Chapter 33
Vol. 4 Ch. 33
ပွဲစတင်နေပြီဖြစ်သောကြောင့် ဟောခန်းကြီးထဲက မီးရောင်များလည်း မှိန်ကျသွားကာ စတိတ်စင်ကိုသာ မီးမောင်းထိုးပြထားလေသည်။
ဟော့ချန်သည် အလွန်တရာကြောက်ဖို့ကောင်းသော မျက်နှာထားနှင့် ဟောခန်း၏ နောက်ဆုံးခုံတွင်ထိုင်ရန် လှည့်သွားလိုက်သည်။
သူ့သူငယ်ချင်းက သူ့ကိုလှမ်းမေးလိုက်သည်။
“အကိုချန်.. မရီးရဲ့ ပြင်ဆင်မှုတွေကရော ဘယ်လိုလဲ”
“မဟုတ်ကဟုတ်ကတွေ.. မရီးလေးက နှစ်တိုင်းအထူးဆုကို ရလာတာလေ။ ဘာလို့မေးနေသေးတာလဲ”
“ဒါပေမယ့် ပြောရမယ်ဆိုရင် မရီးလေးက ပါတီမှာ ၂နှစ်ဆက်တိုက် ဖျော်ဖြေခဲ့ပေမယ့် အက,ကတော့ နှစ်တိုင်း အတူတူပဲနော်”
“အဟွမ်း.. အဲ့ဒါ မင်းအပူမပါပါဘူး။ ကြိုက်ရင်ကြည့် မကြိုက်ရင် မကြည့်နဲ့ ထွက်သွားလိုက်.. ပါးစပ်မသရမ်းနဲ့”
ဟော့ချန်သည် သူတို့စကားဝိုင်းကို နားထောင်ပြီး သူ့လည်ချောင်းထဲမှာ တစ်ခုခုတစ်လာသလို ကသိကအောက် ဖြစ်လာလေသည်။
ကျန်းယွီတစ်ယောက် လမ်းခွဲဖို့စပြောတုန်းက ဟော့ချန်သည် အတော်ရှက်မိသောကြောင့်သာ လမ်းခွဲဖို့ကို သဘောတူလိုက်ခြင်းဖြစ်သည်။
ထို့နောက် အစတုန်းက သူနဲ့မတွဲချင်ခဲ့သော ထောင်အန်ရှင်းက အဲ့အချိန်လည်းကျရော သူ့ကိုရေလာမြောင်းပေးတွေ လုပ်နေခဲ့လေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ အလျင်အမြန်သာ တိုးတက်သွားပြီး မကြာခင်မှာပဲ တွဲဖြစ်သွားကြလေသည်။
ထို့ကြောင့် သူကြိုက်တဲ့လူက ထောင်အန်ရှင်းဖြစ်ပြီး ကျန်းယွီကတော့ ထောင်အန်ရှင်းရဲ့ ယာယီအစားထိုးခံဆိုသည့် အကြောင်းအရင်းကို ပိုခိုင်လုံသွားစေခဲ့သည်။
အခုတော့ သူသည် စတိတ်စင်နောက်က ကော်ရစ်ဒါတွင်ရပ်နေပြီး ကျန်းယွီနှင့် ထောင်အန်ရှင်းတို့ နီးနီးကပ်ကပ် အတူရှိနေကြသည်ကို တွေ့ရသောအခါ သူအတော်လေး စိတ်ဆိုးလာတော့သည်။
ဒေါသထွက်ပြီးတော့ ထပ်မံ၍ ဆုံးရှုံးသွားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရပြန်သည်...
