Chapter 38
Vol. 4 Ch. 38
ဝူတင်းတွင်ရှိသော ရှဲ့ယွမ်၏ အိမ်သည် အနောက်တိုင်းစတိုင် တစ်ထပ်အိမ် အကြီးကြီးဖြစ်ကာ လှေကားတစ်ခုနှင့် အထပ်တစ်ထပ်သာ ပါဝင်လေသည်။ ဧည့်ခန်းမှာ ထူးထူးခြားခြားပင် ဖောက်ထွင်းမြင်နိုင်သော ပုံစံဖြစ်ပြီး အိမ်အပြင်အဆင်မှာလည်း အတော်အသင့် ရိုးရှင်းလှပေသည်။ အိမ်အတွင်းပိုင်း အလှဆင်ထားမှုက အတော်ကို အမြင်ရှိသည့်ဟန်လည်း ပေါ်ပေသည်။
ရှဲ့ယွမ်သည် လည်ပင်းပိတ် အဖြူရောင် ဆွယ်တာကို ဝတ်ဆင်ထားလေသည်။ သူသည် အိမ်မှာဆိုလျှင် သာမန်အဝတ်များကို ဝတ်ရတာ ကြိုက်နှစ်သက်သူဖြစ်သည်။ ကြားရက်များတွင် မြင်တွေ့နေကြပုံစံဖြစ်သည့် အနောက်တိုင်းဝတ်စုံများ၊ လယ်သာဖိနပ်များ ပုံစံနှင့် အလွန်ကွာခြားနေသောကြောင့် သူ့ပုံစံလေးကိုကြည့်ရတာ ပို၍ပင် နူးညံ့သိမ်မွေ့ပုံပေါ်နေလေသည်။
သူသည် ကျန်းယွီအား အိမ်ကိုလှည့်ပတ်ကြည့်ရန် ခေါ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ Tchaikovsky ၏ ‘ဘဲငန်းရေကန်’ ကို စီဒီစက်တွင် ဖွင့်လိုက်လေသည်။
“ဦးလေးရှဲ့.. ဦးအိမ်က တကယ်ကောင်းတာပဲ။ အကြီးကြီးနဲ့ အတော်လှတယ်နော်”
“သမီးကြိုက်ရင် ပြီးတာပါပဲ”
ရှဲ့ယွမ်သည် သူမကို စာကြည့်ခန်းသို့ ခေါ်သွားလိုက်ကာ စာအုပ်စင်ကြီးတစ်စင်ကို လက်ညိုးထိုးပြလိုက်သည်။
“အဲ့စင်ပေါ်မှာ စာအုပ်တွေ အများကြီးရှိတယ်။ ဘဲလေးစာအုပ်တွေရော တစ်ခြားစာအုပ်တွေရော သမီးဖတ်ချင်တာ ယူဖတ်လို့ရတယ်။ ဦးတော့ မီးဖိုချောင်သွားပြီး ညစာစားဖို့ နည်းနည်းပြင်လိုက်ဆင်လိုက်ဦးမယ်”
“သမီး ကူလုပ်ပေးရဦးမလားဦး”
“ရပါတယ်သမီးရဲ့.. ဦးအိမ်မှာဆိုရင် သမီးဘာမှလုပ်စရာမလိုဘူး“
ရှဲ့ယွမ် ထွက်သွားပြီးနောက် ကျန်းယွီသည် စာအုပ်စင်ကြီးပေါ်က စာအုပ်အထူကြီးများကို လှန်လှောကြည့်လိုက်တော့သည်။ စာအုပ်များမှာ အဝါရောင်သမ်းပြီး ဟောင်းနေပြီဖြစ်သော်လည်း ကောင်းကောင်းထိန်းသိမ်းထားပေသည်။
ကျန်းယွီသည် ‘ချစ်ကြည်နူးဖွယ်ရာဘဲလေး၏ မူလအစ’ ဆိုသည့် အင်္ဂလိပ်စာအုပ်တစ်အုပ်ကို လှန်ကြည့်လိုက်သည်။ စာရွက်များကို ဟိုလှန်ဒီလှန် လုပ်ကြည့်လိုက်သည့်အခါတွင်တော့ ရေးမှတ်ထားသော ပြွတ်ပြွတ်သိပ်သိပ် မှတ်စုလေးများကို တွေ့လိုက်သည်။ ထောင့်နားတွင် ရေးထားသော မှတ်ချက်လက်ရေးလေးကို ကြည့်ရတာကတော့ ကောင်မလေး၏ မှတ်စုများ ဖြစ်ပုံရလေသည်။
ကျန်းယွီသည် စာရွက်အနည်းငယ် ဆက်လှန်လိုက်သည့်အခါတွင်တော့ ဓာတ်ပုံဟောင်းတစ်ခုကို တွေ့လိုက်သည်။ လှေကားပေါ်တွင် ရပ်နေကြသည့် စုံတွဲတစ်တွဲဖြစ်ပြီး အနောက်မဝေးမနီးတွင်တော့ အုံ့ဆိုင်းနေသည့် ချန်းရှန်တောင် ရှိနေပေသည်။
ကောင်မလေးသည် ချစ်စရာ ဝတ်စုံအရှည်အပွလေးကို ဝတ်ဆင်ထားပြီး ဆံပင်ကိုခပ်မြင့်မြင့် စည်းထားသည်။ သူမသည် ကောင်လေး၏ ခါးကိုဖက်ထားပြီး ကောင်လေး၏ မျက်နှာကို နမ်းတော့မည့်ပုံစံလေးနှင့် ဖြစ်သည်။ တစ်ဖက်က ကောင်လေးကတော့ မျက်နှာထားတည်တည်တံ့တံ့ဖြင့် ကင်မရာကိုကြည့်ကာ ရုပ်တည်ကြီး ဓာတ်ပုံအရိုက်ခံနေလေသည်။
