Chapter 32
Vol. 4 Ch. 32
ယွင်ရှီးအထက်တန်းကျောင်းသည် ပုဂ္ဂလိကကျောင်းတစ်ခု ဖြစ်ပေသည်။ နှစ်တိုင်းတွင် နှစ်သစ်ကူးပါတီကို ကျင်းပလေရာ ရင်းနှီးမြှုပ်နှံမှုများနှင့် စပွန်ဆာများကို ဆွဲဆောင်နိုင်ရန်အတွက် နာမည်ကြီးအများအပြားကို ဖိတ်ကြားလေ့ရှိပေသည်။
ထို့ကြောင့် နှစ်သစ်ကူးပါတီ၏ စံနှုန်းမှာ အတော်လေးမြင့်လှပေသည်။ ထို့အပြင် အတန်းတိုင်းသည်လည်း ပြသဖို့ပရိုဂရမ်ကို အနည်းဆုံး၂ခု လိုအပ်ပေသည်။
ဒီလိုအခွင့်အရေးမျိုးကို ထောင်အန်ရှင်းတစ်ယောက် လက်လွှတ်ခံမည် မဟုတ်ပေ။ သူမသည် ဂျူနီယာကျောင်းသူဘဝကတည်းက အကကို နည်းနည်းလောက် သင်ခဲ့ဖူးသည်။
ထို့နောက် စာလုပ်ရန်အတွက် သူမသည် အကကို လက်လျော့ခဲ့လေသည်။
အကကိုလက်လျော့လိုက်သော်လည်း အခြေခံကတော့ ရှိနေဆဲပင်။ ထို့အပြင် သူမသည် အတော်လေး တော်ကာ အကကို ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ပေသည်။ သူမ၏ အကောင်းဆုံးဖျော်ဖြေမှုအဖြစ် သူမသည် ထိုအကကို နှစ်သစ်ကူးပါတီတွင် နှစ်တိုင်းကခဲ့လေသည်။ သူမ၏ စွမ်းရည်ကလည်း ပို၍ပို၍သာ ပိုကောင်းလာခဲ့သည်ပင်။
သူမသည် ကျောင်း၏ အတော်ဆုံး နွမ်းပါးသည့်ကျောင်းသူဖြစ်တာကြောင့် စကော်လာရှစ်/ပညာသင်ထောက်ပံ့ကြေး သို့မဟုတ် ငွေရေးကြေးရေးဆိုင်ရာထောက်ပံ့ကြေး စသည်တို့ရှိတိုင်း သူမ၏ အဆင့်များနှင့် မိသားစုနောက်ခံကို စပွန်ဆာများအား အမြဲလိုလို ချပြတတ်လေသည်။
ဒီလိုဖြင့် ထောင်အန်ရှင်းသည် နှစ်သစ်ကူးပါတီ၏ အထူးဆုကို နှစ်တိုင်းအနိုင်ရကာ ယွမ်၃သောင်းမှ ယွမ်၅သောင်းလောက်အထိ အပိုဆုကြေး ရတတ်လေသည်။
ထို့အပြင် ဆုရပြီးတိုင်းမှာလည်း ထောင်အန်ရှင်းသည် ကျောင်း၏ အနုပညာဌာနမှ တီချယ်ချင်ကို လက်ဆောင်တစ်ခုခု ပြန်ပေးဖို့ အခွင့်ကောင်းတစ်ခုကိုလည်း ရှာတတ်ပေသည်။
လောကကြီးအကြောင်း ဘာမှမသိသည့် ချမ်းသာသည့်မိသားစုက ကျောင်းသားများနှင့်ယှဉ်လျှင် ထောင်အန်ရှင်းလို သာမန်မိသားစုကသူအတွက်တော့ သူမမိဘများ၏ သွန်သင်မှုကြောင့် လောကကြီးအကြောင်းကို ကောင်းကောင်းနားလည်လေသည်။
အတန်းပိုင်ဆရာက အတန်းအတွက် စာရင်းပေးမည့် ကျောင်းသားစာရင်းကို ကောက်သည့်အချိန်တွင်တော့ ထောင်အန်ရှင်းတစ်ယောက်တည်းသာ လက်ကိုမြင့်မြင့်ထောင်လိုက်လေသည်။
သူမလက်မြှောက်လိုက်သည်နှင့် စိတ်ပါနေကြသော ကျောင်းသားများသည် ချက်ချင်းပင် သုန်မှုန်သွားကြလေတော့သည်။
