← Chapters

Chapter 39

Vol. 4 Ch. 39

Chapter 39

Vol. 4 Ch. 39

ထောင်အန်ရှင်းသည် နာမည်ကြီး ဖက်ရှင်စတိုးတစ်ခု၏ မှန်နံရံ (တစ်နည်းအားဖြင့် မျက်နှာကျက်ကနေ ကြမ်းပြင်အထိရှိတဲ့ ပြင်သစ်မှန်ပြတင်းပေါက်) ရှေ့တွင် ရပ်နေပြီး ပြတင်းပေါက်မှတစ်ဆင့် ပြသထားသော လှပလှသည့်ဂါဝန်လေးကို လိုချင်တပ်မက်မှုအပြည့်ဖြင့် ကြည့်နေလေသည်။

အချိန်ခဏလောက် ကြာပြီးနောက်မှာတော့ သူမသည် ညင်ညင်သာသာ သက်ပြင်းလေး ချလိုက်တော့သည်။

ရေခဲများနှင့် နှင်းများဖုံးလွှမ်းနေသည့် လမ်းမများထက်တွင် နာရီဝက်လောက် စောင့်နေပြီးသည့်နောက်မှ ဟော့ချန်တစ်ယောက် ရောက်လာလေတော့သည်။

သို့သော်ငြားလည်း ဟော့ချန်ကိုကြည့်ရတာ အတော်လေး အရှက်ရနေပုံ ပေါ်လေသည်။ သူ့အင်္ကျီထက်တွင် ရွှံ့များပေကျံနေပြီး သူ့နှာခေါင်းသည်ပြာနှမ်းနေကာ မျက်နှာမှာလည်း ဖူးရောင်နေလေသည်။ ထို့အပြင် သူ့နှုတ်ခမ်းထောင့်တွင်လည်း သွေးများရှိနေလေသည်။ ဟော့ချန်သည် ထော့နဲ့ထော့နဲ့နှင့် လျှောက်လာပြီး သူ့ကြည့်ရတာ တစ်ယောက်ယောက်နှင့် ရန်ဖြစ်လာပုံ ပေါ်လေသည်။

ထောင်အန်ရှင်းသည် သူနှင့်အတူ နှစ်ကူးကိုအတူ ဆင်နွှဲမည်ဟု ချိန်းဆိုထားတာ ဖြစ်ပေသည်။ သို့သော် ဟော့ချန်ကတော့ နောက်ကျသည့်အပြင် ဒီလိုပုံစံပါ ဖြစ်လာလိမ့်မည်ဟု သူမ,မမျှော်လင့်ထားပေ။

သူမသည် အံ့အားသင့်စွာ ပြောလိုက်ပြီး သူ့နားကို ရွရွကလေးပြေးသွားလိုက်ကာ မေးလိုက်သည်။

“ဘာဖြစ်လာတာလဲ? ဘာလို့ ဒီလိုပုံစံဖြစ်နေရတာလဲ”

ဟော့ချန်သည် ဖြစ်ပျက်ခဲ့တာကို ပြန်တွေးလိုက်မိပြီး သူ့စိတ်ထဲတွင် ဒေါသမွှန်ထူပြန်လာလေသည်။

ဟော့ချန်သည် ချူးလီကို ဒုက္ခပေးရန် ကောင်လေးတစ်ချို့ကို ခေါ်သွားခဲ့သည်။ ထိုကလေးကို သင်ခန်းစာပေးဖို့နှင့် ကျန်းယွီဘေးကနေ ဝေးဝေးနေဖို့ ခြိမ်းခြောက်လိုသည့်အတွက်ပင်။

ထိုစဉ်တွင် ကျန်းယွီသူ့ကို ဖိနပ်များပေးနေသည်ကို မမျှော်လင့်ဘဲ မြင်ခဲ့လေသည်။

ဟော့ချန်တစ်ယောက် ဒေါသငယ်ထိပ်တက်သွားသောကြောင့် ချူးလီကို ချုပ်ခိုင်းထားလိုက်တော့သည်။ ထို့နောက် မီးခြစ်လိုက်ကာ လှပလှသည့် AJ ဖိနပ်လေးကို မီးပုံထဲ ထည့်ရှို့ဖို့ ပြင်လိုက်လေသည်။

သို့သော် မမျှော်လင့်ထားစွာပင် ချူးလီသည် အသည်းအသန် မီးထဲဝင်တိုးသွားလေသည်။ ထို့နောက် ဖိနပ်များကို ပြန်ကောက်လိုက်သည်။

