← Chapters

အခြေတည် ဝိညာဉ် အဆင့် တစ်ယောက် ပေါ်လာခဲ့ခြင်း

Vol. 11 Ch. 1068

အခြေတည် ဝိညာဉ် အဆင့် တစ်ယောက် ပေါ်လာခဲ့ခြင်း

Vol. 11 Ch. 1068

သွေးရောင်အလင်းသည် နတ်ဆိုးအော်ရာကို သယ်ဆောင်ထား၏။ ၎င်းသည် မိစ္ဆာ တစ်ကောင်၏ တိုက်ခိုက်မှုနှင့် အလားသဏ္ဌာန် တူကာ ပေတစ်သောင်း ဧရိယာကို မျက်တောင် တစ်ခပ်စာ အတွင်း ဖြတ်ကျော်လာသည်။ ၎င်း၏ လမ်းကြောင်း တစ်လျှောက်၌ တိမ်များသည် ပြိုကွဲကာ ကောင်းကင်ပင်လျှင် ချင်းချင်းနီရဲ သွားလေ၏။

“ဝမ်ရှင်း တန်ခိုးရှင်ချန်း...”

မရေမတွက်နိုင်သော လူများမှာ အော်ဟစ် လိုက်မိကြသည်။ ရွှေအမြုတေ အဆင့် တစ်ရာကို အနိုင်ယူပြီးပြီးချင်းမှာပင် အပြောင်းအလဲ တစ်ခု ရောက်လာလိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားခဲ့ကြချေ။

“ဝှစ်...”

ချန်းဖန်သည် မူလ နေရာမှ ပျောက်ကွယ်သွားကာ အခြား နေရာ တစ်ခု၌ ပြန်ပေါ်လာခဲ့၏။ သူကား ထိုအရာကို ကြိုတင်သိနေသည့် အလား လက်နှစ်ဖက်ကို နောက်ပစ်ထားဆဲ ဖြစ်သည်။

“ဘုန်း...”

သွေးရောင် အလင်းသည် အချိန်ကောင်းကို ရွေး၍ အလစ်အငိုက် ရောက်ရှိလာခြင်း ဖြစ်သော်လည်း ချန်းဖန်၏ အရိပ်ကိုသာ ရိုက်ခတ်မိခြင်းဖြင့်သာ အဆုံးသတ် သွားရလေ၏။

“ဟမ်...”

အသံတစ်ခုမှ ကောင်းကင်မှ ထွက်ပေါ်လာသည်။ ထိုအသံသည် အိုမင်း ရှေးကျကာ မိစ္ဆာ အငွေ့အသက်များကို သယ်‌ဆောင်ထား၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ သတ္တုချင်း ပွတ်တိုက် သကဲ့သို့ ဆိုးရွားလွန်းသော အသံကြောင့် နားများကိုပင် ယောင်ယမ်းကာ ပိတ်လိုက် မိကြလေသည်။

“မင်းက ငါ့ကို သတိထားမိတယ်ပေါ့....”

အသံနှင့် အတူ အနက်ရောင်မြူထု တစ်ခုမှာ ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။ လူများသည် ထိုအရပ်ကို လှမ်းကြည့်ကြရာ နီရဲသော မျက်လုံးတစ်စုံကိုသာ တွေ့မြင် ကြရ၏။ ထိုမျက်လုံးကား အလွန် ကြောက်မက်ဖွယ် ကောင်းကာ နေမင်း၏ အလင်းရောင်ထက်ပင် ပိုမို စူးရှ နေခဲ့လေသည်။

သို့သော်လည်း ချန်းဖန်မှာမူ အနက်ရောင် မြူထု အတွင်း ရပ်နေသော ကျင့်ကြံသူကို ရှင်းလင်းစွာပင် တွေ့မြင် နေရ၏။ ထိုကျင့်ကြံသူက ချန်းဖန်အား စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။

“မင်းက မဆိုးဘူးပဲ... မော့ဟူတို့ကို သတ်လိုက်နိုင်တာ မထူးဆန်းတော့ဘူး”

မော့ဟူမှာ သွေးမျိုးဆက် မဟာ အကြီးအကဲ  ဖြစ်သည်။ ရွှေအမြုတေ အဆင့် တစ်ရာ၏ သေဆုံးမှုမှာ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် အတွက် ကြီးကျယ်သော ကိစ္စ မဟုတ်ပါချေ။