အရင်တုန်းက ကျန်းယွီသည် ဘာမှကောင်းတာရှိမနေဘူးလို့ သူတွေးခဲ့ပေသည်။ သူမသည် တိတ်တိတ်ဆိတ်ဆိတ်နှင့် သူ့စကားကို နာခံတတ်သူသာပင်။ ဒါပေမယ့် သူမသည် တကယ်ကို ရေနွေးပူနှင့် တူလှပေသည်။
သူမကို သူ မမုန်းပေမယ့် ကြိုက်လည်းမကြိုက်ခဲ့ပေ..။
သူမကို သာမန်ကာလျှံကာသာ ဆက်ဆံခဲ့ပေသည်။ သို့သော်လည်း သူဘယ်လိုပဲ သူမကိုဆက်ဆံပစေ သူမသည် ဘယ်တော့မှ ထွက်မသွားခဲ့ချေ..။ သူမကိုထောက်ပံ့ပေးဖို့ သူ့ကိုလိုအပ်ခဲ့သည်ပေ…
ကျန်းယွီတစ်ယောက် သူ့ကိုမလိုတော့မယ့်နေ့ကို ရောက်လာလိမ့်မယ်လို့ ဟော့ချန်တစ်ခါမှ မတွေးခဲ့ဖူးပေ။
သူမတွင် သူမကိုယ်ပိုင်ဘဝရှိလေပြီး သူများနှင့်မတူသောစရိုက်လည်း ရှိပေသည်။ သူမသည် အထိန်းအကွပ်မဲ့သွားသည်နှင့် သူ့ကိုကိုက်ပစ်မည့် ရန်လိုသော သားရဲပေါက်လေးအတိုင်းပင်။
သူမကိုက်ခဲ့သောနေရာမှာတော့ အခုထိကို နာကျင်နေရဆဲပင်။
ဟော့ချန်သည် သူ့ရှေ့က ထိုင်ခုံကို ခြေထောက်နှင့် ကန်လိုက်လေသည်။ ရှေ့ခုံက ကောင်လေးသည်လည်း ရန်ပြန်ထောင်တော့မည့်အလား မကျေမနပ်ဖြင့် နောက်ပြန်လှည့်ကြည့်လိုက်သည်။ သို့သော် ဟော့ချန်ဖြစ်နေသောကြောင့် ရှက်သွားပြီး တိတ်တိတ်ဆိတ်ဆိတ်သာ ပြန်နေလိုက်တော့သည်။
ဟော့မိသားစုသည် ပိုင်ချန်မြို့၏ ဩဇာရှိမိသားစု ဖြစ်သင့်အပြင် ဟော့ချန်သည် ဟော့မိသားစု၏ တစ်ဦးတည်းသောသား ဖြစ်ပေသည်။ သူ့မိသားစုက သူ့ကိုအဖိုးတန်လေးလို အလိုလိုက်ပြီး မွေးထားသောကြောင့် ဒီလိုခပ်ဆိုးဆိုးအကျင့်စရိုက် ရှိနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သူ့ကိုဘယ်သူမှ ရန်သွားမစရဲပေ။
ချူးလီသည် စင်နောက်က ဘေးတံခါးကို လမ်းလျှောက်ဝင်လာလိုက်သည်။ အခန်းထဲတွင် ဘယ်သူမှ မရှိတော့သောကြောင့် ဟောခန်း၏ နောက်ဆုံးခုံသို့ လျှောက်သွားလိုက်ကာ အမှောင်ထဲတွင်ရပ်ကာ နံရံကိုမှီ၍ တင်ဆက်မှုစတင်မှာကို စောင့်နေလိုက်သည်။
ဟော့ချန်၏ မျက်လုံးများကတော့ သူ့ကိုလိုက်ကြည့်နေမိသည်။ ထို့အပြင် သူ့ကိုကြည့်လေကြည့်လေ သူပိုပို၍ စိတ်အနှောင့်အယှက်ဖြစ်လာလေ ဖြစ်နေတော့သည်။
“သူကဘယ်သူလဲ”
ကျန်းကျင်းဝေသည် ဟော့ချန်၏ အကြည့်နောက်ကို လိုက်ကြည့်လိုက်ပြီး “အကိုချန်.. အဲ့ကောင်လေးကို မသိဘူးလား”
ဟော့ချန်သည် သူ့မေးကိုမြှောက်လိုက်ကာ ပြန်မေးလိုက်သည်။
“ငါကဘာလို့ သူ့ကိုသိရမှာလဲ”
“အာ.. သူကငါတို့ကျောင်းမှာ အတော်နာမည်ကြီးတယ်လေ”
