Chapter 36
Vol. 4 Ch. 36
ကျန်းယွီသည် မမျှော်လင့်ထားစွာဖြင့် နောက်ဆုံးစာမေးပွဲကြီးကို ကောင်းကောင်းဖြေဆိုနိုင်ခဲ့ပေသည်။ သူမအဆင့်များသည် အလယ်၏ အပေါ်နားလောက်တွင် ဖြစ်သောကြောင့် တက္ကသိုလ်ကောင်းကောင်းတစ်ခုကို အခက်အခဲမရှိ ဝင်ခွင့်ရနိုင်ပေလိမ့်မည်။
ကျန်းမန့်ယီကတော့ အလွန်ပျော်ရွှင်နေလေသည်။ အနာဂတ်မှာ ကျန်းယွီတစ်ယောက် တက္ကသိုလ်ကောင်းကောင်း ဝင်ခွင့်ရနိုင်ရန်အတွက် အလုပ်တွေသေအောင်ကြိုးစားကာ ပိုက်ဆံရှာပြီး ကျန်းယွီကို ယွင်ရှီးအထက်တန်းကျောင်းကို ပို့ခဲ့သည် မဟုတ်ပါလား။
သူမသည် ရှင်းဟွာတက္ကသိုလ် သို့မဟုတ် ပီကင်းတက္ကသိုလ်ကို တက်ရန် သူမကို တွန်းအားမပေးခဲ့ပေ။ သူမသမီးလေးသည် ထိုကဲ့သို့ စာကြိုးစားမည့် ကျောင်းသားမဟုတ်ဘူးဆိုတာကို သိနေလို့ပင်။ ထို့အပြင် သာမန်တက္ကသိုလ်ကောင်းကောင်းတစ်ခုကိုသာ ဝင်ခွင့်ရရင်တောင် သူမအရမ်း စိတ်ကျေနပ်မိမှာ ဖြစ်ပေသည်။
နှစ်သစ်ရောက်တော့မည့် ၃၀ရက်နေ့တွင် ကျန်းမန့်ယီသည် ကျန်းယွီကို မနက်အစောကြီး နိုးလိုက်ကာ ကောင်းကောင်းဝတ်စားစေပြီး နှစ်ကူးပစ္စည်းများ အတူတူသွားဝယ်ရန် စူပါမားကတ်ကို ခေါ်သွားလိုက်သည်။
ဒီညတော့ သူမသည် သမီးလေး၏ ကြိုးစားမှုရလဒ်အတွက် နှစ်ကူးညစာစားပွဲကို ခမ်းခမ်းနားနားကျင်းပပေးကာ ဆုချပေးဖို့ ချက်ပြုတ်ပေတော့မည်။
စူပါမားကတ်သည်တော့ ရောင်စုံမီးရောင်လေးများနှင့် အလှဆင်ထားကာ နှစ်ကူးကြောင့် အလွန်ကို စည်ကားနေလေသည်။
ကျန်းမန့်ယီ အထူးတလည် ဝယ်ထားပေးသော အနီတောက်တောက် ဂျာကင်တိုလေးကို ဝတ်ဆင်၍ ကျန်းယွီသည် သမ်းဝေတကာ လက်တွန်းလှည်းလေးကိုတွန်း၍ သူ့အမေနောက်ကို ပျင်းပျင်းရိရိနှင့် လိုက်လိုက်သည်။
ကျန်းမန့်ယီကတော့ နှစ်ကူးပစ္စည်းများထားသည့်နေရာတွင် အရှေ့ကြည့်လိုက် အနောက်ကြည့်လိုက်ဖြင့် စျေးချထားသော ထုတ်ကုန်များကို သေချာလိုက်ရှာနေပေသည်။
ကျန်းယွီသည် သမ်းဝေလိုက်ကာ မိန်းမောနေလျက် နောက်သို့ လှည့်ကြည့်လိုက်မိသည်။ ထို့နောက် အလွန်ရင်းနှီးသော ပုံပန်းတစ်ခုကို တွေ့လိုက်ရသည်။ သူကတော့ ရှဲ့ယွမ်ဖြစ်နေလေသည်။
ရှဲ့ယွမ်ကတော့ ပစ္စည်းများကို အအေးခန်းထဲတွင် ထည့်ထားသည့်နေရာတွင် ရပ်နေပြီး ရေခဲရိုက်ထားသော ဖက်ထုပ်များကို ရွေးထုတ်နေလေသည်။
ကျန်းယွီလည်း သူမဘက်က စတင်နှုတ်ဆက်လိုက်တော့သည်။
“မစ္စတာရှဲ့!”
