သူတို့ အားလုံးကိုသတ်
Vol. 11 Ch. 1067
ချန်းဖန်ကား ပြိုင်ဘက်ကင်း စွမ်းအား တစ်ခုကို ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။
အမှောင် မျိုးနွယ်များသည် ရွှေအမြုတေ အဆင့် တစ်ရာကို စေလွှတ်ခဲ့သည်။ သို့သော်လည်း ထိုအထဲမှ တစ်ဝက်မှာ ချန်းဖန်၏ လက်ညိုး တစ်ချက် အလှုပ်တွင်ပင် ပျက်စီးသွားခဲ့ရလေသည်။ ထိုအရာအား ပြိုင်ဘက်ကင်း စွမ်းအားဟု မခေါ်ပါက မည်သည့် အရာကို ခေါ်ရတော့မည်နည်း။
“ဘယ်လိုဖြစ်နိုင်မှာလဲ... ဘာလို့ သူက ဒီလောက်တောင် အစွမ်းထက် နေရတာလဲ... သူက ရွှေအမြုတေ အဆင့် တစ်ယောက်ပဲ မဟုတ်ဘူးလား”
ထိုရွှေအမြုတေ အဆင့်များကား စကြဝဠာကိုပင် ဖြတ်သန်း၍ ကမ္ဘာသို့ ရောက်အောင် လာနိုင်ခဲ့ကြသူများ ဖြစ်သည်။ မိစ္ဆာ မျိုးနွယ်များ၊ အမှောင် ဝံပုလွေများ ဆိုလျှင် လူသား အခြေတည် ဝိညာဥ် အဆင့်များ နီးနီး ခန္ဓာကိုယ်များကိုပင် ပိုင်ဆိုင် ထားကြသည်။ သို့သော်လည်း သူတို့ အားလုံးသည် ချန်းဖန်၏ လက်ညိုး တစ်ချောင်း ဆန့်အထုတ်တွင်ပင် တို့ဟူးများ သဖွယ် ဖျက်ဆီးခံခဲ့ရလေသည်။
“သူက အခြေတည် ဝိညာဥ် အဆင့် လိုမျိုး အစွမ်းထက် နေပြီလား...”
များစွာသော ရွှေအမြုတေ အဆင့်များမှာ ထိတ်လန့်စွာ တွေးလိုက်မိကြ၏။
အခြားတစ်ဖက်၌ ဘီလျံနှင့် ချီသော လူသားများမှာလည်း မိမိမျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ သူတို့သည် မျက်တောင်ပင် မခပ်ပဲ တိုက်ရိုက် ထုတ်လွှင့်မှု စခရင်များကို ငေးကြည့် နေမိကြ၏။
Mango live အစီအစဥ် တင်ဆက်သူ ကျန်းဟွာက ပါးကျီဂိုဏ်း ဘိုးဘေးကို လှည့်ကြည့်လိုက်ရင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်၏။
“ဝမ်... ဝမ်ရှင်း တန်ခိုးရှင်ချန်းက အမှောင်မျိုးနွယ် ရွှေအမြုတေ အဆင့် ၅၀ ကို သတ်... သတ်လိုက်ပြီ... အဲဒါက ပုံ... ပုံရိပ်ယောင် အစီအရင် တစ်ခု ဖြစ်... ဖြစ်နေမလား... ဝမ်ရှင်း တန်ခိုးရှင်လီ... ဘယ်... ဘယ်လို ထင်ပါသလဲရှင်”
အသက် ၁၅၆ နှစ် အရွယ်၊ ဝမ်ရှင်း တန်ခိုးရှင်လီက သူ၏ မုတ်ဆိတ်ရှည်ကြီး တစ်ပင်ကို ဆွဲနှုတ် လိုက်၏။ သူ၏ မျက်လုံးများကမူ ယွင်ဝူတောင် တည်ရှိရာသို့ ထိတ်လန့် ခြောက်ခြားစွာ ကြည့်နေတုန်း ဖြစ်သည်။
“မဖြစ်နိုင်တာ... ချန်းပေ့ရွှမ်းက အခြေတည် ဝိညာဥ် အဆင့်မှ မဖြစ်သေးတာလေ... သူက ဘယ်လိုလုပ်ပြီး အဲဒီလောက် အစွမ်းထက်မှာလဲ... ရွှေအမြုတေ အဆင့်က အဲဒီလောက် စွမ်းနိုင်ပါ့မလား”