အဲ့လိုတင်မကသေးဘဲ ချူးလီတစ်ယောက် အထိန်းအကွပ်မဲ့သွားပြီး ဟော့ချန်ကို ကော်လံကနေ ဆွဲလိုက်ကာ မြေကြီးပေါ်ကို ပစ်ချလိုက်လေသည်။ ချူးလီ၏ထိုးချက်များမှာ အကြင်နာကင်းမဲ့လှပြီး ကြမ်းတမ်းလွန်းသည်မှာ လူ၅ယောက်၊၆ယောက်လောက် ဝိုင်းဆွဲတာတောင် သူ့ကိုဆွဲလို့မရချေ။

ဟော့ချန်သည် အတော်ဆိုးဆိုးရွားရွား အထိုးခံလိုက်ရသောကြောင့် သူ့အစာအိမ်ပင် ဒူးကနေ ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရသည်။ သူ့ဘေးနားက ဝိုင်းဆွဲပေးကြသည့်လူတွေသာ မရှိလျှင် ချူးလီထိုးချက်များကြောင့် ဒီနေ့သေတောင်သေသွားလိမ့်မည်ပင်။

နောက်ဆုံးတွင် လွတ်မြောက်လာခဲ့သည်ဆိုသော်လည်း မသေရုံတမယ်လေးသာ ဖြစ်ခဲ့ခြင်းပင်။

ချူးလီကို သင်ခန်းစာပေးဖို့ သွားခဲ့တာဆိုသော်လည်း သူကသာ ဒီကောင့်ဆီကနေ ပြန်ပြီးသင်ခန်းစာပေးခံလိုက်ရလိမ့်မည်ဟု သူမမျှော်လင့်ထားချေ။

ဟော့ချန်တစ်ယောက် စိတ်အခြေအနေ အတော်ဆိုးရွားနေလေသည်။ ထို့အပြင် ထောင်အန်ရှင်းတစ်ယောက်ကလည်း သူ့ကိုဖုန်းတွေ ဆက်တိုက်ခေါ်နေလေသည်။ ချိန်းထားတာ နောက်ကျနေပြီဖြစ်လို့ သူ့ကို မြန်မြန်လာခိုင်းနေခြင်းပင်။

နောက်တော့ ဟော့ချန်သည် ရောက်လာခဲ့သည်ဆိုသော်လည်း သူမကိုတော့ မျက်နှာသာမပေးပါ။

“နင်တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတာလား?”

ထောင်အန်ရှင်းသည် စိုးရိမ်တကြီးနှင့် မေးလိုက်သည်။

ဟော့ချန်ကတော့ စိတ်မရှည်စွာဘဲ ပြန်ဖြေလိုက်သည်။

“တော်လိုက်တော့”

“ဟော့ချန်.. နင်ဘယ်လိုလုပ် ရန်ဖြစ်နိုင်ရတာလဲ? အခုချိန်မှာ ကျောင်းက အကြမ်းဖက်မှုတွေနဲ့ ပတ်သတ်ပြီး တင်းတင်းကြပ်ကြပ် အရေးယူနေတာလေ။ ဒီကိစ္စကို ကျောင်းကသာသိသွားရင် နင့်ဂုဏ်သတင်းတော့ သွားပြီပဲ”

ဟော့ချန်ကတော့ ချူးလီကို ကျန်းယွီပေးခဲ့သည့် AJ ဖိနပ်များကိုသာ ခေါင်းထဲရောက်နေပြီး ထောင်အန်ရှင်းပြောသမျှကိုတော့ နားထဲပင် မဝင်ချေ။

သဝန်တိုမှုများ..ဒေါသများ..မလိုတမာမှုများပေါ့...

ဘာလို့.. ဘာလို့ဒီကောင့်အပေါ် အဲ့လောက်ကောင်းပေးနေရတာလဲ? အရင်က သူတို့တွဲခဲ့တုန်းကတောင် သူ့အပေါ်ဒီလိုမျိုး တစ်ခါမှ မကြင်နာခဲ့ဖူးဘူးလေ။

ဒီကောင်ကဘာလဲ..

ဟော့ချန်တစ်ယောက် သူမကို လျစ်လျူရှုနေသည်ကို တွေ့တော့ ထောင်အန်ရှင်းလည်း သောကများလာပြီး သူ့နားကိုလျှောက်သွားလိုက်ကာ ခြိမ်းခြောက်လိုက်လေသည်။

“ဟော့ချန် နင်ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် ငါ နင်နဲ့ဆက်တွဲဖို့ကို ကတိမပေးနိုင်တော့ဘူး။ ငါက ကျောင်းရဲ့ စံပြကျောင်းသူ.. ငါ့ဂုဏ်သတင်းသာ...”