ထောင်အန်ရှင်းရှိနေသရွေ့ ဘယ်သူကမှ ဆုရနိုင်မည်မဟုတ်တာ သေချာပေါက်ပင်။
ပထမအကြောင်းအရင်းကတော့ သူမသည် ယဉ်ကျေးမှုနှင့်အနုပညာဌာန၏ တီချယ်ချင်နှင့် ဆက်ဆံရေးကောင်းကောင်းရှိပြီး၊ ဒုတိယအကြောင်းအရင်းကတော့ သူမသည် လူတိုင်းကို စေ့ဆော်ပေးနိုင်သော နွမ်းပါးသည့် ကျောင်းသူတစ်ယောက်ဖြစ်လေသည်။ ထို့ကြောင့်လည်း ကျောင်းက သူမအား အထူးဆုကို ဝမ်းပန်းတသာနှင့် ပေးလိုက်မည်ဖြစ်ပေသည်။
ထို့ကြောင့် သူတို့ဝင်ရောက်စာရင်းပေးရန်ပင် မလိုအပ်တော့ပေ။
ဘယ်သူမှလက်မြှောက်တာ မမြင်ရသဖြင့် ထောင်အန်ရှင်းလည်း အဓိပ္ပာယ်မဲ့သလို ခံစားလိုက်ရသည်။
ဒါသည် အနိုင်ရဖို့ လွယ်ကူလွန်းသောကြောင့် သူမ၏ ယှဉ်ပြိုင်လိုစိတ်ကိုပါ ပျောက်ဆုံးသွားစေသည်။
သူမအတောက်ပဆုံး အနိုင်ရနိုင်ဖို့အတွက် သူမရင်းနှီးတဲ့ ပြိုင်ဘက်တစ်ယောက်လောက်တော့ လိုအပ်ပေသည်။
ဒီလိုဖြင့် ကျန်းယွီတစ်ယောက် သူမခေါင်းထဲရောက်လာလေတော့သည်။
“ကျောင်းသူကျန်းယွီ.. နင်လည်း အကသင်ထားတယ်လို့ ငါကြားထားတယ်။ ပါတီကို အတူတူသွားကြရအောင်။ ငါ့အကကလည်း လူနှစ်ယောက်တွဲကရမယ့်အက ဖြစ်နေတော့လေ”
ကျောင်းယွီကတော့ သူမခေါင်းကိုကုတ်ရင်း ဖတ်စာအုပ်ထဲက စာများကို ပြန်နွေးနေပြီး နောက်ဆုံးစာမေးပွဲကြီးအတွက် ပြင်ဆင်နေလေသည်။ ထောင်အန်ရှင်းတစ်ယောက် သူမနာမည်ကိုခေါ်လိုက်တာ ကြားလိုက်လို့ ရုတ်တရက်ခေါင်းထောင်ကာ သူမကိုကြည့်လိုက်သည်။
“ဘာလဲ”
ထောင်အန်ရှင်းသည် အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
“နင်အကသင်ခဲ့တယ်လို့ ဟော့ချန်ပြောတာ ငါကြားဖူးလို့လေ.. စင်ပေါ်မှာ နင့်အရည်အချင်းတွေကို ထုတ်မပြချင်ဘူးလား”
ဟော့ချန်နာမည်ကိုပါ ဆွဲထည့်လိုက်သည်နှင့် တစ်တန်းလုံးလည်း စပ်စုချင်စိတ်ပေါ်လာကြပြီး တစ်ယောက်နဲ့တစ်ယောက် မျက်စပစ်လိုက်ကြပေသည်။
ဟော့ချန်သည် ထောင်အန်ရှင်းကို ကြိုက်ခဲ့ပြီး သူမကိုမရနိုင်ခဲ့လို့ ကျန်းယွီကို အစားထိုးခဲ့တယ်ဆိုတာ ဘယ်သူကမသိဘဲ နေမှာတဲ့လဲ..။
သို့သော် အခုချိန်တွင်တော့ ကြည့်ရတာ ထောင်အန်ရှင်းနှင့် ဟော့ချန်သည် ပြန်ရင်းနှီးနေကြပုံရသည်။ ပြောကြတာတော့ နှစ်ယောက်က တွဲနေကြပြီတဲ့။
ထောင်အန်ရှင်းသည် ဒီနေရာမှာ ဟော့ချန်ကို တမင်သက်သက် ထည့်ပြောလိုက်ခြင်း ဖြစ်ပေသည်။ ထိုအရာသည် ပြိုင်ဘက်များအချင်းချင်း စစ်ပွဲကိုဖိတ်ခေါ်လိုက်ခြင်းနှင့်ပင် တူနေလေသည်။
