← Chapters

Chapter 34

Vol. 4 Ch. 34

Chapter 34

Vol. 4 Ch. 34

ကျန်းယွီသည် မိတ်ကပ်ဖျက်လိုက်ပြီး အဝတ်အစားအသန့်များကို ဝတ်လိုက်သည်။ သူမ၏ဆံပင်မှာ စိုနေသေးသော်လည်း နေရထိုင်ရတာ ပိုကောင်းလာလေပြီ..။

သူမသည် လော့ကာခန်းထဲက ထွက်လာသည့်အခါမှာတော့ ချူးလီကို စင်နောက်က ဘယ်နေရာမှာမှ မတွေ့ရတော့ပါ။

သူမသည် တစ်စုံတစ်ခုကို တွေးမိလိုက်သည်။ သူမဟောခန်းထဲကို ရောက်တော့ ဟဲ့ကျီလုနှင့် တစ်ခြားသူတွေလည်း ထိုင်ခုံမှာ ရှိမနေကြပေ။

သူမသည် ဖုန်းကို မြန်မြန်ဆန်ဆန် ထုတ်လိုက်ကာ ချူးလီကို ဖုန်းခေါ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့ ဖုန်းဝင်သွားပြီး ချူးလီ၏ အသံနိမ့်လေးပေါ်ထွက်လာလေသည်။

“အင်း”

“ဘယ်မှာလဲ”

“ဟောခန်းရှေ့က တောအုပ်ငယ်လေးမှာ”

“နင်...”

ကျန်းယွီသည် တစ်ခုခုကို ခန့်မှန်းမိလိုက်သဖြင့် သူမသည် ရင်တွေတဒိန်းဒိန်းခုန်လာလေသည်။

တောအုပ်ငယ်လေးထဲတွင်တော့ ချူးလီသည် သူ့ရှေ့က တုန်ရီနေသော ကောင်မလေးများကို စိုက်ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။

“သူတို့ကို သေစေချင်လား”

ကျန်းယွီသည် အသက်ရှုကြပ်နေသည့်အလား သူမပါးစပ်များကို ပိတ်လိုက်မိသည်။ အချိန်အတော်ကြာပြီးမှ သူမပါးစပ်ကနေ စကားလုံးအနည်းငယ်ထွက်လာလေသည်။

“ချူးလီ.. ငါပြောတာနားထောင်..”

“မဆုံးဖြတ်နိုင်ဘူးလား? ဒါဆို ငါ့ဟာငါပဲ ဆုံးဖြတ်လိုက်တော့မယ်”

သူ့အသံမှာ တည်ငြိမ်လှပြီး နိမ့်နိမ့်လေးဖြစ်ကာ သူ့ကြည့်ရတာ ဘာမှအရေးမပါသည့်ကိစ္စတစ်ရပ်အကြောင်း ပြောနေသည့်အလားပင်။

ကျန်းယွီသည် သူမ၏ တုန်လှုပ်ခြောက်ခြားနေသောစိတ်ကို ချုပ်ထိန်းလိုက်ကာ ပြန်ပြောလိုက်သည်။

“ချူးလီ.. ငါမျှတတဲ့ ဖြေရှင်းချက်တစ်ခုကို လိုချင်ရုံပဲ”

“စိတ်မပူပါနဲ့”

ချူးလီသည် ကြောက်ဒူးတုန်နေသော ဟဲ့ကျီလုကို ကြည့်လိုက်ပြီး ခပ်ဖွဖွလေး ပြုံးလိုက်သည်။

“ကိုယ်မင်းကို မျှတတဲ့ အဖြေတစ်ခုပေးမှာပါ”

“ဒါပေမယ့် အကြမ်းဖက်တာက တရားမျှတမှုမှ မဟုတ်တာ”

ကျန်းယွီသည် အံကိုကြိတ်ကာ သူ့ကို တစ်ခွန်းချင်းစီ ပြန်ပြောလိုက်သည်။

“ငါ သူတို့ကို သွေးထွက်သံယိုဖြစ်တာထက် ပိုနာကျင်ရတဲ့တန်ဖိုးမျိုး ပြန်ရအောင်လုပ်မှာ။ နင် သူတို့ကို တစ်ခုခု လုပ်လိုက်မယ်ဆိုရင် နင်ကိုယ်တိုင် ငါ့ကို ကျဉ်းထဲကျပ်ထဲရောက်အောင် တွန်းပို့လိုက်တာပဲ။ အဲ့ကျရင် ငါလိုချင်တဲ့ မျှတမှုမျိုး ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်ဘူး”

ချူးလီသည် တိတ်ဆိတ်နေလေသည်။

ကျန်းယွီလည်း ဆက်ပြောလိုက်သည်။

“သူတို့တွေက သူများတွေရဲ့ ဂုဏ်သိက္ခာကို ချနင်းပြီးတော့ စော်ကားရင်း၊ နာကျင်အောင်လုပ်ရင်း မောက်မာချင်ကြတာလေ.. သူတို့လုပ်ခဲ့တဲ့ အပြစ်တွေက သွေးထွက်သံယိုဖြစ်တာ နည်းနည်းလေးလောက်နဲ့ ပြန်ပေးမဆပ်နိုင်ဘူး”

ချူးလီသည် ကြောက်ရွံ့တုန်လှုပ်နေသည့် သူ့ရှေ့ကကောင်မလေးများ၏ ခေါင်းကို စိုက်ကြည့်နေလေသည်။ အချိန်တစ်ခုလောက် ကြာပြီးနောက်မှာတော့ သူတိုးတိုးလေး ရေရွတ်လိုက်လေတော့သည်။

“ထွက်သွားကြ”

ဟဲ့ကျီလုနှင့် တစ်ခြားကောင်မလေးများသည် အစကတည်းက ခြေထောက်များ ပျော့ခွေကျနေပြီ ဖြစ်လေသည်။ ထို့ကြောင့် သူတို့တစ်ယောက်နဲ့တစ်ယောက် ကူလိုက်ကြကာ ဟောခန်းဘက်ကို သုတ်ခြေတင်ပြီး ပြေးကြလေတော့သည်။ အမှောင်ညယံတွင် နတ်ဆိုးတစ်ကောင်ထံမှ လွတ်မြောက်လာသည့်အလား လူစည်ကားရာနေရာသို့သွားပြီး အကာအကွယ်ယူဖို့ စိတ်ပြင်းပြနေကြပေသည်။