ကျန်းကျင်းဝေသည် ဟော့ချန်၏ စူပုတ်နေသောမျက်နှာကိုကြည့်လိုက်ပြီး သူမခေါင်းကို လက်ညိုးထိုးလိုက်ကာ ဆက်ပြောလိုက်သည်။
“အဲ့ကလေးက တကယ့်ပြဿနာအိုးလေးလေ.. ငါကြားတာတော့ ဒီနေရာမှာ ပြဿနာရှိနေတယ်တဲ့”
“သူကစိတ်မမှန်ဘူးလား”
“အဲ့ဒါအမှန်တော့ မဟုတ်ပါဘူး”
ကျန်းကျင်းဝေသည် ဆက်ရှင်းပြလိုက်သည်။
“ငါကြားတာတော့ သူ့အဖေက စိတ်ပညာရှင်တဲ့လေ..ငယ်ငယ်တုန်းက အဲ့ကလေးအပေါ် စိတ်ပညာဆိုင်ရာ စမ်းသပ်ချက်တွေလုပ်ခဲ့တာတဲ့။ နောက်ကျတော့ ညှင်းပန်းနှိပ်စက်ခြင်းပြစ်မှုနဲ့ ထောင်ကျသွားတာတဲ့”
ဟော့ချန်သည် ဒီအကြောင်းကြားဖူးသော်လည်း အခုကြားလိုက်ရတာကတော့ အသစ်ဖြစ်ပေသည်။
“ဒီကောင့်ကြည့်ရတာ သာမန်လိုပါပဲ"
“သာမန်အဆိုးအပေလေးပေါ့”
ကျန်းကျင်းဝေသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာကာ ဆက်ပြောလိုက်သည်။
“သူ့ကိုဆေးလိပ်မီးနဲ့ တို့နေတာကို ငါ့မျက်စိနဲ့ တပ်အပ်မြင်ဖူးခဲ့တာလေ.. အဲ့တုံးကလေ ဘာမှဖြစ်နေတာမဟုတ်တဲ့အတိုင်း အဲ့တို့ခံရတဲ့နေရာကို အနံ့တောင်ရှုကြည့်နေတာလေ.. သူ့မျက်နှာကလည်း တစ်ချက်ကလေးမှ ပြောင်းမသွားဘူးနော်.. တကယ်လူမဟုတ်တဲ့အတိုင်းပဲ”
“ဒါအတော်ရက်စက်တာပဲ”
“မဟုတ်ပါဘူး.. အဲ့ဒါက တေလေဂျပိုးလေးတွေ ရန်ဖြစ်ကြရုံပဲလေ။ သူလိုအရူးကို သာမန်လူတွေကတော့ အဆက်အဆံလုပ်ဖို့ ရှောင်ကြတာပေါ့”
ဟော့ချန်သည် အစက အရမ်းကြီး စိတ်မဝင်စားသော်လည်း ထပ်မေးကြည့်လိုက်သည်။
“သူ့မိသားစုနောက်ခံကရော ဘယ်လိုလဲ”
“သူ့အဖေထောင်ကျသွားပြီးတော့ အမျိုးတွေက အချိန်ခဏလောက်တော့ ခေါ်မွေးစားထားတယ်တဲ့။ နောက်ကျတော့ သူ့ကိုမောင်းထုတ်လိုက်ကြတယ်။ အဲ့ဒါနဲ့ အမှတ်၁၂ အလယ်တန်းကျောင်းမှာ နှစ်အနည်းငယ်တက်ခဲ့သေးတယ်လေ။ ငါကြားတာတော့ သူကဆင်းရဲတယ်.. အဖေရော အမေရော မရှိဘူးလေ.. သူ့ကိုဘယ်သူမှလည်း လာဂရုမစိုက်ကြဘူး။ ဒါပေမယ့် အဲ့ကောင်လေးက ဉာဏ်ရည်တအားမြင့်တာနော်..။ မနှစ်တုန်းက ငါတို့ကျောင်းအုပ်ကြီးကိုယ်တိုင် သူ့ကိုကျောင်းခေါ်လာပြီး ထောက်ပံ့ကြေးကိုလည်း အမြင့်ကြီးပေးခဲ့တာ.. တစ်နှစ်ကို ဒေါ်လာတစ်သောင်းဆိုလားပဲ။ ပြီးတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ပြည်နယ်အဆင့်ပထမရဖို့ သူ့ကိုမှန်းထားတာလေ”
“ပြည်နယ်ပထမ?”
ဟော့ချန်သည် သရော်လိုက်သည်။
“သူ့လို အမှတ်၁၂အလယ်တန်းကျောင်းက လူမိုက်ကလေ?”
“အကိုချန်.. မင်း ငါ့ကိုမယုံဘူးလား.. ဒီတစ်ခေါက် ဒုတိယထက် သူအမှတ်ဘယ်လောက်ပိုများလဲရော သိရဲ့လား?”
