← Chapters

Chapter 35

Vol. 4 Ch. 35

Chapter 35

Vol. 4 Ch. 35

နှစ်ကုန်ပါတီတွင် ပြသနာအတော်များများ ဖြစ်သွားလေသည်။ ဟဲ့ကျီလုနှင့် သူမ၏ အပေါင်းအပါများသည်လည်း ရဲစခန်းသို့ စစ်ဆေးခံရရန် ခေါ်ဆောင်သွားခံရသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဟဲ့ကျီလုသည် လွန်ခဲ့တဲ့၂ပတ်က အသက်ပြည့်သွားပြီဖြစ်သောကြောင့် အရပ်သားဥပဒေချိုးဖောက်ခြင်းနှင့် အရေးယူလို့ရနိုင်သူတစ်ဦး ဖြစ်နေလေပြီ။

ထို့ကြောင့် ကျန်းယွီနှင့် အနိုင်ကျင့်ခံခဲ့ရသော တစ်ခြားကောင်မလေးများက ဒီအမှုကို လက်မလျော့ပေးသရွေ့ သူမသည် ကျိန်းသေပေါက်ကို အဆုံးသတ်ကောင်းမှာ မဟုတ်ပေ။

ဟဲ့မိသားစုကတော့ ကောင်မလေးများကို လှည့်ပတ်ပြီး အကြပ်ကိုင်လိုက်၊ သွေးဆောင်ဖြားယောင်းလိုက်ဖြင့် ဟဲ့ကျီလုကို တင်ထားသည့် စွဲချက်များကို ဖြေဖျောက်နိုင်အောင် လိုက်လုပ်နေတော့သည်။

သို့သော်လည်း ထိုသို့ပြုလုပ်ခြင်း၏ တိုက်ရိုက်အကျိုးဆက်များအရ သိပ်မကြာခင်မှာပဲ ဟဲ့မိသားစုသည် ရှဲ့ယွမ်၏ အရင်းရှင်နည်းလမ်းများအောက်တွင် ဒေဝါလီခံရလုနီးပါး ဖြစ်လာပေသည်။

လူတိုင်းသည် သူတို့လုပ်ခဲ့သောအမှားအတွက် ပြန်ပေးဆပ်ရမည်ပင်။

ပါတီပြီးသည့်နောက် ယွင်ရှီးအထက်တန်းကျောင်း၏ အုပ်ချုပ်ရေးပိုင်းသည်လည်း ကျောင်းတွင်းစည်းမျဉ်းစည်းကမ်းများကို ပြန်လည်ပြုပြင်မွမ်းမံလိုက်ကာ ကျောင်းတွင်းအကြမ်းဖက်မှုကို ပပျောက်အောင် ဆောင်ရွက်ခဲ့လေသည်။ အနိုင်ကျင့်မှုများကို မျက်စိမှိတ်ကာ မျက်ကွယ်ပြုခဲ့ကြသော အနုပညာဌာနမှ ချင်ဖေးနှင့် ဆရာတစ်အုပ်စုသည်လည်း အလုပ်ထွက်ဖို့ ဖိအားပေးခံခဲ့ရသည်။ ကျောင်းဆရာတစ်ယောက်၏ ကိုယ်ကျင့်တရားများ ဖောက်ဖျက်ပုံကြောင့် သူတို့၏ အလုပ်ဖောင်တွင်လည်း မကောင်းသောအမှတ်အသား ကျန်ခဲ့လေတော့သည်။

ဒီလိုဖြင့် ကျောင်းပတ်ဝန်းကျင်သည် တစ်နေ့တစ်ခြား ပိုပိုကောင်းမွန်လာခဲ့ပြီး ကျောင်းသားများကြားက နှိုင်းယှဉ်ချက်ပင် လျော့နည်းလာလေသည်။

