Chapter 30
Vol. 4 Ch. 30
“ချူးလီ ခဏ”
ချူးလီသည် ဂိတ်ပေါက်နေ ထွက်လာပြီး နောက်လှည့်ကြည့်လိုက်ချိန်တွင်တော့ ကျန်းယွီသူ့နောက်ကို လိုက်လာတာကို တွေ့လိုက်လေသည်။
သူမသည် ပွပွချောင်ချောင် အဖြူရောင်ဂျာကင်လေး ဝတ်ထားလေသည်။ ထိုအရာသည် သူမ၏ ဘဲဥပုံမျက်နှာလေးကို ပိုလို့တောင် ပေါ်လွင်နေစေပြီး ဆောင်းရာသီမှာတောင်မှ သူမအသားအရည်ကို ပိုဖြူသွားစေလေသည်။
နှာခေါင်းထိပ်ဖျားလေးကတော့ အအေးဒဏ်ကြောင့် နီရဲနေပြီး ကြည့်ရတာ အနည်းငယ် ထုံနေသည့်အလားပင်။ ကျန်းယွီသည် ချူးလီဆီကို ပြေးလာပြီး သူမ၏ အဖြူရောင်လည်ပတ်ပဝါလေးကို ချွတ်လိုက်ကာ ချူးလီ၏ လည်ပင်းမှာ သေချာလေး ပတ်ပေးလိုက်လေသည်။
“အပြင်မှာအေးနေတယ်.. အဝတ်တွေ ပိုဝတ်ထားသင့်တာပေါ့”
နွေးထွေးမှု အနည်းငယ်ပါလား..။
ချူးလီသည် ဒီမိန်းကလေး၏ လည်ပတ်ပဝါက သူနှင့်လုံးဝမလိုက်ဖက်ဘူးထင်၍ အစကတော့ ချက်ချင်းဆွဲဖြုတ်ချင်လိုက်သေးသည်။ သို့သော် သူ့လည်ပင်းကခံစားလိုက်ရသော အနွေးဓာတ်လေးနှင့် လည်ပတ်ပေါ်က အနံ့သင်းသင်းလေးက ရုတ်တရက်ကြီး သူ့အာရုံကြောများကို နိုးကြားစေခဲ့လေသည်။
သူမလုပ်ပေးသမျှကို ငြိမ်ငြိမ်လေး ခံနေလိုက်ကာ လည်ပတ်ပဝါကို ကိုင်လိုက်ပြီး ပြောလိုက်သည်။
“နောက်မှပဲ ပြန်ပေးတော့မယ်”
“အိုခေ”
ကျန်းယွီသည် သူနဲ့အတူတူ လမ်းအနည်းငယ် လိုက်လျှောက်လိုက်ပြီး ပြောလိုက်လေသည်။
“ငါ Esmeralda ကို အောင်အောင်မြင်မြင်နဲ့ ဝင်ခွင့်ရသွားတယ်..။ လူရွေးပွဲကလည်း ပြီးသွားပြီ။ ဒီနေ့အတွက် ငါနင့်ကို တကယ်ကျေးဇူးတင်ပါတယ်”
“မင်းက ငါ့ကို အချိန်တိုင်း ကျေးဇူးတင်နေတာ.. ပြီးတော့ အချိန်တိုင်းလည်း ငါက မင်းကို ဒီလိုမျိုးကျေးဇူးတင်တာလားလို့ မေးနေရတာ”
“ဒါဆိုဘာလဲ... နင့်ကို ညစာဝယ်ကျွေးရမလား?”