ကျန်းကျင်းဝေသည် လက်ဖြင့်အမူအရာလုပ်ပြလိုက်သည်။
“အမှတ် ၅၀တောင်”
ယွင်ရှီးအထက်တန်းကျောင်းတွင် အမှတ်ကောင်းကောင်းရဖို့က လူတိုင်းအတွက် ခက်ခဲကြောင်း သူသိလေသည်။ ၅မှတ်၊ ၆မှတ်လေးကွာရုံနဲ့တင် အဆင့်မှာ အတော်လေး ကွာခြားသွားနိုင်ပေသည်။
ဒါကိုချူးလီက ဒုတိယတစ်ယောက်ထက် အမှတ် ၅၀ တောင် ပိုများတယ်တဲ့လား..။ ဒီလိုအစွမ်းအစမျိုးမို့လို့... ကျောင်းအုပ်က သူ့ကိုဆွဲဆောင်ဖို့ ဒေါ်လာတစ်သောင်းလောက် ထောက်ပံ့ကြေးပေးထားတာကိုး.. မထူးဆန်းတော့ပေ။
သူသာတကယ်ပဲ သူများတွေ လိုက်မမှီနိုင်လောက်တဲ့ အမှတ်မျိုးနဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်ခဲ့ပြီး ပြည်နယ်ပထမသာရခဲ့ရင် နောက်နှစ်တော်တော်များများအထိ ကျောင်းသားတွေ ဒီကျောင်းကိုလာအပ်အောင် ဆွဲဆောင်နိုင်မှာ ဖြစ်ပေသည်။
ဟော့ချန်သည် ချူးလီကို ကြည့်လိုက်သည့်အခါတွင်တော့ သူ့မျက်လုံးများသည် တဖြည်းဖြည်းနှင့် သုန်မှုန်လာလေသည်။
ကျန်းယွီက ဒီလိုထောက်ပံ့ကြေးနဲ့ နေနေရတဲ့ကောင်မျိုးကို တကယ်ကြီးရှာထားတာလား... သူမကို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးမယ့်လူကို လိုချင်နေခဲ့တာလား?
ဟော့ချန်၏ အတွေးထဲမှာတော့ စောနက ကျန်းယွီကိုဖိနပ်ကြိုးချည်ပေးနေသည့် ချူးလီ၏ ပုံရိပ်များသာ ကြီးစိုးနေလေသည်။ ဒီတစ်ညလုံး သူအတော်လေး စိတ်ကသိကအောက် ဖြစ်နေလေတော့သည်။ ဒီလိုနှင့် ပွဲသည်လည်း မြန်မြန်သာ ပြီးဆုံးနေလေသည်။
ထောင်အန်ရှင်းသည် အတော်လေး လူငယ်ဆန်လှသော Jazz အကကို အားအင်အပြည့်နှင့် ကလိုက်သည်။ ထို့နောက် ဟောခန်းတစ်ခုလုံးကို လွှမ်းခြုံထားသော စိတ်ခံစားချက်များကို အမြင့်ဆုံး အခြေအနေထိ ရောက်အောင် ဆွဲခေါ်သွားလိုက်လေသည်။
ဒီအကကို တနှစ်ကရော မနှစ်ကပါ ကခဲ့သည်ဆိုသော်လည်း သူမသည် အတော်ကောင်းမွန်စွာ ကခဲ့ပြီး ကကွက်အသစ်အများကြီးကိုလည်း ထပ်ထည့်ထားလေသည်။ ဒီလိုဖြင့် လက်ခုပ်သံသောင်းသောင်းဖြဖြလည်း ပေါ်ထွက်နေတော့သည်။
ထိုအကသည် အနိုင်မခံအရှုံးပေးသော ငယ်ရွယ်နုပျိုမှုနှင့် တောက်ပခြင်းတို့ကို ဖော်ကြူးထားခြင်းပင် ဖြစ်ပေသည်။ ရှေ့ဆုံးတန်းက ကျောင်းအုပ်ချုပ်သူများသည်လည်း ခေါင်းငြိမ့်နေကြကာ ကုမ္ပဏီများ၏ အမှုဆောင်များအား ထောင်အန်ရှင်းကို ထောက်ခံပေးရန် တီးတိုးပြောလိုက်ကြပေသည်။
အကတစ်ဝက်လောက် ရောက်သည့်အချိန်တွင်တော့ ထောင်အန်ရှင်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားကာ နောက်ကဖွင့်ထားသော မြူးမြူးကြွကြွ အီလက်ထရောနစ်သီချင်းသံသည် ရုတ်ချည်းရပ်တန့်သွားလေသည်။ ထို့နောက် ချယ်လို/တယောကြီး၏ အသံနိမ့်နိမ့်လေး ပေါ်ထွက်လာတော့သည်။