ကျန်းယွီသည် ထိုဓာတ်ပုံထဲမှ ကောင်မလေးသည် ပုထျန်းယန်ဖြစ်ပြီး ကောင်လေးကတော့ ရှဲ့ယွမ်ဖြစ်ကြောင်း ချက်ချင်းသတိထားမိလိုက်သည်။
သူတို့နှစ်ယောက်ကို ကြည့်ရတာ အတော်ကိုလိုက်ဖက်ညီတဲ့စုံတွဲတွေ ဖြစ်ခဲ့ကြပုံပင်။
သူတို့၏ အချင်းချင်းချစ်ကြည်နူးကာ ပျော်ရွှင်နေကြသော အမူအရာလေးများကို ကြည့်နေရင်း ကျန်းယွီသည် တစ်ချိန်တည်းမှာပဲ ရင်ထဲနွေးထွေးမှုနှင့် ဝမ်းနည်းမှုတို့ကို ခံစားလိုက်ရသည်။
ဒီလိုစုံတွဲလေးက ဘာလို့များ တစ်သက်လုံး ဝေးကွာခဲ့ရတာပါလိမ့်?
မီးဖိုချောင်တွင်တော့ ရှဲ့ယွမ်သည် အိုးထဲက အသားများကို ကြက်သွန်ဖြူနှင့်ကြော်ဖို့ ယောက်မကို ယူလိုက်သည်။
ကျန်းမန့်ယီသည် တံခါးကိုမှီကာ လက်ပိုက်လျက် အလုပ်ရှုပ်နေသော သူ့နောက်ကျောကို ကြည့်လိုက်သည်။
“မစ္စတာရှဲ့က ချက်တတ်ပြုတ်တတ်သေးတယ်ပေါ့လေ”
“အရင်တုန်းက အစားအသောက် တွန်းလှည်းလေး ဖွင့်ရောင်းဖူးတယ်လေ”
ရှဲ့ယွမ်ကတော့ တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဖြေလိုက်သည်။ “ကျုပ်ရဲ့ ဟင်းချက်စွမ်းရည်က မဆိုးပါဘူး.. ခဏလေးပဲစောင့်။ ခဏနေရင် မင်းနဲ့ကျန်းယွီနဲ့ မြည်းကြည့်လို့ရပြီ”
ကျန်းမန့်ယီသည် မျက်စောင်းထိုးလိုက်ပြီး “ကြည့်ရတာ ဒီနေ့ အကုန်ပြင်ဆင်ထားပုံပဲ။ ကျွန်မသမီးက အစားမက်မှန်းသိလို့ သူ့ကိုအစားနဲ့ ဆွဲဆောင်မလို့မလား”
“အမြဲတမ်း အဲ့လိုတွေ လျှောက်တွေးနေဖို့မလိုပါဘူး”
ရှဲ့ယွမ်သည် သူ့ခေါင်းလေးကိုစောင်းပြီး ပြန်ပြောလိုက်သည်။
“ကျုပ်သမီးအပေါ် ဒီအတိုင်း ကောင်းကောင်းဆက်ဆံချင်ရုံပါ”
ကျန်းမန့်ယီသည် မီးဖိုချောင်ထဲမှ ပြာပြာသလဲထွက်လိုက်ကာ အပြင်မှာ ကျန်းယွီ ရှိမနေဘူးဆိုတာ သေချာအောင်လို့ သွားကြည့်လိုက်သည်။ ထို့နောက် တံခါးကိုပိတ်ပြီး သူ့ကိုသတိပေးလိုက်တော့သည်။
“ဒီလိုမဟုတ်တမ်းတရားတွေ မပြောတော့ဖို့ ရှင့်ကိုကျွန်မ သတိပေးလိုက်မယ်။ ဒီကလေးက ရှင့်သမီးမဟုတ်ဘူး.. ကျွန်မကလေးပဲ”
“ကျုပ် အကုန် စစ်ဆေးပြီးသွားပါပြီ”
ရှဲ့ယွမ်သည် စွပ်ပြုတ်ကို မြည်းကြည့်ရင်းနှင့် အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
“ဒါပေမယ့် မင်းစိတ်ချလက်ချပဲ နေလို့ရပါတယ်။ ကျုပ်က အကျိုးအကြောင်းမသင့်တဲ့လူ မဟုတ်ပါဘူး။ ဒီကလေးကို မင်းပဲ ပြုစုပျိုးထောင်လာခဲ့ရတာလေ။ အဲ့ဒါကြောင့် ကျုပ်ကျေးဇူးလည်းတင်ပြီး ညီမကျန်းကိုလေးစားပါတယ်”
ကျန်းမန့်ယီသည် အံကိုကြိတ်ကာ စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်သည်။