သူ၏ အဖြေကား ကျန်းဟွာ၏ မေးခွန်းနှင့် တခြားစီပင်။ သို့သော်လည်း အမှန်တကယ်တွင်မူ သူသည် ကျန်းဟွာ၏ မေးခွန်းကို ပြန်ဖြေ လိုက်ခြင်း မဟုတ်ပဲ သူ့စိတ်ထဲ၌ ရှိနေသော အရာကိုသာ ထုတ်ဖော် ပြောလိုက်ခြင်း ဖြစ်ပေသည်။
ထိုအခိုက်အတန့်၌ ဝမ်ရှင်း တန်ခိုးရှင်လီသာ မက တစ်ကမ္ဘာလုံးရှိ ကျင့်ကြံသူ အားလုံးပါ ထိုကဲ့သို့ တွေးနေကြခြင်း ဖြစ်ပေသည်။
ချန်းပေ့ရွှမ်းသည် သူတို့ အတွက် အံ့အားသင့်ခြင်းကိုသာမက ထိတ်လန့်မှုကိုပါ ယူဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ လက်ညိုးတစ်ချက်ကား အလွန်ပင် အစွမ်းထက်လှသည်။ ထိုအရာက ရွှေအမြုတေ အဆင့်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ကျော်လွန်နေသည်။ ရွှေအမြုတေ အဆင့် တစ်ယောက် မည်မျှ အစွမ်းထက်စေကာမူ အဆင့်တူ အယောက် ၅၀ ကို လက်တစ်ချောင်းတည်းဖြင့် သတ်ဖြတ်ရန် မဖြစ်နိုင်ချေ။
“ရှောင်ဖန်က တော်လိုက်တာ...”
“ငါ့ဆရာကွ...”
“ဦးလေးက လူဆိုးတွေကို သတ်လိုက်ပြီဟေ့”
အန်တီထန်၊ အားရှို့နှင် ချန်းယောင်ယောင်တို့မှာ ထခုန် လိုက်ကြ၏။ သူတို့ကြောင့် မြောက်ပိုင်းချုံးဂိုဏ်း တပည့်များမှာ သတိဝင်လာကာ အော်ဟစ် အောင်ပွဲခံ ကြတော့သည်။
“ငါတို့ ဂိုဏ်းချုပ်ကွ... မြောက်ပိုင်းချုံးကို ထိရဲတဲ့သူ အကုန် မသာပေါ်သွားမယ်”
အချို့ ခံစားလွယ်သော မြောက်ပိုင်းချုံး တပည့်များ ဆိုလျှင် စတင်ကာ ငိုကြွေး နေကြပြီ ဖြစ်လေသည်။
သူတို့သည် နှစ်ပေါင်း ခြောက်နှစ်တိုင်တိုင် ပုန်းအောင်း၍ တစ်ဖုံ၊ ထွက်ပြေး၍ တစ်ခါ နေခဲ့ရသည်။ ယခုတွင်မူ ထိုအခိုက်အတန့်ကား ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ တစ်မိုးအောက် တစ်ယောက်ထွန်း ဂိုဏ်းချုပ် ချန်းပေ့ရွှမ်းသည် မြောက်ပိုင်းချုံး၏ ပျောက်ဆုံးသွားခဲ့သော ထွန်းပြောင်မှုများ အားလုံးကို မကြာခင် ပြန်လည် ယူဆောင်ပေး ပေလိမ့်မည်။
ယွင်ဝူတောင်ထိပ်မှ အောင်ပွဲခံသံများသည် မကြာခင်မှာပင် ချူကျိုးမြို့ထဲသို့ ပျံ့နှံ့ သွား၏။ ထိုမှတစ်ဆင့် ကျန်းနန်နယ်၊ တရုတ်၊ နောက်ဆုံး တစ်ကမ္ဘာလုံးတိုင်အောင် ပျံ့နှံ့သွားခဲ့တော့သည်။ ထိုအခိုက်၌ ချန်းဖန်အား မနှစ်သက်သော လူများ ပင်လျှင် အောင်ပွဲခံ နေကြ၏။
“ငါမပြောဘူးလား... ချန်းဖန်က ဘယ်တော့မှ ရှုံးမယ့်လူ မဟုတ်ဘူးလို့”