“ဒီလိုဂြိုဟ်သေးသေးလေးကနေ ကောင်းကင် အဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်တယ်... တကယ့်ကို ပါရမီရှင်ပဲ... မင်းက ငါအစေခံ လုပ်ဖို့ အဆင့်မှီတယ်... အခု ချက်ချင်း ဒူးထောက်ပြီး ငါ့ဆီမှာ အမှုထမ်းပါ... မင်း အတွက် ကြီးကျယ် မြင့်မြတ်မှုကို ငါယူဆောင်ပေးမယ်”

ချန်းဖန်က နှာ‌ခေါင်းရှုံ့ လိုက်၏။

“မင်းက ဘယ်သူလဲ... အခြေတည်  ဝိညာဥ် အဆင့်လေးကများ ငါ့ကို ဒူးထောက်ဖို့ ခိုင်းရတယ်လို့”

“ဟမ်...”

အနက်ရောင် မြူထုကြားရှိ ကျင့်ကြံသူမှာ ဒေါသထွက် သွားသည်။ သူ၏ အသံတွင် ချူကျိုးတစ်မြို့လုံးမှာ လှုပ်ခါ သွားကာ မရေမတွက်နိုင်သော မှန်ပြတင်းပေါက်များမှာ ပေါက်ကွဲ သွားကြ၏။

များစွာသော အဆင့်နိမ့် ကျင့်ကြံသူများမှာ ကြီးမားသော တူကြီး တစ်ခု၏ ရိုက်နှက်ခြင်းကို ခံရသည့် အလား သွေးများ အန်ကုန်ကြတော့သည်။ ကျန်းဟွာတို့ ကဲ့သို့သော သာမန်လူများ ဆိုလျှင် ဒွါရပေါက်များမှ သွေးများ စီးကျကုန်သည် အထိ ခံစားလိုက်ကြရ၏။

“သူက ဘာမှ မလုပ်ပဲနဲ့တောင် ဒီလောက် အစွမ်းထက်နေပြီ... သူသာ စတိုက်ခိုက်ရင် ချူကျိုး တစ်မြို့လုံးပါ ပြာကျသွားမလား မသိဘူး”

အဇူရာ နဂါးနှင့် အခြားလူများမှာ တွေးလိုက်မိကြသည်။  ကမ္ဘာပေါ်သို့ အခြေတည် ဝိညာဥ် အဆင့်များ ရောက်ရှိနေသည်က နှစ်ပေါင်း အတော်ကြာပြီ ဖြစ်သည့်တိုင် ကမ္ဘာပေါ်ရှိ လူများမှာ သူတို့အား တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ ခွန်းလွန် ကဲ့သို့ အဖွဲ့ကြီး ပင်လျှင် ရွှေအမြုတေ အဆင့်များ အကြောင်းကို အနည်းငယ်သာ စုဆောင်းနိုင်ခဲ့ပေသည်။

သို့သော်လည်း ယနေ့တွင်မူ အခြေတည် ဝိညာဥ်အဆင့် ကောင်းကင်အရှင် တစ်ယောက်မှာ လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

“မင်းက မော့ဟူကို သတ်နိုင်ခဲ့ရုံနဲ့ ငါ့ကိုပါ မလေးမစား လုပ်ချင်နေပြီပေါ့... အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သိရော သိရဲ့လား လူသားလေး... ငါ့ဆီမှာသာ ဒူးထောက်ပြီး အညံ့ခံလိုက်ပါ... ငါ မင်းရဲ့ မြောက်ပိုင်းချုံးကို ဆက်ပြီး ရှင်သန်ခွင့်ပြုမယ်... မဟုတ်ရင်တော့ မင်းကို သတ်မယ့် အပြင် ချူကျိုး တစ်မြို့လုံးမှာ ရှိတဲ့ လူတွေကိုပါ သတ်မယ်”

အနက်ရောင် မြူထု အကြားရှိ ကျင့်ကြံသူက ပြောလိုက်သည်။

“မိစ္ဆာ ပေါက်စလေး... ငါ မင်းကို ခုချက်ချင်း သတ်ပစ်လို့ ရတယ် ဆိုတာရော မင်းသိလား”

ချန်းဖန်က ပြုံးရင်း အေးဆေးစွာ ပြန်ပြော လိုက်သည်။

“တယ်အတင့်ရဲနေပါလား... ချက်ချင်း ဒူးထောက်စမ်း”

ကျင့်ကြံသူမှာ ဒေါသထွက် သွားခဲ့၏။ အနက်ရောင် မြူထုကြားရှိ သူ၏ မျက်လုံးများက ပို၍ နီရဲ တောက်ပလာသည်။