ကျောင်းသားများလည်း ချက်ချင်းဆိုသလို စိတ်ဝင်စားလာကြကာ ပွဲကြည့်နေကြသည့်အလား စပ်စုသည့်ပုံစံများဖြင့် သူတို့ကိုကြည့်နေကြသည်။
သို့သော် ကျန်းယွီကတော့ သူတို့တွေးသလိုတောင် အများကြီးမတွေးမိပါ။ ထောင်အန်ရှင်း၏ ဖိတ်ခေါ်မှုကို ကြားလိုက်ရတော့ အတိတ်ဘဝတုန်းက ဒီနေ့ကိုတောင် သူမရုတ်တရက်ကြီး ပြန်တွေးမိသွားသည်။
အတိတ်ဘဝက ဒီနေ့တွင် ထောင်အန်ရှင်းသည် သူမကို အရင်ကမ်းလှမ်းချက် ပြုလုပ်ခဲ့သေးသည်။ မည်သို့ပင်ဆိုစေ သူမသည် ထောင်အန်ရှင်း၏ ‘အစားထိုး’ သက်သက်ပေ..။
အတိတ်တုန်းက ကျန်းယွီသည် ပြိုင်ပွဲအတွက် မဖြစ်မနေလိုအပ်နေတာမဟုတ်ဘူးဆိုလျှင် သူမ၏ သိမ်ငယ်စိတ်ကြောင့် လူလယ်ခေါင်တွင် ဘယ်တော့မှ မကခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သိမ်ငယ်စိတ်ရှိသူတွေ အကြောက်ဆုံးအရာက တစ်ခြားလူတွေရဲ့ အာရုံစိုက်တာကို ခံရခြင်းပဲ မဟုတ်ပါလား..။
ဒီလိုမျိုး သူမကိုယ်သူမ ဘောင်ခတ်ထားခြင်းကြောင့် သူမ၏ အကစွမ်းရည်သည် မထင်ပေါ်ခဲ့သည့်အပြင် အနုပညာအတန်းထဲတွင်သာ သူမကို သာမညောင်ညအဆင့်လေးသာ ဖြစ်စေခဲ့တာပေါ့..။
ထို့ကြောင့် ဘဲလေးကို သင်ယူခဲ့တာတောင် သူမသည် ကျောင်းကအတန်းဖော်များရှေ့တွင် တစ်ခါမှ ထုတ်မပြောခဲ့ချေ..။ တစ်ခြားသူတွေက သူမကို ကပြခိုင်းမှာ ကြောက်သောကြောင့်ပင်။
အတိတ်ဘဝတုန်းက ထောင်အန်ရှင်းသည် သူမနှင့်အတူကဖို့ ဖိတ်ခေါ်ခဲ့သော်လည်း သူမသည် စိတ်လှုပ်ရှားလွန်းနေခဲ့သောကြောင့် ခဏခဏအမှားများ လုပ်မိခဲ့ကာ အတော်ကို အရှက်ရစရာကောင်းခဲ့ပေသည်။
သူမလို ကောင်းကင်နဲ့မြေကြီးဖြစ်နေသူနှင့် ယှဉ်လိုက်သည့်အခါတွင်တော့ ထောင်အန်ရှင်း၏ အကစွမ်းရည်များမှာ ပိုလို့တောင် ထင်ပေါ်သွားခဲ့လေသည်။
ဒီအဖြစ်အပျက်သည် ကျန်းယွီအပေါ် အတော်လေးသက်ရောက်မှု ပြင်းထန်ခဲ့သည်။ သူမသည် ဘဲလေးမှာပါ သူမကိုယ်သူမ ထင်ယောင်ထင်မှားတွေဖြစ်လာပြီး နောက်ကျတော့ တဖြည်းဖြည်းနှင့် ဘဲလေးကခြင်းကိုပါ သူမစွန့်လွှတ်လိုက်လေတော့သည်။
ပြောရမည်ဆိုလျှင် ဒီအဖြစ်အပျက်သည် ကျန်းယွီ၏ ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့သည်ပင်..။
အတိတ်ဘဝက သည်းမခံနိုင်စရာ မြင်ကွင်းများကို ပြန်စဉ်းစားမိကာ ကျန်းယွီတစ်ယောက် ယုတ္တိကင်းမဲ့စွာ အလွမ်းသယ်မိနေလေသည်။