ကျင်းမြို့တော်၌ လီရီချန်းက စားပွဲအား ရိုက်ရင်း ထအော်လိုက်၏။
ချန်းဖန်နှင့် ပတ်သက်သည့် လုမိသားစု၊ စုမိသားစု၊ ကူမိသားစု၊ ခွန်းလွန်တို့ ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ အရှေ့ အရပ်ရှိ ဂျပန်ကြီးများ ပင်လျှင် ထခုန်နေကြလေသည်။
တစ်ခေတ်တစ်ခါက ချန်းဖန်မှာ အလွန် ရိုင်းစိုင်းကာ ထင်တိုင်းကြဲခဲ့သည်ကား မှန်သည်။ သို့သော်လည်း ထိုအမြီးများ၊ ဦးချိုများ၊ အတောင်ပံများနှင့် မကောင်းဆိုးရွားများမှာ ချန်းဖန်ထက် အဆ တစ်ရာ ပိုမို ဆိုးယုတ် လွန်းသည်။ သူတို့သည် လူသားတို့အား ကျေးကျွန် သဖွယ် ဆက်ဆံကာ စိတ်မထင်တိုင်း သတ်ဖြတ် ခဲ့ကြသည်။ သွေးမျိုးဆက်များ ဆိုလျှင် လူသွေးများကိုပင် သောက်ကြသေးသည်။
ထိုကဲ့သို့ သတ္တဝါများ ရှင်းလင်းခံရခြင်း အပေါ် မည်သူက မပျော်ပဲ နေပါမည်နည်း။
“တော်ပါသေးရဲ့ကွာ...”
အဇူရာ နဂါးမှာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
“ချန်းပေ့ရွှမ်းက အခြေတည် ဝိညာဥ် အဆင့်ကို အလွယ်လေး တက်လှမ်းလို့ရတယ် ပြောတုန်းက ငါမယုံခဲ့ဘူး... ဒါပေမဲ့ အခု သူ့စွမ်းအားက အခြေတည် ဝိညာဥ် အဆင့်ထက်တောင် ပိုပြီး မြင့်မားနေပုံ ရတယ်”
အဇူရာ နဂါးသည် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို အလိုရှိခဲ့ခြင်း မဟုတ်ချေ။ သူသည် မျိုးနွယ်ခြား မိစ္ဆာများအား နှိမ်နင်းနိုင်မည့် လူကိုသာ အလိုရှိခဲ့ခြင်း ဖြစ်သည်။ ယခု အခိုက်အတန့်၌ သူသည် ချန်းဖန် အခြေတည် ဝိညာဥ် အဆင့်သို့ ရောက်၊ မရောက် ဟူသော အကြောင်းအရာကို စိတ်ဝင်စားခြင်း မရှိတော့ချေ။ ချန်းဖန် အမှောင် မျိုးနွယ်များကို အနိုင်ယူနေနိုင်သမျှ သူ ပျော်ရွှင်ပေသည်။
လူသားများနှင့် ဆန့်ကျင်စွာပင် အမှောင် မျိုးနွယ်များမှာမူ အလွန်တရာ ထိတ်လန့် နေကြလေ၏။
“ချန်းပေ့ရွှမ်း... မင်းက အခြေတည် ဝိညာဥ် အဆင့်ကို ရောက်သွားပြီလား”
သွေးမျိုးဆက် မဟာ အကြီးအကဲက မေးလိုက်သည်။
သို့သော်လည်း ချန်းဖန်က သူ့မေးခွန်းကို ပြန်မဖြေချေ။ သူက နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းအား မော့လိုက်၏။
“မင်းမေးတာကို ငါက ဘာလို့ ဖြေရမှာလဲ...”
သူကား သွေးမျိုးဆက် မဟာ အကြီးအကဲ ကဲ့သို့သော ပုဂ္ဂိုလ်ကို လှည့်ပင် မကြည့်ခဲ့ချေ သူ့ အတွက် ထိုအခြေတည် ဝိညာဥ် တစ်ပိုင်း အဆင့်မှာ လက်တစ်ချက် တောက်စာသာ ရှိပေသည်။
“ဂါး...”