သူ၏ အမြင်အရ ဆိုလျှင် ချန်းဖန်မှာ ကောင်းကင် အဆင့် ရွှေအမြုတေကို ပိုင်ဆိုင် ထားသည့်တိုင် ရွှေအမြုတေ အဆင့် တစ်ယောက်သာ ဖြစ်သည်။ ရွှေအမြုတေ အဆင့် တစ်ယောက် မည်မျှ အစွမ်းထက်စေကာမူ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်၏ ရှေ့မှောက်၌ ရိုကျိုးသင့်ပေသည်။

သို့သော်လည်း ချန်းဖန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

“ဟမ့်... သွေးအရှင် အဆင့် ဆိုတာက ဆိုးတော့လည်း သိပ်မဆိုးပါဘူး... ဒါပေမဲ့ ငါ့ကို ဒူး‌ထောက်စေဖို့တော့ မလုံလောက်သေးဘူး”

သွေးအရှင် အဆင့် ဆိုသည်မှာ သွေးမျိုးဆက်တို့၏ အခေါ်အဝေါ် ဖြစ်ပြီး လူသား အခြေတည် ဝိညာဥ် အဆင့်နှင့် တူညီပေသည်။ သို့သော်လည်း သူတို့သည် သဘာဝ အရ သန်မာသော ခန္ဓာကိုယ်နှင့် မွေးရာပါ နတ်ဘုရား စွမ်းအားများကို ပိုင်ဆိုင်ထားကြရာ အဆင့်တူ လူသား ကျင့်ကြံသူများထက် ပို၍ အစွမ်းထက်ပေသည်။

“ကောင်စုတ်လေး... မင်းက တော်တော် သိထားတာပဲ”

သွေးအရှင်က နီရဲတွတ်နေသော လျှာဖြင့် နှုတ်ခမ်းများအား သပ်လိုက်၏။ သူ၏ သွေးရောင် မျက်လုံးများကမူ ချန်းဖန်၏ လည်ပင်းဆီသို့ အကြည့် ရောက်သွားသည်။

သွေးအရှင်သည် ချန်းဖန် မည်မျှ အစွမ်းထက်ကြောင်း မသိသလို စိတ်လည်း မဝင်စားပါချေ။ သူ့အတွက် ချန်းဖန်ကား သက်ရှိ နတ်ဘုရားဆေးပင် တစ်ခုသာ ဖြစ်ပေသည်။ အကယ်၍ ထိုနတ်ဘုရား ဆေးပင်လေး၏ သွေးကို သောက်ရပါက ဒဏ္ဍာရီလာ သွေးနတ်ဘုရား အဆင့်သို့ပင် ခြေတစ်လှမ်း နီးကပ် သွားနိုင်ပေသည်။

“ဒီတစ်ခေါက် အပြင်ကို ထွက်လာရတာ မဆိုးဘူးပဲ... လူသားလေး... မင်းက ကောင်းကင် အဆင့် ရွှေအမြုတေကို ပိုင်ဆိုင် ထားရင်တောင် ဒီနေ့ ငါ့လက်ကနေ ပြေးမလွတ်တော့ပါဘူး... ဟီး ဟီး”

သွေးအရှင်က အက်ရှရှ ရယ်မောရင်း လက်တစ်ဖက်ကို ဆန့်ထုတ် လိုက်၏။

“ဘုန်း...”

ဆယ်ပေခန့်စီ ရှည်သော သွေးအလင်းတန်း ငါးခုမှာ လက်သည်းကြီးများ သဖွယ် ချန်းဖန် အပေါ် ကုတ်ဆွဲ ပြုတ်ကျလာသည်။

“ဘုန်း...”

ထိုလက်သည်း၏ အရှိန်တွင်ပင် ယွင်ဝူတောင်ထိပ်၌ ရှိနေသော တပည့်များမှာ ကောင်းကင် မရပ်နိုင်တော့ပဲ မြေပြင်ပေါ် ပစ်လဲကျ ကုန်ကြသည်။ အားလုံးထဲ၌ အားရှို့ တစ်ယောက် သာလျှင် မားမားမတ်မတ် ရပ်နိုင်ခဲ့သည်။

"ဆရာ…"

အားရှို့မှာ စိုးရိမ်နေခဲ့၏။ ထိုတိုက်ခိုက်မှုကား အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ ရွှေအမြုတေ ထိပ်ဆုံး အဆင့် တစ်ယောက် ပင်လျှင် လွယ်ကူစွာ အသတ်ခံရနိုင်ပေသည်။