သူမ ပြောလို့ပင် မဆုံးသေးခင်မှာပဲ ဟော့ချန်၏ စူးရှလှသော မျက်လုံးများသည် သူမကိုစိုက်ကြည့်လာပြီး အေးစက်စွာဖြင့် ပြန်ပြောလိုက်လေသည်။

“ဒါဆိုလည်း ထွက်သွား”

ထောင်အန်ရှင်းတစ်ယောက် ကြက်သေသေသွားလေတော့သည်။ ဒီလိုရင့်သီးလှတဲ့ စကားလုံးမျိုးကို ဟော့ချန် သူမအား ပြောလိမ့်မည်ဟု လုံးဝမထင်မှတ်ထားပေ။

အရင်တုန်းက ဟော့ချန် သူမကို ကြိုက်၍ လိုက်ပိုးပန်းနေတုန်းကဆိုလျှင် သူမအပေါ် အမြဲတမ်း စကားကိုနူးနူးညံ့ညံ့သာ ပြောဆိုခဲ့လေသည်။

အခုကျမှ ဘယ်လိုဖြစ်သွားတာပါလိမ့်..။ ရုတ်တရက်ကြီး တစ်ခြားလူတစ်ယောက်လို ပြောင်းလဲသွားတာပါလား..။

ထောင်အန်ရှင်း၏ ဖန်ခွက်လိုနှလုံးသားပင် ကျကွဲသွားလေတော့သည်။ သူမသည် မျက်ဝန်းထဲတွင် မျက်ရည်များအပြည့်ဖြင့် ဟော့ချန်ကို ကြည့်လိုက်ပြီး သူ့ကိုအပြစ်တင်လိုက်သည်။

“ငါက နင့်အတွက် ဘာလဲ”

ဟော့ချန်သည် သူမရှေ့က မျက်ရည်ဝဲနေသော ထိုကောင်မလေးကို ကြည့်လိုက်သည်။ သူ့ရင်ထဲတွင် ဘာမှမခံစားရသလို ဒါကိုကြည့်ရတာ ရယ်စရာတောင် ကောင်းနေသေးသည်။

ကျန်းယွီတစ်ယောက် ချူးလီကို လက်ဆောင်ပေးတာကို မြင်လိုက်ရသည့်အချိန်တွင်တော့ သူ့မျက်ခုံးနှင့် မျက်လုံးများတွင် ထိန်းချုပ်မရနိုင်သည့် ပူပန်မှုမျိုး ရှိနေခဲ့ပေသည်။ ထို့အပြင် ထိုပူပန်မှုသည် သူ့နှလုံးသားထဲက လာသောအစစ်အမှန်များသာ ဖြစ်ပေသည်။

သို့သော် သူ့မျက်စိရှေ့က ထောင်အန်ရှင်းသည်တော့ သူမအကျိုးအတွက်သာ သူမကြည့်လေသည်။ သူမပါးစပ်ကထွက်သမျှမှာ ‘ဂုဏ်သတင်း’ ဆိုသည့်စကားလုံးကြားကကို မထွက်ချေ။ သူနဲ့တွဲမယ်လို့ အဖြေပေးခဲ့တာကလည်း သူမ မျက်နှာပွင့်ဖို့နဲ့ သူမဂုဏ်မြင့်ဖို့အတွက်သာပင်...

ဒါကိုတွေးမိတိုင်း ဟော့ချန်တစ်ယောက် ကြက်သီးမွှေးညှင်းထလာရုံတင်မကဘဲ သူအမှားလုပ်ခဲ့ပြီဆိုတာကိုပါ ခံစားလာရလေသည်။

“မင်း ငါနဲ့တွဲချင်ရင် ငါ့ကိုစိတ်တိုအောင်လာမလုပ်နဲ့”

ဟော့ချန်သည် ခံစားချက်မဲ့သော လေသံဖြင့် ပြန်ပြောလိုက်သည်။

“မဟုတ်ရင် ထွက်သွားတော့”