“ငါမစားချင်ဘူး”
ချူးလီသည် ပြောပြောဆိုဆိုနှင့် သူ့လက်ကိုမြှောက်လိုက်လေသည်။
သူရွေ့လိုက်သည်နှင့် ကျန်းယွီကလည်း အလိုအလျောက် နောက်ကိုခြေနှစ်လှမ်းလောက် ဆုတ်သွားလေသည်။ သူမ၏ မျက်ဝန်းနက်များကတော့ သူ့ရန်ကကာကွယ်ရန် အသင့်ဖြစ်နေလေသည်။
သို့သော်လည်း ချူးလီသည် သူ့လက်ချောင်းလေးများဖြင့် သူမ၏ပါးအိအိလေးများကိုသာ ဖွဖွလေးထိလိုက်လေသည်။
“မင်းကငါ့ကို အရမ်းကြောက်နေတော့တာပါပဲလား.. ပြောတော့ဖြင့် ငါနဲ့အတူရှိချင်တယ်ဆိုပြီးတော့”
“ငါကြောက်တာ အဲ့လိုမဟုတ်ပါဘူး”
ကျန်းယွီသည် နည်းနည်းခေါင်းငြိမ့်လိုက်လေသည်။
“ဘာများကြောက်စရာရှိလို့လဲ”
ချူးလီကတော့ ကလူကျီစယ်သော အကြည့်များဖြင့် ပြုံးပြီးကြည့်လိုက်လေသည်။
“မှန်တာပေါ့.. တစ်ခြားကြောက်စရာ ဘာရှိလို့လဲ? ငါကိုကကြောက်ဖို့ကောင်းနေတာ နေမှာပေါ့”
“အဲ့လိုလည်းမဟုတ်ပါဘူး.. နင်က... ငါ့ရည်းစားပဲကို”
“ဒါဆို ဒီကိုလာခဲ့လေ”
ကျန်းယွီသည် စက္ကန့်အနည်းငယ်လောက် တွန့်ဆုတ်နေပြီးမှ သူ့ရှေ့ကို လျှောက်သွားလိုက်လေသည်။
ချူးလီ၏ မျက်ဝန်းနက်များသည် အောက်ကိုမျက်လွှာချထားပြီး သူမနားကိုကပ်ရန် သူ့ကိုယ်ကိုကိုင်းလိုက်ပြီး သူမမျက်နှာပေါ်က ဆံပင်လေးကို ထိလိုက်လေသည်။
ကျန်းယွီကတော့ ရုတ်တရက်ကြီး သူတစ်ခုခုလုပ်တော့မယ်လို့ တွေးမိလိုက်၍ မသိစိတ်၏ စေခိုင်းချက်အတိုင်း သူမမျက်နှာကို လှည့်လိုက်မိလေသည်။
သို့သော်ငြားလည်း ချူးလီကတော့ သူ့မျက်လုံးများကိုမှိတ်လျက် သူမနားထင်ကြားတွင် အသက်ရှူလိုက်ကာ သူမ၏ကိုယ်သင်းနံ့လေးကို နမ်းရှုံ့လိုက်လေသည်။
သူစိတ်ကျေနပ်သည်အထိ အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက်မှာတော့ သူ့လက်ကိုဆန့်ထုတ်လိုက်ကာ နားထင်ပေါ်က ဆံပင်လေးများကို သူမ၏နားနောက်သို့ သပ်ပေးလိုက်လေသည်။ ထို့နောက် အတော်ကို ဆက်စီကျသည့်/ ညှို့ဓာတ်အပြည့်ရှိသည့် အသံတိုးတိုးလေးနှင့် ပြောလိုက်လေသည်။
“တစ်နေ့ကျရင်တော့ ငါ့ကို တကယ့်ရည်းစားဖြစ်ခွင့်ပေးဖို့ မျှော်လင့်ပါတယ်"
ထို့နောက် သူပြုံးလိုက်ကာ လှည့်ထွက်သွားလိုက်တော့သည်။
ကောင်းကင်ပေါ်ကနေ နောက်ထပ်ဘဲငန်းတောင်ပံလေး ကျလာလေသည်။
ကျန်းယွီသည် ထွက်သွားသောလူငယ်လေး၏ ကျောပြင်ကိုကြည့်ကာ သူမကိုယ်သူမ မသိလိုက်ခင်မှာပဲ သူမ၏နားသီးလေးများကို ကိုင်မိနေကာ သူမရင်ထဲတွင် ဖိုးသိုးဖတ်သတ် ဖြစ်နေလေတော့သည်။ ထို့နောက် သူမသည် အိမ်ကိုဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်သွားလိုက်လေသည်။
ကျန်းမန့်ယီသည် သူမကိုတံခါးနားတွင် ရပ်စောင့်နေတာဖြစ်သည်။ ထို့နောက် သူမကိုဖက်လိုက်ကာ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
“သမီးရည်းစားက အတော်လေးချောတာပဲ”
ကျန်းယွီကတော့ အနည်းငယ် ရှက်သွားကာ ကျန်းမန့်ယီကို အိမ်ထဲတွန်းလိုက်ပြီး “အထင်မမှားပါနဲ့ အမေကလဲ”
“အမေပဲ နားလည်မှုလွဲသွားလို့လား.. အဲ့ဒါသမီးရည်းစားမဟုတ်ဘူးလား”
“အမေထင်သလိုမျိုးတော့ မဟုတ်ပါဘူး...”