“ရှင့်မှာ ဘယ်လိုအခွင့်အရေးတွေ ရှိနေလို့ ဒါရှင့်သမီးပါလို့ ပြောရဲရတာလဲ ဟမ်။ ယန်ယန် ရှင့်ကို အလိုအပ်ခဲ့ဆုံးအချိန်တုံးက ရှင်ဘယ်ရောက်နေခဲ့တာလဲ? ကလေးမွေးတုံးကလည်း ရှင်ပေါ်လာခဲ့တာမဟုတ်ဘူး။ ယန်ယန်မဆုံးခင် အဆိုးရွားဆုံး၂နှစ်မှာရော ရှင်သူ့ဘေးမှာ ရှိနေခဲ့တာမဟုတ်ဘူးလေ။ အခုမှလာပြီး ကိုယ့်သမီးကို ပြန်တောင်းရဲသေးတယ်ပေါ့။ ကျွန်မ ပြောလိုက်မယ်.. မဖြစ်နိုင်ဘူး”
ရှဲ့ယွမ်သည် သူ့လက်ထဲက ဇွန်းကိုချကာ မျက်လုံးများကို ပိတ်လိုက်ပြီး အလေးအနက် ပြောလိုက်လေသည်။
“ကျုပ် ထောင်ကျဖူးတယ်”
ကျန်းမန့်ယီသည် ရပ်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
“မင်းအခု ကျုပ်ကိုကြည့်လိုက်ရင် ကျုပ်ကအရမ်းတောက်ပနေတဲ့လူ ဖြစ်ချင်ဖြစ်နေမှာပေါ့။ ကုမ္ပဏီကြီးကိုလည်းပိုင်ပြီး ဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေနဲ့ အိမ်အကြီးကြီးနဲ့လေ။ ဒါပေမယ့် အဲ့၂နှစ်ကလည်း ကျုပ်ဘဝမှာ အဆိုးရွားဆုံးနဲ့ အနိမ့်ကျဆုံးအချိန်တွေ ဖြစ်ခဲ့တာ။ ထောင်ထဲက ထွက်လာပြီးပြီးချင်းပေါ့..။ အဲ့လိုအဆိုးရွားဆုံး ဘဝအခြေအနေမှာ အကောင်းဆုံးမိန်းကလေးနဲ့ တွေ့ခဲ့တယ်။ ကျုပ်တကယ်ကို သိမ်ငယ်ခဲ့ရတာ”
ထိုအချိန်တုံးက ရှဲ့ယွမ်တွင် ဘာဆိုဘာမှမရှိခဲ့ပါ။ သူ၏ ထောင်ကျဖူးသော ရာဇဝင်က သူမကို ထိခိုက်မှာစိုးရိမ်သောကြောင့် နောက်ဆုံးတွင် ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကျာ သူ့စီးပွားရေးကို အောက်ခြေကနေ စခဲ့ရခြင်းဖြစ်ပေသည်။
ရှဲ့ယွမ်သည် ပုထျန်းယန်တက်နေသော တက္ကသိုလ်၏ နောက်လမ်းလေးထဲတွင် အစားအသောက်တွန်းလှည်းလေး ဖွင့်ခဲ့သူဖြစ်သည်။ သူကိုယ်တိုင်အတွက် သင်ယူစရာရှိတာတွေ သင်ယူရင်း ပိုက်ဆံရှာခဲ့ရသည်။
ထိုအချိန်တွင် ပုထျန်းယန်ကတော့ တစ်ကျောင်းလုံးတွင် အလှဆုံးမိန်းကလေး ဖြစ်ပေသည်။ သူမသည် ဘဲလေးလည်း ကတတ်သည်ပင်။ သူမသည် နှစ်စဉ်နှစ်တိုင်း ပါတီများတွင် ကျော့မော့လှပစွာဖြင့် ကပြဖျော်ဖြေပေးပြီး သူမကို သဘောကျနှစ်သက်ကြသည့် ကောင်လေးများမှာလည်း အများအပြားပင်။
ဒီလိုမိန်းကလေးမျိုးက သူလိုလူမျိုးကို သတိထားမိလိမ့်မည်ဟု ရှဲ့ယွမ်သည် တစ်ကြိမ်တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။
သူမသည် အချိန်အတော်ကြာသည်အထိ သူ့တွန်းလှည်းလေးတွင် စားဖို့လာခဲ့လေသည်။ အဖြူရောင် ဂျင်းပြဲလေးကို ဝတ်ဆင်ကာ ထမင်းကြော်ကို ပန်းကန်လုံးအသေးလေးမှာပြီး ထိုပန်းကန်လုံးလေးနှင့် သူ့ဘေးတွင် မတ်တပ်ရပ်ကာ စားရင်းနှင့်ပင် သူ့ကိုစနောက်၍ သူနဲ့စကားများ ပြောဆိုတတ်လေသည်။
ပေချန်တက္ကသိုလ်၏ အလှပဂေးလေးတစ်ယောက်က ဒီလိုသူ့ဆိုင်ကို သူမအားတိုင်းလာပြီး စားသောက်တတ်လိမ့်မည်ဟု ဘယ်သူက ထင်ထားမှာတဲ့လဲ။
သူထောင်ကျဖူးသည့်ကိစ္စကိုလည်း သူမက စိတ်ထဲလုံးဝမထားပေ။ ထိုကိစ္စမှမဟုတ် သူ့မှာဘာမှမရှိတာကိုရော သူ၏ဆိုးရွားသော ဒေါသအိုးကိုရော သူမစိတ်ထဲမထားပါ။
