သတ်ဖြတ်ခြင်း
Vol. 11 Ch. 1069
"ဟုတ်သား … အစီအရင်က နေရာရွှေ့လို့မှ မရတာ… ဝမ်ရှင်း တန်ခိုးရှင်ချန်း ဘာလုပ်မှာလဲ"
များစွာသော ကျင့်ကြံသူများမှာ ကြောက်ရွံ့ ထိတ်လန့်စွာ တွေးလိုက် မိကြသည်။
ချန်းဖန်၏ အစီအရင် အစွမ်းထက်သည်ကား မှန်သည်။ သို့သော်လည်း ထိုအရာသည် တောင်၊ ရေနှင့် ဝိညာဉ်ကြောတို့ အပေါ် တွင်သာ မှီခိုနေသည့် သက်မဲ့ ရုပ်ဝတ္ထု တစ်ခုသာ ဖြစ်သည်။ အကယ်၍ သွေးအရှင်က စိတ်ရူးပေါက်ကာ တစ်ကမ္ဘာလုံးကို လှည့်ပတ် ဖျက်ဆီးမည် ဆိုပါက ထိုအစီအရင်မှာ ဓားတို တစ်ချောင်းလောက်ပင် အသုံးဝင်လိမ့်မည် မဟုတ်ချေ။
အားလုံး စိတ်ပူနေကြချိန်မှာပင် ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။
"အားရှို့… ဆရာ နင့် အတွက် လက်စား ချေပေးမယ်"
ထို့နောက် ချန်းဖန်က မြေပြင်ကို ဖနှောင့်ဖြင့် ပေါက်လိုက်၏။
"နိုးထစမ်း…"
"ဘုန်း…"
အားလုံး၏ အကြည့်များ အောက်တွင်ပင် အလင်းတန်း ၉၉၉၉ ခုမှာ ယွင်ဝူတောင်၊ ရန်ကွေ့ ရေကန်နှင့် ချူကျိုးမြို့တို့မှ နေ၍ ကောင်းကင်သို့ ထိုးတက်လာကာ တောက်ပသော စကြဝဠာ တစ်ခု အသွင် ပြောင်းလဲ သွားကြသည်။
"ဒါက…"
မရေမတွက်နိုင်သော လူများမှာ ဆွံ့အ သွားကြ၏။ သွေးအရှင် ပင်လျှင် ယောင်ယမ်းကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိလေသည်။
"များလိုက်တဲ့ ဝိညာဉ် ရတနာတွေနဲ့ ကောင်းကင် ရတနာတွေ… မင်း ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ"
သို့သော်လည်း ချန်းဖန်မှာ သူ၏ မေးခွန်းကို ပြန်ဖြေရန် စိတ်မဝင်စားပါချေ။ သူက လက်နှစ်ဖက်ကိုသာ ပူးကပ်ကာ အော်ဟစ် လိုက်၏။
"ဓားတစ်စင်း ဖွဲ့စည်း…"
"ဘုန်း…"
ကမ္ဘာ လောကသည် မဟူရာရောင် ပြောင်းလဲ သွား၏။ ထောင်ပေါင်းများစွာသော ဓားများမှာ အတူတကွ စုပေါင်းကာ တောက်ပသော ဓားတစ်ချောင်းကို ဖွဲ့စည်းကြသည်။ လူများသည် မိုင်ပေါင်းများစွာ အကွာအဝေးမှပင် ထိုဓား၏ ထက်ရှမှုကို ခံစား လိုက်မိကြ၏။
နောက်ဆုံး၌ ကောင်းကင် စကြဝဠာ အစီအရင်ကား ၎င်း၏ စွမ်းအား အစစ်အမှန်ကို ထုတ်ဖော် ပြသနေခဲ့ပြီ ဖြစ်လေသည်။
ဓားဖွဲ့စည်းခြင်း ဖြစ်စဉ် ပြီးမြောက်ခါ နီးလာသည်နှင့် အမျှ သွေးအရှင်၏ မျက်နှာမှာ ပို၍ ဖြူရော်လာ၏။
"မကောင်းတော့ဘူး…"
သူက အနက်ရောင် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားတော့သည်။