နောက်ဆုံးစာမေးပွဲကြီး နီးလာတော့ ချူးလီသည် ကျန်းယွီအား နေ့စဉ်နေ့တိုင်း စာကြည့်တိုက်ကိုခေါ်သွားကာ သူမကိုစာပြန်နွေးဖို့ ကူညီပေးလေသည်။

အစကတော့ ကျန်းမန့်ယီတစ်ယောက် သူမကိုစာလုပ်ခိုင်းဖို့ ချူးလီကိုပြောတုံးက သူဒီအတိုင်းသာ ပြန်ဖြေလိုက်တာဟု ကျန်းယွီ ထင်နေခဲ့တာပင်။ ဒီလိုမျိုး အတည်ပေါက်ကြီး လုပ်လိမ့်မယ်လို့ သူမတကယ်မမျှော်လင့်ထားပေ။

ဒီအချိန်အတောအတွင်းတွင်တော့ ချူးလီသည် သူမကို အကစတူဒီယိုကိုတောင် မသွားခိုင်းတော့ပေ။ သူ့မှာအချိန်ရှိရင်ရှိသလောက် သူမစာလုပ်တာကိုသာ ထိုင်စောင့်ကြည့်နေတော့သည်။

တိတ်ဆိတ်သော စားပွဲခုံ၊ တိတ်ဆိတ်သော စာကြည့်တိုက်နှင့် ဆောင်းရာသီ၏ နေရောင်ခပ်နွေးနွေးလေးတို့သည် ပြတင်းပေါက်မှတစ်ဆင့် အလင်းရောင်များဖြာကျလျက် ရှိနေသည်။

ကျန်းယွီသည် ခေါင်းထဲဗလာဖြင့် စားပွဲပေါ်တွင် လှဲလျောင်းနေလေသည်။ သင်္ချာလေ့ကျင့်ခန်းစာရွက်များကတော့ သူမရှေ့တွင် ပြန့်ကျဲလျက် ရှိနေလေ၏။

တစ်ခါတစ်ရံတွင်တော့ သူမသည် ဘဲလေးအကဗီဒီယိုများကို ကြည့်ရန် ဖုန်းသုံးဖြစ်ပြီး၊ တစ်ခါတစ်ရံတွင်တော့ စားပွဲကို သူမ၏ ဘောပင်ထိပ်ဖျားလေးနှင့် သံစဉ်လေးဖြစ်အောင် တီးခေါက်နေတတ်သည်။

မျက်နှာချင်းဆိုင်က ချူးလီကတော့ သူမကိုစောင့်ကြည့်နေသည်ပင်။

သူမ၏ ပျော့ပျောင်းလှသောဆံပင်လေးအောက်တွင် အဖြူရောင်နားကြပ်လေးများကို ဖုံးကွယ်ထားလေသည်။ ကျရောက်နေသော နေအလင်းရောင်လေးမှာ သူမ၏မျက်နှာလေးကို ပိုးဇာလွှာလေးနှင့် ဖုံးအုပ်ထားသည့်အလားပင်။ သူမ၏ အသားအရည်မှာလည်း ဝင်းလက်တောက်ပနေလေသည်။ သူမ၏ မျက်လွှာလေးများကို ချထားသောကြောင့် ရှည်လျားလှသော မျက်တောင်လေးများမှာလည်း ကော့ညွတ်နေကာ မဆိုစလောက်လေး တုန်ရီနေပေသည်..

သူမကိုကြည့်ရတာ တစ်ခြားကမ္ဘာသို့ လိပ်ပြာလွင့်နေသည့်အတိုင်းပင်..။ Tchaikovsky ၏ ‘ဘဲငန်းရေကန်’ ကို နားထောင်ရင်း သူမစိတ်ဝိဉာဉ်သည် တေးသွားနှင့်အတူ လိုက်ကနေသည်ဟု ထင်ရပေသည်။

