခု သဖွယ် တင့်တယ် နေခဲ့လေ၏။

ချန်းယောင်ယောင်သည် မြောက်ပိုင်းချုံး၏ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ ပုံစံက ယုံကြည်မှု အပြည့် ရှိနေသည့်တိုင် မျက်လုံးများတွင်မူ စိုးထိတ်မှု တစ်ခုက နေရာယူနေသည်။

“အန်တီရှို့... ဦးလေးက နိုင်မယ်လို့ ထင်လား”

“အင်းပေါ့...”

အားရှို့က ခေါင်းညိတ် လိုက်သော်လည်း သူမ၏ အသံကမူ အနည်းငယ် တစ်မျိုး ဖြစ်နေ၏။

သူမသည် ချန်းဖန်အား အမြဲတမ်း ယုံကြည်သူ ဖြစ်သည်။ ချန်းဖန်က ထျန်းဟောင်ဂြိုဟ်၌ အခြေတည် ဝိညာဥ် အဆင့်များကို သတ်ဖြတ်ခဲ့ကြောင်း ပြောသော အခါတွင်လည်း သူမ အနည်းငယ်ပင် သံသယ မဖြစ်ခဲ့ချေ။ သို့သော်လည်း ကောင်းကင်၌ ဖုံးလွှမ်းနေသော ရွှေအမြုတေ အဆင့် တစ်ရာက သူမ၏ စိုးရိမ်မှုကို နှိုးဆွ နေခဲ့လေသည်။

တစ်ချိန်တည်း၌ ပျံလွှားနီလေး၊ အန်တီထန်၊ ချန်းချူရန်၊ ကောပိုင်ရှင်း၊ ကူရှီတုန်း၊ လုယန်ဝူနှင့် ရန်ကျွင်းကျဲ့ တို့မှာလည်း ချန်းဖန် အတွက် စိတ်ပူနေကြသည်။

ကျန်းနန်နယ်၊ ကျင်းမြို့တော်၌ လီရီချန်းသည် လုပ်ဖော် ကိုင်ဖက်များနှင့် အတူ နံရံထက်ရှိ ကြီးမားသော တီဗီ စခရင်ကို ကြည့်နေခဲ့၏။

“ဝမ်ရှင်း တန်ခိုးရှင်ချန်း ဒီတိုက်ပွဲကို နိုင်မှာပါနော်... ဟုတ်တယ်မလား”

လှပသော အတွင်းရေးမှူးမလေး တစ်ယောက်က ရေရွတ် လိုက်သည်။

လီရီချန်းမှာမူ တိတ်ဆိတ်နေ၏။

“ချန်းဖန်... ငါ့ဘဝမှာ မင်းကို အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ဖူးတယ်... ဒါကြောင့်ပဲ မင်း ကျရှုံးတာကို ငါ အမြဲတမ်း မြင်ချင်ခဲ့တယ်... ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါ မင်းကို မရှုံးစေချင်ဘူးကွာ”

ထိုအခိုက်၌ ချန်းဖန်ကို မုန်းတီးသော လူများ ပင်လျှင် ချန်းဖန် အနိုင်ရရန် မျှော်လင့် နေကြသည်။ သူတို့သည် အမှောင် မျိုးနွယ်များအား ချန်းဖန် ချေမှုန်းကာ ကမ္ဘာမြေမှ နှင်ထုတ်သည်ကို တွေ့မြင် လိုကြပေသည်။

ယွင်ဝူတောင်ထိပ်...

“ချန်းပေ့ရွှမ်း... မင်းက ငါတို့ကို ယွင်ဝူတောင်မှာ တိုက်ခိုက်ဖို့ စိန်ခေါ်ထားတာ မလား... အခု ငါတို့ ရောက်လာပြီလေကွာ...”

သွေးမျိုးဆက် အကြီးအကဲ တစ်ယောက်က တုန်ရီလှိုင်းထသော အသံဆိုးဖြင့် အော်ဟစ် လိုက်၏။ သူ၏ မျက်လုံးများက ရဲရဲနီနေကာ သူ၏ နှုတ်ခမ်းထက်တွင်မူ ကြောက်မက်ဖွယ် အပြုံးတစ်ခုက တွဲလဲ ခိုနေခဲ့သည်။