အခုကတော့ သူမသည် app မှတစ်ဆင့် လူအများကြီးကို အတိတ်ကသူတို့အမှားတွေ၊ နောင်တတွေအတွက် ကူညီပေးနိုင်သူ ဖြစ်နေလေပြီ။
ထို့ကြောင့် သူမကိုယ်တိုင်၏ နောင်တတရားများကိုလည်း ဖြေဖျောက်ပစ်ရမည်။
ကျန်းယွီသည် ချက်ချင်းပင် ထောင်အန်ရှင်းကို သဘောတူလိုက်သည်။
“အိုခေ... အတူတူကကြတာပေါ့”
အတန်းသားများလည်း ကျန်းယွီကို တအံ့တဩ ကြည့်လိုက်ကြသည်။ သူမဒီလောက်ထိ လွယ်လွယ်ကူကူ ထောင်အန်ရှင်းကို သဘောတူလိုက်မယ်လို့ သူတို့မထင်ထားကြပေ။
ကျန်းယွီ အကသင်ဖူးသည်ဟု သူတို့ကြားဖူးပေမယ့်လည်း ကျန်းယွီဆိုသည်မှာ အတန်းထဲမှာ ကဗျာတစ်ပုဒ်ကို အသံထွက်ဖတ်ခိုင်းလျှင်ပင် စိတ်လှုပ်ရှားပြီး အသံထွက်တွေပါ မှားတတ်သူ ဖြစ်ပေသည်။
ဒီလောက်ကျောင်းသားတွေ အများကြီးနဲ့၊ နယ်ပယ်ပေါင်းစုံက လူတွေရှေ့မှာ သူမကိုကခိုင်းမယ်ဆိုတော့.. ဘယ်လိုအမှားတွေ ဖြစ်လာဦးမယ်ဆိုတာ သူတို့လည်း မသိပေ။
အတန်းပြီးတော့ ထောင်အန်ရှင်းသည် ကျန်းယွီဆီသွားလိုက်ပြီး အကအတွက် ပူးပေါင်းဆောင်ရွက်ဖို့ သွားပြောလိုက်သည်။
“ငါတို့ကောင်းကောင်းကကြပြီးတော့ ရလဒ်ကောင်းတွေရအောင် ကြိုးစားကြတာပေါ့”
ကျန်းယွီသည် ခေါင်းငြိမ့်လိုက်ကာ “ကိစ္စမရှိပါဘူး”
ထောင်အန်ရှင်းသည် သူမဖုန်းကိုထုတ်လိုက်ကာ ကျန်းယွီကို အကဗီဒီယိုတစ်ပုဒ် ပို့လိုက်သည်။
“ခဏလောက်ကကြည့်ပြီးတော့ ဗီဒီယိုကိုကြည့်ပြီး လေ့လာလိုက်ပေါ့။ နင့်မှာ အကအခြေခံရှိတာပဲဆိုတော့ ကိုယ့်ဟာကိုယ် လေ့လာလိုက်ဖို့က အရမ်းကြီးခက်ခဲမှာ မဟုတ်ဘူးလေ”
“ကိစ္စမရှိဘူး”
ကျန်းယွီသည် သူမကျောပိုးအိတ်ကို ထုပ်ပိုးလိုက်ကာ ပြန်ဖို့အသင့်ဖြစ်နေလေသည်။
“အတူတူလေ့ကျင့်ဖို့ နင်လိုသေးလား”
“မလိုဘူး”
ထောင်အန်ရှင်းသည် ကျန်းယွီကို အကောင်းဆုံး မကစေလိုပေ.. သူမအတွက် အနှောင့်အယှက်တစ်ခုအဖြစ်သာ လိုချင်တာဖြစ်ပေသည်။ ထို့ကြောင့် သူမနှင့်အတူ အကလေ့ကျင့်ပြီး အချိန်ဖြုန်းဖို့ မလိုအပ်ပေ။
“နင့်ဟာနင်ပဲ အကကိုလေ့ကျင့်လိုက်ပါ.. ငါ့ကိုစိတ်မပူနဲ့”
ကျန်းယွီသည် အိမ်ပြန်ရောက်တော့ ဗီဒီယိုကို ကြည့်ကြည့်လိုက်သည်။ အကမှာ နှစ်ယောက်တွဲအကဆိုတာထက် တစ်ယောက်တည်းအကလို့သာ ဆိုရပေမည်။ သူမသည် အလယ်ပိုဒ်တွင် ၂မိနစ်လောက်သာ ကဖို့လိုကာ ထိုအရာမှာလည်း ထောင်အန်ရှင်းအတွက် နောက်ခံအကလောက်သာ ကပေးရန် ဖြစ်ပေသည်။