မဟာ အကြီးအကဲမှာ ဒေါသထွက် သွား၏။ သူ၏ ဖြူဖပ်ဖြူရော် မျက်နှာပေါ်၌ အပြာရောင် သွေးကြောကြီးများမှာ ထောင်ထလာသည်။ ထိုသွေးစုတ်ဖုတ်ကောင်ကြီးကား ချန်းဖန်၏ သွေးကို မြည်းစမ်းချက်နေပြီ ဖြစ်သည်။
သို့သော်လည်း ချန်းဖန်မှ အလွန် အစွမ်းထက်လှပေသည်။ သူသည် အရမ်းကာရော မလှုပ်ရှား ဝံ့ချေ။
ရုတ်တရက် ရေနေ မျိုးနွယ် အမျိုးသမီး ကျင့်ကြံသူက ထကာ အော်ဟစ်လိုက်၏။
“ငါသိပြီ... သူက ကြယ်ပင်လယ်ထဲက ကောင်းကင် မင်းသားတွေလို ကောင်းကင် အဆင့် ရွှေအမြုတေကို ဖွဲ့စည်းထားတာပဲ ဖြစ်ရမယ်”
“ကောင်းကင် မင်းသား...”
အမှောင် မျိုးနွယ်ဝင် ရွှေအမြုတေ အဆင့်များ၏ ခန္ဓာကိုယ်များမှာ တုန်ရီ သွားကြလေသည်။
ချန်းပေ့ရွှမ်း အစွမ်းထက်သည်ကား မထူးဆန်းတော့ချေ။ သူကား ကောင်းကင် အဆင့် အမြုတေကိုပင် ဖွဲ့စည်းထားခဲ့သူ ဖြစ်သည်။ ဒဏ္ဍာရီများ အရဆိုလျှင် ကောင်းကင် ရွှေအမြုတေ ပိုင်ရှင်များမှာ အခြေတည် ဝိညာဥ် အဆင့်များကိုပင် တိုက်ခိုက်နိုင်သည်ဟု ဆိုကြပေသည်။
“ကောင်းကင် မင်းသား ဆိုတာ ဘာလဲ...”
ကမ္ဘာပေါ်ရှိ လူများမှာမူ ထိုအကြောင်းအရာကို ကြားဖူကြခြင်း မရှိကြချေ။ တန့်ယွမ်ချင်းနှင့် ချူမင်ဟွေ့ ကဲ့သို့သော လူများ ပင်လျှင် ကြောင်တောင်တောင် ဖြစ်နေကြ၏။
“ဝမ်ရှင်း တန်ခိုးရှင်လီ... ကောင်းကင် မင်းသား ဆိုတာ သိလား”
ကျန်းဟွာက မေးလိုက်သည်။
“ငါ စာအုပ်ဟောင်းတွေထဲမှာ ဖတ်တော့ ဖတ်ဖူးပါတယ်...”
ဝမ်ရှင်း တန်ခိုးရှင်လီက ခေါင်းတစ်ချက် ညိတ်ကာ ရှင်းပြလိုက်သည်။
“ကောင်းကင် မင်းသား ဆိုတာက ကောင်းကင် ရွှေအမြုတေကို ဖွဲ့စည်းထားနိုင်တဲ့ အခြေတည် ဝိညာဥ် အဆင့်တွေကို ခေါ်တာပဲ... ကောင်းကင် ရွှေအမြုတေ ဆိုတာက ခုနက ငါရှင်းပြခဲ့တဲ့ ရွှေအမြုတေ အဆင့် ကိုးခုထက် ပိုမြင့်တဲ့ အဆင့် တစ်ခုပေါ့... ကောင်းကင် ရွှေအမြုတေ ပိုင်ရှင် အရေအတွက်က အရမ်းကို ရှားပါးတယ်... ထျန်းဟောင် ဆိုတဲ့ ဂြိုဟ်ကြီးမှာတောင် တစ်ယောက် နှစ်ယောက်ပဲ ရှိသတဲ့... နောက်ပြီး ကောင်းကင် မင်းသားတိုင်းဟာ အရမ်းကို ပါရမီ မြင့်မားကြပြီး ရွှေအမြုတေ အဆင့်နဲ့တင် အခြေတည် ဝိညာဥ် အဆင့် ကောင်းကင် အရှင်တွေကိုတောင် ယှဥ်တိုက်နိုင်ကြတယ်တဲ့”
ရုတ်တရက် တစ်ကမ္ဘာလုံးမှာ ဆွံ့အ သွားကြ၏။ သူတို့သည် အဆင့်ကိုး ရွှေအမြုတေမှာ အမြင့်ဆုံး ဖြစ်လိမ့်မည် ဟု တွေးထင်ခဲ့ကြသည်။ ထိုထက်ပိုသော အဆင့်များ ရှိနေလိမ့်မည်ဟု တွေးပင် မတွေးခဲ့မိကြချေ။ ချန်းပေ့ရွှမ်းမှာ ဆယ်စုနှစ် တစ်ခုသာ ပျောက်သွားခဲ့သော်လည်း ပြန်လာသော အခါတွင်မူ ကောင်းကင် အမြုတေကိုပင် ဖွဲ့စည်းထားနိုင်ခဲ့၏။ ယခုဆိုလျှင် သူသည် အခြေတည် ဝိညာဥ် အဆင့်များကိုပင် နှိုင်းယှဥ်နိုင်နေပြီ ဖြစ်ပေသည်။
“ကောင်းကင်မင်းသားချန်းကတော့ တကယ့်ကို ပြိုင်ဘက်ကင်းပါလား...”