ဒီလိုနှင့် နှစ်ကူးညတွင် အဆင့်မြင့် ညစာစားပွဲကို သူမတက်ရောက်ပြီးသည့်နောက် အဖြူရောင်ဘဲငန်းအကဝတ်စုံလေးကို ဝတ်ဆင်လျက်ပင် သူ့အဌားအိမ်လေးကို နှင်းများကြားထဲက ပြေးလာလေတော့သည်။ သူ့ကို ‘နှစ်ကူးမှာပျော်ရွှင်ပါစေ’ လို့ နှုတ်ဆက်ဖို့လေး အတွက်ပင်။
အေးစက်နေသော ကျဉ်းကျဉ်းကြုပ်ကြုပ် အဌားအိမ်လေး၏ တံခါးကို ဖွင့်လိုက်သည့်အချိန်မှာတော့ နားထင်ပေါ်တွင်ပင် နှင်းများရှိနေသည့် အဖြူရောင်ဘဲငန်းလေးကို ရှဲ့ယွမ်တွေ့လိုက်ရသည်။ သူမသည် သူ့ပေါ်ကိုခုန်လိုက်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
သူမသည် သူ့နားနားကပ်ပြီး အဆက်မပြတ် စကားပြောနေခြင်းကို မရပ်နိုင်ခဲ့ပေ။
“ငါ နင့်ကိုကြိုက်တယ်.. ငါတကယ် နင့်ကိုကြိုက်တာ.. ငါ့ခန္ဓာကိုယ်၊ ငါ့နှလုံးသား၊ ငါ့ဆံပင်မွှေးလေးကအစ နင့်ကိုကြိုက်တာ”
ထိုအခိုက်အတန့်လေးတွင် ရှဲ့ယွမ်ခန္ဓာကိုယ်ထဲက ဆဲလ်တစ်ခုချင်းစီတိုင်းသည် သည်းခံချုပ်တည်းထားမှုကို လက်လျော့လိုက်လေတော့သည်။
ဒီကောင်မလေး၏ အလွန်တက်ကြွနေသော စိတ်ရင်းအမှန်နှင့်အတူ သူ့ကိုအများကြီး သဘောကျပေးသည့်စိတ်ကို သူမငြင်းဆန်နိုင်တော့ပေ။
ထိုညကတော့ တကယ်ကို ရူးသွပ်စရာညတစ်ညပင်။ ရှဲ့ယွမ်၏ အဌားအိမ်လေးထဲတွင် အပူပေးစက်ပါ မရှိနေပေ။ ရှဲ့ယွမ်သည် အိပ်ရာခင်းများကိုလည်း သန့်သန့်ပြန့်ပြန့်တစ်ခုကို ပြောင်းလဲခဲ့သည်။
နှစ်ယောက်စလုံး အရက်ကို အများကြီး သောက်ခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက် အတိုင်းထက်အလွန် လောင်ကျွမ်းခဲ့ကြသည်။
“နောက်ကျတော့ ကျုပ်တောင်ဘက်ကို စီးပွားရေးလုပ်ဖို့ ထွက်သွားခဲ့တာ။ အရာအားလုံး အောက်ခြေကနေ နောက်တစ်ခေါက် ပြန်စခဲ့ရတာပေါ့။ သူနဲ့ထိုက်တန်ဖို့ ကြိုးစားခဲ့တာလေ။ ဒါပေမယ့် သူကပြောတယ်။ ကျုပ်ဘယ်လောက်ပဲကြိုးစားပစေ သူ့မိဘတွေဆီက သဘောတူညီချက်ကို ဘယ်တော့မှရမှာမဟုတ်ဘူးတဲ့။ သူသာ တရုတ်ပြည်ရဲ့ ပထမဆုံးနဲ့တစ်ဦးတည်းသော ဘဲလေးဘုရင်မဖြစ်မလာခဲ့ဘူးဆိုရင်ပေါ့”
ကျန်းမန့်ယီသည် သက်ပြင်းချလိုက်တော့သည်။
“ရှင် သူ့ကို လွမ်းနေခဲ့တာပဲ”
“ကျုပ်တို့ ကတိပြုခဲ့ကြတာ။ အတူတူအလုပ်ကြိုးစားကြဖို့ကို။ ကျုပ်က ကြိုးစားပြီး ပိုက်ဆံရှာမယ် သူကတော့ အကမှာ ကြိုးစားမယ်ပေါ့။ ပြီးတော့ ကျုပ်ပြန်လာတဲ့အခါကျရင် ကျုပ်ကို အံ့အားသင့်စရာအကြီးကြီးပေးမယ်လို့ သူပြောခဲ့တာ”
ရှဲ့ယွမ်သည် ဝမ်းနည်းကြေကွဲစွာဖြင့် သူ့မျက်လုံးများကိုပိတ်လိုက်သည်။ ဒီလောက်နှစ်တွေအများကြီးကြာပြီးမှ သူ့အချစ်ဦးအကြောင်း ပထမဆုံးအကြိမ်ပြန်ပြောခြင်းဖြစ်ပေသည်။ ထို့ကြောင့် သူ့ခမျာ ဝမ်းနည်းနေသေးသည်။
“သူ့ရဲ့စပရိုက်တိုက်တာကို ငါမစောင့်နိုင်ခဲ့ဘူးလေ။ နောက်ထပ်လည်း ရှိလာတော့မှာ မဟုတ်ဘူးပေါ့”
ကျန်းမန့်ယီကတော့ ထိုစပရိုက်တိုက်မည့်အရာက ဘာလဲဆိုတာ သိနေခဲ့ပေသည်။
ပုထျန်းယန်သည် ဒီလောထဲက ဘယ်သူမှမသိအောင် သူ့အတွက် သမီးလေးတစ်ယောက် မွေးပေးခဲ့လေသည်။ ကမ္ဘာပေါ်တွင် ချစ်ဖို့အကောင်းဆုံး သမီးလေးပေတည်း။