အတော်ကို ထူးကဲလှပလှသော စိတ်ကူးယဉ်ဆန်ခြင်းလေးပင်..။

ချူးလီအတွက်ပါ လက်တွေ့ဘဝနှင့် ကင်းကွာလှသည့် စိတ်ကူးယဉ်ကမ္ဘာငယ်လေး ဖြစ်နေပေသည်။

ချူးလီသည် မနေနိုင်တော့ဘဲ လက်ကိုဆန့်ထုတ်လိုက်ကာ သူ့လက်ချောင်းထိပ်လေးများနှင့် သူမ၏ အသားလေးကို လှမ်းထိလိုက်သည်။

ကျန်းယွီကတော့ နိုးနိုးကြားကြားနှင့် သူမမျက်လုံးများကို ဖွင့်လိုက်ကာ “ဘာဖြစ်လို့လဲ”

ချူးလီသည် သူ့လက်ညိုးလေးကို ကွေးလိုက်ပြီး သူမ၏ နဖူးလေးကို တောက်လိုက်သည်။

“နည်းနည်းလောက်ပိုပြီး အလေးအနက်ထားကြရအောင်”

ကျန်းယွီကတော့ လိမ်လိမ်မာမာနှင့်ပင် ခေါင်းပြန်ငြိမ့်ပြလိုက်ကာ“အိုး”

သူမသည် ဘောပင်ကို ကောက်ကိုင်လိုက်ပြီး စာရွက်ပေါ်က သင်္ချာပုဒ်စာတစ်ပုဒ်ဖြစ်သည့် parabolic calculus ကို အသည်းအသန် ဟိုခြစ်ဒီခြစ်လုပ်လိုက်သည်။

ထို့နောက် အချိန်အတော်ကြာအောင် သူမခေါင်းကိုသာ ကုတ်နေခဲ့ပြီး၊ အဲ့ဒီအပြင် multiple-choice (ဖြစ်နိုင်သောအဖြေများထဲမှ အမှန်ကိုရွေးချယ်ရသည့်ပုံစံ) မေးခွန်းအနည်းငယ်သာ လုပ်ခဲ့ပြန်သည်။

ချူးလီ၏ စာမေးပွဲစာရွက်ကတော့ ဖြေလို့ပင်ပြီးတော့မှာဆိုပေမယ့် ကျန်းယွီကတော့ multiple-choice မေးခွန်းများမှာတင် ရုန်းကန်နေရသေးသည်။ ထို့အပြင် သူမဆံပင်မှာလည်း အတော်ကို ရှုပ်ပွနေလေပြီ။

ချူးလီသည် သူမ၏ လေ့ကျင့်ခန်းစာအုပ်ကို လှမ်းဆွဲလိုက်ပြီး စစ်ကြည့်လိုက်ကာ ဘောပင်အနီရောင်နှင့် အမှားများကို ကြက်ခြေခတ်ပေးလိုက်သည်။

“မှားနေတယ်.. ဒီမေးခွန်းကလည်း မှားနေတယ်။ ဒီလောက်ရိုးရှင်းတဲ့ မေးခွန်းပုံစံကိုတောင် မင်းမလုပ်နိုင်ဘူးပဲ”

ကျန်းယွီသည် အမှားအနီများနှင့် အပြည့်ဖြစ်နေသော သူမ၏ လေ့ကျင့်ခန်းစာအုပ်ကို ကြည့်လိုက်ပြီး စားပွဲပေါ်တွင် စိတ်ညစ်ညစ်နှင့် လှဲအိပ်လိုက်ကာ သက်ပြင်းတစ်ချက်ပင် ချလိုက်သေး၏။

“စာလုပ်ရတာ တကယ်ခက်ခဲတာပဲ”

ချူးလီသည် သူမဘေးတွင် လာထိုင်လိုက်ကာ သူမရှေ့က တောင်ခြစ်မြောက်ခြစ်လုပ်ထားသော စာရွက်ကိုယူလိုက်ပြီး “ငါသင်ပေးမယ်လေ”

“နင်သင်ပေးရင်တောင် ငါနားမလည်နိုင်ဘူး”

ကျန်းယွီကတော့ မျက်မှောင်ကြီးကျုံ့ကာ ပွစိပွစိပြောလိုက်သည်။

“ငါက စာလုပ်သင့်တဲ့ ပုံစံမျိုးထဲ မပါဘူး။ အဲ့ဒါက အရမ်းကိုမှ အရမ်းကို ခက်ခဲတာပဲ။ ငါဘဲလေးမှာပဲ အာရုံစိုက်သင့်တယ်။ လူတွေက အောင်မြင်ဖို့ဆိုရင် သူတို့ဘယ်မှာအားသာလဲဆိုတာ ရှာဖို့လိုတယ်လေ..”