ကျန်းယွီသည်လည်း စိတ်သက်သာရာရသွားသော သက်ပြင်းတစ်ချက် ချလိုက်လေ၏။

စောနကမိနစ်ပိုင်းအတွင်း သူမခံစားခဲ့ရသည့် ကြောက်ရွံ့မှုက သူမတစ်ဘဝလုံး ခံစားခဲ့ရသည့် ကြောက်ရွံ့မှုများထက်ပင် ပိုလေသည်။ ချူးလီသာ ဟဲ့ကျီလုကို တစ်ခုခုလုပ်လိုက်မိပါက ဖြစ်လာမည့် အကျိုးဆက်များသည် မတွေးရဲစရာပင်။

ဖျော်ဖြေမှုများပြီးတော့ ကျောင်းသားတစ်ချို့သည် စင်နားကို လျှောက်လာကြပြီး ကျန်းယွီကို တွေ့ကြသည့်အခါမှာတော့ သူတို့သည် သူမနားမှာ အမြန်စုလိုက်ကြကာ ဗလုံးဗထွေးပြောလိုက်ကြသည်။

“ကျန်းယွီ.. စောနက နင် ကသွားတဲ့အကက အရမ်းလှတာပဲ”

“အတော်လေး အံ့ဩဖို့ကောင်းတာဟ... ငါ့မှာ ပါးစပ်တောင်မပိတ်နိုင်ခဲ့ဘူး”

“နင်ဒီလောက်ထိ အကတော်လိမ့်မယ်လို့ မထင်ထားဘူးသိလား”

“အဓိကက ဖန်တီးမှု အရမ်းကောင်းတာပဲ။ လူတိုင်းကို နစ်မြောသွားအောင် လုပ်နိုင်တာလေ.. နင့်သရုပ်ဖော်နိုင်စွမ်းက ထိပ်တန်းပဲဟ”

တီချယ်ချင်ဖေးကတော့ စင်နောက်ကို ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာပြီး ကျန်းယွီကို မေးလိုက်သည်။

“ကျောင်းသူကျန်းယွီ.. ဘာဖြစ်ချင်နေတာလဲ?

ကျန်းယွီလည်း ဘာလဲဆိုတာ မသိခဲ့ပါ။

“ဘာကို ကျွန်မက ဘာဖြစ်ချင်နေတာလဲလဲ?”

ချင်ဖေးသည် စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။

“လူတွေအာရုံစိုက်တာ ခံချင်လို့ ဒီလိုနည်းလမ်းကိုသုံးနေတာလား”

သူမသည် ထိုသို့ကြားလိုက်ရသည်နှင့် ဘာတွေဖြစ်ခဲ့လဲ ရှင်းပြချင်စိတ်မှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။ သူမတွင် စိတ်ပျက်ခြင်းအတိသာ ကျန်ပေတော့သည်။

“ငါတို့ရဲ့အာဘော်က အပြုသဘောဆောင်မှု၊ တောက်ပမှု၊ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်မြင့်မားမှုနဲ့ သဟဇာတဖြစ်နေတဲ့ ကျောင်းပရိဝုဏ်ပဲ”

ချင်ဖေးသည် ဆက်ပြီး စွပ်စွဲလိုက်လေသည်။

“နင်ကခဲ့တဲ့အရာက အကျင့်စာရိတ္တပျက်ပြားမှု၊ အမှောင်ထုနဲ့ အကြမ်းဖက်မှုတွေပဲ... နင်က ကျောင်းအတွက် တယ်ရှက်ဖို့ကောင်းတာပဲ။ ဒါကျောင်းအတွက် အတော်လေး အရှက်ရစေတယ်ဆိုတာ သိရဲ့လား”

ကျန်းယွီသည် သူမကို သရော်သောအကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။

“ဒါကျွန်မပြင်ဆင်ထားခဲ့တဲ့ အကမဟုတ်ဘူး.. ဘာလို့လဲဆိုတာ တီချယ်ချင်သိလား။”

“သူများနဲ့ကွဲထွက်ပြီးတော့ လူတွေအာရုံစိုက်တာ ခံချင်လို့ပဲ မဟုတ်ဘူးလား”

“ကျွန်မစင်ပေါ်မတက်ခင်တုန်းက ဟဲ့ကျီလုက ကျွန်မခေါင်းပေါ်ကနေ ရေပုံးလိုက် ရေအေးတွေကို လောင်းချခဲ့တယ်။ အဲ့ဒါနဲ့ ကျွန်မမိတ်ကပ်တွေပါ အဲ့လိုပျက်ဆီးသွားတော့တာပဲ.. တီချယ်ချင်.. ပြောကြည့်လေ.. ကျွန်မက ဘာလုပ်နိုင်ဦးမှာတဲ့လဲ”

ချင်ဖေးသည် ခဏလောက် ဆွံ့အသွားလေတော့သည်။ ဒီလိုအရာမျိုး ဖြစ်ပျက်ခဲ့လိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။ သူမသည် မျက်မှောင်ကျုံ့ကာ ပြန်ပြောလိုက်သည်။

“ဘာမဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတာလဲ? ငါပြောပြမယ်နော်... ဟဲ့ကျီလုရဲ့အဖေက ဟဲ့ရှန်းအိမ်ခြံမြေအကျိုးဆောင်ရဲ့ ဥက္ကဌပဲ.. သူက ပရိသတ်တွေထဲမှာတောင် ထိုင်နေတာ..။ ငါတို့ရဲ့ အရေးကြီးစပွန်ဆာဧည့်သည်လည်း ဖြစ်တယ်.. အဲ့တော့ လျှောက်ပြောမနေနဲ့”

ကျန်းယွီသည် လှောင်ပြုံးပြုံးလိုက်ကာ ခဏလောက်ကြာတော့ ဆက်ပြောလိုက်သည်။

“အော် တကယ်လား”