သူမကွယ်လွန်တော့ ပုထျန်းယန်သည် သူမ၏သမီးကို ကျန်းမန့်ယီလက်ထဲ စိတ်ချလက်ချနှင့် အပ်ခဲ့လေသည်။ သူ့ကိုယ်သူ အခုမှလာပြီး ဘယ်လောက်ပဲနောင်တရတယ်ပြောပြော ကျန်းမန့်ယီသည် သမီးလေးကို သူ့လက်ထဲ ဘယ်တော့မှပြန်ပေးမည်မဟုတ်ပေ။
“ရှင့်သမီးဆိုတာကို အသိအမှတ်ပြုလိုက်မယ်ဆိုရင် ဒီကိစ္စက ကျိန်းသေပေါက် ထွက်လာတော့မှာ”
ကျန်းမန့်ယီသည် နက်နက်နဲနဲလေသံနှင့် ပြန်ပြောလိုက်သည်။
“ပုမိသားစုဘက်ကလည်း ပုထျန်းယန်က သမီးတစ်ယောက် မွေးခဲ့တယ်ဆိုတာကို သိသွားလိမ့်မယ်။ သူတို့ဘာလုပ်လိမ့်မယ်လို့ ရှင်ထင်လဲ? ဒီလောက်နှစ်တွေ အများကြီးကြာပြီးတာတောင် ဘဲလေးလောကထဲမှာ ပုထျန်းယန်ကလွဲပြီး ဘုရင်မနေရာကို မရဖူးသေးဘူး...”
“သူတို့တွေ ရှောင်ယွီ့ကို ခေါ်သွားကြမှာကို မင်းကြောက်နေတာပဲ”
ရှဲ့ယွမ်သည် လှောင်ပြုံးလေးပြုံးလိုက်ပြီး “မဖြစ်နိုင်ဘူး.. ကျုပ်အသက်ရှိနေသရွေ့တော့ ဒီကိစ္စက ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး”
အခုလက်ရှိက ရှဲ့ယွမ်သည် အရင်တုန်းက ပုထျန်းယန်ချစ်ခဲ့သော လူဆင်းရဲလေး မဟုတ်တော့ဘူးဆိုတာ ကျန်းမန့်ယီလည်း သိပေသည်။
သူ့ကိုယ်ပိုင်အင်အားနှင့် ပုမိသားစုကို ယှဉ်နိုင်စွမ်းရှိနေလေပြီ သို့သော်လည်း...
ကျန်းမန့်ယီသည် ဒါကိုမလုပ်နိုင်ပါ။ ပုမိသားစုသာ သူတို့မြေးမကို ပြန်လိုချင်တယ်ဆိုရင် သူမဘရှဲ့ယွမ်ကို တားဆီးနိုင်သလို သူတို့ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
ရှဲ့ယွမ်သည် ပုမိသားစုနှင့် တကယ်ခြားနားပေသည်။ သူ့တွင် ကျန်းယွီကို တကယ်မြတ်မြတ်နိုးနိုး ချစ်မြတ်နိုးသောစိတ် ရှိပေသည်။ ဒါကြောင့်လည်း သူမကို အတင်းအကြပ်ကြီး ပြန်ခေါ်သွားမှာ မဟုတ်ပေ။
ဒီလိုတွေကြောင့်လည်း ကျန်းမန့်ယီသည် အင်တင်တင်ဖြင့်သာ သူတို့ကို အဆက်အဆံပေးလုပ်လာပြီး အတင်းအကြပ် မပိတ်ပင်ထားခြင်းပင်။
ထိုအချိန်တွင် ကျန်းယွီသည် မီးဖိုချောင်တံခါးကိုဖွင့်လိုက်ကာ သူတို့နှစ်ယောက်ကို အဓိပ္ပာယ်များစွာပါသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
“ဒီနှစ်ယောက် တံခါးပိတ်ထားပြီးတော့ ဘာတွေများပြောနေကြတာလဲ”
ကျန်းမန့်ယီသည် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“နင့်ဦးလေးရဲ့ ဟင်းချက်စွမ်းရည်ဘယ်လောက်ကောင်းလဲ ကြည့်နေတာလေ.. သူ့ကို ချက်နည်းပြုတ်နည်းလေးတွေ သင်ပေးခိုင်းနေတာ”
ကျန်းယွီတစ်ယောက် သူတို့ကို အထင်လွဲသွားပြီဆိုတာကို ကျန်းမန့်ယီ သိသဖြင့် ဒီရှက်စရာအခြေအနေကို ရှောင်ဖယ်ရန် သူမကို ခပ်မြန်မြန်သာ တွန်းထုတ်ပြီး အပြင်ကိုခေါ်လာခဲ့လိုက်သည်။
“မဟုတ်တာတွေ လျှောက်ပြောမနေနဲ့.. ငါ့မှာရှဲ့ယွမ်နဲ့ လုပ်စရာ ဘာမှရှိမနေဘူး”
“တစ်ခုခုရှိတယ်လို့များ သမီးကလည်း ပြောမိလို့လား?