ချူးလီသည် စာရွက်ပေါ်တွင် parabola ကိုဆွဲလိုက်ကာ မျက်နှာတည်ကြီးဖြင့် ပြောလိုက်သည်။

“မင်းသာ အမှတ်ကောင်းကောင်းရအောင် ဖြေနိုင်ပြီး နာမည်ကြီးတက္ကသိုလ်တစ်ခုခုကိုသာ ဝင်ခွင့်ရခဲ့ရင် ဘဲလေးကချေသည်တွေကြားမှာ အတော်ဆုံးကျောင်းသူ ဖြစ်လာမှာပဲ”

“ဒါက.. ဘာကောင်းကျိုးရှိလို့လဲ?”

ကျန်းယွီသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

ချူးလီသည် ထိုအကြောင်းကို စဉ်းစားလိုက်ကာ ပြန်ပြောလိုက်သည်။

“အဲ့ဒါမိုက်တယ်လေ”

ကျန်းယွီ - ....

နောက်တစ်နာရီလောက် ကြာသည်အထိ ချူးလီသည် သူမအား သင်္ချာပုဒ်စာများကို စိတ်ရှည်လက်ရှည်နှင့် ရှင်းပြနေလေသည်။

သူ့လေသံကလည်း အရင်တုန်းကလို အေးတိအေးစက်ဟုတ်မနေတော့ဘဲ အနည်းငယ် နူးညံ့လာလေပြီ။ လူတွေကို နွေးထွေးမှုနဲ့ သက်တောင့်သက်တောင့်ဖြစ်စေတဲ့ ဆောင်းရာသီရဲ့ နေရောင်ခပ်နွေးနွေးလေးအတိုင်းပဲပေါ့...။

အရင်တုံးကတော့ ချူးလီကို စိတ်မရှည်ဘူးလို့ ကျန်းယွီထင်ခဲ့မိသည်။ သူမသာ စကားနည်းနည်းလောက် မပြောဘူးဆိုရင် သူစိတ်ဆိုးတာနဲ့ သူမကို လစ်လျူရှုပေလိမ့်မည်။

အခုကျတော့ သူ့ကြည့်ရတာ အတော်လေးစိတ်ရှည်ပြီး သင်္ချာပုဒ်စာများကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် သေချာရှင်းပြနေလေသည်။

ထပ်ခါထပ်ခါရှင်းပြနေသော်လည်း သူမကတော့ အခုထိ သဘောမပေါက်သေးပေ။

မေးခွန်းလေး အနည်းငယ်ကိုပင် တစ်နာရီတိတိကြာခဲ့လေသည်။ နောက်ဆုံးကျမှပဲ သူမနားလည်သွားလေတော့သည်။

ထို့ကြောင့် သူမကိုယ်တိုင်လုပ်ကြည့်ဖို့ စိတ်ဝင်စားစရာမေးခွန်းတစ်ချို့ကို ချူးလီပေးကြည့်လိုက်သည်။

ကျန်းယွီသည် ဘောပင်ကိုကိုင်ကာ အကြောင်းအရာကိုကြည့်လိုက်ပြီး မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ ကြောင်တောင်တောင်ဖြင့် ကြည့်နေလေသည်။

“ဒီမေးခွန်းက အရင်မေးခွန်းကိုပဲ ငါဂဏန်းနည်းနည်းပြောင်းလိုက်တာလေ!”