“ချန်းပေ့ရွှမ်းက ငါတို့ မျိုးနွယ်တွေက ရွှေအမြုတေ အဆင့် တစ်ယောက် နှစ်ယောက်လောက်ကိုပဲ အသေခံဖို့ လွှတ်မယ်လို့ မင်းထင်နေလား... ငါကြားဖူးတာတော့ မင်းက တိုက်ပွဲတိုင်း တစ်ခါမှ မရှုံးဖူးဘူး... မသေချာတဲ့ တိုက်ပွဲကို မတိုက်ဘူး ဆိုပဲ... ဒီနေ့မှာတော့ မင်း ရွှေအမြုတေ အဆင့် တစ်ရာနဲ့ တိုက်ခိုက်ရ‌တော့မယ်... အရင်လို ယုံကြည်ချက် ရှိသေးရဲ့လားကွ”

မိစ္ဆာ မျိုးနွယ် အကြီးအကဲက အော်ဟစ် ရယ်မော လိုက်၏။ သူ၏ အသံမှာ အလွန် ကျယ်လောင် ပြင်းထန်လှရကား ရန်ကွေ့ ရေကန် အတွင်းရှိ ရေများ ပင်လျှင် လှိုင်းထန် သွားခဲ့၏။

“ဟမ့်... ငါတို့တွေက နင် ကြားတောင် ကြားဖူးမှာ မဟုတ်တဲ့ အာကာသ မျိုးနွယ်တွေကိုတောင် ရှင်းလင်း လာခဲ့တာ... နင့်လို ဂြိုဟ်သေးသေးလေးမှာ ရှိတဲ့ ကောင်ကို ငါတို့က မျက်လုံးထဲတောင် မထည့်ဘူး... ဒီနေ့ နင့်ကို သတ်ပြီး ဒီဂြိုဟ်ပေါ်မှာ ရှိတဲ့ လူအားလုံးကို ငါတို့ အမှောင်မျိုးနွယ်တွေက ဘာလဲ ဆိုတာ သတိပေးမယ်”

အပြာရောင် အရေပြားကို ပိုင်ဆိုင်ထားသည့် ရေနေမျိုးနွယ် အမျိုးသမီးက နှာ‌ခေါင်းရှုံ့ လိုက်သည်။

“လိုရင်းကိုပဲ ပြောမယ်.... ချန်းပေ့ရွှမ်း ကြိုက်တာကို ရွေးစမ်း... ဒူးထောက်မလား သေမလား”

အခြေတည် ဝိညာဥ် တစ်ပိုင်း အဆင့်သို့ ရောက်နေသော သွေးမျိုးဆက် မဟာ အကြီးအကဲက အော်ဟစ် လိုက်၏။

သူသည် အနက်ရောင် ကိုယ်ကြပ် ဝတ်စုံပေါ်တွင် ရွှေရောင် လိုင်းကိုးခု ခြယ်သော အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ ထိုအရာကား နှစ်ပေါင်း ကိုးထောင် အသက် ရှင်ခဲ့ပြီးသူ ဟု အဓိပ္ပာယ် ရပေသည်။

“ဒူးထောက်မလား သေမလား...”

ရွှေအမြုတေ အဆင့် တစ်ရာ စလုံးကလည်း တစ်ပြိုင်နက်တည်း အော်ဟစ် လိုက်ကြ၏။

“ဘုန်း... ဘုန်း... ဘုန်း...”

သူတို့၏ အသံလှိုင်းများသည် အတူတကွ စုပေါင်း၍ ထွက်ပေါ်လာလေရာ မိုင်တစ်ရာ အတွင်းရှိ တိမ်များ အားလုံး ပင်လျှင် လွင့်စဥ် သွားခဲ့လေသည်။ မရေမတွက်နိုင်သော သာမန်လူများမှာ သွေးများ အန်လိုက်ကြရ၏။ အကယ်၍ ချန်းဖန် ခင်းကျင်းထားသော အစီအရင်ကြောင့်သာ မဟုတ်ပါက ချူကျိုးမြို့ ပင်လျှင် ထိုအသံလှိုင်းဒဏ်ကြောင့် ပျက်စီးသွားလောက်ပြီ ဖြစ်ပေသည်။

ချန်းဖန်က ဖြည်းညင်းစွာပင် ကောင်းကင်ရှိ ရွှေအမြုတေ အဆင့်များကို မော့ကြည့် လိုက်သည်။ ထို့နောက် သူက ခေါင်းအား ခါယမ်းလိုက်၏။

“မင်းတို့တွေပဲ လာတာလား... မင်းတို့ရဲ့ ဘိုး‌ဘေးတွေ မလာဘူးလား... နောက်ပြီး နတ်ဘုရား မင်းသားတွေ ပါရမီရှင်တွေ‌ရော ဘယ်ရောက်နေကြလဲ... ဘာလို့ သူတို့က အရူးတစ်စုကိုပဲ လွှတ်လိုက်ရတာါလိမ့်... ကြည့်ရတာ ငါ ပြင်ဆင်ထားသမျှက အလကား ဖြစ်သွားပြီ ထင်တယ်”

“ဘာလဲ... သူက ရူးနေတာလား...”