ကျန်းယွီသည် အပြုံးသေးသေးဖြင့် ပြောလိုက်သည်။
“ပေါက်ကရတွေ ပြောမနေနဲ့တော့.. ငါသွားတော့မယ် ကိုယ့်ဟာကိုယ်ပဲ အဲ့လူကြီးနဲ့ နှစ်ကူးကိုဆင်နွှဲလိုက်တော့။ အိမ်ပြန်ပြီး ဝိုင်နည်းနည်းပဲ ပြန်သောက်တော့မယ်။ ညည်းကို ဂရုမစိုက်နိုင်အားတော့ဘူး”
“မလုပ်နဲ့လေ မလုပ်ပါနဲ့။ အမေထွက်သွားရင် သမီးတစ်ယောက်တည်းနေခဲ့ဖို့က ရှက်စရာကြီး ဖြစ်နေမှာ”
သားအမိနှစ်ယောက် လေသာခန်းတွင် စကားပြောနေကြစဉ် ရှဲ့ယွမ်သည် စားပွဲပေါ်ကို ဟင်းများအလျှံအပယ်ချနေတော့သည်။
“ညစာစားဖို့အချိန်ရောက်ပြီဟေ့”
ကျန်းယွီကတော့ ထိုနားကို လျှောက်သွားလိုက်ပြီး စားပွဲပေါ်က မွှေးကြိုင်နေသော အစားအသောက်များကိုကြည့်ရင်း ရေရွတ်လိုက်သည်။
“ဦးလေးရှဲ့.. ဦးရဲ့ အိမ်တွင်းရေးနိုင်နင်းမှုက တယ်ကောင်းပါလား။ ဦးတကယ်ကို ဟင်းကောင်းကောင်းချက်နိုင်တာပဲ”
ပုံမှန်ဆိုရင် လုပ်ငန်းခွင်ထဲက အထက်တန်းစား အလုပ်အမှုဆောင်တစ်ဦးအနေနှင့်သာ မြင်ရသောကြောင့် ဒီလိုမျိုး ‘အိမ်ထောင်ဦးစီး’ တစ်ယောက်အနေနဲ့ အိမ်မှာမြင်တွေ့ရလိမ့်မည်ဟု သူမတကယ်ကို မမျှော်လင့်ထားပေ။
ရှဲ့ယွမ်ကတော့ သူ့သမီးလေးက သူ့ကိုချီးကျူးလိုက်တာမို့ အလွန်တရာကို ပျော်ရွှင်နေလေသည်။ ထို့နောက် ရှဲ့ယွမ်သည် သူမကို အသားနှင့်ပဲဟင်းရည်လေးကို တစ်ပန်းကန်ထည့်ပေးလိုက်သည်။
“ဒီဟင်းရည်လေး အရင်သောက်ကြည့်လိုက်”
“အာ.. ဒီဟင်းရည်က.. သမီးသောက်လို့မရဘူး”
ကျန်းယွီသည် ပန်းကန်မျက်နှာပြင်ပေါ်တွင် ဝေ့တက်နေသော ဆီများကို ကြည့်လိုက်သည်။ သူမသည် တကယ်ကို ဗိုက်ဆာနေပြီဆိုသော်လည်း မနည်းသည်းခံချုပ်တည်းလိုက်ပြီး ပန်းကန်လေးကို ပြန်တွန်းလိုက်တော့သည်။
“ဒါ.. သမီးတကယ်သောက်လို့မရဘူး”
“ဘာလို့သောက်လို့မရတာလဲ”
ကျန်းမန့်ယီကတော့ စိမ်ပြေနပြေလေး ပြန်ပြောလိုက်သည်။
“ဘဲလေးကချေသည်တစ်ယောက်အတွက်တော့ အစားထိန်းရတာက အခြေခံအရည်အသွေးတစ်ခုပဲလေ”
“ဒီလိုဖွံ့ဖြိုးနေဆဲအရွယ်ကို အစားထိန်းနေရတယ်လို့ကွာ”
ရှဲ့ယွမ်သည် မျက်နှာကြီး စူပုတ်သွားကာ “ဖေဖေက သောက်လို့ရတယ်လို့ပြောရင် သောက်လို့ရလို့ပဲ သမီး”
“ဒါဆိုရင် တစ်ငုံလောက် သောက်ကြည့်လိုက်မယ်လေ”
ရှဲ့ယွမ်သည် သူမအတွက် နောက်တစ်ပန်းကန် ထပ်ထည့်ပေးလိုက်ကာ ဟင်းရည်ထဲက ဆီများကို ဖယ်ပေးလိုက်သည်။
ကျန်းယွီသည် ဟင်းရည်ပူပူကို မှုတ်နေရင်း သောက်ဖို့ပါးစပ်ဟလိုက်ချိန်တွင်တော့ ရုတ်တရက်ကြီး တစ်စုံတစ်ခုကို သတိရသွားကာ ရှဲ့ယွမ်ကို လှမ်းကြည့်လိုက်သည်။
“ဦးလေးရှဲ့.. စောနကဦး ဖေဖေ လို့များ ပြောလိုက်တာလား..?”