ထောင်အန်ရှင်းသည် ဟော့ချန်၏ ပြောင်းလဲသွားသော ဒီအချိုးကို လက်မခံနိုင်ပါ။ သူမထွက်သွားဖို့ လှည့်ထွက်တော့မည်အလုပ်တွင် ဟော့ချန်၏ မိသားစုနောက်ခံကို ပြန်တွေးမိလိုက်သည်။ သူမဘယ်လောက်ပဲ ကြိုးစားပါစေ.. ဘယ်လိုပဲ တက္ကသိုလ်ကောင်းကောင်းကို ဝင်ခွင့်ရခဲ့ပါစေ.. ဒီလိုဂုဏ်သရေမြင့်မားတဲ့ နောက်ခံမျိုးကို သူမဘယ်တော့မှ ရနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် အနာဂတ်တွင် အမျိုးကောင်းသမီးကောင်း ကတော်တစ်ယောက်လို နေနိုင်ဖို့ဆိုလျှင် လက်ထပ်မှသာ ဖြစ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ဟော့ချန်သည် သူမ၏မျှော်လင့်ချက် အပိုင်းအစလေးတစ်ခုပင်။

သူမသည် အံကိုကြိတ်လိုက်ပြီး ထို့နောက်တွင် အသက်ကို ဖြေးဖြေးရှုသွင်းလိုက်သည်။

“ငါ နင့်ကို ဂရုစိုက်လို့လေ”

ဟော့ချန်သည် သူမ၏ သနားစဖွယ်ပုံစံလေးကို ကြည့်လိုက်ချိန်တွင်တော့ ထပ်မံ၍ ကျန်းယွီကို သတိရသွားပြန်သည်။

တစ်ချိန်တုံးက ကျန်းယွီသည် သူ့နောက်ကို သနားစရာကောင်းစွာ လိုက်ခဲ့ခြင်းပင်။ သူ့မျက်နှာကိုကြည့်ကာ သူပြောသမျှကို နားထောင်ပေးခဲ့သည်ပေါ့...

သို့သော် ဒါတွေကို ဟော့ချန်ကတော့ နည်းနည်းလေးမျှ အကြိုက်မတွေ့ခဲ့ဘဲ သူ့ကိုတစ်ချိန်လုံး အဖတ်မလုပ်နေသည့် ထောင်အန်ရှင်းကိုသာ လိုက်ခဲ့လေသည်။

အခုကြည့်ရတာတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားပုံ ရပေသည်။

သူ့ဘေးနားတွင်ရှိနေသော ထောင်အန်ရှင်းမှာ အရင်ကလို အနားမကပ်နိုင်သည့် အရှိန်အဝါမျိုး ရှိမနေတော့ချေ။ တစ်ဖက်က သူကိုယ်တိုင် လက်လွှတ်ခဲ့သော ကျန်းယွီကတော့ သူ့စိတ်ထဲတွင် နေရာဝင်ယူနေလေတော့သည်။

ဟော့ချန်သည် သူ့ရင်ထဲတွင်တော့ ဒါကိုရယ်သာရယ်ချင်လှပေသည်။ ကျန်းယွီကို သတိရစေသည့် ထောင်အန်ရှင်း၏ ထိုမျက်နှာကို ကြည့်လိုက်ပြီး’

“အိုခေ.. မင်းဂရုစိုက်တာ ငါ့ကိုပဲဆိုတာ ငါသိတာမို့ ထပ်မပြောတော့ဘူး။ ဒါပေမယ့် နောက်ကျရင် ငါပြောတဲ့စကားတွေကိုတော့ ငါအတည်ပဲယူမှာ”

ထောင်အန်ရှင်းသည် သူမနှုတ်ခမ်းများကို လိပ်လိုက်ပြီး ဘာမှပြန်မပြောချေ။

ဟော့ချန်သည် သူ့ရှေ့က နာမည်ကြီးစတိုးဆိုင်၏ မှန်နံရံကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

“မင်း ဒါလိုချင်လား”

ထောင်အန်ရှင်းသည် သုန်သုန်မှုန်မှုန်သာ ပြန်ပြောလိုက်သည်။ “နင် ငါ့အတွက် ပိုက်ဆံဖြုန်းပေးဖို့မလိုဘူး... ငါလိုချင်တယ်ဆိုရင်တောင် ဝယ်ဖို့ ငါ့ဟာငါနည်းလမ်းရှာမယ်”

“မင်း၃နှစ်လောက် ပိုက်ဆံစုရင်တောင် ဒီဆိုင်ထဲက အဝတ်အစားတွေကို ဝယ်နိုင်မှာ မဟုတ်ဘူး"

“ငါ့..ငါ့ကိုအထင်မသေးစမ်းနဲ့”

“ကောင်းပြီလေ.. ငါဝယ်ပေးမယ်”

“မလိုဘူး”