သို့သော်လည်း အရေးမပါပါ..။ ၂မိနစ်ပဲဆိုရင်တောင် သူမ ကောင်းကောင်းလုပ်ပြနိုင်ဖို့ လုံလောက်လေသည်။
ပြိုင်ပွဲသည် အထူးဆု၊ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုဟူ၍ သတ်မှတ်ထားလေသည်။ ပထမ၊ ဒုတိယ၊ တတိယ ဆုများမှာ အပိုဆုကြေးငွေမရှိသည့်အပြင် အသင်းအဖွဲ့လိုက်သာ ဆုချီးမြှင့်တာဖြစ်သော်လည်း အထူးဆုမှာတော့ အပိုဆုကြေးငွေရှိသည့်အပြင် တစ်ယောက်တည်းကို ပေးအပ်တာဖြစ်ပေသည်။
ထို့ကြောင့် ပြိုင်ပွဲတွင် ပါဝင်သည့်မည်သူမဆို.. ပြောချင်သည်မှာ အဓိကဇာတ်လိုက်ပဲဖြစ်ဖြစ်၊ အရံသမားပဲဖြစ်ဖြစ် အထူးဆုကိုနိုင်ဖို့ အခွင့်အရေးရှိပေသည်။
အထူးဆုရသည်နှင့် စီးပွားရေးစပွန်ဆာ ဆုကြေးငွေအဖြစ် ယွမ်၃သောင်းကနေ ၅သောင်းလောက် ရပေလိမ့်မည်။ ထိုအရာသည် app ကပေးသော တာဝန်ကို လုပ်ဆောင်ရတာထက်ပင် လွယ်ကူပေသည်။
Esmeralda ၏ ပထမနှစ်ကျောင်းစရိတ်ကို ကာမိနေပြီဆိုသော်လည်း ဒီလိုအနုပညာနန်းတော်ကြီးကို ဝင်ရောက်မယ်ဆိုရင် ကျောင်းစရိတ်ဆိုတာ ရေပုံးထဲက ရေစက်လေးလောက်သာ ရှိသေးသည်။ ပိုက်ဆံသုံးရန် နေရာအများကြီး ရှိသေးပေသည်။
ကျန်းယွီသည် အရှက်မကွဲချင်ပါ။ Esmeralda ၏ ကုန်ကျစရိတ်ကို သူမ လက်တွေ့ကျကျ စဉ်းစားရပေလိမ့်မည်။
ပို၍အရေးကြီးသည်က ကျန်းယွီသည် ချူးလီကို လက်ဆောင်ဝယ်ပေးရန် ပိုက်ဆံနည်းနည်းသုံးချင်လေသည်။ သူပေးခဲ့တဲ့ ထိုတန်ဖိုးကြီးဖိနပ်များအတွက် အစားပြန်ပေးခြင်းပေါ့..။
ထို့ကြောင့် အထူးဆုရအောင် သူမသေချာလုပ်ရပေမည်။
နှစ်ကုန်ပါတီအတွက် ရက်နီးလာသည့်အခါမှာတော့ အရင်နှစ်တွေက လုပ်လာသည့်အတိုင်းပင် ယွင်ရှီးအထက်တန်းကျောင်းသည် မြို့၏ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်များထံ ဖိတ်စာများပို့လိုက်လေသည်။
သို့သော်ငြားလည်း တကယ်လာသည့်လူကတော့ အမြဲတမ်း အနည်းစုပေ။
ထမင်းတောင် အချိန်မှန်မစားနိုင်သော နာမည်ကြီးလုပ်ငန်းရှင်ကြီးများအတွက်တော့ သူတို့အားနေတယ်ဆိုရင်တောင် ဒီလိုကျောင်းသားတွေရဲ့ပါတီမျိုးကို တက်ရောက်ဖို့ အချိန်ပေးနိုင်မှာမဟုတ်ပေ..။
သို့သော် ဒီနေ့တွင် ပို့လိုက်သည့် ဖိတ်စာမှန်သမျှသည် ပြန်စာပြန်ရောက်လာပြီး စီနီယာအမှုဆောင်အားလုံးနီးပါး ပါတီကို တက်ရောက်ကြပေလိမ့်မည်တဲ့..။
အကြောင်းအရင်းကတော့...