“ဘာတွေကြောက်နေတာလဲ.. ညည်းအမေက ရှေးရိုးစွဲတဲ့အမေမျိုး မဟုတ်ပါဘူးနော်”
ကျန်းမန့်ယီကတော့ ကျန်းယွီတစ်ယောက် သူမလက်မခံမှာကို ကြောက်နေတာလို့ တွေးလိုက်မိသည်။ ထို့ကြောင့် ကျန်းယွီကို သူမအတွေးအား ပြတ်ပြတ်သားသား ပြောပြလိုက်လေသည်။
“ပညာရေးကို မထိခိုက်သရွေ့ သမီးဟာသမီး ရည်းစားရှိရှိ မရှိရှိ အမေဂရုမစိုက်ပါဘူး”
“သမီးအဆင့်တွေလား.. ဘယ်လိုလုပ် ပညာရေးကို ထိခိုက်နိုင်မှာတဲ့လဲ။ ပြီးတော့ အမေပဲ သမီးကိုစာလုပ်ခိုင်းဖို့ သူ့ကိုပြောနေတာမဟုတ်ဘူးလား”
ကျန်းယွီသည် စိတ်မလုံမလဲဖြစ်လာသောကြောင့် ဒီအကြောင်းအရာကို သူမ ဆက်မပြောချင်တော့ပါ။ ထို့ကြောင့် သူမအခန်းထဲကိုသာ လှည့်ထွက်လာခဲ့လိုက်တော့သည်။
ကျန်းမန့်ယီသည် အခန်းတံခါးနားကို လျှောက်သွားလိုက်လေသည်။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ သူမသည် နူးညံ့သိမ်မွေ့စွာ ပြောလိုက်လေသည်။
“သမီးလေး.. တကယ်ပဲ ဒီလမ်းကိုလျှောက်မယ်ဆိုရင် သမီးအချစ်ရဆုံးလူအပါအဝင် အရာအတော်များများကို လက်လျော့ရလိမ့်မယ်"
အရင်တုန်းက ပုထျန်းယန်လိုပေါ့..။
ကျန်းယွီသည် ခဏလောက် တိတ်ဆိတ်နေလိုက်ပြီးမှ ခေါင်းကိုလှည့်လိုက်ကာ သူမကို စိတ်ဓာတ်အခိုင်အမာနှင့် ပြန်ပြောလိုက်လေသည်။
“သမီးအိပ်မက်အတွက်ရော နှလုံးသားအတွက်ပါ အသက်ရှင်သွားမှာပါ”
“အမေလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်”
နှစ်ကုန်တော့ ကျန်းယွီသည် လင်းချူကိုသွား၍ ကျောင်းထွက်ရန် လိုအပ်သည့် လုပ်ရိုးလုပ်စဉ်များကို သွားဆောင်ရွက်လေ၏။ လင်းကျူဝမ်သည် ကျန်းယွီအတွက် ထောက်ခံစာကို သူမကိုယ်တိုင်ရေးပေးလိုက်ပြီး ထိုစာကို Esmeralda ကိုပေးလိုက်ရန် ပြောလိုက်လေသည်။
ကျန်းယွီသည် ဒီတစ်လျှောက်လုံး သူမကိုဂရုစိုက်ပေးခဲ့သည့်အတွက် လင်းကျူဝမ်ကို တကယ့်စိတ်ရင်းနှင့် ကျေးဇူးတင်မိလေသည်။
သူမပိုင်ရာဆိုင်ရာများကို ထုပ်ပိုးပြီးသည့်နောက်မှာတော့ ကောင်မလေးအများစုသည် ကျန်းယွီနှင့် စကားပြောရန် သူတို့ဘက်မှ စခေါ်လာကြလေသည်။ ကျန်းယွီကို ဂုဏ်ပြုပေးကြပြီး သူတို့ရဲ့နောင်တတရားတွေကိုလည်း ဖော်ပြကြကာ သူမကို WeChat မှာပါ အပ်ကြလေသည်။
ထိုမိန်းကလေးများသည် ဖန့်တန်းရှီနှင့် ဝူစီလင်းနောက် လိုက်ခဲ့သူများဖြစ်ပြီး သူမကို အတော်လေး လှောင်ပြောင် ဟားတိုက်ခဲ့ကြသူများ ဖြစ်ပေသည်။ အခုတော့ သူမက Esmeralda ကိုဝင်ခွင့်ရရုံတင်မကဘဲ ပိုင်ရှုယီ၏ တပည့်ဖြစ်လာသည့်အတွက် သူမတွင် တောက်ပသည့်အနာဂတ်ရှိနေလေပြီ။
ဒါကြောင့်မို့လို့ သူမနဲ့သူငယ်ချင်းလုပ်ရန် အလောတကြီးလာကြခြင်းသာ ဖြစ်ပေသည်။
ကျန်းယွီသည် သူမကျောပိုးအိတ်ကိုလွယ်ကာ လော့ကာခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။ ထို့နောက် အခုလေးတင် အပ်ထားသည့် ထိုကောင်မလေးများ၏ WeChat ကိုဖျက်ပစ်လိုက်လေသည်။
လင်းချူ အနုပညာကျောင်းတံခါးမှ ထွက်လာသည့်အချိန်တွင်တော့ သူမသည် နောက်ပြန်လှည့်ကြည့်မိလိုက်လေသည်။