ရှဲ့ယွမ်လည်း အနည်းငယ် အံ့ဩသွားကာ“ပြောလိုက်မိလို့လား.. မဟုတ်ပါဘူး”
ကျန်းယွီကတော့ သေချာနေသည့်ပုံပင်။
“ပြောလိုက်ပါတယ်နော်.. သမီးကြားလိုက်တယ်”
“ဦး.. မဟုတ်ပါဘူး”
ကျန်းယွီသည် ကျန်းမန့်ယီကို လှမ်းကြည့်လိုက်ပြီး“သူပြောလိုက်တယ်... ဟုတ်တယ်မလား”
ကျန်းမန့်ယီ - “ငါတော့မကြားလိုက်ဘူး”
“အာ?”
နှစ်သစ်ကူးချိန် ညသန်းခေါင်ရောက်သည့်အခါတွင် ရှဲ့ယွမ်နှင့် ကျန်းမန့်ယီသည် မီးပန်းများကိုကြည့်ရန် ဝရံတာကို ထွက်သွားကြသည်။
ကျန်းယွီသည် ဖုန်းကိုယူကာ တစ်ယောက်တည်း စာကြည့်ခန်းကို တိတ်တိတ်လေး သွားလိုက်သည်။ ထို့နောက် နှစ်ကူးကိုအတူတူဆင်နွှဲဖို့ ချူးလီကို video call (ဗီဒီယိုကောလ်) ခေါ်လိုက်သည်။
သို့သော်လည်း အချိန်အတော်ကြာသည်အထိ ဖုန်းကိုပြန်မဖြေသည့်အပြင် ဖုန်းပါကျသွားလေသည်။
ကျန်းယွီသည် နောက်ဗီဒီယိုကောလ်တစ်ခုကို ထပ်ခေါ်လိုက်သော်လည်း ခပ်မြန်မြန်သာ ဖုန်းကျသွားလေသည်။
ဘာဖြစ်နေတာပါလိမ့်? နှစ်ကူးကို အတူတူဆင်နွှဲတာ ကောင်းတယ်လို့ သူပဲပြောခဲ့တာ မဟုတ်ဘူးလား?
သူမလည်း ထပ်ခေါ်ကြည့်လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ ချူးလီသည် ဖုန်းမချပစ်ဘဲ ကိုင်လိုက်လေသည်။
“ရည်းစားလေး...”
ကျန်းယွီသည် သူ့အသံရှုသံမှာ အနည်းငယ် လေးလံနေပြီး ဘေးနားက ဆူညံနေတာကိုလည်း ကြားနေရသဖြင့် မေးလိုက်တော့သည်။
“ဘာလို့ ဗီဒီယိုကောလ်ကို မကိုင်တာလဲ”
“ကားလမ်းပိတ်နေတာ”
ပြောရင်းဆိုရင်း ချူးလီတစ်ယောက် လည်ချောင်းရှင်းလိုက်သည်။
“အပြင်ရောက်နေလို့ပါ.. မီးပန်းတွေကို ထွက်ကြည့်နေတာလေ”
“အိုး ဟုတ်လား”
ကျန်းယွီကတော့ ယုံမှားသံသယရှိမနေပါ။
“အပြင်ထွက်လာတာ ငါပေးထားတဲ့ ဖိနပ်အသစ်လေးရော စီးထားရဲ့လား”
“အင်း.. စီးထားတာပေါ့”
“ဒါဆိုကောင်းတာပေါ့.. နှစ်သစ်ပဲလေ.. အဝတ်အစားအသစ်တွေ ဖိနပ်အသစ်တွေ ဝတ်သင့်တာပေါ့”
“အင်းပေါ့”
“ဒါဆိုရင် ဖုန်းမချနဲ့ဦး အတူတူအချိန်ကိုရေကြမယ်လေ”
“ဟင့်အင်း”
“နင်ဘယ်မှာလဲ? ဆူညံနေတာပဲ.. နင့်အသံလည်း နည်းနည်းပြောင်းသွားသလိုပဲ”
မှောင်မိုက်နေသော လမ်းကြားလေးအဆုံးတွင်တော့ မီးပန်းများ သေနတ်ဖောက်သံများကို ကြည့်နေကြသော ကလေးများရှိပေသည်။ သူတို့အားလုံးသည် ရယ်မောပျော်ရွှင်နေကြလေကာ ဒါကိုကြည့်ရတာ သူ့အတွက်တော့ နောက်ကမ္ဘာတစ်ခုအလားပင်။