"ကလန့်…"

ရုတ်တရက် ငွေရောင် အလင်းလွှာ တစ်ခုသည် ယွင်ဝူတောင် တစ်ခုလုံးကို လွှမ်းခြုံ၍ ပေါ်လာကာ သွေးရောင် အလင်းတန်းများကို တားဆီးလေ၏။

"ဟီး ဟီး… မင်းက ဒီအစီအရင် အားကိုးနဲ့ ငါ့ကို အာခံနေတာပေါ့ ဟုတ်လား…"

သွေးအရှင်က ရယ်မောလိုက်သည်။ အစီအရင်လေး တစ်ခုဖြင့် သူ၏ တိုက်ခိုက်မှုကို တားဆီးချင်နေသည်လား။ မဖြစ်နိုင်ချေ။ အခြေတည် ဝိညာဉ် အဆင့်၏ တိုက်ခိုက်မှု တစ်ခုမှာ မြို့တစ်မြို့ကိုပင် လွယ်ကူစွာ ဖျက်ဆီးနိုင်ပေသည်။

"ဘုန်း…"

သွေးအရှင်က အခြား လက်သည်းကုတ်ချက် တစ်ခုကို ထုတ်ဖော်ကာ တိုက်ခိုက် လိုက်ပြန်၏။ ကြောက်မက်ဖွယ် ဓမ္မ စွမ်းအားကား အဆုံးမဲ့လှသည်။

"ဘုန်း…"

ပတ်ဝန်းကျင်ရှိ အနက်ရောင် မြူထုသည် စုစည်းကာ ပေတစ်သောင်း ကြီးမားသည့် လေပွေနက်ကြီး အသွင် ပြောင်းလဲ သွားသည်။ ထိုလေပွေနက်ကြီးသည် အရှိန်ပြင်းစွာ လည်ပတ်ရင်း ကောင်းကင် စကြဝဠာ အစီအရင်အား တိုက်ဖျက်ရန် ကြိုးစား လေ၏။

မရေမတွက်နိုင်သော ပရိသတ်များမှာ ကြောက်ရွံ့ နေကြလေသည်။ အဇူရာ နဂါး ကဲ့သို့သော အခြေတည် ဝိညာဉ် အဆင့်များပင် အသက်ရှူရခက်နေကြ၏။ သူတို့သည် ချန်းဖန်အား စိုးရိမ်စွာ ကြည့်လိုက် မိကြသည်။

"ဘုန်း…"

အားလုံး၏ အကြည့်များ အောက်တွင်ပင် လေပွေနက်ကြီးမှာ ငွေရောင် အလင်းလွှာအား ဖောက်ထွင်းရန် ကြိုးစားလေ၏။ ငွေရောင် အလင်းလွှာမှာ တစ်ချက် တုန်ခါသွားသည်မှ တစ်ပါး ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိပါချေ။ ၎င်းကား ထိုကဲ့သို့ တိုက်ခိုက်မှု တစ်ရာကိုပင် ခုခံနိုင်သည့် အလား တည်ငြိမ် နေဆဲ ဖြစ်သည်။

"ဘာလား…"

လူသား မျိုးနွယ် ကျင့်ကြံသူများသာမက အမှောင် မျိုးနွယ် ကျင့်ကြံသူများပါ ဆွံ့အ သွားကြ၏။

ချန်းဖန်၏ အစီအရင်ကား အခြေတည် ဝိညာဉ် အဆင့် တစ်ပါး၏ တိုက်ခိုက်မှုကိုပင် လွယ်ကူစွာ တောင့်ခံနိုင်ပုံ ပေါ်သည်။ ထိုအရာက ယွင်ဝူတောင်၌ နေထိုင်သမျှ ကာလပတ်လုံး မည်သည့် အခြေတည် ဝိညာဉ် အဆင့်ကိုမှ ကြောက်စရာ မလိုဟု ဆိုလိုခြင်း မဟုတ်ပါလား။

သွေးအရှင်မှာလည်း ထိုအကြောင်းအရာကို ရိပ်မိ၏။ သူကား အလွန်တရာ ဒေါသထွက် နေခဲ့ပြီ ဖြစ်လေသည်။

"ဒီစောက်အစီအရင်…"

သူက အော်ဟစ်လိုက်၏။ အထပ်ထပ်သော သွေးစွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကာ သွေးမီးတောက်များ အသွင် ပြောင်းလဲသွားသည်။ သူသည် ထိုမီးများကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ သွေးရောင်လှံတံ တစ်ခု အဖြစ် ဖန်ဆင်းလိုက်၏။