ရှဲ့ယွမ်က ကျောင်းရဲ့ဖိတ်ကြားမှုကို ပထမဆုံးအကြိမ်အဖြစ် ပြန်တုန့်ပြန်လိုက်လို့တဲ့..။
ကျောင်းအုပ်ချုပ်ရေးပိုင်းက ခေါင်းဆောင်များကပါ ဒီလိုပါတီမျိုးကို ရှဲ့ယွမ်လိုပုဂ္ဂိုလ်က တက်ရောက်လိမ့်မည်ဆိုတာကို တွေးတောင်မတွေးရဲခဲ့ပေ။
သူရောက်လာသည်နှင့် ဖိတ်ကြားခံထားရသော တစ်ခြားအရေးပါသူများပါ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြပေသည်။
ရှဲ့ယွမ်ကို သိကျွမ်းဖို့ဆိုတာ ဘယ်လောက်တောင် ရှားပါးလှတဲ့ အခွင့်အရေးပေလဲ..။ ပုံမှန်ဆိုလျှင် ဒီလိုစီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ကြားနိုင်ဖို့ဆိုရင် ၃လလောက် ကြိုတင်ချိန်းဆိုချက် ပြုလုပ်ရပေသည်။
ထို့ကြောင့် ဒီညနေခင်းတွင်တော့ ယွင်ရှီးအထက်တန်းကျောင်း၏ ဟောခန်းကြီးမှာ လူအများအပြားနှင့် စည်ကားနေတော့သည်။
ကျောင်းသည် ဒီပါတီကို အတော်လေး ရေးကြီးခွင့်ကျယ် လုပ်ထားလေသည်။ ကျောင်းသားများကို အလှပြင်ပေးဖို့ အထူးမိတ်ကပ်အဖွဲ့ကိုပါ ဖိတ်ခေါ်ထားပေသည်။
ထောင်အန်ရှင်းသည် မိတ်ကပ်ပညာရှင်နှစ်ဦးနှင့် ပြင်ဆင်ချယ်သနေကာ တစ်ယောက်သည် သူမကိုမိတ်ကပ်ပြင်ပေးနေပြီး နောက်တစ်ယောက်ကတော့ သူမကိုဆံပင်ပြင်ပေးနေလေသည်။
ထောင်အန်ရှင်းသည် ကျောင်း၏ နာမည်ကြီး နွမ်းပါးကျောင်းသူတစ်ယောက်ဖြစ်သောကြောင့် သူမ၏အကတင်ဆက်မှုသည် နောက်ဆုံးမှသာ ခမ်းခမ်းနားနား တင်ဆက်ခံရမည်ဖြစ်သည်။
ကျန်းယွီကတော့ သူမဇာတ်လမ်း၏ အရံတစ်ယောက်သာဖြစ်သောကြောင့် ဘယ်သူမှ သူမကို မိတ်ကပ်မလိမ်းချယ်ပေးကြချေ။
ကျန်းမန့်ယီ၏ မိတ်ကပ်သေတ္တာကိုကိုင်ကာ သူမသည် ကော်ရစ်ဒါသို့ တစ်ယောက်တည်း ထွက်လာခဲ့ပေသည်။ ထို့နောက် ကောင်းကင်ယံမှ ဖြာကျနေသော နေရောင်လေးကို အခွင့်ကောင်းယူကာ သူမဟာသူမသာ မိတ်ကပ်လိမ်းခြယ်လိုက်လေသည်။
မှန်ထဲကတစ်ဆင့် ကျန်းယွီသည် ဘေးတံခါးပွင့်နေတာကို မြင်လိုက်သည်။ ထို့နောက် ချူးလီသည် တံခါးနောက်ကနေ ဝင်လာလေသည်။
သူမသည် ခေါင်းကိုလှည့်လိုက်ကာ သူ့ကိုလက်မြှောက်ပြလိုက်လေသည်။
“ရည်းစားလေး... ငါဒီမှာ”