အတိတ်ဘဝတုန်းက သူမ၏ ဘဲလေးအိပ်မက်သည် ဒီနေရာတွင်သာ အဆုံးသတ်ခဲ့ရလေသည်။
အခုတော့... သူမ၏ ဘဝအသစ်က စတင်ခဲ့လေပြီ။
App မှစာပို့တဲ့ ‘တိန်’ ကိုကြားလိုက်ရသည့်အတွက် ဖုန်းကိုဖွင့်ကြည့်လိုက်လေသည်။
“တာဝန်အသစ် လက်ခံရရှိပါတယ်။ ဝန်ဆောင်ခက ယွမ်၃သောင်းပါ။ လက်ခံမည်လား”
ဒီအတောအတွင်းတွင် ပြိုင်ပွဲအတွက် ပြင်ဆင်နေရတာနဲ့ ကျန်းယွီတစ်ယောက် တာဝန်အများကြီးကို ငြင်းပယ်ခဲ့လေသည်။
Esmeralda ကျောင်းစရိတ်က စကော်လာကြေးနဲ့ လျော့ပေါ့သွားမည်ဆိုသော်လည်း ဒီလမ်းပေါ်ကို လျှောက်လှမ်းလာပြီးမှတော့ အနာဂတ်တွင် ပိုက်ဆံသုံးဖို့နေရာများ သေချာပေါက် ရှိလာပေလိမ့်မည်။
ကျန်းယွီသည် လက်တွေ့ကိုလည်း ထည့်စဉ်းစားရပေလိမ့်မည်။ ထို့အပြင် သူမ၏အိပ်မက်ကြောင့်နှင့် အမေ့ကို ဝန်ထုပ်ဝန်ပိုးတွေ တိုးမလာစေချင်ပါ။
ထို့ကြောင့် ‘လက်ခံသည်’ ဆိုတာကို သူမပျော်ပျော်ရွှင်ရွှင်သာ နှိပ်လိုက်လေတော့သည်။
ခဏကြာတော့ ‘လင်း’ ဟုအမည်ရသည့် ကောင်မလေးတစ်ယောက် ကျန်းယွီကို သူငယ်ချင်းအဖြစ် လာအပ်လေသည်။
“ငါမင်းကို ဘယ်လိုကူညီပေးရမလဲ”
လင်း - “ဟယ်လို.. ငါအကူအညီလေးတောင်းချင်ပါတယ်။ ၂၀၁၄ခုနှစ်ရဲ့ ဆောင်းရာသီမှာ နင်လင်းချူအနုပညာကျောင်းကို သွားပြီးတော့ ငါ့ရဲ့အဖြစ်ဆိုးကို ကူရှင်းပေးလို့ရမလား”
ကျန်းယွီသည် အနည်းငယ် အံ့ဩသွားပြီး လင်းချူအနုပညာကျောင်း ဆိုသည့်စာလုံးအကြီးကြီးများကို နောက်ပြန်လှည့်ကြည့်လိုက်လေသည်။
ဒီကာစတမ်မာက... သူမသိတဲ့ တစ်ယောက်ယောက်များလား?
“အခြေအနေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပေးပါ”
လင်း - “ငါ့နာမည်က ဝူစီလင်းပါ။ ၂၀၁၄ခုနှစ်တုံးက ငါကောင်မလေးတစ်ယောက်ကို မနာလိုဖြစ်ခဲ့မိတယ်။ သူ့ရဲ့အကောင်းစားဖိနပ်အသစ်ကို ညှပ်ပစ်ချင်ခဲ့တာ။ အဲ့ဒါကြောင့် သူဖိနပ်တွေထားတဲ့ လော့ကာခန်းထဲကို ငါသွားခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့အဲ့ဖိနပ်တွေကို ငါရှာမတွေ့ခဲ့ဘူး။ ပြီးတော့ တစ်ယောက်ယောက်မိသွားမှာကို ကြောက်ပြီး အရမ်းစိတ်လှုပ်ရှားနေခဲ့လို့ ငါမြန်မြန်ပြန်ပြေးထွက်ခဲ့တာ”
လင်း - “ဒါပေမယ့် နောက်ကျတော့ သူ့ဖိနပ်အဟောင်းတွေက တစ်ယောက်ယောက်ဖျက်ဆီးတာကို ခံလိုက်ရတယ်။ ဘယ်သူလဲဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် ငါလုံးဝမလုပ်ခဲ့ဘူး။ ငါလုပ်ချင်ခဲ့တယ်ဆိုပေမယ့် ငါမလုပ်ခဲ့ဘူး”
လင်း - “အဲ့မတော်တဆမှုကြောင့် ငါကျောင်းထွက်ဖို့ ဖိအားပေးခံခဲ့ရပြီး နောက်ပိုင်းလည်းကျရော ဘဲလေးကိုပါ စွန့်လွှတ်ခဲ့ရတယ်။ ငါ့ဘဝတစ်ခုလုံးကို သက်ရောက်စေခဲ့တာပေါ့။ ပြောရမယ်ဆိုရင် ငါအတော်ဆိုးတဲ့ဘဝကို ကြုံခဲ့ရတယ်။ အခုငါနောင်တရနေပါပြီ။ ပြီးတော့ ငါ့အမှားကိုငါသိပါတယ်။ အဲ့ဒါကြောင့် နင်က တကယ်သာ အတိတ်ကဆိုရင် ငါ့ရဲ့ပူဆွေးမှုသောကကို ကူဖျောက်ပေးဖို့ ငါမျှော်လင့်ပါတယ်”
ကျန်းယွီသည် သူမဆီဝင်လာသောစာများကို ဖတ်ပြီး အတော်လေးကို တုန်လှုပ်ကာ ရှော့ခ်ရသွားလေသည်။
“နင်ပြောတာ.. နင့်နာမည်က ဘာ?”
