← Chapters

Chapter 37

Vol. 4 Ch. 37

Chapter 37

Vol. 4 Ch. 37

ဒီနေ့သည် ၃၀ ရက်နေ့ဖြစ်သော်လည်း သူမသည် ရှဲ့ယွမ်၏ ဒီညအတွက် ဖိတ်ကြားထားမှုကို လက်ခံထားသောကြောင့် နှစ်ကူးညစာအတွက် ပြင်ဆင်စရာမလိုတော့ပေ။ ကျန်းမန့်ယီသည်လည်း နေ့လယ်ပိုင်းတွင် အားနေသောကြောင့် သူမအလုပ်နေရာ ခြေဖဝါးရေဆေးခြင်းနှင့် ချွေးထုတ်ခန်းကလပ်ကို အချိန်ပိုလုပ်ရန် သွားလိုက်တော့သည်။

ကျန်းယွီသည် ပိုက်ဆံအကုန်အကျများလှသည့် Esmeralda ကို ဝင်ရောက်ခဲ့ပြီ ဖြစ်လေသည်။ သူမကတော့ ကျောင်းစရိတ်ကင်းလွတ်ခွင့် ရထားသော်လည်း ကျောင်းရှိ ကျောင်းသားအားလုံးမှာ ချမ်းသာကြပေသည်။

ကျန်းမန့်ယီသည် ကျန်းယွီကို ငွေရေးကြေးရေးနှင့် ပတ်သတ်ပြီး လမ်းမလွဲစေလိုသောကြောင့် သူမပိုကြိုးစားကာ ပိုက်ဆံရှာရပေမည်။

ကျန်းယွီသည် လန်းဆန်းတက်ကြွစွာဖြင့် အိမ်ပြန်လာပြီး ပန်းရောင်လေးနှင့် အဖြူရောင် ဂျာကင်အသစ်လေးကို ဝတ်လိုက်ကာ ဆံပင်ကို ခပ်မြင့်မြင့်လေးစီးလိုက်သည်။ ထို့နောက် ပခုံးတွင်သိုင်းလွယ်ရသည့် အိတ်ကလေးကို လွယ်ကာ သူမအမေကို ရှာရန် ကလပ်ကို ထွက်လာခဲ့လိုက်သည်။

ညနေ၆နာရီတွင်တော့ ကျန်းမန့်ယီတစ်ယောက် အလုပ်တွေပြီးသွားလေသည်။ ထို့နောက် ရှဲ့ယွမ်သည်လည်း သူမကို လောဖို့ ဖုန်းတွေကို အကြိမ်ပေါင်းများစွာ ခေါ်ဆိုထားလေသည်။

ကျန်းမန့်ယီသည် စိတ်မရှည်စွာဖြင့် ဖုန်းပြန်ဖြေလိုက်တော့သည်။

“ဘာတွေအလောတကြီးဖြစ်နေတာလဲ.. ကျွန်မအလုပ်လုပ်နေတယ်”

ရှဲ့ယွမ်ကတော့ သူမစိတ်ကူးပြောင်းသွားမှာကို တကယ်ကြောက်နေခဲ့တာပင်။

“အလုပ်က ဘယ်တော့မှပြီးမှာလဲ”

“နေစမ်းပါဦး.. ရှင်ရော အချိန်ပိုလုပ်ရမှာလို့ မပြောခဲ့ဘူးလား”

“ကျုပ်အချိန်ပိုမဆင်းပါဘူး.. ဒီအတိုင်းပဲ သမီးကျုပ်ကို သနားသွားအောင် ပြောခဲ့တာလေ”

ကျန်းမန့်ယီ - ...

ဘယ်လိုဥက္ကဌမျိုးလဲ.. ဒီလူလိမ်လူကောက်

ရှဲ့ယွမ် - “အခုပဲ မင်းတို့သားအမိကို လာကြိုဖို့ ကားသမားကို လွှတ်လိုက်မယ်”

“မလွှတ်နဲ့.. ဟယ်လို.. ဟယ်လို!”