ချူးလီသည် သူမဆီ လမ်းလျှောက်လာပြီး သူမဒီနေ့ဝတ်ထားသော အဝတ်အစားများမှာ သူမဝတ်နေကျ ဘဲလေးဝတ်စုံများ မဟုတ်နေတာကို တွေ့လိုက်ရပေသည်။ သူမသည် ဘောင်းဘီခပ်ပွပွနှင့် ရိုးရိုးရှင်းရှင်း အဖြူရောင်တီရှပ်ကိုသာ ဝတ်ဆင်ထားပြီး ဖိနပ်ကိုလည်း ရှူးဖိနပ်များ စီးထားလေသည်။
ကျန်းယွီကြည့်ရတာ ပိန်တယ်လို့ထင်ရသော်လည်း ချူးလီသည် သူမကိုကုန်းပိုးဖူးသောကြောင့် သူမခန္ဓာကိုယ်သည် အတော်လေးသန်မာပြီး အားကောင်းသည်ဆိုတာကို သိလေသည်။ သူမသည် အဆီနည်းနည်းလေးသာ ရှိသောကြောင့်သာ သူမကြည့်ရတာ ပိန်တယ်လို့ ထင်ရခြင်းဖြစ်သည်။
ဒီလိုပုံပန်းသဏ္ဍာန်မျိုးနှင့် သူမသည် ဘယ်လိုအဝတ်အစားမျိုးပဲဝတ်ဝတ် သူမ၏ မူပိုင်ဟန်လေးနှင့် ထင်ပေါ်နေဦးမည်သာ ဖြစ်ပေသည်။
“မင်းဘဲလေးကမှာ မဟုတ်ဘူးလား?”
ကျန်းယွီသည် သူမမျက်နှာကို ပေါင်ဒါမှုန့်ပုတ်နေရင်း ပြန်ပြောလိုက်သည်။
“ဒီနေ့တော့ ငါဘဲလေးမကဘူး.. ဒါပေမယ့် ဘဲလေးကကွက်တစ်ချို့ကိုတော့ ရောပြီးထည့်ထားတယ်လေ”
“မင်းတစ်ခြားအက,ကမလို့လား?”
ချူးလီကြည့်ရတာ တကယ်ကို စိတ်ပူသွားပုံရလေသည်။
“အပြင်မှာ လူတွေအများကြီးပဲနော်.. မင်းသေချာမကနိုင်ဘူးဆိုရင် အတော်ရှက်ဖို့ကောင်းမှာ။ မင်းကိုယ့်ဟာကိုယ် အရှက်ခွဲရင်တော့ အဲ့ကျရင် ငါ မင်းကို မသိဘူးလို့ပဲ လူတွေကိုပြောမှာ”
ကျန်းယွီသည် သူပြောလိုက်တာ နည်းနည်းလွန်သည်လို့ ခံစားမိသောကြောင့် မကျေမနပ်ဖြင့် ပြန်ရေရွတ်လိုက်လေသည်။
“အဲ့ကျရင် နင့်ကိုအချိန်အကြာကြီး ဘာမှမကျွေးဘဲ ထားပစ်မယ်”
ချူးလီသည် သူမတွင် မိတ်ကပ်ပစ္စည်း အများအပြားရှိနေတာကို တွေ့လိုက်သောကြောင့် သူမဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် စုတ်တံတစ်ချောင်းကိုယူ၍ ပါးနီကိုတို့လိုက်ကာ သူမမျက်နှာပေါ်တွင် ချယ်လိုက်သည်။
ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတာပဲ..။
ကျန်းယွီသည် သူ့လက်ကို ဖယ်ထုတ်လိုက်ပြီး “ပြဿနာမရှာစမ်းပါနဲ့”
ချူးလီကတော့ တစ်ခုခုလုပ်ချင်နေသေးပုံရသည်။ ထို့ကြောင့် သူသည် စုတ်တံကို နေရာတကျပြန်ထားလိုက်ကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ဖိနပ်ကို ကြိုးဖြည်လိုက်သည်။ ထို့နောက် သေချာလေး ဂရုတစိုက် ပြန်ချည်ပေးလိုက်လေသည်။