လင်း - “ငါ့နာမည်က ဝူစီလင်း”
ထိုနေ့ နေ့လည်ကဖြစ်ခဲ့တာတွေကို ပြန်တွေးပြီး ကျန်းယွီတစ်ယောက် အနည်းငယ် ခေါင်းရှုပ်သွားလေသည်။
ဒီလိုတိုက်ဆိုင်မှုမျိုးက ဘယ်လိုတောင်ဖြစ်နိုင်ရတာလဲ?
‘လင်း’ ဆိုသည့် ကာစတမ်မာသည် အသိသာကြီးကို သူမ၏အတန်းဖော် ဝူစီလင်းဖြစ်ပေသည်။
သူမသည်လော့ကာခန်းထဲကို ခိုးကြောင်ခိုးဝှက်နှင့်ဝင်ပြီး ကျန်းယွီ၏ ဖိနပ်များကို ညှပ်ခဲ့သောကြောင့် လင်းကျူဝမ်က သူမကို ကျောင်းထုတ်လိုက်ခြင်းပင်။
ကြည့်ရတာ ဒီအဖြစ်အပျက်က သူမအပေါ်ကို ဆိုးဆိုးရွားရွား သက်ရောက်မှုဖြစ်သွားပြီး ထို့ကြောင့်နှင့် သူမ၏ ကံကြမ္မာပါ ပြောင်းလဲသွားခဲ့ပုံရသည်။
ခန့်မှန်းကြည့်ရမယ်ဆိုရင် သူမရဲ့အနာဂတ်ဘဝက အတော်ကို ဆိုးရွားနေတာ ဖြစ်ရမည်။ မဟုတ်လျှင် ဒီလိုမျိုး သူမရဲ့နောင်တတွေကို ဖြေဖျောက်ဖို့ app မှာ အကူအညီဘာတောင်းမှာ မဟုတ်ပေ။
ဒီလိုဆိုလျှင် ဖိနပ်တွေကို ဝူစီလင်း ဖျက်ဆီးခဲ့တာ မဟုတ်ပါက ဘယ်သူလုပ်ခဲ့တာ ဖြစ်မလဲ?
ကျန်းယွီသည် သူမနှင့် စကားပြောခန်းကို ထွက်လိုက်ကာ အက်မင်အကောင့်ကို စာပို့လိုက်လေသည်။
“ကာစတမ်မာက ကျွန်မရဲ့ အချက်အလက်တွေကိုသိလား”
အက်မင်အကောင့် - “ပြန်လည်မွေးဖွားလာသူများ၏ ကိုယ်ရေးအချက်အလက်များကို ကုမ္ပဏီဘက်မှ တင်းတင်းကျပ်ကျပ် လျို့ဝှက်ထားပါသည်”
ကျန်းယွီတစ်ယောက် အတွေးများကြား နက်နက်နဲနဲ နစ်ဝင်သွားလေသည်။
ဝူစီလင်းသာ သူမရဲ့အချက်အလက်တွေကို မသိဘဲ သာမန်ကာစတမ်မာ တစ်ယောက်အနေနဲ့ အကူအညီတောင်းခဲ့တာဆိုရင် သူမပြောခဲ့တာတွေက မှန်နိုင်ခြေရှိဖို့က မြင့်လှပေသည်။
ကျန်းယွီသည် အနာဂတ်က’လင်း’နှင့် စကားကောင်းကောင်းပြောကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။
“ဒီမှာ ငါပြောပြမယ်.. နင်လိမ်နေတာဆိုရင် ငါနင့်ကိုကူညီနိုင်မှာ မဟုတ်ဘူးနော်”
လင်း - “ငါနင့်ကိုမလိမ်ဘူး။ ဒါတွေအကုန် အမှန်တရားပဲ။ ငါလုပ်ခဲ့တာဆိုရင် ငါဝန်ခံမှာပေါ့.. ဒါပေမယ့် ငါမလုပ်ခဲ့တာမို့လို့ ဒါကိုကံစီမံရာပဲဆိုပြီး ငါလက်မခံနိုင်ဘူး။ အဲ့တုန်းက ငါသူ့ရဲ့ VCI ဖိနပ်တွေကိုပဲ ညှပ်ပစ်ချင်ခဲ့တာ.. ဒါပေမယ့် အဲ့ဖိနပ်တွေကို ငါရှာမတွေ့ခဲ့ဘူး။ ငါပြောတာကို ယုံပေးပါ။ ငါသူ့ကို မကြာခဏ ပစ်မှတ်ထားခဲ့တယ်ဆိုပေမယ့် အခုတော့ ငါတကယ်ကို နောင်တရနေတယ်။ အတိတ်ကိုသာ ပြန်သွားလို့ရမယ်ဆိုရင် ငါကိုယ်တိုင်သူ့ကို လိုလိုလားလားနဲ့ တောင်းပန်ဖို့စိတ်ကူးလည်း ရှိတယ်”
“နင်လုပ်တာမဟုတ်ဘူးဆိုတာ ငါရှာတွေ့ခဲ့ရင် နင့်ကိုမှားယွင်းပြီး အစွပ်စွဲမခံစေရဘူး”
လင်း - “ကျေးဇူးတင်ပါတယ်”