ချင်ဖေးသည် သူမပြောတာ အမှန်တရားဆိုတာကို သိပုံတော့ရသည်။ အချိန်ခဏလောက်နေပြီးမှ သူမလည်း ရှက်ရှက်နဲ့ ပြန်ပြောလိုက်သည်။

“အဝတ်အစားတွေကစိုပြီး မိတ်ကပ်က ပေပွနေတာကို စင်ပေါ်ကို တက်မသွားသင့်ဘူးလေ..။ အဲ့ဒါကို စင်ပေါ်တက်သွားတယ်တဲ့လား နင်ဘာတွေတွေးနေတာလဲ? ငါတို့ကျောင်းပုံရိပ်တော့ သွားပါပြီ”

“ဘာလို့ စင်ပေါ်မတက်ရမှာလဲ.. အနိုင်ကျင့်ခံရတာ ကျွန်မအပြစ်မို့လား”

ကျန်းယွီသည် သူမကိုစိုက်ကြည့်လိုက်ကာ “တစ်ခြားလူတွေလုပ်လိုက်တဲ့ အမှားရဲ့ အကျိုးဆက်ကို ကျွန်မက ဘာလို့ သည်းခံပေးရမှာတဲ့လဲ..။ ဘာလို့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံပေးရမှာတဲ့လဲ”

“ငါနင့်ကို သတိပေးလိုက်မယ်.. နင်သာ ငါတို့ကျောင်းကို မကောင်းတဲ့လွှမ်းမိုးမှုတွေ ဖြစ်လာစေခဲ့ရင် နင်တာဝန်ယူရမယ်”

ပြောပြီးသည်နှင့် တီချယ်ချင်သည် ဒေါသထွက်ပြီး ထွက်သွားလေသည်။

ကျန်းယွီသည် ထိုင်ခုံပေါ်တွင် ကျုံ့ကျုံ့လေးထိုင်လိုက်ပြီး ဘေးနားက အတန်းဖော်များသည်လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြကာ တိတ်တိတ်လေးထွက်သွားကြပြီး သူမကို တစ်ယောက်တည်း ထားခဲ့ပေးလိုက်သည်။

သူမသည် တစ်ယောက်တည်း ခဏလောက် ထိုင်နေခဲ့လိုက်သည်။ ထို့နောက် ရုတ်တရက်ဆိုသလိုပင် ကော်ရစ်ဒါအပြင်ဘက်က လူတစ်ယောက်လာနေတာကို တွေ့လိုက်သဖြင့် သူမသည် မတ်တပ်ရပ်ကာ ထကြည့်လိုက်သည်။

သူကတော့ ရှဲ့ယွမ်ပေ...။

ရှဲ့ယွမ်သည် သူမကို အဝေးကနေ ကြည့်နေလိုက်ကာ သူ့မျက်နှာအမူအရာကတော့ အတော်လေး ရှုပ်ထွေးနေလေသည်။ သူ့မျက်ဝန်းနက်များသည် သောကနှင့် သနားဂရုဏာသက်မှုများဖြင့် ပြည့်နှက်နေလေသည်။ ထို့အပြင် သူ့ကြည့်ရတာ တစ်မျိုးတစ်ဖုံကို သည်းခံချုပ်ထိန်းထားပုံရပြီး စိတ်ဓာတ်ကျနေသလိုလည်း ထင်ရပေသည်။

ကျန်းယွီသည် သူမဆံပင်ကို ဖြီးလိုက်ကာ ရှဲ့ယွမ်ရှေ့ကို လျှောက်သွားလိုက်သည်။

“မစ္စတာရှဲ့.. ဘာလို့စင်နောက်ကို ရောက်လာတာလဲ? ဦးကို ရှေ့ဆုံးတန်းမှာ တွေ့လိုက်တယ်။ ကြိုဆို...”

သူမ ပြောလို့မပြီးသေးခင်မှာပဲ ရှဲ့ယွမ်သည် သူ့ဝတ်စုံကိုချွတ်ပြီးနေပြီး ကျန်းယွီ၏ ပိန်ပါးလှသော ခန္ဓာကိုယ်လေးကို ဝတ်ပေးဖို့ ပြင်လိုက်သည်။

ကျန်းယွီလည်း အသိစိတ်အရ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ကာ ရှဲ့ယွမ်၏ ဝတ်စုံကို ရှောင်လိုက်သည်။

ကျန်းမန့်ယီ ပြောခဲ့သည့်အတိုင်းပင် ရှဲ့ယွမ်သည် အသက် ၄၀ ထဲ ရောက်နေပြီ ဖြစ်သော်လည်း တစ်ခါမှ အိမ်ထောင်မကျခဲ့ဖူးပေ။ သူ့ကြည့်ရတာ ငယ်ရွယ်ပုံပေါက်သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့အကွာအဝေးတစ်ခု ခြားထားရပေမည်။

ရှဲ့ယွမ်၏ အသံကတော့ အနည်းငယ် အက်ဝင်နေကာ သူမေးလိုက်လေသည်။

“စောနက.. သမီးအနိုင်ကျင့်ခံခဲ့ရတာလား”

သူဒီလိုမေးတာကို ကြားလိုက်သည်နှင့် အကြောင်းအရင်းတစ်ခုခုကြောင့် ကျန်းယွီ၏ နှာခေါင်းသည် မကြည်မသာဖြစ်လာကာ သူမမျက်လုံးများသည်လည်း နီလာလေသည်။

သူမမှားသွားတာပဲ.. တကယ်ကိုမှားသွားတာ...