ရှဲ့ယွမ်ကတော့ ဖုန်းချသွားခဲ့ပြီ။

ကျန်းမန့်ယီသည် အလောတကြီးပဲ သူမ၏ အလုပ်အဝတ်အစားများကို လဲလိုက်ကာ မိတ်ကပ်နည်းနည်း ပြင်လိုက်ပြီး ခပ်သွက်သွက်လေး ထွက်လာခဲ့သည်။

ကျန်းယွီကတော့ ကလပ်၏ ဧည့်ကြိုကောင်တာထဲက ဆိုဖာပေါ်တွင် ထိုင်နေပြီး သူမဖုန်းနှင့် ကစားနေလေသည်။ နောက်ဆုံးတော့ သူမ အမေထွက်လာကို တွေ့လိုက်ရသဖြင့် အမေ့ကို လှမ်းဆူလိုက်သေးသည်။

“အမေက ကြာလိုက်တာ.. သမီးစောင့်နေတာ တစ်နာရီခွဲတောင် ရှိပြီ”

“ဒါသိပ်မသင့်တော်ဘူးနော်.. ပြောရရင် ငါတို့က အမျိုးတွေလည်း မဟုတ်ဘူး ဘာမှတော်တာလည်း မဟုတ်ဘူးလေ။ တစ်ယောက်ယောက်အိမ်ကို ဒီလိုကြီးသွားဖို့က မကောင်းပါဘူး”

“သမီးတို့က လာချင်ပါတယ်လို့ အရင်သွားပြောတာမှ မဟုတ်ဘဲ.. ဦးလေးရှဲ့က အရင်စဖိတ်တာလေ”

ကျန်းမန့်ယီ ကြည့်ရတာတော့ စိုးရိမ်နေပုံပေါက်လေသည်။

“အကြောင်းအရင်းမရှိဘဲနဲ့ ငါတို့ကို သူ့အိမ်ကို ဖိတ်တာလေ..။ သူ့မှာ တစ်ခြားရည်ရွယ်ချက်တွေ ရှိနေမယ်လို့ မထင်ဘူးလား?”

“အမေ.. ဘာတွေလျှောက်တွေးနေတာလဲ။ ဦးလေးရှဲ့က သမီးကို အများကြီး ကူညီပေးခဲ့တာ ပြီးတော့ တကယ်လူကောင်းတစ်ယောက်ပါ။ သူက ဘယ်လိုလုပ် လူဆိုးဖြစ်နိုင်မှာလဲ”

ကျန်းမန့်ယီကတော့ ရှဲ့ယွမ်အပေါ် အကောင်းမြင်နေသည့် ကျန်းယွီ၏ စိတ်နေသဘောထားကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ကြိုးစားနေခြင်းပင်။

“ဒါဖြင့်.. လှည့်ကွက်တော့ ရှိမှာပဲ”

ကျန်းယွီသည် ရုတ်တရက်ကြီး ကျီစယ်သောရယ်သံဖြင့် ထရယ်လိုက်ကာ“တကယ်ကို မဖြစ်နိုင်တာတွေပဲ”

“အင်း”

“သူက အမေ့ကို ကြိုက်သွားလို့ ဖြစ်ချင်ဖြစ်မှာပေါ့”

ကျန်းယွီသည် ကျန်းမန့်ယီ၏ နား နားကပ်လိုက်ကာ သိုသိုသိပ်သိပ်ပြောလိုက်သည်။

“သမီးတော့ သူ့ကို သမီးအဖေဖြစ်စေချင်တယ်”

ကျန်းမန့်ယီသည် သူမမျက်လုံးများကို လှိမ့်လိုက်ကာ မျက်စောင်းထိုးလိုက်သည်။

သူက သမီးအဖေဖြစ်ချင်နေတာတော့ အမှန်တရားပဲလေ။ ဒါပေမယ့် သူမကို အဲ့လိုမြင်တွေ့ရမှာက ကျန်းမန့်ယီအတွက်တော့ လုံးဝမဖြစ်နိုင်ပေ။

ပုထျန်းယန် သေဆုံးပြီး နှစ်ပေါင်းများစွာ ကြာပြီးတဲ့အထိ ရှဲ့ယွမ်သည် လက်ရှိသူ့ဒီနေရာကို ရောက်လာဖို့ အောက်ခြေကနေ ရုန်းကန်တိုက်ခိုက်လာခဲ့ခြင်း ဖြစ်ပေသည်။ မိန်းမပေါင်း ဘယ်နှယောက်လောက်က သူ့ကိုရဖို့ လမ်းခင်းပေးခဲ့ကြလေမလဲ? ဒါပေမယ့် ဒါတောင် အခုချိန်ထိ လူလွတ်တစ်ယောက်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း နေခဲ့နိုင်တာပဲ။

ဒီလောက် နက်ရှိုင်းတဲ့ ခံစားချက်တွေ ရှိနေတဲ့လူကို ဘယ်သူကများ ဝင်နှောင့်ယှက်နိုင်မှာတဲ့လဲ?