“ဟုတ်ပါ့... ဒီနေ့က စပြီး သူ့ကို ဝမ်ရှင်း တန်ခိုးရှင်ချန်းလို့ မခေါ်ကြနဲ့တော့... ကောင်းကင်မင်းသားချန်း လို့ပဲ ခေါ်ကြမယ်”
“ကောင်းကင် မင်းသားချန်းသာ စောင့်ရှောက်ပေးရင် ဘယ်အမှောင်မျိုးနွယ်မှ ငါတို့ ကမ္ဘာကို ကျွန်ပြုရဲမှာ မဟုတ်တော့ဘူး”
အကယ်၍ ချန်းဖန်သာ ထိုအရာကို ကြားပါက ကျိန်းသေ ရယ်မိပေလိမ့်မည်။ သူကား ကောင်းကင် မင်းသား များကိုသာ မက နတ်ဘုရား မင်းသားများစွာကိုပါ သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ သို့တိုင်အောင် ကမ္ဘာသားများသည် သူ့အား ထိုကြောင်တောင်တောင် နိုင်သော နာမည်ကို ပေးနေကြသည်။ ထိုအရာက သူ၏ သိက္ခာကို မြောင်းထဲသို့ ဆွဲချလိုက်ခြင်းပင်။
ယွင်ဝူတောင်ထိပ်၌...
“ကဲ... လိုရင်းကိုပဲ သွားကြရအောင်ပါ... မင်းတို့က ယွင်ဝူတောင်ကို လာခဲ့တယ် ဆိုတော့ ငါ မင်းတို့ သွေးကို သုံးပြီး မြောက်ပိုင်းချုံး ဖွင့်ပွဲ အတွက် ယစ်ပူဇော်မယ်... ဘယ်လို သဘောရကြလဲ”
ချန်းဖန်သည် ခါးကို တန်းတန်းဆန့်ရင်း ရပ်နေခဲ့၏။ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများသည် ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သူ၏ မျက်လုံးထဲတွင်မူ မီးတောက် တစ်ခုမှာ စူးရဲစွာ တောက်ပနေခဲ့လေ၏။
“ချန်းပေ့ရွှမ်း... ငါ့ဘိုးဘေးက ခုထိ အသက်ရှင်နေတုန်းပဲ... နင် ငါတို့ကို သတ်ရင် သူက နင့်ကို လွှတ်ပေးမှာ မဟုတ်ဘူး”
ရေနေ လူသားမျိုးနွယ် အမျိုးသမီး ကျင့်ကြံသူက ချန်းဖန်အား ခြိမ်းခြောက်ရန် ကြိုးစားလိုက်၏။
“ဘုန်း...”
ချန်းဖန်က အင်္ကျီလက်ကို ခါယမ်းလိုက်ရာ စွမ်းအင်လှိုင်း တစ်ခုမှာ ရေနေ လူသား မျိုးနွယ် အမျိုးသမီးနှင့် သူမ ဘေးရှိ အခြေတည် ဝိညာဥ် အဆင့်များထံ ကျရောက်သွားသည်။ ချက်ချင်းပင် ထိုလူများမှာ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲကာ သေဆုံး သွားကြ၏။
“သတ်...”