“အေးနေလား”

သူမသည် ခေါင်းကိုငုံ့လိုက်ကာ ညင်ညင်သာသာလေး ခေါင်းခါပြလိုက်သည်။

“အခုတော့ မအေးတော့ပါဘူး”

“သူတို့သမီးကို ရိုက်ခဲ့သေးလား”

သူမသည် ဘာမှပြန်မပြောနိုင်တော့ဘဲ ခေါင်းသာထပ်ခါပြလိုက်သည်။ သူမ၏ လည်ပင်းထဲတွင် အတုံးအကြီးကြီးတစ်တုံး တစ်စို့နေသည့်အတိုင်းပင်။

ဖြစ်နိုင်တာက သူမငယ်ငယ်လေးကတည်းက အဖေမရှိခဲ့လို့များလား..။ သူမ အဖေအရွယ်လောက်ရှိသော လူကြီးတစ်ယောက်ဆီက ဂရုစိုက်ခံရတာကို ကျန်းယွီတကယ် စိတ်အဆင်မပြေဖြစ်မိသည်။

ရှဲ့ယွမ်သည် သူမရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး ရုတ်တရက်ကြီး ပြောလိုက်သည်။

“အထင်မမှားနဲ့နော်သမီးလေး.. ဒီဦးလေးက သမီးအပေါ် ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး။ ဦးရဲ့သမီးလေးပျောက်နေတာကို သမီးသိတယ်မလား။ ဒါပေမယ့် ဦးသမီးလေးနဲ့ သမီးက အရမ်းဆင်တယ်လို့ တွေးမိတော့.. သမီးကို ဒီလိုမျိုးမြင်ရတာ ဦးတကယ် ရင်ထဲမကောင်းဘူး..”

“ကျေးဇူးပါဦး.. ကျွန်မအဆင်ပြေပါတယ်”

“ဒါဆိုရင် ဘာလို့ငိုနေတာလဲသမီး”

ရှဲ့ယွမ်သည် သူမ၏မျက်ဝန်းထောင့်များမှာ မျက်ရည်များ အပြည့်ဖြစ်နေပြီကို မြင်လိုက်လေသည်။ ထို့နောက် မျက်ရည်ပေါက်လေးများက သူမ၏ပါးလေးနှစ်ဖက်ပေါ်သို့ မိုးရေပေါက်လေးများအလား ကျဆင်းလာလေတော့သည်။ ပြတင်းပေါက်မှန်ပိတ်လိုက်ရင်တောင် မတားဆီးနိုင်လောက်မည့် မိုးရေစက်များကဲ့သို့ပင်။

ကျန်းယွီသည် သူမအင်္ကျီလက်နှင့် မျက်ရည်များကို သုတ်လိုက်ကာ အတော်နစ်ဝင်နေသော နှာသံလေးနှင့် ပြန်ပြောလိုက်သည်။

“ဦးကိုတွေ့လိုက်ရတော့.. သမီးမှာ အဖေသာရှိခဲ့ရင် ဒီလိုမျိုး အနိုင်ကျင့်ခံရပါ့မလားလို့ တွေးမိလာတယ်..။ အဖေသာသိရင် ဒီအနိုင်ကျင့်တဲ့ကောင်တွေကို ကျိန်းသေပေါက် မောင်းထုတ်ပေးမှာပဲ”

သူ့သမီးလေး ဒီလိုပြောတာ ကြားလိုက်ရတော့ ရှဲ့ယွမ်တစ်ယောက် မကူနိုင်မဆယ်နိုင်အောင် စိတ်သောကရောက်သွားလေသည်။

ဒီကလေးမလေးကို သူ့လက်မောင်းတွေထဲ ဆွဲသွင်းပြီး သူမကို ‘အဖေ ဒီမှာရောက်လာပြီ’ လို့ ပြောပြချင်လှပြီ။ အဖေက သမီးကိုကာကွယ်ပေးမယ်၊ ပြီးရင် ရှောင်ယွီ့ကို ဘယ်သူကမှ အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူးဆိုတာကို ပြောပြချင်မိသည်။

သို့သော် သူ့ခေါင်းထဲမှာ ပေါ်လာသော ကျန်နေသေးသည့် အကြောင်းပြချက်တစ်ချို့ကြောင့် သူအခုမပြောပြနိုင်ခဲ့ပေ.. အချိန်ကိုက်မဟုတ်သေးဘူးပေါ့

ရှဲ့ယွမ်သည် သူမ၏ ပိန်ပါးလှသောပခုံးလေးပေါ် လက်တင်လိုက်ကာ တင်းတင်းကျပ်ကျပ် ဆုပ်လိုက်ပြီး အက်ကွဲနေသောအသံဖြင့် ပြောလိုက်သည်။

“ဦးက ကိုယ်စား စောင့်ရှောက်ပေးမှာပေါ့”

ရှဲ့ယွမ်သည် သူမကို တကယ်ကူညီချင်တယ်ဆိုတာ ကျန်းယွီသိတာမို့ သူ့ကိုတော့ သူမ ယုံကြည်နိုင်ပေသည်။

စက္ကန့်အနည်းငယ်လောက် တွန့်ဆုတ်နေပြီးနောက် ကျန်းယွီသည် အိတ်ထဲကနေ ဖုန်းကိုထုတ်လိုက်ကာ ရှဲ့ယွမ်ကိုပေးလိုက်သည်။

“သူတို့သမီးကို လော့ကာခန်းထဲခေါ်သွားတုန်းက ဖုန်းနဲ့ အသံသွင်းထားတာရှိတယ်”

ဟောခန်းထဲက နှစ်သစ်ကူးပါတီကတော့ ဆက်ကျင်းပနေဆဲဖြစ်ပေသည်။ ဖျော်ဖြေမှုများအားလုံးပြီးသွားသည့်အခါမှာတော့ ဆုပေးပွဲ အခမ်းအနားကို ဆက်ကျင်းပလိုက်သည်။ အနိုင်ရသည့်ကျောင်းသားများသည် ပထမ၊ ဒုတိယနှင့် တတိယဆုများ ချီးမြှင့်ခံရပေလိမ့်မည်။

အခမ်းအနားမှူး၏ တက်ကြွမှုအပြည့် အသံအကျယ်ကြီးသည် မြူးကြွလှသော သံစဉ်ကို အဖော်ပြုပေးနေလေသည်။ သူသည် အခမ်းအနားတင်ဆက်မှု စာရွက်ကို ဖတ်လိုက်တော့သည်။