ဖုန်းကိုချလိုက်ပြီး ကျန်းယွီသည် ကျောင်းနားကလှေကားရှည်ကြီးတွင် ထိုင်ကာ ထိုနေ့က အဖြစ်အပျက်များကို သေချာပြန်စဉ်းစားလိုက်လေသည်။
စီစီတီဗီကင်မရာထဲတွင် ဝူစီလင်းထွက်လာပြီးသည့်နောက် ဘယ်ကျောင်းသားမှ လော့ကာခန်းထဲကို ဝင်မသွားကြပေ။ ကျောင်းက သန့်ရှင်းရေးအန်တီကြီးတစ်ယောက်သာ ရှိလေသည်။
အန်တီပေါင်ကျဲသည်လည်း ဆိုးသည့်လူမဟုတ်ပေ... ထို့အပြင် သူတို့ကြားတွင် ဘာရန်ငြိုးအကြောင်းတရားမှလည်း မရှိဖူးပေ...
သို့သော် ဝူစီလင်းပြောသလိုသာဆိုရင် ဒီကိစ္စကို သူလုပ်ခဲ့တာဆိုပါက ဒီလောက်ပိုက်ဆံတွေသုံးပြီး သူမနောင်တတွေကိုဖြေဖျောက်ဖို့ app ကနေ ပြန်လည်မွေးဖွားလာသူကို လာရှာမှာမဟုတ်ပေ။
မတရားမှုကို တကယ်ခံစားခဲ့ရတာဖြစ်ပေလိမ့်မည်..။ ဒါကြောင့်လည်း ဒီလောက်နှစ်တွေ အများကြီးကြာတာတောင်မှ သူမညဒါကိုဖက်တွယ်နေသေးတာပေါ့။
ကျန်းယွီသည် ကျောင်းထဲကို ပြန်သွားလိုက်ကာ ထိုနေ့ကလော့ကာခန်းထဲကို ဝင်ခဲ့သည့် သန့်ရှင်းရေးအန်တီကြီးကို ပထမထပ်က ဝေယျာဝဇ္ဇခန်းတွင် သွားရှာလိုက်လေသည်။
အန်တီကြီးသည် တစ်ကိုယ်လုံးအဖြူရောင်ကို ဝတ်ဆင်ထားပြီး သူမ၏လုပ်ဖော်ကိုင်ဖက်များနှင့် နံရံကိုမှီကာ ရယ်မောစကားပြောနေလေသည်။
ကျန်းယွီလာတာကို မြင်လိုက်သည့်အခါတွင်တော့ သူမကြည့်ရတာ အနည်းငယ် မူပျက်သွားလေသည်။ သူမကိုယ်သူမ မသိလိုက်ခင်မှာပဲ မတ်မတ်ပြန်ရပ်လိုက်ကာ ကြိုးစားပြီးပြုံးပြလိုက်လေသည်။
သူမ၏ စိတ်လှုပ်ရှားနေသော အမူအရာကိုတော့ ကျန်းယွီ၏ မျက်လုံးများက ဖမ်းမိသွားလေပြီ။
ဒီအန်တီကြီးသည် ကျိန်းသေပေါက် တစ်ခုခုသိနေတယ်ဆိုတာကို သူမပို၍ပင် သေချာလာလေသည်။
“အန်တီကျိုး.. သမီးနဲ့ နှစ်ယောက်တည်းစကားပြောဖို့ ခဏလောက်ထွက်လာပေးလို့ရလား”
“ဘာအကြောင်း..ပြောမလို့လဲ”
“အဲ့နေ့က လော့ကာခန်းမှာဖြစ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီးတော့ပေါ့”
ထိုကိစ္စနဲ့ပတ်သတ်ပြီး သူမကိုမေးဖို့ရောက်လာတာကို သိလိုက်သည်နှင့် အန်တီကျိုး၏ မျက်နှာထားမှာ ပို၍ပင် တင်းမာလာလေသည်။ သူမသည် စိတ်လှုပ်ရှားနေသောကြောင့် စကားကိုတောင် ပီပီသသမပြောနိုင်တော့ပေ။
“ငါ.. ငါဘာမှမလုပ်ခဲ့ဘူး.. ဘာပြောစရာရှိသေးလို့လဲ”
“အန်တီလုပ်ခဲ့တာလို့ သမီးမပြောပါဘူး”
“ဒါဆိုရင် ဘာလို့ငါ့ဆီလာတာလဲ”
ကျန်းယွီသည် အနောက်က တစ်ခြားသန့်ရှင်းရေးအန်တီကြီးတွေကို ကြည့်လိုက်ကာ ပြုံးပြီးပြန်ပြောလိုက်လေသည်။
“အန်တီ ဒီအကြောင်းကို လူလယ်ခေါင်မှာပြောချင်တာ သေချာလို့လား”
အန်တီကျိုးသည် ရုတ်တရက်ကြီး မလုံမလဲဖြစ်လာကာ“ဒါဖြင်.. တစ်ခြားတစ်နေရာမှာ သွားပြောကြတာပေါ့”
ကော်ရစ်ဒါတွင်ပေါ့..