သူဘယ်လောက်ပဲ စိတ်ရှည်စေဦးတော့ သူထိန်းမထားနိုင်တော့ပါ။

“ဘယ်လိုတွက်ရမလဲ သိရမယ်လေ!”

“ရှောင်ဟုန်အိမ်ပြန်ရောက်ဖို့ ဘယ်လောက်ကြာလဲ.. ဒီမေးခွန်းက ရှောင်မင်ကျောင်းသွားဖို့ ဘယ်လောက်ကြာလဲလို့ မေးတာလေ!”

ကျန်းယွီသည် မျက်မှောင်ကျုံ့လိုက်ကာ “ဒါပေမယ့် ငါက ဘာဖြစ်လို့ သူတို့အိမ်ပြန်တဲ့ကြာချိန်နဲ့ ကျောင်းသွားတဲ့ကြာချိန်ကို တွက်ပေးရမှာလဲ! အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲ?”

ချူးလီသည် သူ့နဖူးကို ပွတ်လိုက်ကာ အတော်လေးကို အကြပ်ရိုက်သွားသည်။

ဒီကောင်မလေးက တကယ်ကို စာမလုပ်နိုင်ဘူးပဲ။

“ထားလိုက်တော့”

ချူးလီသည် လေ့ကျင့်ခန်းစာအုပ်ကို ပိတ်လိုက်ကာ ဟိုဟိုဒီဒီရေးထားသော စာရွက်ကို ပြန်ယူလိုက်ပြီး “စိတ်ချမ်းသာသလိုပဲ နေတော့”

ကျန်းယွီသည် အားပျက်သွားကာ သူ့ကို ငေးကြည့်နေရင်း ဝမ်းနည်းသောအသံလေးဖြင့် ပြန်ပြောလိုက်သည်။

“နင်စိတ်ပျက်သွားတာလား?”

“မဟုတ်ပါဘူး.. ငါ မင်းကို စိတ်ပျက်မှာ မဟုတ်ပါဘူး”

“ဒါဆိုရင် ငါ့ကိုဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲ”

ကျန်းယွီသည် ချူးလီသူမကို အထင်သေးနေသည်ဟု ခံစားမိလိုက်သည်။

“နင်ကဉာဏ်ကောင်းတာတော့ ဟုတ်ပါတယ်.. ဒါပေမယ့် နင်ဘဲလေးတော့ မကနိုင်ဘူးလေ...”

“ဆတ်ဆတ်ထိမခံဖြစ်နေတာပဲ”

ချူးလီသည် ဖွဖွလေးပြုံးလိုက်ပြီး သူ့ခေါင်းလေးကို သူမ၏ ပိန်ပါးသော ပခုံးလေးများထက် တင်လိုက်သည်။

“မင်းညံ့တယ်လို့ ကိုယ်မထင်ပါဘူး.. ကိုယ်နည်းနည်းပင်ပန်းနေပြီမို့ပါ”

“ဒီလောက်နဲ့ ပင်ပန်းနေပြီလား? ဒါဆိုရင် နင်ကျန်းမာရေး သိပ်မကောင်းဘူးပဲ"

“ဘယ်လိုပြောရမလဲ.. နည်းနည်းဟာတာတာ ဖြစ်လာရုံပါ”

“ဟာတာတာဖြစ်လာတယ်ပေါ့?”

“မင်းကြောင့်ပဲလေ”

“...”