ထောင်အန်ရှင်းသည် ခေါင်းမာမာနှင့် ပြန်ပြောလိုက်သည်။

“ငါ့ကိုအမ်းဖို့မလိုဘူး.. သူများတွေသိရင် ငါကနင့်ကို ပိုက်ဆံကြောင့်တွဲတယ် ထင်နေကြလိမ့်မယ်။ လူတွေငါ့ကို အတင်းမပြောစေချင်ဘူး”

“ဟော့ချန်ဆိုတဲ့ ငါနဲ့ တွဲနေတဲ့မိန်းမက သူလိုချင်တဲ့ဝတ်စုံကိုတောင် မဝတ်နိုင်ရင် ငါ့အတွက်တော့ ရှက်စရာပဲ”

ထောင်အန်ရှင်းသည် သူ့ကိုကြည့်လိုက်ပြီး ထိုစကားများကို သူရင်ထဲကနေ ပြောတာဖြစ်ကြောင်းကို သိလိုက်ရသဖြင့် သက်ပြင်းသာချလိုက်တော့သည်။

“ဒါဆိုလည်း ငါနင့်ကို ပြန်ပေးမယ်”

ဟော့ချန်သည် စတိုးဆိုင်တံခါးပေါက်ကို ဦးဆောင်ခေါ်သွားနေသော သူမ၏ကျောပြင်လေးကို ကြည့်လိုက်သည်။ သူ့ရင်ထဲမှာတော့ ဟာလာဟင်းလင်းကြီးပင်..။

မနေ့ညက ချူးလီနှင့် ဖုန်းပြောခဲ့ပြီးနောက် ကျန်းယွီတစ်ယောက် အိပ်မပျော်နိုင်ဘဲ အိပ်ရာထဲတွင် ဟိုလှည့်ဒီလှည့် လုပ်နေခဲ့လေသည်။ သူမ၏ ဆဌမအာရုံကတော့ တစ်ခုခုမှားနေပြီဆိုတာကို ပြောပြနေလေသည်။

နောက်နေ့မနက်စောစောတွင် သူမသည် ကျန်းမန့်ယီထက် အိပ်ရာစောစောထပြီး ချူးလီအိမ်ရှိရာ ရွှေရှီးတိုင်သို့ တန်းတန်းမတ်မတ် သွားခဲ့လေသည်။

သူမသည် တံခါးကိုအတော်အတန်ကြာ ခေါက်နေခဲ့သော်လည်း ဘာပြန်ဖြေသံမှ မကြားရပါ။

နှစ်သစ်တွင် သူဒီလောက်အစောကြီး ထွက်သွားလိမ့်မည်ဟု ကျန်းယွီမယုံပေ။ ထို့ကြောင့် နောက်ကျမှ အိပ်ရာဝင်ခြင်းသာ ဖြစ်ရပေမည်။

သူမသည် တံခါးနားက နွားနို့ထည့်သည့် ကတ်ထူဘူးထဲက အပိုသော့ကို ယူလိုက်ကာ သော့ဖွင့်၍ ဝင်သွားလေတော့သည်။

သူမဝင်သွားသည့်အခါမှာတော့ ချူးလီ၏ ဖိနပ်အစုတ်လေးကို ကြမ်းပြင်ဖျာပေါ်တွင် ရှုပ်ရှုပ်ပွပွ ရှိနေသည်ကို အရင်တွေ့လိုက်ရသည်။

သူဒါကို ဘာလို့လွင့်မပစ်သေးတာလဲ?

ကျန်းယွီသည် ကိုယ်ကိုကိုင်းလိုက်ပြီး ဖိနပ်များကို ကောက်လိုက်ကာ ဖိနပ်စင်ထဲတွင် ပြန်ထည့်လိုက်သည်။

“ရည်းစားလေး..အိမ်မှာရှိလား?”

“ချူးလီ?”

ကျန်းယွီသည် သူ့အိမ်နေရင်းဖိနပ်အပါး အကြီးကြီးများကိုဝတ်၍ အိပ်ခန်းထဲကို လျှောက်သွားလိုက်သည်။ ထို့စဉ်တွင် အဝါရောင်လိုက်ကာများ ကာထားသည့် မှောင်မည်းနေသော အခန်းထဲ၌ ချူးလီတစ်ယောက် အဝတ်များနှင့် အိပ်နေသည်ကို တွေ့လိုက်ရသည်။