သူမနားက အရာအားလုံး မှေးမှိန်သွားပြီးနောက် ကျန်းယွီတစ်ယောက် စင်ပေါ်တွင် နေရာယူလိုက်လေသည်။
သီချင်းသံပေါ်ထွက်လာပြီး ၁၀စက္ကန့်လောက်နေတော့ ကောင်မလေးသည် ဘေးဘက်ကို ဖြည်းဖြည်းချင်း လျှောက်ထွက်သွားလိုက်သည်။
အဖြူရောင်စတိတ်မီးရောင်လေးမှာ ကျန်းယွီဆီသို့ ကျရောက်လာလေတော့သည်။
သူမသည် ဘောင်းဘီအပွကြီးများနှင့် ရိုးရိုးရှင်းရှင်း တီရှပ်အဖြူလေးကို ဝတ်ဆင်ထားလေသည်။ သူမတစ်ကိုယ်လုံး ရေတွေစိုရွဲနေပြီး သူမမျက်နှာပေါ်က မိတ်ကပ်များသည်လည်း ရွဲစိုနေပေသည်။
သူမသည် တုန်ရီနေပြီး စင်ပေါ်တွင် သနားစရာကောင်းစွာ တစ်ကိုယ်တည်းရပ်နေလေသည်။ သူမဆံပင်မှ ရေများသည်လည်း တတောက်တောက်ကျနေသည်ပင်။
ကျောင်းသားများလည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ဘာတွေဖြစ်နေလဲဆိုတာ သိချင်နေကြသည်။
ဘာလို့သူမက.. ရေစိုရွဲနေတဲ့ ကြက်ပေါက်လေးလို ဖြစ်နေရတာလဲ? ဒါစတိတ်စင် effect များလား?
ဒါအတော်လေးရက်စက်လွန်းရာကျပေသည်။ အပြင်က ရာသီဥတုက သုညဒီဂရီနီးပါး အေးခဲနေတာကိုလေ..။
ထောင်အန်ရှင်းသည် ကျန်းယွီကို တအံ့တဩကြည့်လိုက်ကာ သူမဘာလို့ ဒီလောက်ထိရှက်နေလဲဆိုတာကို နားမလည်ဘဲ ဖြစ်နေလေသည်။ အရင်တုံးက ဆွေးနွေးထားတဲ့ထဲမှာ ဒါမပါဘူးလေ..။
သူမသည် စိတ်လောလောဖြင့် ကျန်းယွီကို မျက်စပစ်ပြလိုက်ကာ သူမသာ အဆင်သင့်ဖြစ်မနေဘူးဆိုရင် သူမရဲ့ဖျော်ဖြေမှုကို မနှောင့်နှေးစေဘဲ စင်ပေါ်ကဆင်းသွားဖို့ ပြောလိုက်သည်။
သို့သော်လည်း ကျန်းယွီကတော့ လုံးဝမလှုပ်ပါ။ သူမသည် သွားများတကိုက်ကိုက်တုန်နေပြီး တစ်ကိုယ်လုံးလည်း တုန်ရီနေပေသည်။ သူမမျက်လုံးများသည် ရှေ့ဆုံးတန်းက ဟဲ့ကျီလုကို အသေအချာကြီးစိုက်ကြည့်နေပေသည်။
ကောင်မလေးများသည် ပီကေဝါးနေကာ သူမကို အရေးမစိုက်ဟန်ဖြင့် ကြည့်နေကြပြီး သူတို့၏ ဗရုတ်ကျမှုအတွက် အောင်ပွဲခံနေကြပေသည်။
သူမစင်ပေါ်သို့ တက်ခါနီးတွင် ထိုကောင်မလေးများသည် သူမကို လော့ကာခန်းသို့ ဆွဲခေါ်သွားကာ ရေပုံးတစ်ပုံးကို သူမပေါ်လောင်းချခဲ့ပြီး သူမမျက်နှာပေါ်က အနုစိတ်မိတ်ကပ်များကို လျှောက်ခြစ်ခဲ့လေသည်။
ကျန်းယွီသည် သူမအဝတ်အစားများကို လဲဖို့ရော မိတ်ကပ်ပြန်ပြင်ချိန်ပါ မရတော့ပေ။ သူမသာ အချိန်မှီ စင်ပေါ်မတက်နိုင်ခဲ့လျှင် အထူးဆုကိုရနိုင်သည့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံရတော့ပေမည်။
သူမလို တစ်စုံတစ်ယောက်အတွက် သူမကို ဆီးကြိုနေသော အခွင့်အရေးမှာ အမြဲတမ်းမရှိနိုင်ပါ၊ ထို့ကြောင့် ရလာသမျှ အခွင့်အရေးတိုင်းကို သူမသေချာ ဖမ်းဆုပ်ရပေလိမ့်မည်။
ဒါပေမယ့်လည်း... ဒါဘယ်သူ့အပြစ်လဲ?