ကျန်းယွီသည် သူပြောတာကို ဂရုစိုက်ဖို့ကို အတော်လေးပျင်းသဖြင့် ဘောပင်ကိုသာ ကောက်ကိုက်လိုက်ကာ စာရွက်အကြမ်းတွင် သူရေးလိုက်သော ပုဒ်စာကို အလေးအနက် ထိုင်စဉ်းစားနေလိုက်သည်။

ချူးလီသည် သူမ၏ မျက်မှောင်ကျုံ့ကာ အာရုံစိုက်နေသော မျက်နှာကို ကြည့်လိုက်ပြီး “မင်းမကြိုက်ဘူးဆိုရင်လည်း ရတယ်လေ။ အတင်းကြီး ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးနဲ့။ ငါတော့ ကောင်မလေးကို စာလုပ်ခိုင်းဖို့ ဘဲလေးကိုတောင် ခဏရပ်ခိုင်းပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ရည်းစား မဖြစ်ချင်ဘူး”

“မဟုတ်ဘူး”

ကျန်းယွီကတော့ ခေါင်းမာမာနှင့် ပြန်ပြောလိုက်သည်။

“နင်နဲ့ယှဉ်ရင် ငါကအမြဲတမ်း ငတုံးလိုပဲ”

“ငတုံးဖြစ်ရတာလည်း ဘာမှမှားမနေပါဘူး”

“မဟုတ်ဘူး”

သူမသည် သူ့ကိုစိုက်ကြည့်လိုက်ကာ“နင်ကအရမ်းတော်နေတယ်.. အဲ့ဒါကို ငါကအရမ်း တုံးလွန်းနေရင် ငါ နင်လှည့်စားတာပဲ ခံနေရမှာပေါ့”

ချူးလီ၏ နှုတ်ခမ်းထောင့်လေးများမှာ ကွေးတက်သွားပြီး အပြုံးသေးသေးလေးတစ်ခု ပေါ်ထွက်လာလေသည်။

“ငါ မင်းကို ဘာလိမ်နေလို့လဲ.. မင်းကိုလိမ်နေတာပဲဖြစ်ဖြစ် မင်းနှလုံးသားကို လိမ်နေတာပဲဖြစ်ဖြစ်လေ လုပ်နေလို့လား”

“အကုန်ညာနေတာ”

“မင်းကိုအရူးလုပ်ရတာ လွယ်တယ်ဆိုရင်တော့ ကောင်းမှာဆိုပေမယ့်ပေါ့”

ချူးလီသည် အကြောအချဉ်ဆန့်လိုက်ကာ ဘေးဘီကို ကြည့်လိုက်သည်။ ဒီလှပတဲ့မိန်းကလေးငယ်လေးကတော့ ပုံဆောင်ခဲပုလင်းထဲမှာ အမြတ်တနိုးထည့်ထားသင့်တဲ့ နတ်သမီးပုံပြင်တွေထဲက မင်းသမီးငယ်လေးကျနေရောပဲ..။

သူ့နှလုံးသားထဲတွင် ထိန်းချုပ်ဖို့ခက်ခဲလှသော စိတ်တွန်းအားတစ်ခု ဖြစ်ပေါ်နေလေသည်။ သို့သော် တစ်ချိန်တည်းတွင်ပဲ ထူးဆန်းသော ဝန်လေးနေမှုတို့ပါ ဖြစ်ပေါ်နေလေသည်။ ထို့ကြောင့် အတတ်နိုင်ဆုံး ချုပ်ထိန်းပြီး သည်းခံလိုက်ဖို့ကိုသာ သူကြိုးစားလိုက်လေသည်။

“ချူးလီ”

“ဟင်?”

ကျန်းယွီ ခေါင်းလှည့်လိုက်ချိန်တွင်တော့ သူ့မျက်ဝန်းနက်များက သူမကို ငေးကြည့်နေတာကို တွေ့လိုက်ရသည်။ ထို့အပြင် ချူးလီ သူမကို ကြည့်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲဆိုတာကိုတော့ သူမ,မသိခဲ့ပေ။

“ငါနင့်ကိုမေးချင်တာရှိတယ်.. နင့်အမေအကြောင်း အရင်က ပြောဖူးတယ်လေ.. ငါ့ကိုအဲ့ထက်ပိုပြီး ပြောပြပါလား”

ချူးလီသည် သူမလေ့ကျင့်ခန်းစာအုပ်ကို ဆွဲယူလိုက်ပြီး မေးခွန်းများကို အမှတ်ခြစ်ပေးလိုက်သည်။