ရှဲ့ယွမ်ကြည့်လိုက်မိတော့ ကျန်းယွီကို တွေ့လိုက်ရသဖြင့် သူမျက်လုံးများပြူးသွားကာ သူမဆီသို့ လျှောက်သွားလိုက်လေသည်။
“ရှောင်ယွီ.. သမီးရော အမေနဲ့ နှစ်ကူးပစ္စည်းတွေ ဝယ်ဖို့လာတာပေါ့”
“ဟုတ်”
ကျန်းယွီသည် သူ့တွန်းလှည်းထဲမှာ အမဲသားနှပ်၊ ကြက်သားစသည့် အသင့်ထုပ်ပိုးပြီးသား အစားအသောက်များနှင့် ပြည့်နှက်နေတာကို တွေ့လိုက်သဖြင့် မေးကြည့်လိုက်သည်။
“ဦးက နှစ်ကူးညစာကို ဒါတွေစားမလို့လား?”
ရှဲ့ယွမ်ကတော့ ရှင်းပြလိုက်သည်။
“ဦးက ညကျရင် အလုပ်အချိန်ပိုလုပ်ရဦးမယ်လေ.. အဲ့တော့ ဒီလောက်က လုံလောက်ပါတယ်”
“မဟုတ်သေးဘူးလေ.. နှစ်ကူးကြီးမှာ အချိန်ပိုလုပ်မယ်တဲ့လား.. မဖြစ်သင့်တာ..။ ဦးက ကုမ္ပဏီရဲ့သူဌေးမဟုတ်ဘူးလား? ဘယ်သူကများ ဦးကိုအချိန်ပိုဆင်းပါဆိုပြီး လာခိုင်းနိုင်မှာမို့လဲ?”
“ဘာလို့လဲဆိုတော့ ဝန်ထမ်းတွေက နှစ်ကူးအတွက် အိမ်ပြန်သွားကြတယ်လေ။ အဲ့တော့ ဦးတစ်ယောက်တည်း အလုပ်တွေပိုလုပ်ရမှာပေါ့”
ရှဲ့ယွမ်သည် လူလွတ်ဖြစ်ပြီး အိမ်ထောင်မပြုရသေးတာ ကျန်းယွီသိလေသည်။ အရင်တစ်ခေါက်က သူမကို ထိုကဲ့သို့ ကူညီပေးခဲ့တဲ့အတွက် သူ့အပေါ် အလွန်ကို အထင်ကြီး လေးစားနေခဲ့သည်ပင်။ ထို့အပြင် သူ့ကိုကျေးဇူးပြန်ဆပ်ဖို့ အခွင့်အရေးကို ရှာမတွေ့သေးပေ..။
ထို့ကြောင့် ကျန်းယွီသည် ရိုးရိုးသားသားနှင့် ပြောလိုက်သည်။
“ဦး.. သမီးတို့အိမ်ကို.. လိုက်ခဲ့မလား”
ကျန်းမန့်ယီတစ်ယောက် ဒါကိုကြားလိုက်သည့်အခါမှာတော့ ချက်ချင်းကို ငြင်းလိုက်လေသည်။
“မဟုတ်တာတွေ လျှောက်မပြောနဲ့.. မစ္စတာရှဲ့က ဘယ်လိုလူမျိုးမို့လဲ။ မစ္စတာရှဲ့လို ပုဂ္ဂိုလ်တစ်ယောက်က ငါတို့အိမ်ကို ဘယ်လိုလုပ်လာနိုင်မှာတဲ့လဲ?”
ရှဲ့ယွမ်သည် ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်။
“သမီးစိတ်ထဲမထားဘူးဆိုရင် ဦးအလုပ်ပြီးရင် လာခဲ့လို့ရပါတယ်”
“စိတ်ထဲမထားပါဘူး။ ထားစရာလား”
ကျန်းယွီသည် အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
“အရင်တစ်ခေါက်က ဦးကူညီပေးခဲ့တာအတွက် ကျေးဇူးပြန်ဆပ်ဖို့ ဒီအခွင့်အရေး ယူလိုက်မယ်နော်”
ကျန်းမန့်ယီသည် ကျန်းယွီကို ဘေးနားဆွဲလိုက်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
“အိမ်ကိုဖိတ်ရလောက်တဲ့အထိ ဒီလူနဲ့သိနေလို့လား.. အိမ်နီးချင်းတွေ အတင်းပြောကြမှာ မသိဘူးလား"