ကျန်းမန့်ယီသည် လမ်းဆုံက ဘတ်စ်ကားမှတ်တိုင်တွင် ရပ်နေပြီး သူမနာရီပေါ်က အချိန်ကိုလှမ်းကြည့်လိုက်ကာ ရှဲ့ယွမ်လွှတ်လိုက်သော ကားဒရိုက်ဘာကို စောင့်နေခဲ့သည်။

ထိုအခိုက်အတန့်လေးတွင် အနက်ရောင် Audi ကားတစ်စီး သူတို့ရှေ့တွင် လာရပ်လေသည်။

ကားပြတင်းပေါက်ချလိုက်တော့ ကျန်းမန့်ယီ၏ လုပ်ဖော်ကိုင်ဖက် ထန်ချန်းချန်းက ရှေ့ခုံတွင် ထိုင်နေကာ ကျန်းမန့်ယီကို လှမ်းပြောလိုက်သည်။

“မန့်ယီ.. နင်တို့ဘတ်စ်ကား စောင့်နေတာလား?”

ထန်ချန်းချန်းသည် လွန်ခဲ့သော နှစ်အနည်းငယ်က ကွာရှင်းခဲ့လေသည်။ ထို့အပြင် သူမလိုပင် ထန်ချန်းချန်းသည်လည်း သူမ၏သမီးလေးနှင့် နှစ်ယောက်တည်း နေထိုက်နေတာဖြစ်သည်။ သို့သော် အခုလတ်တလောတွင်တော့ သူမ၏ ဘောစိရည်းစားအကြောင်းကို စပြောလာလေသည်။ သူမကို ဒီအနက်ရောင် Audi ကားနှင့် ကလပ်ကို လာလာကြိုနေသည့် တစ်ယောက်ပေါ့။

ဒီဘောစိရည်းစားသည်တော့ ကြည့်ရတာ အသက် ၅၀လောက် ရှိပေလိမ့်မည်။ သူ့မှာ သားတစ်ယောက်ရှိကောင်းရှိနိုင်ပြီး.. ဇနီးပါ ရှိနေနိုင်ပေသည်။

ထန်ချန်းချန်းကတော့ ဂရုမစိုက်ပါ။ သူမရည်းစားက သူမအပေါ် ဘယ်လောက်ကောင်းကြောင်း၊ သူမကို လည်ဆွဲတွေ၊ လက်ကောက်တွေ၊ အိတ်တွေ ဘယ်လိုဝယ်ပေးကြောင်းကို လုပ်ဖော်ကိုင်ဖက်များအား အမြဲထုတ်ကြွားနေလေသည်။

ကျန်းမန့်ယီသည် ဒီလိုလူမျိုးနှင့် ပတ်သတ်ပြီး ဘာမှမပြောချင်သည့်အတွက် သူမကို လစ်လျူသာရှုထားလိုက်ပေသည်။

ထန်ချန်းချန်းသည် ကျန်းမန့်ယီ၏ အဖတ်မလုပ်သောပုံစံကို အမြဲတမ်း သဘောမကျဖြစ်နေခဲ့သည်ပင်။ လုပ်ဖော်ကိုင်ဖက်များကြားတွင် သူမကြွားဝါပြတိုင်းလည်း ကျန်းမန့်ယီသည် ဘယ်လိုမနာလိုဝန်တိုမှုမျိုးကိုမှ မဖော်ပြခဲ့ဖူးချေ။

သူမသည်တောင် ၁၉၉၀တုန်းက အဆောက်အဦးမှာ နေနေရတုန်းမဟုတ်လား.. ပြီးတော့ သူမအဲ့လောက်ဆင်းရဲတာ။ သူမကို အထင်သေးရလောက်အောင်အထိ ကျန်းမန့်ယီက ကိုယ့်ကိုယ်ကိုယ် ဘာထင်နေတာလဲ?