ထိုစဉ်တွင် အန်တီကျိုးတစ်ယောက် ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်ခုခုရှိရမယ်ဆိုတာ ကျန်းယွီက ပိုပြီးတောင် သေချာလာလေသည်။ အန်တီကျိုးမျက်နှာပေါ်က အထင်းသားပေါ်နေသော စိတ်လှုပ်ရှားမှုများသည် ဖုံးဖိထားလို့ မရနေပေ။
“အန်တီကျိုး.. သမီးဖိနပ်တွေကို ညှပ်လိုက်တာအန်တီပဲ”
ကျန်းယွီသည် သူမကို ဒဲ့မေးဖို့သာ ဆုံးဖြတ်လိုက်သည်။
“မဟုတ်ဘူး.. အဲ့ဒါငါမဟုတ်ဘူး။ ငါလုပ်ခဲ့တာမဟုတ်ဘူး”
“အန်တီကျိုး အခုဝန်ခံပြီး ဘာလို့လုပ်ခဲ့လဲဆိုတာကို ပြောပြရင် တီချယ်လင်းကျူဝမ်ကို ပြန်မပြောဘူးလို့ သမီးကတိပေးတယ်။ ဒါပေမယ့် ဝန်ခံဖို့ငြင်းတယ်ဆိုရင်တော့ ရဲကိုပဲ တန်းခေါ်လိုက်တော့မယ်”
အန်တီကျိုးသည် အစကတည်းက မလုံမလဲဖြစ်နေလေပြီ။ ရဲခေါ်မယ်လို့ ကျန်းယွီပြောတာကို ကြားလိုက်သည်နှင့် သူမတစ်ကိုယ်လုံး ကြောက်ဒူးတုန်လာလေသည်။ သူမသည် ငိုကာပြန်ပြောလိုက်သည်။
“မဟုတ်ပါဘူး.. အဲ့ဒါဖိနပ်လေးတစ်စုံပဲ မဟုတ်ဘူးလား? ရဲခေါ်မယ်.. ရဲခေါ်ပြီး ဘာလုပ်မှာလဲ”
ကျန်းယွီသည် အလေးအနက် ပြန်ပြောလိုက်လေသည်။
“ဒီအဖြစ်အပျက်ရဲ့ သက်ရောက်မှုက အရမ်းကြီးတယ်။ ဒါကြောင့် ဝူစီလင်းကျောင်းထွက်လိုက်ရတာ.. သူ့အနာဂတ်ကို ထိခိုက်နိုင်တယ်လေ။ အန်တီကျိုး... ကျောင်းသားတစ်ယောက်ရဲ့ဘဝကို ဖျက်ဆီးလို့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ခံနိုင်ရည်ရှိမှာလား”
အန်တီကျိုးသည် အရုပ်ကျိုးပျက်သလို ဖြစ်သွားပြီး နောင်တအပြည့်နှင့် ပြန်ပြောလိုက်လေသည်။
“အိုး.. ငါနင့်အပေါ် ဘာမကျေနပ်ချက်မှ မရှိပါဘူး.. နင့်ဖိနပ်တွေကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ညှပ်လိုက်တာမှမဟုတ်တာ။ အဲ့ဒါကလေ လူတစ်ယောက်က… လူတစ်ယောက်က ငါ့ကိုယွမ်၂၀၀ပေးပြီးတော့ အခွင့်အရေးကို ရှာခိုင်းခဲ့တာ။ နင့်ဖိနပ်တွေက အရမ်းဟောင်းနေပြီဆိုတာကို တွေ့လို့လေ.. အဲ့ဒါကြောင့် ငါ.."
“ဘယ်သူက လုပ်ခိုင်းခဲ့တာလဲ”
“အင်း... လူငယ်လေးတစ်ယောက်ပဲ..”
အန်တီကျိုးသည် ကော်ရစ်ဒါကအသံကြောင့် ဘာမှဆက်မပြောတော့ပေ။ ထိုစဉ်တွင် ကောင်လေးတစ်ယောက်၏ အသံနိမ့်လေးတစ်ခု ပေါ်ထွက်လာလေသည်။
“ရှောင်ယွီ မပြန်သေးဘူးလား?”