“ဘာအရေးပါလို့လဲ။ သူတို့သာပြောရတာကြိုက်တယ်ဆိုရင် ပြောကြပါစေ။ ဦးက အိမ်ထောင်လည်းမရှိဘူး မိန်းမလည်းမရှိဘူး။ သူတို့အတင်းပြောတယ်ဆိုလည်း အမေ့ကို မနာလိုကြလို့ပဲလေ”
ကျန်းယွီသည် ကျန်းမန့်ယီ၏ ပခုံးကို ပုတ်လိုက်ကာ“ပြီးတော့ မစ္စတာရှဲ့က အရမ်းသမာသမတ်ကျတဲ့လူတစ်ယောက်ပါ.. အမေ့အပေါ် မကောင်းတွေးတာမျိုး ရှိမှာမဟုတ်ဘူး”
ကျန်းမန့်ယီသည် ကျန်းယွီကို စိတ်ဆိုးချင်လာသည်။
သူတို့နှစ်ဦးသည် သားအဖအရင်းများဖြစ်ကြသောကြောင့် ဘေးချင်းယှဉ်ရပ်လိုက်သောအခါ အတော်လေးဆင်တူကြပေသည်။
ကျန်းမန့်ယီသည် ကျန်းယွီကို ဒီ့ထက်ပိုပြီး ရှဲ့ယွမ်နှင့် မပတ်သတ်စေလိုပေ။
ဘာလို့လည်းဆိုတော့ အရမ်းသိသာမှာမို့လို့ပင်။
ရှဲ့ယွမ်သည် ကျန်းမန့်ယီကို လေးလေးနက်နက်ဖြင့်ကြည့်လိုက်ကာ သူမဘာတွေးနေလဲဆိုတာကို ခန့်မှန်းမိလိုက်ပုံရလေသည်။
သူ့သမီးကို အမှန်အတိုင်းပြောပြဖို့ သူမစောင့်နိုင်တော့ဘူးဆိုပေမယ့်လည်း ဒီကိစ္စသည် အလောတကြီးလုပ်လို့မရဘူးဆိုတာ သူသိလေသည်။
သူသာ ကျန်းမန့်ယီဆီကနေ သူ့သမီးကို အတင်းအဓမ္မ ပြန်လုယူလိုက်မည်ဆိုလျှင် ကျန်းယွီသည် သူ့ကိုမုန်းသွားပြီး သူနှင့် ထပ်တောင်မတွေ့ချင်လောက်တော့သည်အထိ ဖြစ်သွားနိုင်ပေသည်။
သူလိုချင်သောရလဒ်မှာ ဒီလိုမျိုး မဟုတ်ပေ။
သူသည် တစ်ကြိမ်တွင် ခြေတစ်လှမ်းသာ ရွေ့လို့ရပေမည်။ ကျန်းယွီနှင့် ဖြည်းဖြည်းချင်း သဘာဝကျကျရင်းနှီးလာအောင် လုပ်ပြီးမှ အခွင့်အရေးကိုစောင့်တာ ပိုကောင်းပေလိမ့်မည်။
“ဒါဖြင့်လည်း ဖိတ်ကြားပေးလို့ ကျေးဇူးတင်ပါတယ်နော်”
ရှဲ့ယွမ်လည်း အတွေးအခေါ်ရှိရှိဖြင့် ပြန်ပြောလိုက်သည်။
“ညီမကျန်းက အိမ်နီးချင်းတွေ အတင်းပြောမှာကို စိုးရိမ်နေတာမလား.. ကျုပ်နားလည်ပါတယ်”
ကျန်းမန့်ယီသည် စိတ်အေးသွားသောကြောင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဟုတ်တယ်လေ.. ကျွန်မတို့နေတာက ရပ်ကွက်အသေးစားလေးဆိုတော့ အလုပ်မရှိ ကြောင်ရေချိုးနေကြတဲ့လူတွေက ပိုများနေတာ။ ကျွန်မတို့ အိမ်ကို လူကြီးမင်းလာတာကိုသာ တွေ့သွားခဲ့ရင် ဘယ်လိုတွေ ဖြစ်ကုန်မလဲ မသိပါဘူး”
ဒါပေါ့..ရှဲ့ယွမ်သည်လည်း လွယ်လွယ်လေး အလွှတ်ပေးလိုက်မည်မဟုတ်ပါ။ ထို့ကြောင့် ရိုးရိုးရှင်းရှင်းလေးသာ သူပြန်ပြောလိုက်သည်။
“ဒါဆိုရင် ကျန်းယွီကို ကျုပ်အိမ်ကိုခေါ်လာပေးဖို့ရော ညီမကျန်းကို ခွင့်တောင်းလို့ ရနိုင်မလား? ကျုပ်အိမ်ကတော့ အတော်အသင့်ကြီးပါတယ်။ နှစ်ကူးညစာစားပွဲအတွက် ညီမတို့နှစ်ယောက် လာပေးကြမလား”
ကျန်းမန့်ယီ - ....