ချန်းဖန်မှာ အလျင်လိုခြင်း မရှိချေ။ သူက အင်္ကျီလက်တစ်ဖက်ကိုသာ ညင်သာစွာ လှုပ်ယမ်း လိုက်၏။
"ဘုန်း…"
တစ်ပေခန့်သာ ရှည်သော ငွေရောင်ဓားသည် ပေပေါင်းတစ်ထောင် ဧရိယာကို နဂါး တစ်ကောင် အလား ဖြတ်ကျော်သွား၏။ ၎င်းက မျက်စိတစ်မှိတ်စာ အတွင်းမှာပင် သွေးအရှင်၏ ခန္ဓာနှင့် အခြေတည် စိတ်ဝိညာဉ်တို့ကို ထက်ပိုင်းပိုင်းခဲ့ပြီး ဖြစ်လေသည်။
ဓားချက်တစ်ချက် အတွင်းမှာပင် သွေးအရှင်ကား တိတ်တဆိတ် သေဆုံးသွားခဲ့ချေပြီ ဖြစ်တော့သည်။
***
ထိုအခိုက်၌ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော လူများမှာ ဆွံ့အ နေကြ၏။ အဇူရာ နဂါး ပင်လျှင် မိမိ၏ မျက်လုံးကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
အခြေတည် ဝိညာဉ် အဆင့် သွေးအရှင်က ယခုကဲ့သို့ လွယ်ကူစွာ သေဆုံးသွားရသည်လား။
ရိုမေးနီးယား အမှောင် ရဲတိုက်၌ များစွာသော သွေးမျိုးဆက်များသည် တီဗီ စခရင်ကို ကြည့်ကာ မျက်လုံး အပြူးသား ဖြစ်နေကြသည်။ သူတို့က ထိုင်ရာမှ ထကာ တစ်ယောက်ပြီး တစ်ယောက် အော်ဟစ် လိုက်ကြသည်။
"မဖြစ်နိုင်ဘူး… ငါတို့ ဘိုးဘေးက ဘယ်တော့မှ မရှုံးနိုင်ဘူး"
အတ္တလန္တိတ် သမုဒ္ဒရာ ပင်လယ်ပြာမြို့၊ ပါရှား နဂါးမိစ္တာ ချိုင့်ဝှမ်း၊ ဆိုက်ဘေးရီးယား အမှောင် ဝံပုလွေ၊ မဟာ အက်ကြောင်း ချိုင့်ဝှမ်း မိစ္ဆာ မျိုးနွယ်…
မရေမတွက်နိုင်သော အမှောင် မျိုးနွယ်များမှာ ဆွံ့အ တိတ်ဆိတ် နေကြ၏။ သူတို့သည် ရွှေအမြုတေ အဆင့် တစ်ရာ သေစဉ်ကပင် ယခုလောက် မယုံကြည်နိုင်မှုကို မခံစား ခဲ့ကြရချေ။
အခြေတည် ဝိညာဉ် အဆင့်များကား ရှားပါး သက်ရှိများ ဖြစ်ကြသည်။ သူတို့၏ မေွးရပ်မြေ ဂြိုဟ်များတွင်ပင် အခြေတည် ဝိညာဉ် အဆင့်မှာ ရှစ်ယောက်မှ သုံးဆယ် အထိ သာ ရှိတတ်သည်။ စွန့်ပစ်ခံ နယ်မြေ တစ်ခုလုံး၌ ထျန်းဟောင်ဂြိုဟ် တစ်ခုတည်း သာလျှင် အခြေတည် ဝိညာဉ် အဆင့် ရာချီကို ပိုင်ဆိုင်ထားပေသည်။
သို့သော်လည်း ယခုတွင်မူ ချန်းဖန်သည် အခြေတည် ဝိညာဉ် အဆင့် သွေးအရှင် တစ်ယောက်ကို တိုက်ခိုက်မှု တစ်ခုတည်းဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။ သို့ဖြစ်ရာ အမှောင် မျိုးနွယ်များမှာ မည်ကဲ့သို့ မကြောက်ပဲ နေပါမည်နည်း။