သူမပေးထားသော ဖိနပ်အသစ်လေးကိုလည်း ကိုင်ထားဆဲပင်။

ဘာလို့ကိုင်ထားတာပါလိမ့်..။

ကျန်းယွီ ပြုံးပြီး အထဲသို့ဝင်သွားလိုက်သည့်အခါတွင်တော့ ဖိနပ်အသစ်လေးများမှာ မီးကျွမ်းရာများရှိနေပြီး ဖိနပ်ကြိုးများဟာလည်း အမည်းရောင်ပင် ဖြစ်နေလေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ချူးလီ၏ ဘယ်ဘက်လက်တွင်လည်း မီးလောင်ထားသော အရာများရှိနေသည်ကို သူမတွေ့လိုက်ရသည်။ သူ့လက်ဖဝါးနောက်တွင်လည်း လက်မအရွယ်အစားရှိ မီးလောင်ဖုများ ရှိနေလေသည်။ ဘေးပတ်ပတ်လည်က အသားများဟာလည်း နီရဲနေပြီး အင်္ကျီလက်များပင် မီးအပူကြောင့် အမည်းရောင်ပြောင်းနေလေသည်။

ကျန်းယွီလည်း ရုတ်တရက်လန့်သွားပြီး သူ့ကိုအလောတကြီး နှိုးလိုက်တော့သည်။

“နင့်လက်က ဘာဖြစ်တာလဲ”

ချူးလီသည် မိန်းမောတွေဝေစွာပင် နိုးလာပြီး သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အခါတွင်တော့ သူ့ကိုစိုးရိမ်တကြီးဖြင့် ကြည့်နေသည့် ကောင်မလေးကို မြင်လိုက်ရသည်။

သူအိပ်မက်မက်နေသည်ဟု ထင်နေသောကြောင့် သူမမျက်နှာကို လက်ချောင်းလေးဖြင့် ထိကြည့်လိုက်သည်။

သူမ၏ နူးညံ့ကာ ခပ်အေးအေးလေးဖြစ်နေသော အသားလေးကို ထိလိုက်သည်နှင့် သူ့လက်ချောင်းထိပ်များမှ ထိတွေ့လိုက်သည့် အာရုံခံစားမှုသည် ဦးနှောက်အာရုံကြောများဆီသို့ ချက်ချင်းရောက်သွားလေသည်။ ဒီလိုနှင့် ချူးလီတစ်ယောက် ရုတ်တရက်ကြီး နိုးထလာလေတော့သည်။

သူအိပ်မက်မက်နေတာ မဟုတ်ပေ။

ကြောက်ရွံ့နေသော ငှက်ငယ်လေးအလား သူရုတ်ချည်းထထိုင်လိုက်ပြီး သူ့အောက်ပိုင်းခန္ဓာကိုယ်ကို စောင်နှင့်ဖုံးအုပ်လိုက်သည်။ ထို့နောက်မှ အဝတ်အစားများဝတ်အိပ်ထားတာကို သတိရသွားပြီး ဖုံးအုပ်ဖို့မလိုကြောင်း သတိကပ်မိသွားသည်။

“မင်းဘာလို့ ဒီရောက်နေတာလဲ”

ချူးလီသည် သူ့မျက်လုံးများကို အသားကုန်ပွတ်လိုက်သည်။

ကျန်းယွီကတော့ သူ့မေးခွန်းကိုပြန်မဖြေပါ။ အဲ့အပြင် ခုတင်ဘေးတွင် ဒူးထောက်လိုက်ပြီး သူ့အင်္ကျီကော်လံများကို ဆွဲလိုက်ကာ သူ့တစ်ကိုယ်လုံးကို စစ်ဆေးကြည့်ဖို့ လုပ်လိုက်လေသည်။

ချူးလီကတော့ ဒီလိုစိုးရိမ်ပူပန်နေသည့် ကောင်မလေးကိုကြည့်ပြီး ပြုံးနေမိလေသည်။ ထို့နောက် သူမ၏ သေးသွယ်လှသော ခါးလေးကို လှမ်းဖက်ဖို့ လက်များကို ဆန့်ထုတ်လိုက်သည်။

“နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ဘာလို့အဲ့လောက် တက်ကြွနေရတာလဲ”

ကျန်းယွီသည် သူ့ကော်လံကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်ပြီး အိပ်ရာပေါ်ကထကာ သူ့လက်များကိုဆွဲယူ၍ သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။

“ဘာလို့အဲ့လောက် ဆိုးဆိုးရွားရွား ဒဏ်ရာတွေရလာတာလဲ.. ဘယ်သူလုပ်လိုက်တာလဲ”