ကျန်းယွီကတော့ ရှဲ့ယွမ်တစ်ယောက် သူတို့ကို ရှဲ့ယွမ်နေထိုင်ရာ ‘ဝူတင်း’ ဆီဖိတ်ကြားတာကို ကြားလိုက်သည်နှင့် မယုံနိုင်အောင်ဖြစ်သွားပြီး ပါးစပ်ပင် အနည်းငယ်ဟသွားလေသည်။
ဝူတင်းဆိုသည်မှာ ဂျွန်ဘု့ခ်မြို့တွင်ရှိသည့် အဆင့်မြင့်အိမ်ရာများပင် ဖြစ်ပေသည်။ အိုလင်းပန်းခြံ၏ ဘေးဘက်တွင် တည်ရှိသော သဘာဝဆန်ဆန် ပတ်ဝန်းကျင်နေရာပင် ဖြစ်ပေသည်။ အဲ့က လေအရည်အသွေးမှာပင် အတော်လေး ထူးကဲကောင်းမွန်လှပြီး ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်လှပေသည်။ အဆင့်မြင့်ကလပ်များနှင့် ဂေါက်ကွင်းများလည်းရှိပေသည်။ ထို့ကြောင့် တစ်မြို့လုံးတွင် စျေးအကြီးဆုံး မြေနေရာဖြစ်ပေသည်။
ကျန်းမန့်ယီတစ်ယောက် ပြန်ငြင်းမယ့်အထိ စောင့်မနေဘဲ ရှဲ့ယွမ်က ဆက်ပြောလိုက်သည်။
“ဦးရဲ့ အရင်ကောင်မလေးက ဘဲလေးကချေသည်လေ.. အဲ့တော့ အိမ်မှာက ဘဲလေးသီချင်းနဲ့ပတ်သတ်တဲ့ စုဆောင်းမှုတွေ အတော်များများရှိတယ်။ ပြောရမယ်ဆိုရင် Tchaikovsky ရဲ့ မူရင်းခွေတို့၊ ဂန္တဝင်ဂီတ တိတ်ချပ်တစ်ချို့တို့ပေါ့..။ ဘဲလေးနဲ့ပတ်သတ်တဲ့ စုဆောင်းမှုတွေ အများကြီးရှိတယ်လေ.. လာကြည့်လှည့်ပါလား”
ဒီစာကြောင်းသည် ကျန်းယွီကို တည့်အရှိုက်ထိသွားစေသည်လို့ပင် ဆိုရပေမည်။ သူမသည် ကျန်းမန့်ယီ၏ အင်္ကျီကော်လံကို မြန်မြန်လှမ်းဆွဲလိုက်ကာ သနားစဖွယ်အကြည့်လေးဖြင့် သူမကိုကြည့်လိုက်သည်။
“မေမေ သွားကြရအောင်ပါ.. တောင်းဆိုပါတယ်နော်”
ကျန်းမန့်ယီသည် ရှဲ့ယွမ်ကို ရန်လိုလိုဖြင့် ကြည့်လိုက်သော်လည်း ရှဲ့ယွမ်ကတော့ သူမကို အရှက်မရှိစွာသာ ပြန်ကြည့်လိုက်သည်။
သူဒါကိုတမင်ပြောလိုက်တာဆိုတာ သူမသိလေသည်။ သူ့သမီးနှင့် နှစ်ကူးကို အတူတူဖြတ်သန်းဖို့ အတော်စိတ်အားထက်သန်နေသည်ပင်။ ထို့အပြင် သူမလည်း ဘယ်လိုမှ မတားနိုင်တော့ပေ။
“ကောင်းပြီလေ.. မစ္စတာရှဲ့က စိတ်ရင်းအမှန်နဲ့ ဖိတ်နေမှတော့ ကျွန်မသမီးကို ချိန်းထားတဲ့အချိန်ကျရင် ကျိန်းသေပေါက် ခေါ်လာခဲ့ပါမယ်”
ကျန်းယွီသည် အလွန်ပျော်ရွှင်သွားကာ ရှဲ့ယွမ်ကို မြန်မြန်လှည့်ပြောလိုက်သည်။
“ဦးလေးရှဲ့.. ဦးက အရမ်းသဘောကောင်းတာပဲ။ သမီးဒီည ကျိန်းသေလာခဲ့မယ်သိလား”
ရှဲ့ယွမ်သည် ကျန်းမန့်ယီကို ဂုဏ်ယူဝင့်ကြွားနေသောပုံစံဖြင့် ပြန်ကြည့်လိုက်ပြီး “ဦးစောင့်နေမယ်နော်”
“ဟုတ်.. ညကျတွေ့မယ်နော်”
ကျန်းမန့်ယီကတော့ အံကိုသာကြိတ်နေရတော့သည်။
ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ။ သူမဖြင့် ယုံတောင်မယုံနိုင်ဘူး။ ဒီလိုအရင်းရှင်ကြီးက သူမသမီးလေးကို သကာရည်လောင်းထားတဲ့စကားတွေပြောပြီး လုယူသွားချင်နေတာ။ သူမဒီလောက် နှစ်တွေအများကြီး ခက်ခက်ခဲခဲနဲ့ ပျိုးထောင်လာရတဲ့ သမီးလေးကိုလေ။
ကျန်းယွီကတော့ ကျေးဇူးမသိတတ်တဲ့ ဝံပုလွေပေါက်မျိုးလေး မဟုတ်ပါ။
ကျန်းယွီသည် သူ့အမေ၏ အတွေးများကို လုံးဝမသိဘူးလေ။ သူမသည် ရှဲ့ယွမ်ထွက်သွားတာကို ကြည့်နေရင်း သူမအမေ၏ ကော်လံစများကိုဆွဲကာ ပြောလိုက်သည်။
“အမေ.. သူသာသမီးအဖေဆိုရင် အတော်ကောင်းမှာပဲနော်”
ကျန်းမန့်ယီ - “?”