သို့သော်လည်း သူတို့နှင့် ခြားနားစွာပင် လူသားများကား အလွန်တရာ ပျော်ရွှင် နေကြပြီ ဖြစ်လေသည်။
"ဝမ်ရှင်း တန်ခိုးရှင်ချန်း နိုင်သွားပြီဟေ့…"
"အမှောင် မျိုးနွယ်တွေကို သတ်ပစ်…"
"မိစ္ဆာကောင်တွေ… ကမ္ဘာက ထွက်သွားကြ…"
ချက်ချင်းပင် ကမ္ဘာ တစ်ခုလုံးမှာ ဟစ်ကြွေးသံများဖြင့် ပြည့်နှက် သွား၏။ မရေမတွက်နိုင်သော လူများမှာ ပျော်ရွှင်စွာ ရယ်မောနေခဲ့ကြလေသည်။
အချို့က ဝမ်ရှင်း တန်ခိုးရှင်ချန်းမှာ အမှောင် မျိုးနွယ်များကိုပင် လိုက်လံ ရှင်းလင်းလိမ့်မည် ဟု ပြောဆိုကြသည်။ ထိုအရာက အပျော်လွန်၍ အချင်းချင်း နောက်ပြောင်ကြခြင်း သက်သက်သာ ဖြစ်ပေသည်။
သို့သော်လည်း ချန်းဖန်က အမှန်တကယ်ပင် ရွှေရောင် အလင်းတန်း အသွင် ပြောင်းလဲ၍ ကောင်းကင်သို့ ထိုးတက် သွားသည်။ သူကား မကြာခင်မှာပင် မိုးကုပ်စက်ဝိုင်း အဆုံး၌ ပျောက်ကွယ်သွားလေ၏။ သူ့အစား ကျန်ရစ်ခဲ့သည်က ပဲ့တင်ထပ်နေသော စကား တစ်ခုသာ ဖြစ်ပေသည်။
"အားရှို့… ငါ အမှောင်မျိုးနွယ်တွေကို ဘယ်လို ရှင်းလဲမလဲ ဆိုတာ ကြည့်ထား… ငါ မကြာခင် ပြန်လာခဲ့မယ်"
ရုတ်တရက် လူတိုင်း၏ အောင်ပွဲခံသံများမှာ တိတ်ဆိတ်သွား၏။ အားရှို့မှာ သူမ၏ နားကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
အားလုံးထဲ၌ အဇူရာ နဂါး တစ်ယောက် သာလျှင် ဖြူရော်စွာ ပြုံး၏။
"ဝမ်ရှင်း တန်ခိုးရှင်ချန်းက အမြဲတမ်း ပြောတဲ့ အတိုင်း လုပ်တတ်တယ်… သူက ရှင်းလင်းမယ် ပြောမှတော့ ငါတို့ ဘာကိုမှ စိုးရိမ်စရာ မရှိတော့ဘူး"
"ဝှစ်… ဝှစ်…"
ချန်းဖန်သည် အလွန် လျှင်မြန်စွာ ပျံသန်းနေ၏။
သူသည် မိုင်ရာချီ အကွာအဝေးကို သွားလာရန် ခြေတစ်လှမ်းသာ လှမ်းခဲ့ရသည်။ သူ ပထမဆုံး ရောက်ရှိသွားသည့် နေရာမှာကား မွန်းစတားများ အခြေစိုက်ရာ နဂါးရေကန်ပင် ဖြစ်လေသည်။
ချန်းပေ့ တောင်ထိပ်၊ နဂါးရေကန်တွင်…
"ဝမ်ရှင်း တန်ခိုးရှင်ချန်း… ကျုပ်ကို မသတ်ပါနဲ့… ကျုပ်တို့လူ တစ်ယောက်က ခင်ဗျားရဲ့ မိတ်ဆွေပါ"
မွန်းစတား အရှင်သခင်များမှာ အော်ဟစ် တောင်းပန် လိုက်ကြသည်။
သို့သော်လည်း ချန်းဖန်သည် စကား တစ်ခွန်းတည်းဖြင့်သာ တုန့်ပြန်ခဲ့၏။ ထိုအရာကား "သတ်" သူ၍ပင်။
…