“ဘာလို့သိချင်လာတာလဲ”

“ငါ နင့်ကို ပိုပြီး ကောင်းကောင်းသိချင်တယ်လေ”

ချူးလီသည် သူမ၏ ချဉ်းကပ်မှုကို မငြင်းပယ်ခဲ့ပါ။ ထို့အပြင် သူမတစ်ယောက် သူ့ကိုနားလည်လာတာကိုလည်း သူလိုချင်ပေသည်။ ထို့ကြောင့် သူပြောပြလိုက်သည်။

“ငါငယ်ငယ်တုန်းက အမေက အဲ့လူနဲ့ ကွာရှင်းလိုက်တာ။ ငါ့မှာ အမေနဲ့ပတ်သတ်တဲ့ အမှတ်တရမရှိဘူး။ ငါမှတ်မိတဲ့ တစ်ခုတည်းသောအရာက အမေက အတော်လေးကိုလှတယ်ဆိုတာပဲ.. ပြီးတော့ ကြည့်ရတာ တက္ကသိုလ်မှာ ပါမောက္ခထင်တယ်”

“မထူးဆန်းတော့ပါဘူး”

ကျန်းယွီသည် စဉ်းစဉ်းစားစားဖြင့် ပြန်ပြောလိုက်သည်။

“နင့်မိဘနှစ်ပါးလုံးက ဉာဏ်ကြီးရှင်တွေပဲနော်.. နင်ဒီလောက် တော်နေထက်နေတာ မထူးဆန်းတော့ပါဘူး။ ကြည့်ရတာ မျိုးရိုးဗီဇက တကယ်လက်ဆင့်ကမ်းထားတာပဲ”

သို့သော်လည်း သူမစကားပြောပြီးသည်နှင့် ချူးလီမျက်နှာကတော့ တည်သွားလေသည်။

ကျန်းယွီသည် သူ့အဖေက မကောင်းတဲ့အရာတွေ အများကြီးလုပ်ခဲ့တဲ့ ကြောက်စရာ စိတ်ပညာရှင်တစ်ယောက်ဆိုတာကို ချက်ချင်းသတိရသွားလေ၏။

ထို့ကြောင့် သူမသည် စကားလမ်းကြောင်းပြောင်းကာ ထပ်မေးလိုက်သည်။

“အခု နင့်အမေဘယ်မှာလဲရော သိလား”

“ပေချန်တက္ကသိုလ်”

ချူးလီသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက်သည်။

“ပေချန်တက္ကသိုလ်မှာ ပါမောက္ခ၊ ချန်ကျင်းပညာရှင်တဲ့။ သူ့ကို တီဗီက ယဉ်ကျေးမှုကဏ္ဏမှာ တွေ့လိုက်ရတာ။ အမေ့ကိုမြင်လိုက်ရတော့ သူ့ပုံစံက.. ငါငယ်ငယ်တုန်းက မှတ်မိတဲ့ပုံစံအတိုင်းပဲ နည်းနည်းလေးမှ ပြောင်းမသွားဘူး”

“ချန်ကျင်းပညာရှင်တဲ့လား.. ဘုရားရေ! အရမ်းအံ့ဩဖို့ကောင်းတာပဲ”

“အင်း”

ချူးလီ မျက်နှာပေါ်တွင် မြင်ရခဲသော နူးညံ့သိမ်မွေ့မှုလေးကို မြင်နေရလေသည်။

“အမေက တကယ်တော်တဲ့လူပဲ.. ငါသာ ဒီ့ထက်ပိုကောင်းလာမယ်ဆိုရင် ငါတို့တွေ သူ့ကို သွားတွေ့လို့ရမယ်လို့ထင်တယ်..။ အရင်ဆုံးတော့ အကောင်းဆုံးတက္ကသိုလ်ကို ဝင်ခွင့်ရအောင် အရင်လုပ်ရမှာပေါ့”

“အဲ့ဒါက ပေချန်တက္ကသိုလ်ပေါ့လေ?”