“ချစ်ခင်ရပါသော အကြီးအကဲများနဲ့ ကျောင်းသားများခမျာ.. ဒီလို မမေ့နိုင်စရာ ညလေးမှာတော့ ကျွန်တော်တို့တွေ နှစ်သစ်ကို ကြိုဆိုလျက်ရှိပါတယ်။ ယွင်ရှီးအထက်တန်းကျောင်းဟာဆိုရင်ဖြင့် စာသင်ကြားမှု၊ ထုံးတမ်းစဉ်လာအတိုင်း ကောင်းမွန်တဲ့ပညာရေး၊ သဟာယစိတ်ဓာတ်၊ အချစ်တွေအပြင်... ဆရာမှ တပည့်တွေအပေါ် ဆုံးမသင်ကြားပေးပုံတွေ၊ ကျောင်းသားအချင်းချင်း ဆက်ဆံရေးကောင်းမွန်ပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းမှု တို့ကိုအလေးအနက်ထားပြီး အမြဲတမ်း လိုက်နာစောင့်ထိန်းနေတာပါ။ စာသင်ကြားတဲ့ ပတ်ဝန်းကျင်ပဲဖြစ်စေ၊ နေထိုင်ရတဲ့ ပတ်ဝန်းကျင်ပဲဖြစ်စေ.. အရမ်းကို သဟာဇာတဖြစ်နေတာပါ”

“ဒီနေ့ရဲ့ အာဘော်ကတော့ သဟာဇာတဖြစ်တဲ့ ကျောင်းပရဝုဏ်နဲ့ လူအများ လေးစားအားကျရအောင် စေ့ဆော်နိုင်မှု တို့ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလောက်နှစ်တွေ အများကြီးမှာတောင် ကျောင်းမှာတစ်ခါမှ ရန်ပွဲမရှိခဲ့ပါဘူး။ ဒါကြောင့်မို့လို့ ပေချန်မြို့ရဲ့ ကျောင်းတွေအများကြီးထဲမှာမှ စံပြကျောင်းလို့လည်း ဆိုနိုင်ပါတယ်”

ဒီပါတီ၏အာဘော်အတိုင်း သဟာဇာတဖြစ်သော ကျောင်းပရဝုဏ်ဆိုသလို ကျောင်းသားများ၏ ဖျော်ဖြေတင်ဆက်မှုများသည်လည်း ထိုအာဘော်အတိုင်းပင်.. အပြုသဘောဆောင်ခြင်း၊ တောက်ပခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်းနှင့် စိတ်ဓာတ်မြင့်မားမှုတို့ကို ဖော်ကြူးနေလေသည်။

စောနက ကျန်းယွီ၏ အကကတော့ အတော်ကို ရုတ်တရက်ဆန်လွန်းလှသည်။ သဟဇာတဖြစ်မှုလည်း အတော်မရှိသလို ရှေ့နောက်မညီသလို ဖြစ်သွားလေသည်...။ မကြာခင်မှာတော့ အခမ်းအနားမှူး၏ စိတ်အားထက်သန်လှသော ချီးမွမ်းခန်းများနှင့် ‘ပျော်ရွှင်ခြင်း တေးချင်း’ ၏ နောက်ဆုံးသီချင်းစာပိုဒ်မှာ ဘာမှမဟုတ်သလိုပဲ ပျောက်ကွယ်သွားလေတော့သည်။

ကြည့်ရတာ... ဘာမှမဖြစ်ခဲ့သည့်အတိုင်းပင်။

ပထမ၊ ဒုတိယနှင့် တတိယဆုများကို ပေးအပ်ပြီးသည့်နောက်မှာတော့ ဒီနှစ်၏ နှစ်ကုန်ပါတီ အထူးဆုကို ပေးအပ်ဖို့ အချိန်ရောက်လာလေတော့သည်။

အထူးဆုသည် အဖွဲ့လိုက်ပေးအပ်တာမဟုတ်ဘဲ တစ်ဦးတစ်ယောက်တည်းကို ပေးအပ်ခြင်းသာ ဖြစ်ပေသည်။ အထူးဆုရခဲ့လျှင် ယွဲ့ဖန်နည်းပညာအုပ်စုမှ စပွန်ဆာပေးမည့် ထောက်ပံ့ကြေး ယွမ်၄သောင်းကို ရမှာဖြစ်ပေသည်။

ချင်ဖေးသည် စင်ပေါ်သို့ တက်သွားပြီး ဒိုင်များပေးလိုက်သော စာအိတ်ကိုဖွင့်လိုက်သည်။ ထို့နောက် စင်အောက်က ထောင်အန်ရှင်းကို လှမ်းကြည့်လိုက်လေသည်။

ထောင်အန်ရှင်းမှာလည်း စင်ပေါ်ကို တက်သွားဖို့ စိတ်လောနေပြီဖြစ်သည်။

ဒီလောက်နှစ်တွေကြာပြီးသည့်နောက်မှာတော့ သူမတို့နှစ်ဦးသည် ဖွင့်ဟပြောရန် မလိုလောက်အောင်ပင် အပြန်အလှန် နားလည်နေကြလေပြီဖြစ်သည်။ ထို့အပြင် အချိန်တိုင်းမှာလည်း သူမသာ အထူးဆုကို ရခဲ့တာဖြစ်ပေသည်။

သူမသည် အမြဲတမ်း အဆင့်၁ကနေ၁၀အတွင်း ရှိလေသည်။ ဒီလိုနွမ်းပါးပြီး လူအများကို လွှမ်းမိုးနိုင်တဲ့ ကျောင်းသူတစ်ယောက်အနေနဲ့ ပြောရရင် ဒီဆုကိုလက်ခံဖို့က သူမထက်ပိုပြီး သင့်တော်သည့်လူ မရှိတော့ပေ။

ချင်ဖေးသည် စာအိတ်ကိုဖွင့်လိုက်ကာ ဆုပေးပွဲ မြူးမြူးကြွကြွသံစဉ်အောက်တွင် ‘ထောင်အန်ရှင်း’ ဟူ၍ အကျယ်ကြီး အော်လိုက်လေသည်။

လူတိုင်းသည် ခဏလောက် ဆွံ့အသွားကြလေကာ လက်ခုပ်သံများကလည်း ကျိုးတိုးကျဲတဲသာ ရှိလေသည်။