အတိတ်၌ နဂါးရေကန်၏ ခေါင်းဆောင် နဂါးအိုကြီးသည် ကမ္ဘာ၏ အစွမ်း အထက်ဆုံး အရှင်သခင် ခြောက်ယောက် အနက် တစ်ယောက် ဖြစ်ခဲ့သည်။ ချန်းဖန်သည် ထိုနဂါးအိုကြီးကို အနိုင်ယူကာ မြောက်ပိုင်းချုံး၏ ဂိုဏ်းအစောင့်အရှောက် အဖြစ် ခန့်အပ်ခဲ့သည်။ ထို့ကြောင့်ပင် နဂါးရေကန် မွန်းစတားများမှာ ချန်းဖန်နှင့် ရင်းနှီးသည်ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း အားရှို့၏ ပြောစကားများ အရဆိုလျှင် စီနီယာ ကျင့်ကြံသူများ ပျောက်ဆုံး သွားပြီးနောက် မြောက်ပိုင်းချုံးအား အရင်ဆုံး စတင် တိုက်ခိုက်ခဲ့သည်မှာ ထိုချန်းပေ့ နဂါးရေကန်ရှိ မွန်းစတားများသာ ဖြစ်သည်။
နဂါးအိုကြီးသည် ဒူးထောက်ကာ မြောက်ပိုင်းချုံးအား မတိုက်ခိုက်ပါရန် သူ့မိတ်ဆွေများကို တောင်းပန်ခဲ့သည်။ သို့သော်လည်း ထိုမွန်းစတားများသည် လျစ်လျူကာ နဂါးအိုကြီးကိုပါ သတ်ဖြတ် ပစ်ခဲ့သည်။ အဆိုးဆုံးကား ထိုရွှေအမြုတေ အဆင့် မွန်းစတား ရှစ်ကောင်မှာ နဂါးအိုကြီး၏ ခန္ဓာကိုယ်ကိုပါ ပွဲတော် အဖြစ် တည်ခင်း သုံးဆောင်ခဲ့ခြင်းပင် ဖြစ်သည်။
သို့ဖြစ်ရာ သူတို့အား အဘယ်ကြောင့် ညှာတာပေးရမည်နည်း။ ချန်းဖန်မှာ ထိုအကြောင်းကြောင့်ပင် နဂါးရေကန်သို့ အလျင်ဆုံး လာခဲ့ခြင်း ဖြစ်သည်။
"သေကြစမ်း…"
ချန်းဖန်က အော်ဟစ်ကာ နဂါး ရေကန်အား လက်သီးဖြင့် ထိုးလိုက်သည်။
"မကောင်းတော့ဘူး…"
မွန်းစတား အရှင်သခင်များမှာ ကြောက်ရွံ့ကာ ထွက်ပြေးရန် ကြိုးစားကြတော့၏။ သို့သော်လည်း စိတ်မကောင်းစရာပင် အချိန်ကား နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
"ဘုန်း…"
ချန်းဖန်၏ လက်သီးတစ်ချက်မှာ မည်မျှ အင်အားကြီးသနည်း။
ရုတ်တရင် ကမ္ဘာလောက တစ်ခုလုံးမှာ နက်မှောင် သွားခဲ့၏။ ရွှေရောင် အလင်း တစ်ခုသာလျှင် ကောင်းကင်၌ ကျန်ရှိပေတော့သည်။
"ခရက်…"
လက်သီးမကျဆင်းခင်မှာပင် များစွာသော မူလ အဆင့် မွန်းစတားများမှာ သွေးမြူများ အဖြစ် ပေါက်ကွဲ သွားကြ၏။
ရွှေအမြုတေ အဆင့် မွန်းစတားများမှာ ထွက်ပြေးရန် မလွတ်နိုင်တော့မှန်း ရိပ်မိကြသည်နှင့် သူတို့၏ လျှို့ဝှက် ရတနာများနှင့် မွန်းစတား အမြုတေတို့ကို ထုတ်ဖော်ကာ ခုခံလိုက်ကြဝောာ့သည်။
ချန်းဖန်မှာ သူတို့ မည်ကဲ့သို့ ခုခံသည်ကို စိတ်မဝင်စားချေ။ သူက လက်သီးချက်ကိုသာ ပီပီပြင်ပြင် ထိုး၏။
"ဘုန်း…"