ထိုအရာကား သွေးမျိုးဆက်တို့၏ နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်သည့် "သွေးလှံတံ" ပင် ဖြစ်လေသည်။

"သွား…"

၎င်းက လှံကို လွှဲကာ အစီအရင်ထံ ပစ်လွှတ် လိုက်၏။

"ဘုန်း…"

လှံကား ပြင်းစွာသော အဟုန်ကို သယ်ဆောင်ကာ ငွေရောင် အလင်းကို ထိုးဖောက်ရန် ကြိုးစား လေသည်။ သို့သော်လည်း ငွေရောင် အလင်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ မျက်နှာပြင်နှင့် မထိတွေ့ခင် သုံးပေခန့် အကွာတွင်ပင် သွေးလှံတဲမှာ မီးရှူးမီးပန်းများ အလား ပေါက်ကွဲ သွားလေတော့သည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ…"

သွေးအရှင်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွား၏။ ထိုလှံတံကား သူ၏ အင်အား အပြည့် တိုက်ခိုက်မှု ဖြစ်ပေသည်။ သို့တိုင်အောင် အစီအရင်မှာ ဟန်မပျက် တားဆီး နေနိုင်ဆဲ ဖြစ်သည်။

"ဒါက ဘယ်လို အစီအရင်မျိုးလဲ…"

သွေးသခင်က ခြောက်ကပ်သော လေသံဖြင့် မေးလိုက်သည်။ တစ်ချိန်တည်း၌ သူ၏ အကြည့် စူးစူးမှာ အရာရာကို ထွင်းဖောက်ကာ ငွေရောင် အလင်း မျက်နှာပြင်ထက်သို့ ကျရောက်သွား၏။

ချန်းဖန်က သူ၏ မေးခွန်းကို ပြန်မဖြေပဲ အားရှို့ကိုသာ လှည့်ကြည့်လိုက်သည်။

"နင့်ကို သွေးအဆိပ် ကျိန်စာတိုက်တာ သူလား…"

အားရှို့က ခေါင်းညိတ် ပြလိုက်သည်။ သူမသည် သွေးအရှင်အား အမုန်းတို့ ပြည့်လျှံနေသော မျက်လုံးများဖြင့် စူးစိုက် ကြည့်နေခဲ့၏။

သူမသည် ထိုမိစ္ဆာကောင်၏ သွေးအဆိပ် ကျိန်စာကို ခြောက်နှစ်တိုင်တိုင် ခံစား ခဲ့ရသည်။ အကယ်၍ ချန်းဖန်ကြောင့်သာ မဟုတ်ပါက သူမ သေပင် နေလောက်ပြီ ဖြစ်သည်။

"အဲဒီကောင်မလေးက မင်းတပည့်လား… ကြည့်ရတာ သူ့ကိုယ်ထဲက သွေးအဆိပ် ကျိန်စာကို ဖြေပေးလိုက်တာ မင်းပဲ ဖြစ်ရမယ်… မဆိုးဘူး မဆိုးဘူး…"

သွေးအရှင်က မိစ္ဆာ ဆန်ဆန် ရယ်မော လိုက်သည်။

"ချန်းပေ့ရွှမ်း… မင်းရဲ့ လိပ်ခွံကို ငါ မဖျက်ဆီးနိုင်ဘူး ဆိုတာတော့ ဝန်ခံတယ်… ဒါပေမဲ့ အဲဒီ အထဲမှာ တစ်သက်လုံး ပုန်းနေနိုင်မှာလား… ပုန်းနိုင်မယ် ထင်ရင်လည်း ပုန်းပေါ့ကွာ… ယွင်ဝူတောင်နဲ့ ချူကျိုး အပြင်မှာ မင်းနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ လူတွေမှ အများကြီး...ငါ သူတို့ကို ဖမ်းခေါ်လာပြီး မင်းရှေ့မှာပင် မိစ္ဆာ ရုပ်သေးရုပ်(ဇွန်ဘီ)တွေ လုပ်ပစ်မယ်… ဟီးဟီး…"

ထိုအခိုက်၌ တီဗီမှ ကြည့်နေသော လူများ ပင်လျှင် သွေးအရှင်၏ မျက်လုံးများထဲမှ မိစ္ဆာဆန်မှုကို တွေ့မြင်နေကြရလေ၏။

***

All Chapters