ဒီနေ့တွင်လည်း သူမ၏ ဘောစိရည်းစားက နှစ်ကူးညစာစားဖို့အတွက် သူမကို အဆင့်မြင့်စားသောက်ဆိုင်တစ်ခုဆီ ခေါ်သွားနေခြင်းဖြစ်သည်။ ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်နေကြသော လုပ်ဖော်ကိုင်ဖက်များလည်း အများကြီးရှိနေသောကြောင့် ကျန်းမန့်ယီ၏ မောက်မာမှုကို ချိုးနှိမ်ပစ်ရန် ထန်ချန်းချန်းသည် တမင်အခွင့်ကောင်းဖန်လိုက်ခြင်းပင်။

“မန့်ယီ.. နင်တို့ဘယ်သွားမလို့လဲ? နင်တို့ကို လိုက်ပို့ပေးဖို့ အကိုလီကို ပြောပေးမယ်လေ။ ၃၀ရက်နေ့ဆိုတော့ ဘတ်စ်ကားရော တက္ကစီရောရဖို့ အတော်ခက်မှာ”

“မလိုပါဘူး”

ကျန်းမန့်ယီသည် အေးတိအေးစက်သာ ပြန်ငြင်းဆိုလိုက်သည်။ တကယ်ကို ဖော်ရွေမှုကင်းကင်းဖြင့် ပြန်ပြောလိုက်ခြင်းပင်။

“ဒီလိုအဆင့်မြင့်ကားမျိုးကို မစီးရဲပါဘူး”

ထန်ချန်းချန်းသည် ပြုံးပြီး ပြန်ပြောလိုက်သည်။

“ဒီကားက စျေးမကြီးပါဘူး.. ယွမ်၄သိန်းအောက်ပဲ ရှိတာလေ”

“အဲ့ဒါကြောင့် နင့်အစ်ကိုလီက နင့်ကိုချစ်နေရတာပေါ့”

ကျန်းမန့်ယီသည် ပြန်သရော်ကာ ပြောလိုက်သည်။

“နှစ်ကူးညစာစားဖို့ သွားနေကြတာ မဟုတ်ဘူးလား.. မြန်မြန်သွားကြတော့လေ မဟုတ်ရင် နှောင့်နှေးကုန်မှာပေါ့”

“ငါတို့မလောပါဘူး။ ငါ နင့်ကိုဒီမှာ မထားခဲ့နိုင်ဘူးလေ။ ဒီမှာလေအေး အဲ့လောက်တိုက်နေတာ နေရထိုင်ရတာ အဆင်မပြေဖြစ်နေတော့မှာပေါ့”

ထန်ချန်းချန်းသည် တမင်ရှိုးပြမည်လို့ အခိုင်အမာ ဆုံးဖြတ်ချက် ချထားပြီးပြီမို့လို့ ဒီလောက်လွယ်လွယ်နဲ့ မထွက်သွားနိုင်ဘူးလေ...။

“ငါ့အိတ်ကို ကြည့်လိုက်စမ်းပါဦး.. ဒါ Chanel ကဆောင်းဦးနဲ့ ဆောင်းရာသီအတွက် အသစ်ထုတ်ထားတာလေ။ အိုး.. နင့်အိတ်ကိုကြည့်လိုက်ပါဦး.. သုံးလာတာပဲ ၃,၄နှစ်ရှိနေပြီ မဟုတ်ဘူးလား.. အရင်ကတည်းက အသစ်လဲသင့်တာ ကြာပြီ။ Chanel ရဲ့ ဆောင်းဦးနဲ့ ဆောင်းရာသီစတိုင်တွေက ကောင်းတယ်.. ငါတို့အချိန်ရရင် အတူတူသွားကြည့်ကြတာပေါ့”

“ငါ့မှာအချိန်မရှိဘူး”

ထန်ချန်းချန်းသည် မနေနိုင်မထိုင်နိုင် ပြုံးလိုက်ပြီး “ငါဘာလို့ မေ့သွားတာပါလိမ့်.. နင့်မှာ ကလေးရှိသေးတာပဲ။ ကျွတ်.. ကလေးတစ်ယောက်ရှိတာ တကယ်မလွယ်ဘူးပဲ။ နင့်ကြည့်ရတာ မျက်တွင်းမျက်ချောင်တွေပါ ကျနေရောပဲ.. ငါဖြင့် စိတ်တောင်မကောင်းဘူး”

“နင့်မှာရော ကလေးမရှိလို့လား”

“ဟုတ်သားပဲ.. ဒီဘဝမှာတော့ ဒါကပြသနာဖြစ်မယ်လို့ ထင်ထားတာလေ..။ ဒါပေမယ့် အကိုလီနဲ့ တွေ့ခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ။ သူက ငါ့ကို အရမ်းချစ်တာလေ။ နင်ကြားဖူးမှာပေါ့.. လူတိုင်းမှာ ကိုယ့်ကံကြမ္မာနဲ့ကိုယ် ရှိပြီးသားတဲ့.. ကောင်းကောင်း ဆိုးဆိုးပေါ့..။ ဒါတွေအားလုံး ကံတရားပါပဲ”