ကျောင်းသားများသည်လည်း ဒီဆုကို ကျန်းယွီရမည်ဟု တွေးထားကြခြင်းပင်။

ဘာပဲပြောပြော သူမ ကသွားတာက တကယ်ကို ရှော့ခ်ရစရာကောင်းပြီး လူတွေအပေါ် လွှမ်းမိုးမှုကောင်းကောင်း ရှိခဲ့တယ်လေ”

ထောင်အန်ရှင်းကတော့ သူမခေါင်းကို မော့သွားကာ ထိုကျိုးတိုးကျဲတဲ လက်ခုပ်သံများကြားမှာပဲ စင်ပေါ်ကို တက်သွားလေသည်။

“ကျွန်မကို ယုံကြည်ပေးကြတဲ့ ဆရာတွေအားလုံးရော ချစ်ပေးကြတဲ့ ကျောင်းသားတွေအားလုံးကိုရော ကျေးဇူးတင်ပါတယ်။ ဒီအထူးဆုကိုရလို့ ကျွန်မအရမ်းကို ပျော်မိပါတယ်။ ကျွန်မတို့ကျောင်းက တကယ်ကို နွေးထွေးတဲ့ မိသားစုကြီးပါပဲ.. ကျောင်းကလူတိုင်းက တကယ့် ညီအမတွေ ညီအကိုတွေလိုပါပဲ။ တကယ်ကို ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်ကောင်းလေးဖြစ်တာမို့ ကျွန်မတို့တွေ ကောင်းကောင်းစာကြိုးစားနိုင်ပြီး စာမေးပွဲတွေမှာ အမှတ်ကောင်းကောင်းတွေ ရနိုင်ပြီးတော့ ကျွန်မတို့ရဲ့ အမိကျောင်းတော်ကြီးကို ဂုဏ်တက်အောင် လုပ်ပေးနိုင်တာပါ”

ချင်ဖေးသည် သူမကို စိတ်ကျေနပ်မှုအပြည့်ဖြင့် ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

“နောက်ထပ်တော့ ကျွန်မက ယွဲ့ဖန်နည်းပညာအုပ်စုရဲ့ ဥက္ကဌဖြစ်သူ မစ္စတာရှဲ့ယွမ်ကို အထူးဆုပေးအပ်ချီးမြှင့်ပေးဖို့ စင်ပေါ်ကို ဖိတ်ခေါ်ချင်ပါတယ်”

သို့သော်လည်း ၁၀စက္ကန့်၊ စက္ကန့်၂၀သာ ကုန်လွန်သွားတယ်... ရှဲ့ယွမ်ကတော့ ဧည့်သည်များခုံရဲ့အလယ်မှာ လုံးဝမလှုပ်ဘဲ ထိုင်နေလေသည်။

ချင်ဖေးသည် ရှဲ့ယွမ်ကို အနေရခက်ခက်နှင့် ကြည့်လိုက်ကာ “မစ္စတာရှဲ့.. ကျေးဇူးပြုပြီး..."

ထို့နောက် သူသည် ဖြည်းဖြည်းချင်း သူ့ခေါင်းကို မော့လိုက်ကာ စင်ပေါ်က ထောင်အန်ရှင်းကို လှမ်းကြည့်လိုက်ပြီး စကား၃ခွန်းသာ ပြန်ပြောလိုက်သည်။

“ငြင်းဆိုတယ်”

ထိုစကားများထွက်လာသည်နှင့် ထောင်အန်ရှင်းအပါအဝင် လူတိုင်းသည် ဆွံ့အသွားလေသည်။ ထောင်အန်ရှင်းမှာတော့ မျက်နှာတောင် ဖြူဖတ်ဖြူရော် ဖြစ်လာလေသည်။

ရှဲ့ယွမ်ကတကယ်ကြီး အဲ့လိုပြောလိုက်တာလား.. ငြင်းတယ်ဆိုပြီးလေ?

ထောင်အန်ရှင်းအတွက်ရော ကျောင်းအတွက်ပါ အတော်ကြီးတဲ့ ထိုးနှက်မှုပင်။

ချင်ဖေးသည် ရှက်ရှက်နှင့် ပြုံးလိုက်ပြီး မျက်ခုံးကိုနိမ့်ကာ မေးလိုက်သည်။

“မစ္စတာရှဲ့.. ငြင်းဆိုရတဲ့ အကြောင်းအရင်းလေးကိုများ သိခွင့်ရှိမလား”

“သူ့တင်ဆက်မှုက ကျုပ်ကို စိတ်တိုင်းမကျစေဘူး။ ဒီလောက် အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကျောင်းပရဝုဏ်ဟာကို သူကငြိမ်းချမ်းမှုဆိုပြီး သရုပ်ဖော်နိုင်သေးတယ်။ ‘ပျော်ရွှင်ခြင်းတေးချင်း’ ဆိုတဲ့ သီချင်းနောက်မှာ ကျောင်းသားဘယ်နှယောက်လောက် ငိုကြွေးနေကြလဲရော သိရဲ့လား”

သူ့အသံတိတ်သွားသည်နှင့် အစတုန်းက ပျော်ရွှင်တက်ကြွဖွယ်ကောင်းနေသော အကသီချင်းသည်လည်း ရုတ်ချည်းအသံတိတ်သွားသည်။ ထို့နောက် အသံဖိုင်တစ်ခုအသံ ပေါ်ထွက်လာလေသည်။ ထိုအသံဖိုင်ထဲတွင် ရေသံများ ဦးဆုံးပေါ်ထွက်လာသည်။ ထို့နောက် ဆဲဆိုသံများ၊ ငိုသံများ၊ လှောင်ပြောင်ရယ်သံများ ပေါ်ထွက်လာတော့သည်။

“ခွေးမ.. မကောင်းတဲ့ကောင်မ.. နင်ကများ စင်ပေါ်တက်ပြီး ကချင်သေးတယ်ပေါ့..။ ကောင်းပြီလေ.. ငါတို့ကကူညီပေးရမှာပေါ့.. သွား ကတော့!”

“ဒီလိုသာဖြစ်သွားရင်ရော နင်စင်ပေါ်တက်နိုင်ဦးမှာလား.. တက်နိုင်မှာလားလို့?”