"မီးပန်းဖောက်ဖို့လုပ်နေရင်းနဲ့ ငါ့လက်ထဲမှာ ပေါက်ကုန်တာ"

ချူးလီသည် သူမရှေ့တွင် ဖိနပ်လေးတွေကို ကိုင်လိုက်ပြီး လှုပ်ခါပြလိုက်သည်။

“ကိုယ်တောင်းပန်ပါတယ်.. ဖိနပ်တွေကို ဖျက်ဆီးမိလိုက်ပြီ”

“နင်ဘာလို့ အဲ့လောက်တုံးရတာလဲ”

ကျန်းယွီသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“ဘာမီးပန်းတွေကိုဖောက်ဖို့ လုပ်နေလို့ ကိုယ့်လက်ထဲမှာတောင် ပေါက်ကုန်ရတာလဲ.. သူများတွေ မီးပန်းဘယ်လိုဖောက်လဲ နင်မကြည့်ဘူးလား”

“ငတုံး ငတုံး ငတုံး"

ချူးလီကတော့ သူမစိတ်ဆိုးတာကို မြင်ရတာ သဘောကျပေသည်။ ထို့ကြောင့် သူစိတ်သက်သာရာရသလို ခံစားလိုက်ရသည်။ သူမ၏ပါးလေးကို သူ့ညာဘက်လက်လေးနှင့် လှမ်းညှစ်လိုက်တော့သည်။ိ

“ကိုယ်က တုံးပါတယ်...”

ချူးလီသည် စကားကို ဆက်မပြောတော့ပါ။ ကျန်းယွီ သူ့ကိုသနားပြီး နားပူနားဆာလုပ်ဖို့ အချိန်လေးပေးလိုက်တာပေါ့..။ ဒါကို ချူးလီတစ်ယောက် အရမ်းကျေနပ်နေခဲ့သည်ပင်။

ကျန်းယွီသည် အလောတကြီး ထွက်သွားလိုက်ပြီး ဗီရိုထဲက သေတ္တာတစ်ခုချင်းဆီထဲတွင် အပူလောင်ရင်လိမ်းတဲ့လိမ်းဆေးကို လှန်လှောရှာဖွေလိုက်သည်။ ရှာတွေ့ပြီးနောက် ချူးလီ၏ လက်ဖဝါးနောက်ကို သေချာလေးစစ်ဆေးကြည့်လိုက်ပြီး ပြောလိုက်သည်။

“မဟုတ်ဘူး.. နင်ဆေးရုံသွားမှရမယ်”

“ရပါတယ် မလိုပါဘူး”

ဆရာဝန်သည် ဒါမီးပန်းပေါက်လို့ ဖြစ်လာတဲ့အပူလောင်ဒဏ်ရာတွေ မဟုတ်ဘူးဆိုတာကို ချက်ချင်းသိပေလိမ့်မည်။ ချူးလီသည် မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျန်းယွီအား မသိစေချင်ပါ။

သူ့ကိစ္စသူ ဖြေရှင်းနိုင်ပေသည်။

“နင်သွားမှရမယ်”

ကျန်းယွီကတော့ ခေါင်းမာမာနှင့် ဆက်ပြောလိုက်သည်။

“အမာရွတ်ကျန်ခဲ့ရင် တစ်သက်လုံးပျောက်တော့မှာ မဟုတ်ဘူး။ ဆေးရုံသွားမှ အနာကို ကုလို့ရမှာ”

“ငါက မိန်းကလေးမဟုတ်ဘူးလေ.. ဘာလို့အမာရွတ်ကျန်မှာကို ကြောက်နေရမှာလဲ”

“သွားရမယ်”

“မသွားချင်ဘူး”

“မသွားဘူးလား”

“မသွားဘူး”

“နင်မသွားရင် ငါပြန်မယ်”

“တာ့တာ”

ကျန်းယွီသည် စိတ်ဆိုးဆိုးနှင့် မတ်တပ်ထရပ်လိုက်ကာ တံခါးနားကို လမ်းလျှောက်သွားလိုက်သည်။ သူ့ကို ပြန်လှည့်ကြည့်ချင်စိတ်လည်း ရှိမနေပေ။

သူကတော့ အိပ်ရာထဲမှာ လဲနေဆဲပင်။ လက်တစ်ဖက်က သူ့ခေါင်းပေါ်တင်ထားပြီး သူမကိုလည်း လုံးဝမတားပေ။