ဓာတ်ပုံများရိုက်ခြင်း၊ သူမကို ဆံပင်ဆောင့်ဆွဲခြင်း၊ သူမကိုပါးရိုက်ခြင်... အတိတ်ဘဝတုန်းက အနိုင်ကျင့်ခံခဲ့ရသော ပုံရိပ်များ ကျန်းယွီအတွေးထဲတွင် ပြန်ပေါ်လာလေသည်။ သူမသည် အံကိုတင်းတင်းကြိတ်လာကာ သူမမျက်လုံးများကတော့ အရှက်ရမှုများအပြည့်နှင့်ပင်။
ဒီလိုအရှက်ရသင့်တဲ့လူက သူမ ဖြစ်သင့်လို့လား?
ထိုအချိန်တွင် မေးခွန်းထုတ်ခံရပြီး လူတိုင်းဆီက စေ့စေ့စပ်စပ် ကြည့်ရှုတာခံရသင့်သူမှာ သူမသာဖြစ်သင့်သည် မဟုတ်ပါလား?
ထောင်အန်ရှင်းကတော့ သူမစတိတ်စင်ကို ကျန်းယွီတစ်ယောက် ဖျက်ဆီးလိုက်မည်ကို စိုးရိမ်၍ အတော်အလျင်လိုနေလေသည်။ သူမကို ပါးစပ်ကနေ ဆက်တိုက်အချက်ပြနေလိုက်ကာ စင်ပေါ်မှ မြန်မြန်ဆင်းသွားဖို့ ပြောနေလေသည်။ ဒီမှာရပ်နေတာက အတော်လေးကို အရှက်ကွဲစရာပင်။
ကျန်းယွီသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏ ဖျော့တော့နေသော လက်ကလေးများကို ကျစ်ကျစ်ဆုပ်လိုက်သည်။ သီချင်းသံကတော့ ဆက်ဖွင့်နေဆဲပင်။ ကျန်းယွီသည် ရုတ်တရက်ကြီး တေးသွားနောက် လိုက်လိုက်ကာ ခြေတစ်လှမ်းစလိုက်ပြီး စကလိုက်လေတော့သည်။
သို့သော်အကမှာတော့ အရင်က တိုက်ထားသည့်အကမဟုတ်နေချေ..။ ချယ်လို၏ နက်ရှိုင်းလှသော တီးခတ်မှုနှင့်အတူ ကျန်းယွီသည် သူမ၏ခြေလက်အင်္ဂါများကို ချဲ့ကားအသုံးပြုလိုက်ကာ အတိတ်ကသူမ ခံစားခဲ့ရသော နာကျင်စရာ အတွေ့အကြုံများကို ဖော်ကြူးနိုင်သည့် လှုပ်ရှားမှုများကို အသုံးပြုလိုက်လေသည်။ အတိတ်က သူမ၏သိမ်ငယ်စိတ်၊ သူမ၏ လူတောမတိုးမှု၊ လူရှေ့မှာ မပြောရဲမှု.. စသည်တို့ပေါ့။ အတန်းတိုင်းတွင် ဒီလိုအပြုအမူမျိုးနှင့် အတန်းဖော်များ ရှိတတ်ပြီး သူတို့သည် အမြဲလိုလို ဖယ်ကျဉ်ခံထားရကာ အလိုလိုကို အပယ်ခံများဖြစ်လာကြပေသည်။
သူတို့၏ ကျောပိုးအိတ်များကို မြေပေါ်တွင် ချနင်းကြကာ.. စာရေးကိရိယာများသည်လည်း အမြဲလိုလို ယူသွားခံရသည်ပင်။ ထို့အပြင် နောက်ကွယ်တွင်လည်း လူမဆန်လောက်အောင် လှောင်ပြောင်ဟားတိုက်ခံရပေသည်။