ကျန်းယွီ လှည့်ကြည့်လိုက်တော့ အနက်ရောင်ဂျာကင်နှင့် လက်ထဲတွင် အဖြူရောင် လည်စည်းလေးကိုင်ထားသော ချူးလီကို တွေ့လိုက်ရပေသည်။ သူ၏မျက်ဝန်းနက်များကတော့ ဇဝေဇဝါ အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။
သူ့ကိုမြင်သည်နှင့် အန်တီကျိုးသည် ကြောက်လွန်း၍ ခြေထောက်များပင် ပျော့ခွေကျသွားလေသည်။ သူမသည် တုန်တုန်ရီရီနှင့် ခြေလှမ်းအနည်းငယ်လောက် နောက်ဆုတ်လိုက်ကာ ချူးလီ၏ အေးစက်စက်အကြည့်များကို ရှောင်လွဲလိုက်လေသည်။
ချူးလီသည် သူမနားရောက်လာပြီး သူ့လက်ထဲက အဖြူရောင်လည်စည်းလေးကို သူမလည်ပင်းမှာ အကြိမ်များများ ပတ်ပေးလိုက်သည်။
“နင်ဘာလို့ ဒီရောက်နေတာလဲ”
“မင်းကိုလာကြိုတာလေ”
ပြောပြီးသည်နှင့် သူမ၏ ကျောပိုးအိတ်ကို ယူလိုက်ကာ သူ့ပခုံးပေါ်တင်လိုက်လေသည်။
“ဘာလို့ဒီမှာ အချိန်ဖြုန်းနေသေးတာလဲ”
“ငါအန်တီ့ကို တစ်ခုခုမေးနေတာ”
ကျန်းယွီသည် အန်တီကျိုးကို ပြန်ကြည့်လိုက်သည်။
သူမသည် ထောင့်နားတွင် ကတုန်ကယင်နှင့် ရပ်နေလေကာ ချူးလီကို တိုက်ရိုက်မကြည့်ရဲသည့်အပြင် သူမမျက်လုံးများကိုကြည့်ရတာ တစ်ခုခုကို ရှောင်တိမ်းနေပုံရလေသည်။
“ငါ..ငါဘာမှမသိဘူးနော်။ ငါဘာမှမလုပ်ခဲ့ဘူး မမေးနဲ့တော့”
သူမ၏ ပြန်လည်ချေပမှုကြောင့် ကျန်းယွီသည် အနည်းငယ် ကြောင့်ကြသွားလေသည်။
“ဒါပေမယ့် အန်တီဝန်ခံပြီးသွားပြီလေ”
“ငါဘာမှမဝန်ခံထားဘူး။ ငါဘာမှမလုပ်ထားဘူး။ ဘယ်သူမှ ငါ့ကိုညွှန်ကြားခဲ့တာလည်း မဟုတ်ဘူး။ ပြီးတော့ ငါဘာပိုက်ဆံမှ မရခဲ့ဘူး။ ငါ.. အဲ့ဒါငါမဟုတ်ဘူး.. နင်သွားတော့”
အန်တီကျိုးထွက်သွားတော့မည့်အချိန်တွင် ကျန်းယွီသည် သူမလမ်းကို ခပ်မြန်မြန် ဝင်ပိတ်လိုက်ကာ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။
“အန်တီကျိုး.. ဒါကနောက်မိန်းကလေးတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ ဆက်စပ်နေတယ်။ တကယ်သာ အန်တီလုပ်ခဲ့တာဆိုရင် ပြောပါ။ အဲ့ကိစ္စနောက် ဆက်မလိုက်တော့ဘူး”
“မမေးနဲ့တော့ ငါမပြောနိုင်ဘူး။ အဲ့လူကဆိုးတယ်.. ငါတကယ်မပြောနိုင်ဘူး”
ကျန်းယွီသည် သူမမျက်လုံးများကို စိုက်ကြည့်နေရင်း လွှတ်ခနဲပြောမိသွားလေသည်။
“အန်တီဘာတွေကြောက်နေတာလဲ? သူက ဒီမှာမှ မရှိတာ”
ထိုအခိုက်အတန့်တွင် ကျန်းယွီတစ်ယောက် တစ်ခုခုကို နားလည်သွားသည့်အလား မိန်းမောတွေဝေမိသွားလေသည်။
သူမသည် ခေါင်းကိုဖြည်းဖြည်းချင်း ပြန်လှည့်ကြည့်လိုက်ချိန်တွင်တော့ ချူးလီတစ်ယောက် ပြုံးနေတာကို တွေ့လိုက်ရပေသည်။ သို့သော် ထိုအဆုံးအစမဲ့သော မျက်ဝန်းများမှာ အေးစက်လှသည့် အသူတစ်ရာချောက်နက်အလားပင်..။