သွေးမျိုးဆက် အရှင်သခင် တစ်ယောက်က သူ၏ ရွှေအမြုတေကို လောင်မြိုက်ကာ သွေးရောင် အလင်းတန်း အသွင် ပြောင်းလဲ၍ ချန်းဖန်ထံ တိုးဝင်သွား၏။ သို့သော်လည်း ချန်းဖန်နှင့် ပတ်လည် ဆယ်ပေ အတွင်း ရောက်ရှိသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ ပြာအဖြစ် ပြောင်းလဲကာ လွင့်စဥ်သွားတော့သည်။
“ပြေးကြတော့...”
လက်ကျန် ရွှေအမြုတေ အဆင့်များကား ဆက်လက် တိုက်ခိုက်ရဲခြင်း မရှိကြတော့ချေ။ သူတို့က အလင်းတန်းများ အသွင် ပြောင်းလဲကာ အရပ်ရှစ်မျက်နှာသို့ ပြန့်ကြဲ ထွက်ပြေးကြတော့သည်။
“ပြေးလို့လွတ်မယ် ထင်နေလား...”
ချန်းဖန်က အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။ ထိုလူများကား သူ့အား သတ်ဖြတ်ရန် ကြိုးစားခဲ့ကြရာ သူ့အနေဖြင့် သင်ခန်းစာ တစ်ခု ပေးကို ပေးရမည် ဖြစ်သည်။
“သေကြစမ်း...”
ချန်းဖန်က အော်ဟစ်လိုက်ရာ အသံလှိုင်း တစ်ခုမှာ အရှိန်ပြင်းစွာ ထွက်ပေါ်လာသည်။ ထိုအသံလှိုင်းသည် ထွက်ပြေးနေသော ရွှေအမြုတေ အဆင့်များ၏ ခန္ဓာကိုယ်များကို ဖြတ်သန်းသွားလေ၏။
“ဘုန်း... ဘုန်း... ဘုန်း...”
ချက်ချင်းပင် ကောင်းကင်၌ ပေါက်ကွဲခြင်းများ တန်းစီ သွားတော့သည်။ လက်ကျန် ရွှေအမြုတေ အဆင့်များကား သေဆုံး သွားကြပြီ ဖြစ်သည်။
အားလုံးထဲ၌ သွေးမျိုးဆက် မဟာ အကြီးအကဲ တစ်ယောက် သာလျှင် ချန်းဖန်၏ တိုက်ခိုက်မှုမှ အသက်ရှင် လွတ်မြောက်ခဲ့၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ် တစ်ဝက်မှာမူ ရစရာ မရှိအောင် ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ သူ၏ မျက်နှာသည် သွေးများဖြင့် ချင်းချင်းနီနေရာ သူ၏ ဆံပင်များမှာလည်း ရှုပ်ထွေးပွလီ နေ၏။
“ချန်းပေ့ရွှမ်း... ငါ့ဘိုးဘေးက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး... ကမ္ဘာ တစ်ဝှမ်းလုံးမှာ ရှိတဲ့ အရှင်သခင်ကြီးတွေက မင်းကို လာသတ်လိမ့်မယ်... မင်း ငရဲကို သွားရမယ်... မင်းနဲ့ မင်း မိတ်ဆွေ အားလုံး...”
“ဘုန်း...”
စကားမဆုံးခင်မှာပင် ချန်းဖန်က လက်တစ်ဖက်ကို ခါယမ်းလိုက်ရာ ထိုသွေးစုတ်ဖုတ်ကောင်ကြီးမှာ ပေါက်ကွဲ သွားတော့၏။
“ဝှစ်...”
လူအများ အောင်ပွဲခံရသေးခင်မှာပင် ရုတ်တရက် သွေးရောင် အလင်းတန်း တစ်ခုမှာ ကောင်းကင်တွင် ပေါ်လာခဲ့၏။
ထိုအလင်းက ကြောက်မက်ဖွယ် မိစ္ဆာ စွမ်းအင်ကို သယ်ဆောင်ကာ ချန်းဖန်ထံ တစ်ဟုန်ထိုး တိုးဝင်လာသည်။ ထိုအရာထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် ရွှေအမြုတေ အဆင့် အယောက် တစ်ရာထက်ပင် ပိုမို ပြင်းထန်နေခဲ့လေသည်။
***