သူမသည် ခြေဖဝါးထက်က တင်းမာမှုကို ခံစားလိုက်ရသောကြောင့် သူမလုပ်နေတာကို ရပ်လိုက်ကာ သူ့ကို ငုံ့ကြည့်လိုက်သည်။
ချူးလီ၏ ရှည်လျားလှပသော လက်ကလေးများသည် သူမ၏ဖိနပ်ကြိုးကို ဖဲပြားပုံစံလေး ကျကျနနချည်ပေးနေလေသည်။
သူ့မျက်ဝန်းများထဲတွင်တော့ မြင်ရခဲသည့် ကြင်နာသိမ်မွေ့မှုများ ရှိနေပေသည်။ သူ့ကြည့်ရတာ သူလုပ်နေတဲ့ဒီအရာ တစ်ခုတည်းအပေါ်သာ အသေအချာအာရုံစိုက်ထားပုံ ရလေသည်။
ဖိနပ်ကြိုးတွေကို ချည်ပြီးတာတောင်မှ သူသည် စိတ်တိုင်းမကျသေးပေ။ ထို့ကြောင့် မိတ်ကပ်သေတ္တာထဲမှ နှုတ်ခမ်းနီတစ်တောင့်ကိုယူကာ ဖွင့်လိုက်ပြီး သူမ၏ အောက်နှုတ်ခမ်းကို ဆိုးပေးလိုက်သည်။
“ဘယ်လိုလုပ်ရမလဲ နင်သိလို့လား?”
“ငါသင်ယူနိုင်ပါတယ်”
ချူးလီသည် နှုတ်ခမ်းနီကိုကိုင်ကာ သူမ၏အောက်နှုတ်ခမ်းလေးပေါ်တွင် သပ်သပ်ရပ်ရပ် ဆိုးပေးလိုက်သည်။
ကျန်းယွီလည်း သူ့ကိုမတားပါ။ သူမမျက်နှာကို ရှေ့တိုးပေးလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်ကာ သူလုပ်ပေးနေတာကို ဝမ်းပန်းတသာငြိမ်ခံနေလိုက်သည်။
နှုတ်ခမ်းနီဆိုးပေးပြီးသည့်နောက် ချူးလီ၏ အေးစက်နေသော လက်ချောင်းထိပ်လေးများက သူမ၏အောက်နှုတ်ခမ်းကို သုတ်လိုက်ပေသည်။
သူမသည် မျက်လုံးပြန်ဖွင့်လိုက်ကာ“ဘာလို့လဲ”
ချူးလီ၏ လက်ချောင်းထိပ်လေးများသည် နီရဲရဲနှုတ်ခမ်းနီလေးကို တို့လိုက်ကာ သူ့နှုတ်ခမ်းပါးလေးများပေါ် ပုတ်လိုက်ပြီး လျှာနဲ့သပ်ကြည့်လိုက်သည်။
“ချိုတာပဲ”
“...”
ကျန်းယွီသည် သူ့ကိုဂရုမစိုက်အားသဖြင့် မတ်တပ်ရပ်ကာ သူမ၏ မိတ်ကပ်သေတ္တာကို ထုပ်ပိုးလိုက်ပြီး သွေးပူလုပ်ဖို့ ပြင်ဆင်လိုက်သည်။
“ရည်းစားလေး.. နင်တကယ်ပဲ အားနေတယ်ဆိုရင် ငါ့အတွက်ဆုတောင်းပေးနေလေ။ ဒီည ငါစင်ပေါ်ကနေ ပြုတ်မကျအောင်ပေါ့”
အတိတ်ဘဝက ဒီနေ့တွင်တော့ သူမတကယ်ကို အရှက်ကွဲခဲ့လေသည်။
ချူးလီသည် သူမ၏နောက်ကျောလေးကိုကြည့်လိုက်ကာ ပြန်ပြောလိုက်သည်။
“ပြုတ်ကျသွားလည်း မင်းအရှက်ကွဲမှာ မဟုတ်ပါဘူး”
“ဘာလို့လဲ”
ချူးလီသည် နူးနူးညံ့ညံ့လေးပြုံးလိုက်ပြီး “ဘာလို့လဲဆိုတော့ မင်းကောင်လေးက စင်ရှေ့ကို ဦးအောင်လာပြီး မင်းမျက်နှာကို ဖုံးပေးပြီးတော့ ကယ်တင်ပေးမှာမို့လို့လေ”