ဘေးနားက လုပ်ဖော်ကိုင်ဖက် အချို့လည်း ဒါကိုကြားပြီး တီးတိုးပြောကြလေသည်။

အစကတော့ ဒီနေ့သည် နှစ်သစ်ကူးနေ့ဖြစ်တာကြောင့် ကျန်းမန့်ယီသည် ထန်ချန်းချန်းနှင့် မပတ်သတ်ချင်ခဲ့ပေ။ သို့သော် သူမပိုပြောလေလေ သူမစကားများဟာ ပိုအကျည်းတန်လာလေလေဖြစ်ပြီး သူမ သမီးလေးကိုပါ ဆွဲထည့်လာတော့သည်။

ဒီအရာသည် ကျန်းမန့်ယီကို မခံမရပ်နိုင်အောင် ဖြစ်စေသည်။ သူမ ပြန်လည်တိုက်ခိုက်တော့မည်အလုပ်တွင် ကျန်းယွီသည် သူမနောက်ကျောကို ညင်သာစွာကိုင်လိုက်ကာ ကားထဲကိုကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“အိုး.. ဒါဆရာလီမဟုတ်ဘူးလား”

ဒရိုက်ဘာခုံတွင် ထိုင်နေသော သက်လတ်ပိုင်းအမျိုးသားကတော့ ဒီလိုအခေါ်ခံလိုက်ရသည်နှင့် အတော်တုန်လှုပ်သွားပြီး သူ့လက်ထဲက စီးကရက်ပင် ပြုတ်ကျတော့မတတ်ဖြစ်သွားလေသည်။ ကျန်းယွီကတော့ ပြုံးလိုက်ကာ ဆက်ပြောလိုက်သည်။

“မင်္ဂလာပါဆရာ.. သမီးက ဆရာ့ကျောင်းသားလေ။ ထူးဆန်းလိုက်တာ ဆရာဘာလို့ အန်တီထန်နဲ့ နှစ်ကူးကိုဖြတ်သန်းနေရတာလဲ? ဆရာ့မိန်းမရော သိရဲ့လား?”

အနီးနားကလူများပါ ထိုစကားများကြားတော့ နိုးနိုးကြားကြား ဖြစ်သွားကြလေသည်။

“ဟယ်.. သူ့မှာမိသားစုရှိတယ်တဲ့လား?”

“ထန်ချန်းချန်းက သူများအိမ်ထောင်ရေးကြားထဲ ဝင်ပါနေတာပဲ”

ဆရာလီကတော့ ကျန်းယွီတစ်ယောက် ကျောင်းမှာ ပေါက်ကရတွေ လျှောက်ပြောမှာကို အတော်ကြောက်ဒူးတုန်နေလေသည်။ တကယ်တော့ သူသည် သူ့ဇနီးမိသားစုအပေါ် မှီခိုနေရခြင်းဖြစ်သည်။ ဒီကားသည်လည်း သူ့ဇနီး၏ မိဘများမှ ဝယ်ပေးထားခြင်း ဖြစ်ပေသည်။ သူသာအပြင်မှာ ဒီလိုပတ်ရှုပ်နေတာကို သူတို့သာသိသွားခဲ့ရင် ဘာတွေဖြစ်ကုန်လိမ့်မလဲ?

ဆရာလီသည် ဆုံးဖြတ်ချက်ကို အမြန်ချလိုက်ကာ ချက်ချင်းပြန်ပြောလိုက်သည်။

“မဟုတ်ဘူး.. မဟုတ်ဘူး။ ကျောင်းသူ အထင်လွဲနေပြီ။ သူက.. သူ့ကိုလိုက်ပို့ပေးဖို့ ဆရာ့ကို အတင်းတောင်းဆိုလို့ပါ။ သူနဲ့ဘာမှမပတ်သတ်ပါဘူး”

ထိုကဲ့သို့ ကြားလိုက်ရတော့ ထန်ချန်းချန်းလည်း စိတ်လှုပ်ရှားသွားကာ“ရှင်ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ?”