မရေမတွက်နိုင်သော လူများမှာ တွေးလိုက် မိကြ၏။ သူက ခုအချိန်ထိ အမှောင် မျိုးနွယ်တွေကို လှောင်နေနိုင်သေးသည်လား။

“သေချင်နေတာလား...”

အမှောင်မျိုးနွယ် အရှင်သခင်များမှာ ဒေါသထွက် သွားကြ၏။ သူတို့က ချန်းဖန်အား ပုရွက်ဆိတ် တစ်ကောင် အလား ကြည့်ရင်း အေးစက်စက် နှာခေါင်းရှုံ့ လိုက်ကြသည်။

“သူ မကြာခင် သေရ‌တော့မှာပဲဟာ... နည်းနည်းလောက် ပြောချင်တာ ပြောပါစေ”

ရေနေ မျိုးနွယ် အမျိုးသမီးက ပါးစပ်ကို ပိတ်ကာ တခစ်ခစ် ရယ်မောလိုက်၏။

သွေးမျိုးဆက် အကြီးအကဲ တစ်ယောက်ကလည်း အနည်းငယ် ပြုံးလိုက်ရင်း...

“ချန်းပေ့ရွှမ်း... စိတ်မပူပါနဲ့... ငါ့တို့ရဲ့ သွေးအစောင့်တွေက မင်းရဲ့ မိတ်ဆွေတွေ၊ မင်းနဲ့ ပတ်သက်နေတဲ့ လူတွေ အကုန်လုံးနောက်ကို လိုက်နေကြပြီ... မင်းရော မင်းမြောက်ပိုင်းချုံး တစ်ခုလုံးပါ ငရဲပြည်မှာ အတူတူ ပြန်ဆုံရမှာပါ”

ဟု ပြောလိုက်လေသည်။

“သတ်ကြဟေ့...”

သွေးမျိုးဆက် မဟာ အကြီးအကဲက လက်တစ်ဖက်ကို မြှောက်ကာ အော်ဟစ် လိုက်၏။

“ဘုန်း...”

နောက်ဆုံး၌ ရွှေအမြုတေ အဆင့် တစ်ရာမှာ အတူတကွ စတင် တိုက်ခိုက်ကြတော့သည်။

သူတို့ အားလုံးကား တိုက်ပွဲပေါင်း ရာချီထောင်ချီကို တိုက်ခိုက်ကာ မရေမတွက်နိုင်သော လူများအား သတ်ဖြတ်ခဲ့ကြသူများ ဖြစ်သည်။ သူတို့သည် ချန်းဖန်ကို အထင်သေးကြသည့်တိုင် အနည်းငယ်ပင် ပေါ့လျော့ကြခြင်း မရှိချေ။ အစွမ်း အထက်ဆုံးသော တိုက်ခိုက်မှုများကို ထုတ်သုံးကာ ချန်းဖန်အား ဖျက်ဆီးရန် ကြိုးစား နေကြခြင်း ဖြစ်ပေသည်။

“မကောင်းတော့ဘူး...”

လူများမှာ ချန်းဖန် ချက်ချင်း သေဆုံးသွားတော့မည် ဟုပင် တွေးလိုက်မိကြသည်။ မြောက်ပိုင်းချုံး၏ တပည့်များမှာ ချက်ချင်းပင် လက်နက်များကို ဆွဲထုတ်ကာ တိုက်ပွဲ အတွင်း ဝင်ရောက်ရန် ဟန်ပြင် လိုက်ကြ၏။

“ရှောင်ဖန်...”

အန်တီထန်မှာ ချန်းဖန်အား ဝင်ရောက် ကူညီချင်ပါ၏။ သို့သော်လည်း လက်သီး တင်းတင်းဆုပ်ရုံမှ လွဲ၍ မည်သည့်အရာကို သူမ တတ်နိုင်ပါမည်နည်း။

“ဘုန်း...”