ကျန်းယွီသည် ခြေဆောင့်လိုက်ပြီး သူ့ကိုဘာလုပ်လို့လုပ်ရမှန်း မသိတော့ချေ။

ဒီလောက်ခေါင်းမာတဲ့ကောင် ရှိသေးတယ်ပေါ့..။

သူမနှလုံးသားထဲမှာတော့ ဒေါသနဲ့ စိုးရိမ်စိတ်က ယှဉ်တွဲနေလေသည်။ သူ့လက်ခုံက မီးလောင်အနာများကိုကြည့်လိုက်ပြန်တော့ သူမတစ်ဖန် ဝမ်းနည်းမိလာပြန်သည်။

အဆုံးမှာတော့ ကျန်းယွီတစ်ယောက် နောက်ပြန်လှည့်လာပြီး အိပ်ရာအစွန်းတွင်ထိုင်လိုက်ကာ လိမ်းဆေးကို လှမ်းယူလိုက်သည်။ ထို့နောက် သူ့လက်လေးကို ကိုင်လိုက်ကာ သာသာယာယာလေး ပွတ်ပြီးလိမ်းပေးလိုက်သည်။

အပူလောင်ရင်လိမ်းသောလိမ်းဆေးမှာ အေးမြမြလေးဖြစ်ပြီး အနာများကို သေချာလေး အစိုဓာတ်ပြန်ဖြည့်ပေးလေသည်။

ကျန်းယွီသည် သူ့ကို သေချာလေး ဆေးလိမ်းပေးလိုက်ပြီး သောကအပြည့်နှင့် ညည်းညူလိုက်သည်။

“နင်ကတစ်ယောက်တည်းနေတာ.. ပြီးတော့ နင့်ကိုဘယ်သူမှလည်း လာဂရုမစိုက်ဘူး။ ဘယ်လိုမီးပန်းမျိုး ဖောက်မလို့ လုပ်နေခဲ့တာလဲ? နောက်တစ်ခါ မီးပန်းဖောက်ချင်တယ်ဆိုရင် ငါ့ကိုသာခေါ်လိုက်..။ နင်တစ်ယောက်တည်း တစ်ချို့ကိစ္စတွေကိုလုပ်တဲ့အခါ... တစ်ခုခုအမှားလုပ်မိရင် နင့်ကိုဘယ်သူမှ လာကူညီမှာ မဟုတ်ဘူး။ ပြီးတော့ နင်သာတစ်ယောက်ယောက်ကို သတ်လိုက်တယ်ဆိုရင် ဘယ်သူမှ နင့်ကိုကူညီလိမ့်မှာ မဟုတ်ဘူး”

သူမသည် ပြောရင်းဆိုရင်း သူမနှာခေါင်းမှာ ဆစ်ခနဲဖြစ်လာပြီး ရှိုက်ပင်ရှိုက်လာ၍ ငိုချလိုက်လေတော့သည်။

“အရူးကောင်”

ရုတ်တရက်ဆိုသလိုပင် ချူးလီ၏ နှလုံးသားတစ်ခုလုံးကို သံကြိုးနှင့်ခတ်လိုက်သည့်အလားပင်။ သူမမျက်နှာလေးကို တုန်တုန်ရီရီနှင့် လှမ်းကိုင်လိုက်ပြီး သူမမျက်ဝန်းထောင့်မှ မျက်ရည်လေးများကို သူ့လက်ချောင်းလေးများနှင့် သုတ်ပေးလိုက်သည်။

“မငိုပါနဲ့”

ကျန်းယွီသည် ပင့်သက်ရှိုက်လိုက်ပြီး သူမ၏အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်ကာ လိမ့်တက်နေသော ဝမ်းနည်းမှုများကို ချုပ်တည်းလိုက်သည်။

“မငိုနဲ့နော်”

ချူးလီသည် သူမရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး သူမကိုမျက်ရည်များ သုတ်ပေးနေကာ ကပြာကယာနှင့် ပြောလိုက်သည်။

“ကိုယ်ဆေးရုံသွားမယ်နော် ‌ရှောင်ယွီ.. မင်းပြောတာနားထောင်ပါ့မယ်”

ကျန်းယွီသည် သူ့ကိုငေးကြည့်လိုက်သည်။ ဒီလိုမျိုး လွယ်လွယ်လေး အလျော့ပေးလိမ့်မည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။

“နင်ဆေးရုံသွားမှာလား?”

“အင်း.. သွားကြမယ်.. ကိုယ့်ရှေ့မှာ မငိုနဲ့တော့နော်”

သူမငိုခြင်းသည် သူ့ကိုသတ်တောင် သတ်ပစ်နိုင်လောက်လေသည်။

All Chapters