“အဲ့လိုပဲလေ”

ဆရာလီသည် ဘေးတံခါးကိုဖွင့်လိုက်ကာ ထန်ချန်းချန်း၏ ထိုင်ခုံခါးပတ်ကို ချွတ်လိုက်ပြီး “ကားပေါ်ကဆင်း.. ငါမင်းနဲ့လုပ်စရာ ဘာမှမရှိဘူး..။ ငါ့ကိုမကောင်းပြောဖို့ မကြိုးစားနဲ့”

သူသည် ပြောရင်းဆိုရင်းပင် ထန်ချန်းချန်းကို ကားပေါ်က တွန်းချလိုက်ပြီး စက်ကိုအမြန်နှိုးကာ မောင်းပြေးသွားလေတော့သည်။

ထန်ချန်းချန်းသည် အရှက်ကျိုးနည်းဖြင့် သူ့နောက်က ပြေးလိုက်ကာ အော်ဟစ်လိုက်သည်။

“ရပ်! ရပ်စမ်း! နင်.. စောက်ကြောက်ကောင်!”

ကျန်းမန့်ယီသည် ထန်ချန်းချန်းကို မော်ကြွားသောအကြည့်ဖြင့် ကြည့်လိုက်ကာ “ချန်းချန်း.. နင်ပြောတာ တကယ်မှန်တာပဲ။ လူတိုင်းမှာ သူတို့ဘဝနဲ့သူတို့ ရှိတယ်နော်။ ငါကတော့ အမေတစ်ယောက်ပါပဲ။ ငါ့ဘဝကြီး ဘယ်လောက်ဆိုးနေပါစေ အငယ်အနှောင်းဖြစ်လာပြီးတာတောင် ကန်ထုတ်ခံရတဲ့ လူတစ်ချို့ထက်တော့ သာပါသေးတယ်..”

ထန်ချန်းချန်းသည် သူမကိုကြည့်လိုက်သည်။ ထို့နောက် ဘေးပတ်ပတ်လည်က လုပ်ဖော်ကိုင်ဖက်များကို လှမ်းကြည့်လိုက်လေသည်။

ဒီနေ့ဖြစ်ခဲ့သော ကောလဟာလသည် မနက်ဖြန်ကျရင် ဟောခန်းတစ်ခုလုံး ပြန့်နှံ့နေပေတော့မည်။ ထို့အပြင် သူမသည် အရှက်ကျိုးနည်းဖြစ်နေပြီ ဖြစ်သောကြောင့် ပြန်ချေပစရာလည်း ရှိတော့မည်မဟုတ်ပေ။

ထိုအချိန်တွင် ကားမှတ်တိုင်ရှေ့သို့ အနက်ရောင် Bentley တစ်စီးရောက်လာလေသည်။ တံခါးဖွင့်လာပြီးသည့်နောက်မှာတော့ အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် ဒရိုက်ဘာက ဆင်းလာကာ ကျန်းမန့်ယီတို့ သားအမိနှစ်ယောက်ကို ပြောလိုက်လေသည်။

“မိန်းကလေးကျန်း.. ကျေးဇူးပြုပြီး ကားထဲကို ဝင်ပါ။ လူကြီးမင်းရှဲ့ယွမ်က စားသောက်ပွဲတည်ခင်းပြီး စောင့်နေပါပြီ။ သူစောင့်နေတာ အတော်လေးကြာနေပါပြီ”

ရှဲ့ယွမ်ဆိုသည့် စကားလုံးများကို ကြားလိုက်ရသည့်အခါတွင်တော့ ဘေးပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်များလည်း ပါးစပ်အဟောင်းသား ပွင့်သွားကြလေသည်။ တစ်ချို့ဆိုလျှင် သူတို့နားပင် မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။

ရှဲ့ယွမ်က ကျန်းမန့်ယီနဲ့ သူ့သမီးကို ညစာစားဖို့ ဖိတ်တယ်တဲ့လေ..!

ပေချန်မြို့က မြောက်များစွာသော လူချမ်းသာ ဆွေကြီးမျိုးကြီးများက သူ့ကိုညစာစားဖို့ ဖိတ်ချင်ကြတာ လူတိုင်းသိတဲ့အရာပေ။ သို့သော် နှစ်ဝက်လောက် ရက်ချိန်းကြိုယူတာတောင် သူ့ကိုမချိန်းဆိုနိုင်ကြပေ။

ကျန်းမန့်ယီက ဘယ်လိုတောင် ကံကောင်းတာပါလိမ့်..။

ဒါကိုကြားလိုက်သည့်အခါတွင်တော့ ထန်ချန်းချန်းတစ်ယောက် မျက်နှာပင် ဖြူဖတ်ဖြူရော်ဖြစ်သွားလေသည်။