“သူ့မိတ်ကပ်ကိုဖျက်လိုက်”

“သူ့အင်္ကျီတွေကိုပါ ဆွဲချွတ်လိုက် ပြီးရင် သူ့ကိုလူချမ်းသာသူဌေးတွေရှေ့ အဲ့လိုတက်သွားခိုင်းလိုက်တာပေါ့.. နင်သကြားဖေဖေ မလိုချင်ဘူးလား? ဟားဟားဟား.. သူ့ကိုတက်သွားခိုင်းလိုက်”

ထို့နောက် ပစ္စည်းများ ပြုတ်ကျသံတွေနှင့်အတူ ကျန်းယွီ၏ ပြာဝင်နေသောအသံပါ ပေါ်ထွက်လာပေသည်။

“ထွက်သွားကြ!”

သူမကြည့်ရတာ အတင်းရုန်းကန်နေပုံပေါက်သည်။ ပစ္စည်းများလည်း ဆက်တိုက်ပြုတ်ကျနေကာ.. အဖြစ်အပျက်တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်နေပေသည်...။

“ဒါပဲလေ.. ဘယ်လိုပဲဖြစ်ဖြစ် သူစင်ပေါ်တက်သွားနိုင်မှာ မဟုတ်တော့ဘူး”

“အပြင်မှာ တစ်ယောက်ယောက်လာနေတယ်.. မြန်မြန်သွားစို့”

အသံဖိုင်ပြီးဆုံးသွားသည်နှင့် ဟောခန်းကြီးတစ်ခုလုံးပါ တိတ်ဆိတ်သွားလေသည်။

ဘယ်သူမှ စကားမပြောသောကြောင့် အသက်ရှုသံများပင် အတိုင်းသား ကြားနေရလေသည်။ သူတို့ဖုံးကွယ်ထားသည့် အမှောင်ထုထဲက စရိုက်လက္ခဏာများကို လူမိသွားသောကြောင့် ကြောက်ရွံ့နေကြခြင်းပင်။

ဒီလိုအသံဖိုင်ကို ကြားလိုက်ရသဖြင့် လူတိုင်း၏ နှလုံးသားမှာ တုန်ရီလာပေသည်။

ကျန်းယွီသည် ဟောခန်းဘေးက တံခါးကနေ ဖြည်းဖြည်းချင်း လမ်းလျှောက်ဝင်လာသည်။ သူမ၏ ဆံပင်များမှာ စိုနေဆဲဖြစ်ပြီး သူမ၏လက်များမှာလည်း အအေးဒဏ်နှင့် ဒေါသကြောင့် ထိန်းချုပ်လို့မရစွာ တုန်ခါနေလေသည်။

သူမသည် ဟဲ့ကျီလုနှင့် တစ်ခြားကောင်မလေးများထံ တန်းတန်းမတ်မတ်လျှောက်သွားလိုက်ပြီး ဟဲ့ကျီလုကို အင်္ကျီကော်လံမှ ဆွဲလိုက်ကာ စင်ပေါ်ကို အတင်းဆွဲခေါ်သွားလိုက်သည်။

ချက်ချင်းဆိုသလိုပင် တလက်လက်တောက်ပနေသည့် စတိတ်မီးလေးမှာ ဟဲ့ကျီလုမျက်နှာပေါ်သို့ ကျရောက်လာသဖြင့် သူမ၏ ဖြူဖတ်ဖြူရော်ဖြစ်ကာ ရှုံ့မဲ့နေသောမျက်နှာကို အတိုင်းသား မြင်နေရလေသည်။

သူမလုပ်ခဲ့သမျှ အပုပ်အပွများ လူတိုင်းရှေ့တွင် ဖော်ထုတ်ခံလိုက်ရသလိုပင် သူမသည် ကြက်သေသေနေကာ ခြေထောက်များပါ ပျော့ခွေ့နေသဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ကာ ကြောက်လွန်း၍ စတင်ငိုလေတော့သည်။

“အဲ့ဒါ ငါမဟုတ်ဘူး.. ငါဘာမှမလုပ်ခဲ့ဘူး..။ ငါ့အဖေက ဟဲ့ရှန်းနော်။ ဟဲ့ရှန်းအိမ်ခြံမြေရဲ့ ဥက္ကဌ.. သူဒီမှာရှိနေတာနော်။ ငါဘာမှလုပ်ခဲ့တာမဟုတ်ဘူး…။ နင့်မှာ ဘာသက်သေရှိလို့လဲ.. အသံဖိုင်ထဲက ငါမှမဟုတ်တာ။ ငါမဟုတ်ဘူး! ကျန်းယွီ.. နင်စောင့်နေလိုက်.. နင်စောင့်နေလိုက်! ငါ့အဖေက နင့်ကိုအလွှတ်ပေးမှာ မဟုတ်ဘူး”

ဟဲ့ကျီလုသည် မဟုတ်တမ်းတရားများကို စတင်ရေရွတ်လေတော့သည်။

“သူ ကျွန်မကို ချောက်ချတာ.. ဒါလျို့ဝှက်ကြံစည်မှုပဲ..။ ကျွန်မဘာမှမလုပ်ခဲ့ဘူး။ ကျွန်မက အဆင့်ကောင်းကောင်းတွေရထားတဲ့ ကျောင်းသူကောင်းတစ်ယောက်ပဲ။ ဒီလိုအရာမျိုးကို လုပ်မှာမဟုတ်ဘူး..။ ဒီဆင်းရဲတဲ့ ကလေကချေမစကားကို နားမယောင်ကြပါနဲ့။ သူကကျွန်မကို မနာလိုဖြစ်နေတာ။ အဖေ.. သမီးတကယ်ပဲ မလုပ်ခဲ့ဘူး”

ဟဲ့ကျီလုသည် ပရိတ်သတ်ထဲက သူမအဖေကို လှမ်းကြည့်၍ အကူအညီတောင်းလိုက်ကာ အဖေ့ဆီက အကာအကွယ်ရရန် မျှော်လင့်နေလေ၏။

ဟဲ့ကျီလု၏ အဖေ ဟဲ့ရှန်းသည် ဟဲ့ရှန်းအိမ်ခြံမြေ၏ ဥက္ကဌတစ်ဦးဖြစ်လေသည်။ သူသည် မတ်တပ်ထရပ်လိုက်ပြီး ဒေါသတကြီးနှင့် ပြင်းပြင်းထန်ထန် ပြန်အပြစ်တင်လိုက်သည်။