နေ့လယ်တွင်တော့ ကျန်းယွီသည် မြေအောက်ဘတ်စကတ်ဘောကွင်းကို သွား၍ ချူးလီကို သွားရှာလိုက်သည်။
ဒီနေ့သည် နှစ်သစ်ကူးနေ့ဖြစ်တာကြောင့် ပုံမှန်ကြားရက်များတွင် လူစည်ကားနေသော ဒီနေရာသည်လည်း အခုတော့ လူမရှိပေ။
အပုန်ကန်တတ်ဆုံး ကလေးများပင် ဒီနေ့လိုနေ့မျိုးတွင် အိမ်ပြန်ကြပြီး သူတို့မိဘများ မိသားစုများနှင့် ပြန်လည်ဆုံစည်းကြပေသည်။
ချူးလီသည် အနက်ရောင် တီရှပ်အပါးလေးကို ဝတ်ဆင်ထားပြီး တစ်ယောက်တည်း ဆော့နေပေသည်။ ဘတ်စကတ်ဘောကွင်းကတော့ နံရံတွင် ရေးခြစ်ထားသောစာများပုံများ အပြည့်ပင်။
ဘောလုံးကို ခြေထောက်ကြားတွင် သယ်သွားလိုက်၊ ခုန်လိုက်၊ မြှောက်ပစ်လိုက်နှင့် သူ့ကြည့်ရတာ လွယ်ကူချောမွေ့စွာ လှုပ်ရှားနေလေသည်။ ထို့အပြင် သူ့ပုံစံမှာလည်း အတော်လှပပေသည်။
ကျန်းယွီသည် ဘူးတစ်ခုဖြင့် လျှောက်သွားလိုက်ပြီး ကွင်းဘေးနားတွင် သွားထိုင်လိုက်သည်။ ချူးလီသည် ခြင်းထဲကို ဘောလုံးဆက်တိုက်သွင်းနေနိုင်သဖြင့် သူမသည် ထပ်ခါထပ်ခါ လက်ခုပ်တီးနေလိုက်သည်။
“ကောင်းတယ်”
ချူးလီသည် သူမကိုကြည့်ရန် သူ့ခေါင်းလေးကို လှည့်လိုက်သည်။ ထို့နောက် သူသည် ပို၍ပို၍ပင် အားအင်များ ပိုတက်ကြွလာပြီး လှုပ်ရှားမှုအလန်းစားလေးများကို စလုပ်ကာ နောက်ပြန်လှည့်ပြီး ပစ်လိုက်သည်။
ဘောလုံးတိုင်းသည်လည်း ခြင်းထဲသို့ ကွက်တိဝင်ကြလေသည်။
ကျန်းယွီသည် သူ့ကိုအော်ပြီး လှမ်းခေါ်လိုက်သည်။
“ရည်းစားလေး ဒီကိုလာဦး”
ချူးလီသည် သူမရှေ့ကို ဘောလုံးလေးဖြင့် ရွရွလေးပြေးလာကာ ထိုင်လိုက်သည်။ သို့သော် သူမဘေးတွင်ထိုင်မည့်အသား သူ့ကိုယ်ပေါ်က ချွေးနံ့တွေ သူမ,မရအောင်လို့ နည်းနည်းခပ်ခွာခွာထိုင်လိုက်ခြင်း ဖြစ်ပေသည်။
ကျန်းယွီကတော့ သူအအေးမိမှာကို စိုးရိမ်သဖြင့် ဘေးကကုတ်အင်္ကျီကို ကောက်လိုက်ကာ သူ့ကိုကမ်းပေးလိုက်ပြီး“မြန်မြန်ဝတ်ထားလိုက်”
ချူးလီသည်လည်း လိမ်လိမ်မာမာဖြင့် စကားနားထောင်ပြီး အဝတ်အစားများကို ဝတ်လိုက်လေသည်။
“ဘာဖြစ်လို့လဲ”
“ဒီနေ့က နှစ်ကူးလေ.. အဲ့တော့ ငါ နင့်ကိုလာတွေ့တာပေါ့”
သူမသည် ပြောပြောဆိုဆိုနှင့် သူမဘေးက အပူဓာတ်ခံနေလည်စာဘူးကို သူ့ကိုပေးလိုက်သည်။
“ငါ့အမေက ဖက်ထုပ်တွေ ကြော်ထားတာလေ..အဲ့ဒါနဲ့ နင်စားကြည့်ဖို့ ငါနည်းနည်းယူလာတာ”
ချူးလီသည် နေ့လည်စာဘူးကို ဖွင့်လိုက်တော့ အနံ့တထောင်းထောင်းဖြင့် မွှေးကြိုင်နေသည့် ရွှေဝါရောင် ဖက်ထုပ်ကြော်လေးများကို တွေ့လိုက်ရသည်။