ချူးလီသည် နံရံကိုမှီလိုက်ကာ မြေကြီးပေါ်တွင် ထိုင်ချလိုက်သည်။ သူ့ရှေ့တွင်တော့ အကြွင်းအကျန်ပြာမှုန့်ပုံကြီး ရှိနေပေသည်။ သူ့မျက်နှာပေါ်တွင် အနက်ရောင်မီးသွေးခဲများ ပေကျံနေကာ သူ့အဝတ်အစားများနှင့် အထူးသဖြင့် သူ့လက်မောင်းပေါ်တွင် မီးလောင်ခံထားရသောအရာများ ရှိနေပေသည်။ မီးလောင်ထားသည့် အမှတ်အသားများမှာ အတော်ကိုထင်ရှားနေပေသည်။
သူ့လက်မောင်းထဲတွင်တော့ ကျန်းယွီပေးခဲ့သည့် AJ ရှူးဖိနပ်လေးကို ကိုင်ထားလေသည်။ ဖိနပ်၏ကော်များကတော့ အနက်ရောင်ဖြစ်ကာ မီးလောင်ကျွမ်းခံထားရပြီး ဖိနပ်ကြိုးများမှာလည်း မီးကျွမ်းနေလေသည်။ ဖိနပ်၏ ပုံပန်းသွင်ပြင်က မပျက်စီးသွားသော်လည်း ဝတ်ဖို့ခဲယဉ်းသွားပြီမှာ အသိသာကြီးပင်။
ချူးလီ၏ မျက်ဝန်းများသည် ရဲရဲနီနေရင်းပင် ထိုဖိနပ်လေးတစ်စုံကို ကိုင်ထားလေသည်။
နက်ပြာရောင် ညကောင်းကင်အောက်တွင် မီးပန်းများသည် အစုလိုက်အပြုံလိုက် ပေါ်နေကြပေသည်။ သူ့နားစည်များမှာ သောင်းသောင်းသဲသဲအော်မြည်နေပြီး နားထင်များလည်း တဆစ်ဆစ် ကိုက်ခဲနေလေသည်။
ထိုစဉ်တွင် နူးညံ့သိမ်မွေ့လှသော ကောင်မလေး၏ အသံမှာ ဖုန်းထဲက ပေါ်ထွက်လာပေသည်။
“ချူးလီ.. countdown (အချိန်ကိုနောက်ပြန်ရေခြင်း) ကစတော့မှာ.. ငါတို့အတူတူလုပ်ကြရအောင်.. ၁၀,၉,၈,၇,၆...”
ချူးလီသည် သူ့နာကျင်မှုများကို ချုပ်တည်းထားရင်း သူမနှင့်အတူ လိုက်ပြောပေးလိုက်သည်။
“၅,၄,၃,၂,၁...”
“ပျော်ရွှင်စရာနှစ်သစ်ပဲဟေ့! နင့်အတွက်လည်း ပျော်ရွှင်စရာနှစ်သစ်ပါ!”
ချူးလီသည် အလိုအလျောက်ပင် နှုတ်ခမ်းလေးကော့တက်သွားသော်လည်း သူ့မျက်လုံးများကတော့ အလွန်ကိုနာကျင်နေပေသည်။
“အင်း.. ငါတို့ရှောင်ယွီလေးရောပဲ...”
“ချူးလီ.. နင့်အသံသိပ်မကောင်းပါလား”
ချူးလီသည် သူ့ခေါင်းကိုငုံ့လိုက်ကာ မီးလောင်ထားသော ဖိနပ်လေးတစ်ရံကို နမ်းလိုက်လေသည်? ထို့နောက် ခြောက်သွေ့နေသော သူ့မျက်ဝန်းများကို သုတ်လိုက်ပြီး “ဘာလို့လဲဆိုတော့ မင်းရည်းစားလေးက မင်းကိုအရမ်းလွမ်းနေလို့နေမှာပေါ့”
ကျန်းယွီကတော့ အနည်းငယ် စိုးရိမ်လာကာ ပြန်ပြောလိုက်သည်။
“ဒါဆိုရင် ဗီဒီယိုကောလ်ပြောကြမယ်လေ.. ပြီးရင် နင့်ကိုဒေတာဖိုးပေးမယ်”
ချူးလီသည် လက်သီးများကို ကျစ်ကျစ်ပါနေအောင် ဆုပ်လိုက်သည်။ အတော်တင်းတင်းကြပ်ကြပ်ဆုပ်ထားသောကြောင့် သူ့ခန္ဓာကိုယ်ကိုပင် မထိန်းချုပ်နိုင်ဘဲ တုန်ရီလာလေသည်။
“ရှောင်ယွီ.. ကိုယ် မင်းကို ချစ်တယ်..”