ရွှေအမြုတေ အဆင့် တစ်ရာ၏ အစွမ်းကုန် တိုက်ခိုက်မှုမှာ မည်မျှ ပြင်းထန်သနည်း။ ရွှေအမြုတေ အဆင့် တစ်ယောက် ပင်လျှင် မြို့တစ်မြို့ကို ဖျက်ဆီးပစ်နိုင်သော အစွမ်း ရှိပေသည်။ မြင့်မြတ်သော ကောင်းကင်အရှင်ဟု ဆိုအပ်သည့် အခြေတည် ဝိညာဥ် အဆင့် ပင်လျှင် ‌ရွှေအမြုတေ အဆင့် တစ်ရာ၏ ပူးပေါင်း တိုက်ခိုက်မှုကို ခုခံရန် လွယ်ကူလိမ့်မည်မဟုတ်ပါချေ။

သို့သော်လည်း အားလုံ၏ အမြင်နှင့် ဆန့်ကျင်စွာပင် ကာယကံရှင် ချန်းဖန်မှာ ပျင်းရိ၍ပင် နေခဲ့လေ၏။ သူ မျှော်လင့် ထားခဲ့သည်ကား အခြေတည် ဝိညာဥ် အဆင့်များ ပါဝင်သည့် ကမ္ဘာ ပျက်မတတ် တိုက်ပွဲကြီး တစ်ခု ဖြစ်သည်။ ယခုကဲ့သို့ ရွှေအမြုတေ အစုတ်ပလုတ်လေးများ မဟုတ်ချေ။ ထိုပုရွက်ဆိတ်လေးများမှာ သူ၏ တိုက်ခိုက်မှု တစ်ခုကိုပင် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

“ဝှစ်..”

အားလုံး၏ အရှေ့တွင်ပင် ချန်းဖန်က လက်ညိုးတစ်ချောင်းကို ပျင်းရိပျင်းတွဲ ဆန့်ထုတ်လိုက်၏။

“ဘုန်း...”

ချက်ချင်းပင် အဆင့်ခြောက် ရွှေအမြုတေကို ပိုင်ဆိုင်ထားသည့် သွေးမျိုးဆက် အကြီးအကဲ တစ်ယောက်မှာ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲ သွားလေ၏။ မရေမတွက်နိုင်သော သွေးစက်များမှာ ကောင်းကင်မှ မြေပြင်သို့ တဖွဲဖွဲ ရွာသွန်းကျလာသည်။

အခြေတည် ဝိညာဥ် တစ်ပိုင်း အဆင့်ကိုပင် ရောက်နေသည့် ထို‌သွေးစုတ်ဖုတ်ကောင်းကြီးကား မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သေဆုံးသွားခဲ့ရပြီ ဖြစ်လေသည်။

သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်လေ၏။

“ဘုန်း... ဘုန်း... ဘုန်း...”

ဆက်တိုက်ဆိုသလိုပင် အခြား ရွှေအမြုတေ အဆင့်များမှာ တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲ ကုန်ကြတော့၏။ သူတို့ကား ခုခံခွင့်ပင် မရလိုက်ပဲ သွေးမှုန်နှင့် အသားစများ ဘဝသို့ ရောက်ရှိ သွားခဲ့ခြင်း ဖြစ်ပေသည်။

လက်ညိုးတစ်ချက်...

လက်ညိုး တစ်ချက် အတွင်းမှာပင် ရွှေအမြုတေ ၅၀ ခန့်မှာ အနိစ္စ သဘောဖြင့် ကိစ္စချော သွားခဲ့ပြီ ဖြစ်လေသည်။ ‌ ကောင်းကင်၌ ရွှေအမြုတေ အဆင့် အရေအတွက် တစ်ဝက်ခန့်သာလျှင် ကျန်ရှိပေတော့၏။

ထိုအခိုက်အတန်၌ အန်တီထန်၊ အဇူရာ နဂါးနှင့် ချန်းချူရန်တို့၏ မျက်လုံးများမှာ ပေါက်ထွက် မတတ် ပြူးကျယ်နေ၏။ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော လူများမှာလည်း ပါးစပ် အဟောင်းသား ဖြစ်နေကြလေသည်။

ချန်းဖန် တစ်ယောက် သာလျှင် တောင်ထိပ်ပေါ်၌ လက်နှစ်ဖက်ကို နောက်ပစ်လျှက် ရပ်နေခဲ့၏။ သူကား ပြိုင်ဘက်ကင်း နတ်ဘုရား တစ်ပါးအလား ထည်ဝါလှပေသည်။

***

All Chapters