လှမ်းနှိုက်မလို့ ပြင်လိုက်သည့်အချိန်တွင်တော့ ကျန်းယွီက သူ့လက်ကို လှမ်းရိုက်လိုက်လေသည်။ ထို့နောက် သူ့ကို တူတစ်စုံ ကမ်းပေးလိုက်သည်။
“နင့်လက်တွေက ချွေးစိုနေတာကို”
ချူးလီသည် ဖက်ထုပ်ကျော်တစ်ခုကို ကောက်ယူလိုက်ကာ ကျန်းယွီ ပါးစပ်နားပေးလိုက်သည်။
“စည်းမျဉ်းအဟောင်းတွေအတိုင်းပေါ့”
ကျန်းယွီသည် စိတ်ဆိုးဆိုးပုံစံလေးဖြင့် မေးလိုက်သည်။
“ဘာလို့ နင်အစားစားတိုင်း ငါ့ကိုပဲ အရင်စားခိုင်းနေရတာလဲ”
“နင်စားပြီးတော့မှသာ ငါအရသာခံလို့ရတာလေ.. မဟုတ်ရင် ရေသောက်နေရတဲ့ အတိုင်းပဲ”
သူမသည် ကြွပ်ရွရွ ဖက်ထုပ်ကြော်လေးကို တစ်ကိုက်ကိုက်လိုက်သော်လည်း သူ့စကားတွေကိုတော့ မယုံပါ။
“မဖြစ်နိုင်တာတွေ..။ ဘယ်မှာ အဲ့လိုမျိုးရှိလို့လဲ”
သူမသည် ကျန်တာကို ဆက်စားချင်သေးသော်လည်း ချူးလီကတော့ သူမကိုက်ပြီးကျန်တာကို သူ့ပါးစပ်ထဲ ထည့်လိုက်လေသည်။
“နင်မရွံဘူးလား? အမြဲတမ်း ဒီအတိုင်းပဲ”
“ဘာကိုရွံရမှာလဲ”
ချူးလီသည် သူမခေါင်းနောက်လေးကို လှမ်းကိုင်လိုက်ပြီး သူမကို နမ်းချင်သော်လည်း ကျန်းယွီကတော့ သူ့ကိုတွန်းလိုက်သည်။
“နင်ပါးစပ်ထဲမှာ အစားစားနေရင်းကြီးကို... သွားစမ်းပါ”
ချူးလီသည် ပြုံးလိုက်ကာ ဖက်ထုပ်ကြော်များကို ခေါင်းငုံ့ပြီး ဆက်စားလိုက်သည်။ တကယ်ကိုပင် စားရတာ အရသာရှိလှပေသည်။ ကျန်းယွီသည် သူ့ကိုကြည့်လိုက်ပြီး သူ့အပေါ်ထားသည့် သူမခံစားချက်များမှာ အနည်းငယ် ရှုပ်ထွေးစပြုနေပြီဖြစ်ကြောင်းကို တဖြည်းဖြည်း ခံစားမိလာသည်။
သူမမျက်စိရှေ့က ဒီကောင်ငယ်လေးသည် သူမစိတ်ကူးထားသလို ရက်စက်ယုတ်မာသည့် အကြမ်းဖက်လူသတ်သမား ဟုတ်မနေချေ။ သူနှင့်ဆက်ဆံရေးကို သေချာဆောက်တည်ပြီးနောက်မှာတော့ ဆန့်ကျင်ဘက်အနေဖြင့် သူ၏အေးတိအေးစက် မျက်နှာဖုံးအောက်တွင် တက်ကြွမှုများ၊ ရိုးသားသည့် စိတ်ရင်းများနှင့်၊ အလုပ်ကြိုးစားမှုများကို သူမခံစားမိလာလေသည်။
သူမသည် အရင်တုန်းကလိုလည်း သူ့ကိုကြောက်မနေတော့ချေ။ ထို့အပြင် တဖြည်းဖြည်းနှင့် သူ့အပေါ် ကရုဏာသက်မိလာကာ သူမနှလုံးသား၏ အနက်ရှိုင်းဆုံးနေရာကပင် သူ့အပေါ် ကြင်နာချင်မိလာသည်။
သူ့ကိုတစ်ယောက်တည်း တွေ့သည့်အခါတိုင်းမှာ သူမဝမ်းနည်းလာမိသည်။ ယွမ်သန်း၃ရာကြောင့် မဟုတ်တော့ဘဲနဲ့ သူ့ကို လိုလိုလားလား ကူညီချင်မိလာသည်။ ချူးလီသည် ကျန်သောဖက်ထုပ်ကြော်များကို ပြောင်နေအောင် စားလိုက်ကာ ထမင်းဘူးကိုပိတ်၍ ပြောလိုက်သည်။