ကျန်းမန့်ယီသည် ဒရိုက်ဘာမှ ‘လူကြီးမင်းရှဲ့ယွမ်’ ဆိုသောစကားများကို တမင်ဖိပြောလိုက်တာဖြစ်တာကို သူမကြားလိုက်လေသည်။ သူမနဖူးကို တစ်ချက်ပွတ်လိုက်ကာ ဒါရှဲ့ယွမ်တစ်ယောက် တမင်လုပ်ခိုင်းလိုက်တာဖြစ်မည်ဆိုတာကို သူမ သိလိုက်သည်။

ရှဲ့ယွမ်သည် သူမဘဝထဲကို ပိုက်ကွန်တစ်ခု ချချင်နေခြင်းပင်။ ဒီလိုနှင့် အနာဂတ်တွင် သူ့သမီးကို ယုတ္တိဆန်ဆန်ဖြင့် ဆွဲခေါ်ထုတ်နိုင်မည် ဖြစ်ပေသည်။

ကျန်းမန့်ယီသည် ကျန်းယွီကို အိမ်ကိုသာ တရွတ်တိုက်ဆွဲပြီး ပြန်ခေါ်သွားချင်လှသည်။ ဒါမှသာ ဒီဘဝတွင် ဒီကလေး သူနှင့်ဆက်မပတ်သတ်နိုင်တော့မည် ဖြစ်သည်။

သို့သော်လည်း သူမ,မသိလိုက်ခင်မှာပင် ကျန်းယွီကတော့ ကားထဲကိုရောက်နေလေပြီ။ ထို့နောက် အလွန်အကြူးဖြစ်ပုံပေါ်သည့် ဟန်အမူအရာမျိုးဖြင့် သူမအမေကို လှမ်းပြောလိုက်သည်။

“မေမေရေ.. ဦးလေးရှဲ့ရဲ့ကားက အရမ်းအဆင့်မြင့်တာပဲ"

ထို့ကြောင့် ကျန်းမန့်ယီလည်း မတတ်နိုင်ဘဲ ဝင်ထိုင်လိုက်ရလေတော့သည်။ ထို့နောက် သူမကို နှိုးဆော်လိုက်သေးသည်။

“မထိနဲ့.. ကျိုးသွားရင် လျော်နိုင်မှာမဟုတ်ဘူး”

အထင်ကြီးအားကျနေကြသော လူတိုင်း၏ မျက်လုံးအောက်တွင် ကားတံခါးလည်း ဖြည်းဖြည်းချင်း ပိတ်သွားပေသည်။ ထို့နောက် Bentley ကားလေးမှာ လမ်းပေါ်တွင် ပျောက်ကွယ်သွားလေတော့သည်။

သွားနေသည့်လမ်းတွင် ဒရိုက်ဘာဦးလေးကြီးသည် ‘ဘဲလေးရေကန်’ သီချင်းကို ဖွင့်ပေးလိုက်သည်။

“ဒါဦးလေးရဲ့ အလုပ်ကဒ်ပါ မိန်းကလေးကျန်း..။ အနာဂတ်မှာ ကားလိုခဲ့ရင် ဦးလေးကိုအချိန်မရွေး ခေါ်လို့ရတယ်လို့ လူကြီးမင်းရှဲ့က မှာထားပါတယ်”

“မလိုဘူး!”

ကျန်းမန့်ယီ တစ်ယောက် ငြင်းမလို့လုပ်လိုက်ပေမယ့် ဒရိုက်ဘာ၏ဘလက်ထဲက အလုပ်ကဒ်ကတော့ ကျန်းယွီကိုသာ တည့်တည့်မတ်မတ် သွားပေးတာကို တွေ့လိုက်ရပေသည်။

“...”

ကျန်းယွီသည် လင်ဗန်းထဲက ချောကလတ်များကို စားနေရင်း အလုပ်ကဒ်ကို လှမ်းကြည့်လိုက်သည်။ ထို့အပြင် ကျန်းမန့်ယီ၏ မျက်နှာတည်ကြီးကိုပါ မေ့လျော့နေခြင်းပင်။ သူမသည် ပြန်ပေးလိုက်ကာ ပြောလိုက်သည်။

“အဲ့ဒါက... သမီးအခုတော့ မလိုသေးပါဘူး။ ကျေးဇူးပါ ဦးလေး”

“ရပါတယ်”

ကျန်းမန့်ယီသည် ကျန်းယွီကို စပ်စုချင်စိတ်ဖြင့် မေးကြည့်လိုက်သည်။

“စောနက ဆရာလီကလေ.. တကယ်ပဲ သမီးကျောင်းကဆရာလား?”