တောင်တစ်လုံးကို မြေပြင်ပေါ် ဖိချလိုက်သည့် အလား လက်သီးချက်သည် နဂါးရေကန် တစ်ခုလုံးကို ပိပြားသွားစေ၏။ မည်သည့် ဓမ္မ အကာအကွယ်ကို သုံးစေကာမူ သူ၏ တိုက်ခိုက်မှုမှ မည်သူမျှ မလွတ်မြောက်ခဲ့ချေ။ နဂါးရေကန်ကား ကမ္ဘာပေါ်မှ ထာဝရ ပျောက်ကွယ် သွားခဲ့ရချေပြီ ဖြစ်လေသည်။
"ကြောက်ဖို့ကောင်းလိုက်တာ…"
စစ်ဖက်သုံး ဂြိုဟ်တုများ၊ ဓမ္မ အစီအရင်များမှ တစ်ဆင့် ကြည့်နေကြသော လူများမှာ လုံးဝ ဆွံ့အ သွားခဲ့ကြ၏။
နဂါးရေကန် အနီး နေထိုင်ကြသော လူများမှာ ထိုမြင်ကွင်းကို ဖုန်းကင်မရာများဖြင့် ဖမ်းယူကာ အင်တာနက်ပေါ် တင်ကြသည်။ ထိုဗီဒီယိုများမှာ တစ်ခဏ အတွင်းမှာပင် ဘီလျံချီသော လူများထံသို့ လက်ဆင့်ကမ်း ပျံ့နှံ့သွား၏။
ချန်းဖန်ကား နဂါးရေကန်ကို ဖျက်ဆီးပြီးသည့်တိုင် ရပ်တန့်ခြင်း မရှိချေ။ သူက မြောက်အရပ်သို့ ဆက်လက် ထွက်ခွာလေ၏။
သုံးဆယ် စက္ကန့် ကြာပြီးနောက် ချန်းဖန်သည် ဆိုက်ဘေးရီးယား၊ သမန်း ဝံပုလွေသိုက်သို့ ရောက်ရှိ လာခဲ့၏။
"အူ… ဝူး…"
အရေအတွက် တစ်ရာမျှ ရှိသော အမှောင် ဝံပုလွေ အရှင်သခင်များမှာ ကောင်းကင်သို့ ခုန်တက် လာကြသည်။ သို့သော်လည်း ချန်းဖန်သည် လက်ကိုကိုသာ ညင်သာစွာ ခါယမ်းလေ၏။
"ဘုန်း…"
မိုးကြိုး ထစ်ချုန်းသံနှင့် အတူ အမှောင် ဝံပုလွေများမှာ တစ်ကောင်ပြီး တစ်ကောင် ပေါက်ကွဲ သေဆုံးသွားကြပြန်သည်။ အဆုံး၌ ချန်းဖန်သည် ဖနှောင့်ကို ပေါက်ကာ အမှောင် ဝံပုလွေသိုက် တစ်ခုလုံးကိုပါ ဖြိုချ ပစ်လိုက်လေ၏။
တစ်မိနစ် ကြာပြီးနောက်…
ပါရှား၊ နဂါးမိစ္ဆာ ချိုင့်ဝှမ်း…
နှစ်မိနစ် ကြာပြီးနောက်…
ဗာတီကန်၊ ခရစ်ယာန် ဘုရားကျောင်း…
သုံးမိနစ် ကြာပြီးနောက်…
အတ္တလန္တိတ် သမုဒ္ဒရာ၊ အပြာရောင် ပင်လယ် မြို့တော်
ဆယ်မိနစ် အတွင်းမှာပင် ချန်းဖန်သည် အမှောင် မျိုးနွယ် ခုနစ်ခုကို ရှင်းလင်း ပစ်ခဲ့ပြီး ဖြစ်၏။ ထိုမျိုးနွယ်များ မည်မျှပင် တောင်းပန် စေကာမူ ချန်းဖန်ကား အနည်းငယ်ပင် သနား ညှာတာခြင်း မရှိခဲ့ချေ။
မျက်လုံး တစ်လုံးကို မျက်လုံး တစ်လုံးချင်း…
အမှောင်မျိုးနွယ်များသည် ကမ္ဘာပေါ်ရှိ လူများကို တိရိစ္ဆာန်များ သဖွယ် ဆက်ဆံကာ စိတ်ထင်တိုင်း သတ်ဖြတ်ခဲ့ကြသည်။ ချန်းဖန်ကား လူသားများ အပေါ် သူတို့ လုပ်ခဲ့သည့် အတိုင်း ပြန်လုပ်ရုံသာလျှင် ဖြစ်ပေသည်။
အဆုံး၌ ချန်းဖန် သွားစရာ နေရာကား တစ်ခု သာလျှင် ကျန်ရှိတော့၏။ ထိုအရာကား အမှောင် ရဲတိုက်ပင်လျှင် ဖြစ်ပေတော့သည်။
***