“အင်း.. အမေ့ကို အံ့အားသင့်သွားအောင် လုပ်ပေးလို့ရတာပေါ့”

ကျန်းယွီသည် သူ့နှုတ်ခမ်းထောင့်လေးများကို လှမ်းကြည့်လိုက်သည်။ သူ့ကိုယ်သူတောင် မသိလိုက်ဘဲ ပြုံးနေမိတဲ့ အပြုံးလေးကို ကြည့်ခြင်းအားဖြင့် ချူးလီရဲ့နှလုံးသားထဲမှာ သူ့အမေက အတော်လေးကို အရေးပါတဲ့ တည်ရှိမှုပဲဆိုတာကို ကျန်းယွီသိလိုက်ရသည်။

ဖြစ်နိုင်သမျှ အကောင်းဆုံးအခြေအနေနဲ့သာ သူမကိုတွေ့ချင်စိတ်ရှိပြီး သူမကို သူ့အတွက် ဂုဏ်ယူရအောင် လုပ်ချင်ပေသည်။

ကျန်းယွီသည်လည်း သူမနှလုံးသားထဲတွင် နွေးထွေးမှုလေးကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ့နားကို ကပ်ထိုင်လိုက်ပြီး လက်ဆန့်လိုက်ကာ ချူးလီ၏ ဆံပင်လေးများကို ပွသွားသည်အထိ ပွတ်လိုက်မိသည်။

“ငါ့ရည်းစားလေးက တကယ်ကို ရည်မှန်းချက်ကြီးတာပဲ.. အဲ့တော့ ငါသေချာစာမကြိုးစားဘူးဆိုရင် ဘယ်တရားပါ့မလဲ နော်”

သူမချဉ်းကပ်လာသည်နှင့် ချူးလီ၏ အာရုံ၅ပါးတို့လည်း ပြန်၍ နိုးကြားလာပြန်သည်။ သူမ၏ ကိုယ်သင်းနံ့လေးကို အနံ့ခံလိုက်ကာ သူမ၏အထိအတွေ့လေးကို ခံစားကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်အပူချိန်ကပင် သူနှင့် နီးကပ်လွန်းလှပေသည်...

သူမကို သူ့လက်များနှင့် သိုင်းဖက်လိုက်ချင်သည့်အခါမှာတော့ ကျန်းယွီက သူမလက်များကို ပြန်ရုတ်သိမ်းလိုက်လေသည်။ ထို့နောက် သူမလက်မောင်းများကို စားပွဲပေါ်တွင် လှဲချလိုက်ပြီး မေးခွန်းများကို အလောတကြီးဖြေလိုက်တော့သည်။

“ဒါဆိုရင် ငါနောက်ကျကျန်ခဲ့လို့ မရဘူးပဲ..။ ငါလည်း ငါ့ရည်းစားလေးနဲ့အတူတူ တက္ကသိုလ်တစ်ခုတည်းကို ဝင်ခွင့်ရမှဖြစ်မှာပေါ့”

ချူးလီသည် သူမ၏ ပုံပန်းသဏ္ဍာန်လေးကိုကြည့်လိုက်ကာ သူ့ရင်ထဲက စိတ်ဆန္ဒများ ပြန်၍ လှိုက်တက်လာပြန်သည်။ ထို့နောက် ပြန်၍ပင် ချုပ်တည်းလိုက်ရပြန်သည်။

အချိန်အတော်ကြာအောင် သူ့လည်စေ့လေးမှာ အပေါ်အောက် လှိမ့်တက်နေပေကာ တံတွေးများကို မျိုချနေရသည်။ ထို့နောက် သူမဘေးတွင်ထိုင်လိုက်ပြီး စိတ်ကိုချုပ်တည်းရင်းသာ ပြောလိုက်သည်။

“မဟုတ်ဘူး မှားနေတယ်လေ.. မသိရင် မင်းရည်းစားကို မေးပါလား"

All Chapters