ကျန်းယွီ၏ သရုပ်ဖော်အကနှင့် သူမ၏ ဒေါသခက်ထန်နေသော မျက်ဝန်းများသည် လူတိုင်း၏အာရုံကို ဖမ်းစားလိုက်လေသည်။ သူတို့အားလုံးသည် သူမအက,က ဖော်ကြူးနေသော ခံစားချက်များကို သေချာမြင်နိုင်ပြီး နားလည်ကြလေသည်။
ကျန်းယွီသည် အတိတ်တုန်းက ထုတ်မပြောနိုင်ခဲ့သော်လည်း ယခုအချိန်တွင်တော့ သူမသည် ခန္ဓာကိုယ်အမူအရာကို အသုံးချကာ သူမရင်ထဲက ချုပ်တည်းထားရသော တိတ်တဆိတ် ငိုကြွေးမှုများကို လူတိုင်းအား ကြားစေခဲ့ပေသည်။
ဘာလို့ မကောင်းတဲ့လူတွေက အမြဲတမ်း အကျယ်ကြီး ရယ်နိုင်ရတာလဲ..။ ပြီးတော့ သူမက ဘာလို့ ညတိုင်း တိတ်တိတ်လေးသာ ငိုနေနိုင်သူ ဖြစ်ရမှာလဲ။
ဒီလိုအရာတွေအားလုံးကို ခံစားရလောက်တဲ့အထိ သူမက ဘာတွေများ အမှားလုပ်ခဲ့မိလို့လဲ?
ထိုအချိန်တွင် သူမ၏ရွဲရွဲစိုနေခြင်း၊ အရှက်ရသောအကြည့်များ၊ ပေပွနေသော သူမ၏မိတ်ကပ်နှင့်၊ သူမ၏ အကတို့မှာ ကျောင်းတွင်းအနိုင်ကျင့်မှုများကို ဖော်ကြူးပြသသည့် အကောင်းဆုံးသရုပ်ဖော်မှု ဖြစ်နေလေသည်။
သီချင်းသံ ပြီးဆုံးသွားသည်နှင့် လူတိုင်းသည် မတ်တပ်ရပ်လိုက်ကာ အားတက်သရော လက်ခုပ်တီးပေးလိုက်ကြသည်။ သူမ၏ပြီးပြည့်စုံသော သရုပ်ဖော်မှုနှင့် အံ့ဩစရာအကကြောင့် လက်ခုပ်သံမှာ အတော်ကြာကြာ ရှိနေခဲ့ပေသည်။
ဒီလိုအားပြင်းလှသော အသွင်အပြင်နှင့် စိတ်ပိုင်းဆိုင်းရာခံစားချက်များ ပါဝင်နေသော သူမ၏အကနှင့် ယှဉ်လိုက်လျှင် ထောင်အန်ရှင်း၏ နုပျိုသွက်လက်ခြင်းအကသည် အတော်လေးကို မှေးမှိန်သွားလေသည်။
ထို့အပြင် အထင်နဲ့အမြင် တခြားစီကြီးလည်း ဖြစ်နေပေသည်။
ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန်အတွက် ကျောင်းခေါင်းဆောင်များ အရောင်ဆိုးထားသော တောက်ပခြင်းဆိုသည့်၊ လူငယ်ဆန်ခြင်းဆိုသည့်၊ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆောင်နိုင်ခြင်းဆိုသည့်၊ ထိုအရာများ အားလုံးက...