“အမေ့ရဲ့လက်ရာကတော့ တကယ်ကောင်းတာပဲ”
“ဘယ်လိုခေါ်လိုက်တာလဲ။ အဲ့ဒါ နင့်အမေ မဟုတ်ဘူး ငါ့အမေပါနော်”
သူသည် ပြုံးလိုက်ကာ “အတူတူပါပဲ”
“မတူပါဘူး”
ကျန်းယွီသည် ထမင်းဘူးကို ဘေးကိုချလိုက်ပြီး အနောက်က အိတ်ကိုယူလိုက်ကာ အထဲက ဖိနပ်ဘူးလေးကို ထုတ်လိုက်သည်။
“ငါ နင့်အတွက် နှစ်ကူးလက်ဆောင် ယူလာတယ်”
ချူးလီသည် သူမသူ့အား လက်ဆောင်ပေးလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် အတော်လေး ဆွံ့အသွားလေသည်။
“ငါအရင်တစ်ခေါက်တုန်းက အထူးဆုကို နိုင်ခဲ့တာလေ။ အဲ့တော့ အဲ့က ဆုကြေးနဲ့ နင့်အတွက် ဝယ်လာပေးတာ”
ကျန်းယွီသည် ဖိနပ်ဘူးလေးကို ဖွင့်လိုက်ကာ သူ့ကိုလှမ်းပေးရင်း ဆက်ပြောလိုက်သည်။
“ငါအရင်တစ်ခေါက်က နင့်အိမ်ကိုသွားတော့ နင့်ဖိနပ်ဆိုဒ်ကို တွေ့ခဲ့တာ..။ ဒါပေမယ့် နင်အဲ့ဆိုဒ်ကို စီးရတာ အဆင်မပြေလောက်ဘူးလို့ ငါထင်လို့။ အဲ့ဒါနဲ့ ဒီဖိနပ်တွေကို နည်းနည်းဆိုဒ်ပိုကြီးတာ ဝယ်လာခဲ့တယ်။ စမ်းဝတ်ကြည့်လိုက်”
ချူးလီသည် အကောင်းစား AJ ရှုးဖိနပ်အကောင်းစားလေးများကို ကြည့်လိုက်သည်။ ဖိနပ်မှာ အနက်ရောင်၊ အဖြူရောင်နှင့် အနီရောင်တို့ကို ရောယှက်ထားပြီး ဖိနပ်ဘူးလေးထဲတွင် လှလှပပရှိနေလေသည်။
သူ့အတော်လေး ကြက်သေသေနေမိသည်။
“ကြည့်လိုက်ပါဦး.. ကြိုက်လား" ချူးလီသည် သူ့လက်ဖဝါးပေါ်က ချွေးများကို သူ့အင်္ကျီနှင့် သုတ်လိုက်ပြီး ဖိနပ်လေးကို ထုတ်ကြည့်လိုက်သည်။
ဖိနပ်မှာတော့ လူငယ်များ ကျိန်းသေပေါက်ကို ကြိုက်ကြမည့် စတိုင်လေးဖြစ်ကာ ပုံစံလေးမှာလည်း အတော်ကို လှပပေသည်။ သူ့ခြေဖဝါးထက်က ဝတ်ဆင်ထားသော အရောင်ပင် မမြင်ရတော့သည့် ဖိနပ်အကြမ်းလေးနှင့် တကယ်ကို မတူပေ။
“ဆိုဒ်ကိုသာ စမ်းကြည့်လိုက်။ ဆိုဒ်ကတော့ မတော်ဘူးဆိုရင် ပြန်လဲလို့ရတယ်လို့ ပြောလိုက်တယ်”
ချူးလီ၏ လည်ပင်းမှာတော့ တစ်ခုခုတစ်နေသည့်အတိုင်းပင်။ ထို့နောက် နက်နက်ရှိုင်းရှိုင်း အသံလေးဖြင့် ပြန်ပြောလိုက်သည်။
“တော်တယ်”
ကျန်းယွီသည် စကားပြောပြီးသည့်နောက်မှာတော့ သူစီးထားသည့် ဖိနပ်များကို ကြိုးလှမ်းဖြည်လိုက်ကာ“မြန်မြန်ဝတ်ကြည့်လိုက်စမ်းပါ.. ငါကြည့်ချင်တယ်”
ချူးလီသည် ကျောကိုကုန်းလိုက်ပြီး ဖိနပ်အဟောင်းများကို ချွတ်လိုက်ကာ AJ ဖိနပ်အသစ်လေးများကို စီးလိုက်သည်။