“ဘယ်ကသာ.. ယွင်ရှီးက ဘယ်လိုလုပ်ပြီး ဒီလိုအကျင့်ပျက်တဲ့ဆရာမျိုးကို အလုပ်ခန့်မှာတဲ့လဲ? သူက အမှတ်၁၂ အလယ်တန်းကျောင်းက ဆရာလေ”

“ဒါဖြင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုသိကြတာလဲ”

“ဘာလို့လဲဆိုတော့...”

ကျန်းယွီသည် ဆင်ခြေတစ်ခုကို ပြုလုပ်လိုက်ပေသည်။

“သမီးမှာ အမှတ်၁၂ကျောင်းက သူငယ်ချင်းတစ်ယောက် ဘဲလေးအခန်းမှာ ရှိတယ်လေ။ အဲ့ဒါနဲ့ သူ့ကိုမြင်ဖူးတာ”

တကယ်ကတော့ ဒီကိစ္စသည် အတိတ်ဘဝတုန်းက ကျန်းမန့်ယီပြောပြဖူးခြင်း ဖြစ်ပေသည်။ ထိုလီဆိုသောလူနှင့် ထန်ချန်းချန်းတို့၏ အရှုပ်ထုပ်ကို လီ၏မိန်းမသိသွားပြီး ကလပ်တွင် လာသောင်းကျန်းခဲ့သောကြောင့် အကြီးအကျယ် ဂယက်ရိုက်သွားလေသည်။

ကျန်းမန့်ယီတစ်ယောက် အိမ်ပြန်ရောက်တော့ သူမသည် ကျန်းယွီကို ထိုအကြောင်း အတင်းအဖျင်းများ အကုန်ပြောပြခဲ့လေသည်။ ထို့ကြောင့် လီကဘယ်သူလဲဆိုတာ ကျန်းယွီသိနေခြင်းပင်။

ကျန်းမန့်ယီသည် သံသယတော့မရှိပါ။ သို့သော် ဆက်ပြောလိုက်သည်။

“ဒီနေ့ပြီးရင်တော့ အဲ့မိန်းမ ကလပ်မှာ မျက်နှာတောင်ဖော်နိုင်တော့မှာ မဟုတ်ဘူး။ ဘယ်လိုအလုပ်ဆက်လုပ်နိုင်မှာလဲ။ နင်က အမေနဲ့ အရင်ကဆို ရန်ခဏခဏဖြစ်ခဲ့တာဆိုပေမယ့် အခုကျတော့ အမေ့ရဲ့ ကံကောင်းစေတဲ့ကြယ်လေးတောင် ဖြစ်လာပါရော့လား”

ကျန်းယွီသည် ကျန်းမန့်ယီပခုံးပေါ်တွင် သူမ၏ခေါင်းလေးကို မှီလိုက်ပြီး သူမအမေ၏ ရင်ဘတ်လေးကိုပုတ်ကာ ပြောလိုက်သည်။

“အခုကစပြီး သမီးက မေမေ့ကို ကာကွယ်ပေးမှာလေ... အဲ့ဒါကြောင့် မေမေ့ကို ဘယ်သူမှ အနိုင်မကျင့်ရဲစေရဘူး”

“ကောင်းပြီလေ.. အနာဂတ်မှာ ဘာပဲဖြစ်လာပစေ ဒီစကားပြောခဲ့မိတာကို နောင်တရလို့ မရဘူးနော်”

“လုံးဝမရပါဘူး”

ကျန်းယွီသည် ကျန်းမန့်ယီ၏ လက်မောင်းကိုဖက်လိုက်ကာ ခပ်ချွဲချွဲလေး ပြန်ပြောလိုက်သည်။

“မေမေက သမီးအမေပဲကို”

ကျန်းမန့်ယီသည် သူမရှေ့က ဒရိုက်ဘာကို ကြည့်လိုက်မိသည်။ သူကလည်း သူမတို့သားအမိကို နောက်မှန်ကနေ ကြည့်နေပုံရလေသည်။

သူမလည်း သက်ပြင်းဖွဖွလေးတစ်ချက် ချလိုက်တော့သည်။

သူမသာ ဒီကလေးရဲ့ အမေအရင်းသာဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်လေမလဲ..။

ဒါပေမယ့် မဟုတ်ခဲ့ဘူးလေ...

ရှဲ့ယွမ်သာ သူ့သမီးကို တကယ်ပြန်လိုချင်တယ်ဆိုရင် သူမမှာ ငြင်းဆန်နိုင်ဖို့ ဘာအကြောင်းအရင်း ရှိမှာတဲ့လဲ...။

All Chapters