“ဒီလိုအသံဖိုင်အတိုလေးနဲ့ ဘာမှသက်သေပြနိုင်တာမဟုတ်ဘူး။ မင်းက ငါ့သမီးကို တမင်သက်သက် အသရေဖျက်နေတာပဲ။ မင်းကို ငါ တရားစွဲပစ်မယ်”

ထို့အချိန်တွင် ကျန်းယွီ၏ သူငယ်ချင်းဖြစ်သူ ချန်ဝေးက မတ်တပ်ထရပ်လိုက်ကာ ဟဲ့ကျီလုကို လက်ညိုးထိုးပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“သူက ကျွန်မကို သူ့အိမ်စာတွေ အတင်းရေးခိုင်းတယ်။ ကျွန်မသာ မလုပ်ပေးဘူးဆိုရင် ကျွန်မကိုပါးရိုက်တာ။ ပြီးတော့ ဆရာတွေကို ပြန်တိုင်လို့ရှိရင် ကျွန်မကို နေ့တိုင်းပါးချမှာလို့ပြောတာလေ”

တူအကြီးကြီးတစ်ခု၏ ရိုက်ချက်အလား ထိုစကားသည် လူတိုင်း၏ ရင်ထဲကို ထုရိုက်လိုက်တော့သည်။

နောက်တော့ ချက်ချင်းပဲ နောက်ကောင်မလေးတစ်ယောက်လည်း မတ်တပ်ထရပ်လိုက်ကာ ဟဲ့ကျီလုကို လက်ညိုးထိုး၍ ထပ်ပြောလိုက်သည်။

“သူ ကျွန်မကို ဝတ်လစ်စားလစ်ပုံတွေရိုက်ပြီး အင်တာနက်ပေါ်တင်ပစ်မယ်လို့ ခြိမ်းခြောက်တယ်”

“ကျွန်မရဲ့ ကိုယ်ရေးဒိုင်ယာရီကို လူလယ်ခေါင်မှာ သူဖတ်ပြခဲ့တာလေ”

“ကျွန်မက သူ့ရည်းစားကို မြူဆွယ်ပါတယ်လို့ပြောတယ် ပြီးတော့ ကျွန်မရဲ့ဆံပင်တွေကို ညှပ်ပစ်ခဲ့တယ်”

ကောင်မလေးတစ်ယောက်ပြီးတစ်ယောက် ထရပ်ကြကာ ပြောလိုက်ကြသည်။ ထိုတစ်ယောက်ချင်းစီထိုးလိုက်သော လက်ညိုးတိုင်းသည် ချွန်ထက်လှသော ဓားများအတိုင်းပင်။ စင်ပေါ်က သူမကို မီးမြှားများနှင့် ချိန်ရွယ်ကာ ပစ်နေသည့်အလားပေ။

ဟဲ့ရှန်းသည်လည်း ခုံပေါ်သို့ နောက်ပြန်ကျသွားကာ အတော်လေး တုန်လှုပ်ခြောက်ခြားသွားလေသည်။ သူ့ရှေ့မှာ ဒီလောက်လိမ္မာရေးခြားရှိတဲ့ သူ့သမီးက တကယ့်လက်တွေ့မှဦ ဒီလောက်ဆိုးရွားတဲ့ ကိုယ့်ကျင့်စရိုက်ရှိနေတာကို သူလုံးဝမမျှော်လင့်ထားပေ။

ဟဲ့ကျီလုသည် အတိတ်က သူမအနိုင်ကျင့်ခဲ့သော ထိုကောင်မလေးများ အားလုံးကို ကြည့်လိုက်သည်။ ထိုလူများအားလုံးသည် အခုအချိန် အခိုက်အတန့်လေးတွင် သူမကျူးလွန်ခဲ့သမျှ ပြစ်မှုများနှင့် သူမကို ပြန်စွဲချက်တင်နေကြပေသည်။

သူမသည် စကားတစ်ခွန်းမျှ ပြန်မပြောနိုင်တော့ဘဲ ကြမ်းပြင်ပေါ်ကိုသာ ပျော့ခွေပြီး ပြုတ်ကျသွားလေသည်။

ထိုကောင်မလေးများ၏ မျက်နှာများကိုပင် သူမတည့်တည့်မကြည့်ရဲတော့ပေ။

ထိုအချိန်တွင် ဟောခန်းအပြင်ဘက်ကနေ ရဲကားသံသည် ထွက်ပေါ်လာလေသည်။

ရှဲ့ယွမ်က ရဲခေါ်လိုက်ခြင်း ဖြစ်ပေသည်။ ရဲများရောက်လာတော့ သူတို့သည် ဟဲ့ကျီလုနှင့် သူမ၏ အပေါင်းအပါများကို ဟောခန်းထဲကနေ ဆွဲထုတ်သွားကြတော့သည်။

ရဲများက သူတို့ကို လက်ထိပ်ခတ်ကာ ခေါ်သွားသဖြင့် သူတို့သည် ခေါင်းများကိုငုံ့ထားကာ ပုံမှန်မြင်တွေ့နေကျ သူတို့၏ မောက်မာမှုများသည်လည်း ပျောက်ဆုံးသွားလေသည်။

ကျန်းယွီသည် သူတို့ကို ခံစားချက်မပါသည့်အလား ကြည့်လိုက်သည်။ ထိုအခိုက်အတန့်လေးတွင် သူမ၏ သတ္တိများအားလုံး ပြန်ရောက်လာပြီဟု သူမရုတ်တရက် ခံစားလိုက်မိလေသည်။

လူတွေကို အမြဲတမ်း အနိုင်ကျင့်နေတဲ့သူတွေက သူတို့ဝဋ်သူတို့ပြန်ခံရတာပါပဲလား.. သူတို့ကြည့်ရတာ အခုမှ တအားကြောက်တတ်နေကြတာပဲ.. အဲ့အပြင် သူတို့ကိုကြည့်ရတာ အတော်သနားဖို့ကောင်းနေပါရောလား...။

All Chapters