မတ်တပ်ထရပ်လိုက်ပြီး ခြေလှမ်းအနည်းငယ်လောက် လျှောက်ကြည့်လိုက်သည့်အခါမှာတော့ ဖိနပ်အသစ်လေး၏ နူးညံ့ပေါ့ပါးမှုနှင့် သက်တောင့်သက်သာရှိလှမှုတို့ကို ခံစားမိလိုက်ရသည်။
ကျန်းယွီသည် မျက်မှောင်ကျုံ့ကာ သူ၏ အမိုက်စား ခုန်ပျံလိုက်မှုတို့ကို ကြည့်လိုက်ပြီး လက်မထောင်ပြကာ ချီးကျူးလိုက်သည်။
“ငါ့ကောင်လေးက အရမ်းချောတာပဲ”
ချူးလီလည်း ပြုံးလိုက်ကာ “သေချာပေါက်ပဲပေါ့”
“ဒီဖိနပ်အဟောင်းတွေ လွင့်ပစ်ဖို့ ငါကူညီပေးမယ်လေ.. အကုန်စုတ်ပြတ်နေပြီပဲကို”
ကျန်းယွီ ထိုဖိနပ်အဟောင်းများကို ကောက်လိုက်သည်နှင့် ချူးလီသည် ပြန်ဆွဲလုလိုက်ကာ “မလုပ်ပါနဲ့.. နောက်မှပဲ ငါ့ဟာငါ လွင့်ပစ်လိုက်ပါမယ်”
“အိုခေလေ”
ကျန်းယွီသည် အနောက်ဘက်ကို လှည့်လိုက်ကာ နေဝင်တော့မည်ကို ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ဒါဆိုလည်း ငါအိမ်ပြန်တော့မယ်လေ”
“တာ့တာ”
ကျန်းယွီသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်နေသည့် ထိုကောင်လေးကို ကြည့်လိုက်ပြီး ရင်ထဲတွင် အနည်းငယ် မနေနိုင်မထိုင်နိုင်ဖြစ်လာကာ သူ့ဆံပင်လေးကို လှမ်းဖွလိုက်လေတော့သည်။
“နှစ်သစ်ကျရင် နှစ်သစ်ညစာစားဖို့ ငါအဖော်လုပ်ပေးမယ်”
ချူးလီသည် သူ့ခေါင်းကို သူမပွတ်သပ်ပေးသည်ကို သဘောကျနေလေသည်။ ထို့ကြောင့် သူမကို မျက်ဝန်းနက်လေးများဖြင့် မော့ကြည့်လိုက်ကာ “ရှောင်ယွီ.. ငါ့ကိုချစ်လာပြီမလား"
ကျန်းယွီကတော့ ရင်ထဲတင်းကြပ်သွားကာ ချက်ချင်းပင် ပြန်တုံ့ပြန်လိုက်သည်။
“အင်း.. ငါနင့်ကို အရမ်းချစ်တာလေ”
ချူးလီသည် ဖွဖွလေးပြုံးလိုက်ပြီး သူမလက်များကို ဖယ်လိုက်ကာ “သွားတော့”
ကျန်းယွီလည်း သူ့ကိုနှုတ်ဆက်ကာ ပြန်လာခဲ့လိုက်တော့သည်။
သူမခပ်ဝေးဝေး ရောက်သွားသည့်အချိန်တွင်တော့ ချူးလီသည် ဖိနပ်အသစ်ကို မြန်မြန်ပြန်ချွတ်လိုက်ကာ ဖိနပ်ပေါ်က ဖုန်များကို ခါလိုက်ပြီး ဖိနပ်ဘူးထဲသို့ ဂရုတစိုက်နှင့် ပြန်ထည့်လိုက်လေသည်။
သူကတော့ သူ့ဖိနပ်အဟောင်းများကို ဆက်စီးနေဆဲပင်။
ဒီလက်ဆောင်လေးကို သူသိပ်ကြိုက်ပေသည်။ ဒီလိုအရာလေးကို ဘယ်လိုလုပ်ပြီးများ သူ့ခြေထောက်မှာ ဝတ်ထားနိုင်မှာတဲ့လဲ။
ချူးလီသည် ဖိနပ်ဘူးလေးကို သယ်ကာ နေကိုကျောခိုင်းရင်း အိမ်ကို လမ်းလျှောက်ပြန်လာလိုက်သည်။ သို့သော် လမ်းအဆုံးတွင်တော့ ဟော့ချန်နှင့် တစ်ခြားကောင်လေးများ သူ့ကို ခပ်မိုက်မိုက်ကြည့်နေကြတာကို တွေ့လိုက်ရသည်။
သူ့ကိုစောင့်နေကြတာ အတော်ကြာပြီထင်ရပေသည်..။