ဒီလိုအေးချမ်းတည်ငြိမ်နေသည့် ပိတ်ကာကြီးနောက်မှာ သူတို့မမြင်နိုင်တဲ့ သို့မဟုတ်ရင် မမြင်ချင်တဲ့ အရိပ်မည်းတွေ အများကြီး ရှိနေတယ်လေ။ နိုင်ထက်စီးနင်းပြုတဲ့လူတွေလည်း အများကြီးရှိနေသလို သူတို့ကြောင့် အနိုင်ကျင့်ခံနေရတဲ့၊ နာကျင်ခံစားနေရတဲ့ ကျောင်းသားတွေလည်း အများကြီး ရှိနေလေသည်။
ထိုကလေးများအားလုံးသည် မနက်နေထွက်သည်အထိ အခန်းထောင့်လေးမှာသာ ပုန်းနေကာ တိုးတိုးတိတ်တိတ်သာ ငိုကြွေးနိုင်ကြပေသည်။ တစ်ယောက်ယောက်ကိုပြောရင်လည်း ဘာမှအသုံးဝင်မှာ မဟုတ်ဘူးဆိုတာသိနေသောကြောင့် သူတို့သည် ဘယ်သူ့ကိုမှလည်း မပြောရဲကြပေ။
လူတိုင်းကတော့ ကျန်းယွီ၏ ဒီညစတိုင်သည် အားလုံးကို စိတ်လှုပ်ရှားသွားအောင် လုပ်ချင်သည့်အတွက် တမင်ရည်ရွယ်ပြီး လုပ်ထားခြင်းဟုသာ တွေးနေကြသည်။
သူတို့အားလုံး မတ်တပ်ရပ်လိုက်ပြီး သူမကို လှိုက်လှိုက်လှဲလှဲ လက်ခုပ်တီးပေးလိုက်ကြသည်။
ထိုတက်ကြွလှသော လက်ခုပ်သံသည်လည်း အဆုံးမရှိခဲ့ပေ။
သို့သော်လည်း ဟောခန်း၏ နောက်ဆုံးခုံတွင်တော့ ချူးလီသည် အရိပ်ထဲရပ်နေကာ သူ့လက်များကို တင်းနေအောင် ဆုပ်ထားလေသည်။
သူ့လက်သီးကို သူကိုက်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲက ပိတ်လှောင်ခံထားရသော သားရဲတစ်ကောင်က လှောင်အိမ်အပြင်ကိုထွက်လာပြီး သောင်းကျန်းချင်နေသည့် အတိုင်းပင်။
အစတုန်းက ကျန်းယွီစီစဉ်ထားတာ ဒီအကမဟုတ်ဘူးဆိုတာ သူသိလေသည်။ ဒီ့အပြင် ဒါသည် နဂိုတုံးက ကျန်းယွီ၏ အပြင်အဆင်ဟုတ်မနေပေ။
သူမသည် မိတ်ကပ်ကို လှလှပပလေး လိမ်းခြယ်ထားခဲ့သည်လေ.. မက်မွန်သီးရောင်ပါးနီလေးရယ်၊ မျက်တောင်ကော့ကော့ အရှည်ကြီးရယ်၊ သဘာဝဆန်ဆန် အောက်ခံမိတ်ကပ်လေးရယ်နဲ့ သူမနှာတံပေါ်က အပြောင်အလက်လေးများအထိလေ...
သူမကိုကြည့်ရတာ နတ်သမီးပုံပြင်ကမ္ဘာထဲတွင် နေနေသည့် အရုပ်လေးတစ်ရုပ်လား လှပနေခဲ့သည်ပင်..
သူမနှုတ်ခမ်းထောင့်က ပေနေသော နှုတ်ခမ်းနီလေးမှာ ချူးလီကိုယ်တိုင် ဆိုးပေးခဲ့တာမဟုတ်ပါဘူးလား..။
အခုတော့ ပေပွနေသောမိတ်ကပ်နှင့် ရွဲရွဲစိုနေသော စင်ပေါ်က ကောင်မလေးကို သူမြင်နေရသည်။
သူမ၏ အစော်ကားခံရမှုနှင့် အကြောင်းအရင်းမရှိဘဲ နာကျင်အောင်လုပ်ခံရခြင်းကြောင့် ပေါ်ထွက်နေသော သူမ၏ဒေါသများကို သူခံစားနိုင်လေသည်။
သူ့ဟာသူတောင် သတိမထားမိခင်မှာပဲ သူ့လက်သီးနောက်ဘက်ကို ကိုက်ထားတာက သွေးများပင် ထွက်လာလေသည်။
စိတ်ကျဉ်းကြပ်လွန်း၍ သူသည် အသက်ရှုပါ ကျပ်လာလေသည်။
ကျန်းယွီတစ်ယောက် စင်ပေါ်ကဆင်းသွားသည်နှင့် သူမအချိန်အတော်ကြာအောင် ထိန်းချုပ်ထားသော မျက်ရည်များမှာ ပိုးပိုးပေါက်ပေါက် ကျလာလေတော့သည်။ ချူးလီသည် စင်နောက်ကို ရောက်လာကာ သူမကို သူ့လက်မောင်းများကြားထဲသို့ ဆွဲသွင်းလိုက်လေသည်။
သူမကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်မှာ သူမတစ်ကိုယ်လုံး သူ့ခန္ဓာကိုယ်ထဲပါ မြှုပ်ဝင်သွားတော့မည့်အလားပင်။
“မငိုနဲ့နော်... ကိုယ် မင်းကို ကာကွယ်ပေးပါမယ်...”